သူ တာဝန်ယူရမဲ့အရာ
Vol. 41 Ch. 594
…
“ဘာ”
ထိုအမျိုးသမီးသည် အာရန်မှ သူမ၏ လက်ကောက်ဝတ်အား ဖမ်းဆုတ်ထားလိုက်ခြင်းအား မယုံနိုင်စွာ ဖြစ်သွားခဲ့ရသည်။
“ကျွန်တစ်ယောက်ကများ ငါ့အသားကို ထိရဲတယ်ပေ့ါ”
အပြင်လူများသည် ဤကမ္ဘာတွင် ကျွန်များဟု ခေါ်ဆို၍ ရလေသည်။
အချို့ကိစ္စများတွင် ၎င်းတို့သည် အခြား လူသားမျိုးစိတ်များထက်ပင် ပို၍ ဆိုးရွားနိမ့်ကျစွာ ဆက်ဆံခြင်းကို ခံကြရလေ၏။
လူမြင်ကွင်းတွင် ပြင်းထန်စွာ ရိုက်နှက်ခံရမည် ဆိုလျှင်ပင် တိရစ္ဆာန်များကဲ့သို့ ခေါင်းငုံ့ပြီး ထိုအပြစ်ဒဏ်ကို ကျေနပ်စွာ လက်ခံရုံသာ တတ်နိုင်ကြသည်။
ထို့ကြောင့် ထိုမျှနိမ့်ကျသော ကျွန်တစ်ဦးက သူမ၏ လက်ကို ကိုင်လိုက်သည်ဟု သိလိုက်ရသောအခါ ထိုမိန်းကလေးသည် လွန်စွာ ရွံရှာစက်စုတ်ဖို့ကောင်းသည်ဟု ခံစားမိလိုက်ရသည်။
“အယ်လီနာ ငါ နင့်ရဲ့ ကျွန်ကို သတ်မိတော့မယ်ထင်တယ်” ဟု သူမသည် ဓားမြှောင် တစ်ချောင်းကို ဆွဲထုတ်ရင်း ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။
ထိုဓားမြှောင်သည် ရတနာပစ္စည်းတစ်ခုပင် ဖြစ်သည်။
အာရန်သည် ၎င်းအား အန္တရာယ်ရှိသောပစ္စည်းတစ်ခုဖြစ်ကြောင်းသိနိုင်ရန် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကိုပင် အသုံးပြုရန် မလိုအပ်ခဲ့ပေ။
ထိုဓားမြှောင်သာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားခဲ့ပါက သူ၏ ကုသနိုင်စွမ်း သည်ပင် သူ့အား အကာအကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။
အာရန်သည် ထိုအမျိုးသမီးအား ထိုသို့ ပြုလုပ်ခွင့်ပေး၍မရပေ။
ကံကောင်းစွာဖြင့် သူမသည် လိုက်ဆန်ဒါကဲ့သို့ ခွန်အားကြီးသော လူတစ်ဦးတော့ မဟုတ်ခဲ့ချေ။
သူမ၏ အဆင့်သည် အယ်လီနာ၏ အဆင့်ဝန်းကျင်၌သာ ရှိနေခဲ့ပြီး ၎င်းသည် အဆင့်များကို ခုန်ကျော်တိုက်ခိုက်နိုင်သော အာရန်လိုလူတစ်ဦးအတွက်မူ ကြီးမားသော အခက်အခဲတစ်ခုတော့ မဖြစ်ခဲ့ပေ။
ထိုမိန်းကလေးသည် အပြင်လူ ကျွန်တစ်ဦးသည် သူမ၏ အမြန်နှုန်းကို လိုက်မှီလိမ့်မည် မဟုတ်ဟု ယူဆရင်း ဓားကို လျှင်မြန်စွာ ခုတ်လွှဲချလိုက်၏။
ဤသို့ဖြင့် သူမ၏ ဓားမြှောင်သည် အာရန်၏ လည်ပင်းဆီသို့ တည့်တည့်မက်မက်ပင် ဦးတည်သွားတော့သည်။
ထိုအရာအား မြင်လိုက်ရသောအခါ အယ်လီနာ၏ မျက်နှာသည်လည်း ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။
အာရန်သည် သူမ ဖခင်၏ ဧည့်သည်တစ်ဦး ဖြစ်ကြောင်း သူမအနေနှင့် ရုတ်တရက် သတိရသွားသောကြောင့်ပင်။
ထိုဧည့်သည်သာ သေဆုံးသွားပါက အထူးသဖြင့် ထို ဧည့်သည်သည် သူမဖခင်၏ အနှစ်သက်ဆုံး ကမ္ဘာမြေမှ ရောက်ရှိလာသူတစ်ဦးဖြစ်နေသဖြင့် သူမ၏ ဖခင်သည် ထိုကိစ္စအတွက် လွန်စွာဒေါသထွက်သွားပေလိမ့်မည်။
“ဂျီနီယာ ခဏလေး”
အယ်လီနာ သည် ရှေ့သို့ အလျင်အမြန် ပြေးဝင်သွားလိုက်ပြီး ဂျီနီယာ ၏ ဓားကိုင်ထားသော လက်ကို ဖမ်းဆုပ်လိုက်ရာ အာရန်နှင့် လက်မ အနည်းငယ်အကွာမှာပင် ရပ်တန့်သွားခဲ့သည်။
အာရန်သည်လည်း အယ်လီနာမှ သူမ သူငယ်ချင်းဖြစ်သူ၏ လက်ကို ဖမ်းချုပ်ထားလိုက်ပြီး သူ့အားတိုက်ခိုက်မည်ကို တားဆီးလိုက်သည့်မြင်ကွင်းအား မြင်လိုက်ရသည့်အခါ သူ၏လှုပ်ရှားရန် ပြင်ဆင်နေမှုအား ပြန်လည်ထိမ်းချုပ် ထားလိုက်သည်။
“ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့။ သူ့ကို ငါ့အဖေ ခေါ်လာခိုင်းတာ။ သူသာ တစ်ခုခုဖြစ်သွားရင် ငါ့အဖေ ဒေါသကို ငါရင်ဆိုင်ရလိမ့်မယ်” ဟု အယ်လီနာသည် တောင်းပန်သောအကြည့်ဖြင့် ဂျီနီယာအား ပြောပြလိုက်သည်။
ထိုလူငယ်သည် ပထမ မူလကြယ် ကိုယ်တိုင် ခေါ်လာသော ကျွန် တစ်ဦးဖြစ်နေသည်တဲ့လား။
ထိုသို့ဆိုလျှင် ၎င်းသည် အတော်လေး စျေးကြီးသော ကျွန်တစ်ဦးသာ ဖြစ်ရပေမည်။ သို့ဖြင့်လျှင် လျော်ကြေးတစ်ခုတည်းကပင် သူမအနေနှင့် ပေးချေရန် ခက်ခဲသွားနိုင်ပြီး အကယ်၍ ပထမ မူလကြယ်မှ ပိုမိုတောင်းဆိုလာခဲ့လျှင်ကော....။
လိုက်ဆန်ဒါက သူမအား သူ၏ သမီးနှင့် အတူရှိနေခြင်းကို မကြိုက်နှစ်သက်ကြောင်း သူမအနေနှင့် ရိပ်မိထားပြီးဖြစ်၏။
သူမသာ ဤ ကျွန်ကို သတ်လိုက်မိပါက လိုက်ဆန်ဒါသည် ၎င်းကို သူတို့နှစ်ဦးအား ခွဲထုတ်ရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးချလာနိုင်လေသည်။
သူမသည် အယ်လီနာအပေါ် သူမ၏ စစ်မှန်သောခံစားချက်များအကြောင်း ဖွင့်မပြောရသေးခင်မှာပင် သူမနှင့် ခွဲခွာရမည့်အဖြစ်မျိုးကို မလိုချင်ခဲ့ပေ။
သူမသည် ဓားမြှောင်ကိုင်ထားသောလက်ကို အောက်သို့ လျှော့ချလိုက်သော်လည်း သူမ၏ ဒေါသသည် မပျောက်ကွယ်သွားသေးပေ။
“ကောင်းပြီ ငါ သူ့ကို မသတ်တော့ဘူး။ ဒါပေမဲ့ သူက ငါ့ကို စော်ကားမိခဲ့တယ်။ သူ့ကို မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ငါ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ခိုင်းလိုက် ဒါဆို ငါ သူ့ကို ခွင့်လွှတ်ပေးလိုက်မယ်”
အယ်လီနာသည်လည်း ၎င်းတောင်းဆိုမှုသည် မျှတသည် ဟု ယုံကြည်မိလိုက်သည်။ အာရန်သည် ဤငရဲရှိ ဓလေ့ထုံးတမ်းများ ကို မရင်းနှီးသေးသော်လည်း သူ၏ လုပ်ရပ်တိုင်းကို အမြဲတမ်း ခွင့်လွှတ်ပေးနေရမည်ဟု မဆိုလိုပေ။
သူ့အနေနှင့် တစ်ခုခု အမှားလုပ်မိခဲ့ပါက ပြန်လည်တောင်းပန်ခြင်းသည် မျှတသော လုပ်ရပ်တစ်ခုသာ ဖြစ်သည် မဟုတ်ပါလော...။
“သူမ ပြောတဲ့အတိုင်း ဒူးထောက်တောင်းပန်လိုက်ပါ။ အဲဒါက မင်းရဲ့ အသက်ကို ကာကွယ်ဖို့ ငါ လုပ်ပေးနိုင်တာ အများဆုံးပဲ။ မဟုတ်ရင် ဒီမြို့တော်ရဲ့ ဓလေ့ထုံးတမ်းတွေအရ မင်းရဲ့ ပြစ်ဒဏ်က ပိုပြီး ပြင်းထန်သွားလိမ့်မယ်” ဟု အယ်လီနာသည် သူအား ထူးဆန်းစွာ ငေးကြည့်နေသော အာရန်အား လှည့်၍ပြောလိုက်သည်။
သူမ၏ ခွင့်လွှတ်မှုအတွက် ဒူးထောက်၍ပင် တောင်းပန်ရမည် တဲ့လား။
သူတို့ ရူးသွားကြပြီလား။
အာရန်သည် မျှော်စင်သခင်မှ သူ့ထက်ခွန်အားများစွာ ကြီးမားခဲ့စဥ်ကပင် တောင်းပန်ခယသည့် အပြုအမူမျိုး တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ခဲ့မိချေ။
သို့ဆိုလျှင် ဤမိန်းမလှလေးနှစ်ဦးရှေ့တွင်မှ အဘယ်ကြောင့် ဤကဲ့သို့ လုပ်ဆောင်ပြနိုင်မည်နည်း။
သူသည် အစောပိုင်းက အယ်လီနာအား သရုပ်ဆောင်မှုတစ်ခုပြုလုပ်ကာ တောင်းပန် ပြခဲ့သော်လည်း ၎င်းသည် ဒူးထောက်၍ တောင်းပန်ရခြင်းနှင့်မူ ကွဲပြားလေသည်။
ယောက်ျားတစ်ဦးအနေဖြင့် သူ့တွင်လည်း ဂုဏ်သိက္ခာဆိုသည့်အရာတစ်ခု ကျန်နေသေးသည်မဟုတ်ပါလား...။
“သူမကပဲ ရုတ်တရက်ကြီး ကျုပ်ကို ပါးရိုက်ဖို့ ကြိုးစားလာတာ မဟုတ်ဘူးလား။ ကျုပ်က ဒီအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ကာကွယ်ခဲ့မိရုံပဲလေ။ ဘာလို့ ကျုပ်က သူ့ကို ဒူးထောက်တောင်းပန်ရမှာလဲ”
အာရန်သည် ထိုသို့ တစ်ခွန်းမကျန်ပြန်ပြောလိုက်ရာ သူ၏ ပြင်းထန်သော တုံ့ပြန်မှု က မိန်းကလေးနှစ်ဦးကိုပင် အံ့အားသင့်သွားစေခဲ့၏။
“သူ… သူက ကိုယ့် ပိုင်ရှင်ကိုတောင် ပြန်... ပြန်ပြီး ခံပြောဝံ့နေတာလား”
ဂျီနီယာသည် အယ်လီနာအား မယုံနိုင်စွာ ကြည့်ရင်း စကားလုံးအချို့ပင် ထစ်အသွားခဲ့ရသည်။
ကျွန်တစ်ဦးအနေဖြင့် ဤမျှ သတ္တိရှိနေသည် ဆိုခြင်းသည် သူမအနေဖြင့် ယုံရခက်နေဆဲပင်။
“နင် သူ့ကို ဆက်ပြီး ကာကွယ်ပေးချင်သေးတာလား”
ထိုကျွန်သည် ပထမ မူလကြယ် ခေါ်လာသောကျွန် ဖြစ်သော်လည်း အယ်လီနာသည် ပထမ မူလကြယ်၏သမီးဖြစ်သောကြောင့် ထိုကျွန်၏ ပိုင်ရှင်ဟု ယူဆ၍ရလေသည်။
အယ်လီနာသည်လည်း အာရန်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိသည်။
အာရန်သည် ဤငရဲဘုံမှ မဟုတ်ကြောင်းနှင့် သူ၏ နားလည်ထားမှုများသည် ဤနေရာနှင့် ကွဲပြားနိုင်ကြောင်း သူမ သိထားပြီးဖြစ်သည်။
သို့သော် သူမအနေနှင့် သူ့အား ကာကွယ်ရန် ထိုမျှ အခွင့်အရေး ပေးခဲ့ပြီးနောက်တွင်ပင် သူက အဘယ်ကြောင့် ဤမျှ ခေါင်းမာနေရသနည်း။
“ဒီငရဲဘုံမှာ အခြား သာမန် ကျွန်တစ်ယောက်သာဆိုရင် ရှင့်ရဲ့ အခုလို့ အပြုအမူမျိုးနဲ့ဆို သေဖို့တောင် ဆုတောင်းယူရတဲ့အထိ ပြင်းထန်တဲ့ အပြစ်ပေးမှုမျိုး ကျိန်းသေခံစားသွားရလိမ့်မယ်။ ကျွန်မ စိတ်ရှည်ပေးနေတုန်း မြန်မြန်တောင်းပန် လိုက်ပါ။ ကျွန်မကို ထပ်ပြီး အရှက်ရစရာ ဖြစ်အောင်မလုပ်နဲ့တော့”
ပုံမှန်ဆိုလျှင် အယ်လီနာပင်လျှင် အာရန်၏ အပြုအမူအတွက် သူ့အား ရိုက်နှက် မိပေလိမ့််မည်။
သို့သော် သူမသည် အာရန်၏ ဇာတိမြေအကြောင်း သတိရလိုက်သောအခါ သူမ၏ စိတ်ကို ပြန်လည် တည်ငြိမ်ရန် ကြိုးစားလိုက်ရသည်။
သို့သော် အပြင်လူတစ်ဦးမှ သူမတို့နှင့် တန်းတူ ပြုမူရန် ကြိုးစားနေသည့်အဖြစ်အား တွေးမိလိုက်တိုင်းတွင် သူမအနေနှင့် ဒေါသများ ပြန်လည် ဆူပွက်လာမိဆဲပင်။
သူတို့သည် ထိုလူငယ်အား ညစာအတူစားခွင့်ပေးပြီး ကောင်းမွန်စွာ စကားပြောခဲ့သောကြောင့် သူသည် သူ၏ အဆင့်ကိုပင် အမှန်တကယ် မေ့သွားခဲ့ခြင်းလား။
သို့မဟုတ် သူမဖခင်သည် ဤငရဲဘုံရှိ ထိုလူငယ်၏ လက်ရှိအခြေအနေမှန်အား အစကတည်းက ထိုလူငယ်အား တစ်ခါမှ အသိမပေးခဲ့၍လော...။
“အယ်လီနာ မင်းတစ်ခုခုကို မေ့နေတယ်လို့ မထင်ဘူးလား”
အာရန်သည် ဆက်လက်၍ တွန့်ဆုတ်မနေတော့ဘဲ ပြန်လည်ပြောလိုက်သည်။
ဤမိန်းကလေးနှစ်ဦးရှေ့တွင် ခွင့်လွှတ်မှုအား တောင်းခံယူရမည်ကို သူ့၌ လုံးဝ စိတ်ကူးမရှိပေ။
“ကျုပ်က ဒီငရဲဘုံမှ အပြင်လူတစ်ယောက်လို့ ဆိုနိုင်ပေမဲ့ ကျွန်တစ်ယောက်တော့ မဟုတ်ဘူးနော်” ဟု အာရန်သည် ကျွန်ပြုခြင်း လက်ဝတ်တန်ဆာ ရှိမနေသော သူ၏ လက်ကောက်ဝတ်ကို ထုတ်ပြရင်း ထိုမိန်းကလေးအား သတိပေးလိုက်သည်။
အမှန်မှာမူ သူ၏ ကျွန်ပြုခြင်း လက်ဝတ်တန်ဆာသည် မျှော်စင်သခင်၏ အသေခံ ဖောက်ခွဲမှုဖြစ်ရပ် အတွင်း၌ ပျက်စီးသွားခဲ့ပြီးဖြစ်၏။
ထို့ကြောင့် သူ့အား ပထမ မူလကြယ်မှ ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သော်လည်း ကျွန်တစ်ဦးအနေနှင့် မဟုတ်သလို သူ၏ ဇာတိမြို့မှ လာသော ဧည့်သည်တစ်ဦး အဖြစ်လည်း မဟုတ်ပေ။
ယင်းအစား သူသည် ပထမ မူလကြယ်ကိုယ်တိုင်၏ ဧည့်သည်တော်တစ်ဦး ဖြစ်သည်ဟုဆိုနိုင်သည်မဟုတ်ပါလော...။
ဤကမ္ဘာတွင် အပြင်လူတစ်ဦးအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ရှိမနေသော်လည်း ပထမ မူလကြယ်၏ ဧည့်သည်တော်အတွက်မူ မည်သူက ဟန့်တားဝံ့မည်နည်း။
“ကျုပ်က ကျွန်မဟုတ်တဲ့အတွက် ကျွန်တွေ အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ မလိုဘူး။ အဲဒီအစား ကျုပ်က ပထမ မူလကြယ်ရဲ့ အထူးဧည့်သည်ပါ။ အထူးဧည့်သည်တစ်ဦးအနေနဲ့ ကျုပ်ရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာက ပထမ မူလကြယ်ကိုယ်တိုင် တာဝန်ယူရမဲ့အရာတစ်ခုပဲ”
အာရန်သည် နောက်ဆုတ်ရန် အနည်းငယ်မျှပင် စိတ်ကူးမရှိခဲ့ချေ။
ယင်းအစား သူသည် အယ်လီနာဆီသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်သည်။
အာရန် ပြောလိုက်သော စကားလုံးတစ်လုံးချင်းစီတိုင်းသည် အယ်လီနာ၏ နားအတွင်း၌ ပြင်းထန်စွာ ပဲ့တင်ထပ်သွားတော့သည်။