ပြောင်းပြန်ဖြစ်သွားသောအခြေအနေ
Vol. 41 Ch. 595
…
“ကိုယ်က မင်းနဲ့ မင်းသူငယ်ချင်းကို မလေးမစား လုပ်နေတယ်လို့ ပြောခဲ့တယ်နော်” ဟု အာရန်သည် အယ်လီနာနှင့် တစ်ပေသာသာလောက်သာ ကွာခြားသော နေရာသို့ လျှောက်လာရင်း ပြောလိုက်သည်။
အာရန်သည် အယ်လီနာ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ထပ်မံပြောလိုက်သည်။
“သူမကို မလေးမစား လုပ်တယ်လို့ပြောရအောင် သူမရဲ့ ဂုဏ်သိက္ခာ က ပထမ မူလကြယ် ထက်တောင် ပိုပြီးကြီးမြတ်နေတာလား။ ဒီငရဲဘုံမှာ ပထမ မူလကြယ် ထက်ပိုပြီး ဂုဏ်သိက္ခာ ကြီးမြတ်တဲ့သူ ဘယ်သူများရှိသေးလို့လဲ” ဟု မေးလိုက်သည်။
အာရန်သည် သူ၏ အသံမှာ ပတ်ဝန်းကျင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်ကို သတိထားမိလိုက်သော်လည်း အနည်းငယ်မျှပင် ရှက်ရွံ့ဟန်မပြခဲ့ပေ။
သူ၏ စကားလုံးများသည် ပြတင်းပေါက်အနီးတွင် ရပ်လျက် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို လှမ်းကြည့်နေခဲ့သော ပထမ မူလကြယ်ထံမှလဲ မလွတ်မြောက်နိုင်ခဲ့ချေ။
ပထမ မူလကြယ်သည် အစပိုင်း၌ အာရန်၏ အပြုအမူကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။
သို့သော် ဂျီနီယာမှ ဒူးထောက်တောင်းပန်ရန် ပြောလာသောအခါတွင်မူ သူသည် ဝင်ရောက်စွက်ဖက်ရန် မကျိုးစားခဲ့ပေ။
အကြောင်းမူကား သူသည် ထိုကောင်လေးမှ သူ အမုန်းဆုံး အမျိုးသမီးရှေ့တွင် ဒူးထောက်တောင်းပန်ရန် ကျိုးစားမည်လား ဆိုသည်ကို သိလိုနေခဲ့ခြင်းဖြစ်လေ၏။
အာရန်သာ ထိုသို့ ပြုမူခဲ့ပါက လိုက်ဆန်ဒါသည် အမှန်တကယ်ပင် စိတ်ပျက်သွားခဲ့ပေလိမ့်မည်။
သူသည် အာရန်အား သေချာပေါက် အထင်သေးမိသွားပေလိမ့်မည်။
ထို့ကြောင့်လည်း အာရန်တစ်ယောက် ဤပြဿနာကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သူ့အနေနှင့် စောင့်ကြည့်လိုနေခဲ့သည်။
အာရန်မှ သူ့အကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသည့်အခါ သူ၏ ရင်ဘတ် သည် အနည်းငယ် ဖောင်းကြွလာသည်ဟု ခံစားလိုက်ရသည်။
သူသည် ချီးမွမ်းစကားများကို ဘယ်တုံးကမျှ ဂရုမစိုက်ခဲ့သော်လည်း သူ၏ ကမ္ဘာမြေ မှ ရောက်ရှိလာသူ လူငယ်လေးတစ်ဦးထံမှ ထိုကဲ့သို့ ကြားသိလိုက်ရသည့်အခါတွင်မူ သူသည် အတော်လေး ကျေနပ်သွားခဲ့ရ၏။
၎င်းက သူ၏ ဇာတိမြို့မှ တစ်စုံတစ်ဦးသည် သူရှိရာ မြို့တော်သို့ လာရောက်လည်ပတ်ပြီး အခြားသူများရှေ့မှောက်တွင် သူ၏ အောင်မြင်မှုများ ကို ချီးမွမ်းပေးနေသည့်နှယ် ဖြစ်သောကြောင့်ပင်။
ပထမ မူလကြယ်ထက် ဂုဏ်သိက္ခာ ပိုမိုမြင့်မားသောသူ ဤငရဲဘုံတွင် ရှိနိုင်ပါဦးမလားဟု အာရန်မှ မေးလိုက်သည့်အခါတွင်မူ ထိုလူငယ်လေးမှ သူ့အား အမှန်တကယ် လေးစားနေသည်ဟု ခံစားမိလိုက်သည်။
ဤအချိန်တွင်မူ လိုက်ဆန်ဒါသည် အာရန်အား သူ၏ သားမက်အဖြစ် ရွေးချယ်ရန်ဆုံးဖြတ်ချက်သည် ပို၍ပင် ခိုင်မာသွားခဲ့၏။
ပို၍ အရေးကြီးသည့်အချက်မှာ သူ၏ သားမက်လောင်းလေးသည်လည်း သူ၏ သမီးကို သူ့ထံမှ ခိုးယူရန် ကြံရွယ်နေသော ထိုအမျိုးသမီးအား မုန်းတီးနေပုံ ရနေခြင်းပင်ဖြစ်၏။
သူ၏ သားမက်ဆိုသူသည် ဤကဲ့သို့သာ ဖြစ်နေရပေမည်။
“သူမအနေနဲ့ ကျုပ်ကို ပါးရိုက်ဖို့ ကြိုးစားတာက ပထမ မူလကြယ်ကို မလေးမစား လုပ်ခဲ့တာနဲ့ အတူတူပဲ မဟုတ်ဘူးလား” ဟု အာရန်သည် အယ်လီနာအား ဆက်လက်၍ မေးလိုက်ရာ သူမအပေါ်လွှမ်းမိုးမှုအချို့ရှိနိုင်စေရန်အတွက် နဂါးလျှာအစွမ်းကို အနည်းငယ်ညှပ်၍ မသိမသာ အသုံးပြုလိုက်လေသည်။
လိုက်ဆန်ဒါသည်လည်း အာရန်၏စကားအား ကြားလိုက်ရသောအခါ တစ်စုံတစ်ရာ၏ ဖိနှိပ်ခြင်းကို ရုတ်တရက် ခံလိုက်ရသည့်နှယ် မသိစိတ်၏ လှုံ့ဆော်မှုအရ နောက်သို့ ခြေတစ်လှမ်းခန့် အလိုလို ဆုတ်လိုက်မိသည်။
“ဒီအတိုင်းသာ တွေ့ကရာလူတစ်ယောက်က ပထမ မူလကြယ်ရဲ့ ဧည့်သည်တွေကို ထင်တိုင်းကြဲ ပြုမူခွင့်သာရနေရင် ပထမ မူလကြယ်ရဲ့ ဂုဏ်သိက္ခာ ဘာဖြစ်သွားမလဲ။ ဒါတောင် ပထမ မူလကြယ်ရဲ့ သမီးတစ်ယောက်အနေနဲ့ မင်းက မင်း အဖေရဲ့ ဧည့်သည်ကို ပါးရိုက်ဖို့ ခွင့်ပြုခဲ့ရုံသာမကဘဲ အဲ့ဒီလို ပါးရိုက်ဖို့ကျိုးစားတဲ့သူအတွက်နဲ့ ပါ ကျုပ်ကို ပြန်ပြီး ဒူးထောက်တောင်းပန်ပေးဖို့ပါ ဖိအားပေးနေတာလား”
“ကျွန်မ… ကျွန်မ…”
အယ်လီနာသည် ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
အာရန် ပြောသမျှ အရာအားလုံးသည် အဓိပ္ပာယ်ရှိနေသည် မဟုတ်ပါလော...။
သူသည် အပြင်လူတစ်ဦး ဖြစ်နေသော်လည်း ကျွန်တစ်ဦးဟုတော့ သတ်မှတ်၍ မရပေ။
ယင်းအစား သူမ ဖခင်၏ ဧည့်သည်တော် တစ်ဦးပင် ဖြစ်နေသေး၏။
အကယ်၍ ထိုသို့သော သူတစ်ယောက်သည် သူမ၏ မျက်စိအောင်တွင်ပင် အခြားတစ်ဦး၏ အနိုင်ကျင့်ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရမည်ဆိုပါက ၎င်းသည် သူ၏ မျက်နှာကို ဖြတ်ရိုက်ခြင်းမျိုးပင် မဟုတ်တော့ဘဲ သူမ ဖခင်၏ မျက်နှာကို ဖြတ်ရိုက်ခြင်းနှင့်ပင် တူညီသွားလိမ့်မည် မဟုတ်ပါလား...။
သူမသည် အာရန်အား ချေပစကား တစ်ခွန်းမျှပင် မပြောနိုင်တော့ချေ။
ယင်းအစား သူမသည် ဤအရာအားလုံးကို စဉ်းစားမိခြင်း မရှိခဲ့သည့်အတွက် သူမ ကိုယ်သူမပင် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။
သေခြာစဥ့်စားကြည့်မည်ဆိုပါက အာရန်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ခြင်းဖြစ်ရုံသာမက သူမ ဖခင်၏ ဂုဏ်သိက္ခာကိုလည်း ကာကွယ်ပေးခဲ့ဖြစ်နေခဲ့၏။
“ထပ်မေးမယ်…”
အာရန်သည် မျက်မှောင်အနည်းငယ် ပိုမိုကြုတ်လိုက်ပြီးနောက် ဆက်လက် ပြောလိုက်သည်။
“မင်းအနေနဲ့ ကိုယ် သူမကို ဆက်ပြီး တောင်းပန်သင့်တယ်လို့ ထင်နေတုံးပဲလား”
ထိုသို့ပြောလိုက်သောအခါ အာရန်သည် သူမအား ခဏတာ ပိုမို၍ စိတ်ရှုပ်ထွေး သွားစေရန် သူ၏ နဂါးလျှာအစွမ်းအချို့ကို ထပ်မံ၍ ဖြည့်တင်းပေးလိုက်သေးသည်။
“ရှင်တောင်းပန်စရာမလိုပါဘူး…”
အယ်လီနာသည် အာရန်၏ အဆိုကို သဘောတူလိုက်မိလေသည်။
သူ ပြောသမျှ အရာအားလုံးသည် အမှန်ပင် မဟုတ်ပါလော....။
“ကိုယ်တကယ်ပဲ မှားခဲ့တာလား” ဟု အာရန်က ထပ်မံ၍ မေးလိုက်သောအခါ...
“ရှင် မမှားခဲ့ပါဘူး” ဟု အယ်လီနာက ပြန်ဖြေလိုက်သည်။
ဤသို့ဖြင့် အခြေအနေသည် အာရန်လိုချင်သော ပုံစံအတိုင်း ဖြစ်သွားခဲ့ရသည်။
“ဒါပေမဲ့ ဒီအခြေအနေမှာ တစ်ယောက်ယောက်ကတော့ သေချာပေါက် မှားယွင်းနေ ခဲ့တာသေခြာတယ်။ မဟုတ်ရင် ဒါမျိုးကိစ္စ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကိုယ် မမှားခဲ့ဘူးဆိုရင် ဒီနေရာမှာ ဘယ်သူက မှားနေခဲ့တာလဲ” ဟု အာရန်သည် သူ အမှန်တကယ် မေးလိုသော မေးခွန်းသို့ မြှားဦးလှည့်လိုက်လေသည်။
အမှန်တကယ် အာရန်အနေဖြင့် စကားပျိုးလာခဲ့သမျှ အရာအားလုံးသည် ဤမေးခွန်းအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်လေသည်။
သူ မမှားခဲ့ကြောင်း သူမ လက်ခံလိုက်ပြီးဖြစ်၏။
ထိုသို့ဆိုပါက ဤနေရာတွင် မှားယွင်းသည်ဟု သတ်မှတ်နိုင်မည့်သူမှာ တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
“ဒီကိစ္စမှာ ဂျီနီယာက မှားသွားတဲ့သူပါ… ဒါ သူမ အမှားပဲ” ဟု အယ်လီနာသည် အာရန်၏ နဂါးလျှာအစွမ်းကြောင့် အနည်းငယ် ဝေတေဝါးတားဖြစ်နေရာမှ သူမ၏ သူငယ်ချင်းဖြစ်သူ ဂျီနီယာအား ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
“ဒါဆို ဒီနေရာမှာ ဘယ်သူက တောင်းပန်သင့်တာလဲ” အာရန်က ဆက်လက်၍ မေးလိုက်ရာ သူ၏ အသံသည် အနည်းငယ်ကျယ်လောင်လာခဲ့သည်။
“ဂျီနီယာက တောင်းပန်သင့်တဲ့သူပါ”
နောက်ဆုံးတွင်မူ အယ်လီနာတစ်ယောက် အာရန်ကြားချင်နေသော စကားများကို ထုတ်ပြောမိသွားတော့၏။
ဂျီနီယာသည် သူမ၏ သူငယ်ချင်းဖြစ်သူ အယ်လီနာအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိကာ သူမ၏ မျက်နှာအမူအရာများသည် တဖန် မှောင်မိုက်သွားခဲ့ရသည်။
'ဘာတွေဖြစ်သွားတာလဲ။'
သူမသည် ကိုယ့်နေရာကိုယ်မသိသော မာနကြီးသည့် ကျွန်တစ်ဦးအား အပြစ်ပေးရန် ကျိုးစားခဲ့မိခြင်းသာ မဟုတ်ပါလား။
အဘယ့်ကြောင့် ရုတ်တရက်ကြီး သူမကိုယ်တိုင်က မှားယွင်းနေသူတစ်ဦး ဖြစ်သွားခဲ့ရသနည်း။
ဤနေရာတွင် ထိုကိစ္စနှင့် ပတ်သတ်၍ အပျော်ရွှင်သွားရဆုံးလူကို ပြပါဆိုလျှင် လိုက်ဆန်ဒါ ကိုသာ ပြရပေမည်။
သူသည် အာရန်အား အနည်းငယ်ပင် အထင်ကြီးမိသွားသည်။
ထိုချာတိတ်သည် သူ့ သမီးနှင့်အတူ ထွက်ခွာသွားသည်မှာ မိနစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း သူ၏ သမီးအား ထိုမြေခွေးမ၏ အမှားအချို့ကို မြင်စေနိုင်ခဲ့သည်။
သူကိုယ်တိုင်သည်ပင် သူ၏ သမီးအား ဂျီနီယာမှာ သူငယ်ချင်းကောင်းတစ်ဦး မဟုတ်ကြောင်း နားဝင်အောင် အကြိမ်ကြိမ် ကြိုးစားစည်းရုံးခဲ့သော်လည်း သူ၏ သမီးသည် သူမ၏ သူငယ်ချင်းကို အပြစ်ပြောရကောင်းလားဟု ဆိုကာ သူ့အားပင် ဒေါသတကြီးဖြင့် တုံ့ပြန်ခဲ့ဘူးလေသည်။
သို့သော် အာရန်မှာမူ မိနစ်အနည်းငယ်အတွင်းမှာပင် သူမအား ဂျီနီယာသည် မှားယွင်းနေသူတစ်ဦး ဖြစ်သည်ဆိုခြင်းအား တစ်နည်းတစ်ဖုံဖြင့် သက်သေပြနိုင်ခဲ့ပြီး ဖြစ်လေသည်။
အာရန်၏ သရုပ်ဆောင်မှု အစွမ်းသည် သူ့ထက်ပင် ပို၍ ကောင်းမွန်နေသောကြောင့် လိုက်ဆန်ဒါသည် ကျယ်လောင်စွာ အော်ဟစ် ရယ်မောမိလိုက်သည်။
“သေချာတာပေါ့ သူက ကမ္ဘာမြေသားတစ်ယောက်ပဲလေ ငါတို့ ကမ္ဘာမြေသားတွေက ဘယ်သွားသွား သဘာဝအတိုင်း အမြဲထူးချွန်ပြီးသားပဲလေ”
လိုက်ဆန်ဒါတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ချိန်တွင် သူသည်လည်း ကမ္ဘာမြေသားတစ်ဦး ဖြစ်သော်လည်း သူ၏ သမီးကို စည်းရုံးရန် ပျက်ကွက်ခဲ့ခြင်း အကြောင်းကိုမူ လျစ်လျူရှုထားလိုက်သည်။
“သူ...သူ အဓိပ္ပာယ်မရှိတာတွေ လျောက်ပြောနေတာပဲ ငါ ဘာမှ မမှားခဲ့ဘူး” ဂျီနီယာသည် အယ်လီနာ၏ စွတ်စွဲချက်ကြောင့် ပြန်လည် အော်ဟစ်လိုက်မိရာ အခြေအနေများသည် လုံးဝပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရလေသည်။
ဂျီနီယာသည် ဤနေရာတွင် ဘာဖြစ်သွားသည်ကိုပင် နားမလည်နိုင်တော့ပေ။
“ဂျီနီယာ နင်သူ့ကို ခုချက်ချင်း ပြန်တောင်းပန်လိုက်ပါ။ ကိစ္စလေးတစ်ခုကို ပိုဆိုးသွားအောင် လုပ်နေစရာ အကြောင်းမရှိဘူး”
ဤတစ်ကြိမ်တွင်မူ အယ်လီနာသည် ဂျီနီယာ၏ စကားများကို အလေးအနက် မထားတော့ဘဲ သူမအား မျက်နှာတည့်တည့်ကြည့်ကာ အာရန်အား တောင်းပန်ရန် ပြန်ပြောလိုက်သည်။
“သူက င့ါ အဖေ ရဲ့ ဧည့်သည်တစ်ယောက်ပါ။ အစောပိုင်း နင့်ရဲ့ လုပ်ရပ်အတွက် နင်သူ့ကို ပြန်တောင်းပန်ဖို့ လိုတယ်”
“နင်…”
ဂျီနီယာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အဝေးတွင် တိတ်ဆိတ်စွာ ရပ်နေသော အာရန်အား ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်မိသည်။
အာရန်သည် မျက်နှာအမူအရာတွင် မထုတ်ဖော်သော်လည်း သူသည် ထိုအခြေအနေကို အတော်လေး ကျေနပ်နေမည်ဆိုသည်ကိုမူ သူမ ခံစားမိနေဆဲပင်။
သူသည် ဤအခြေအနေကို ဤမျှအထိ မတွန်းပို့ခဲ့သင့်ပေ။
ကံမကောင်းစွာဖြင့် အယ်လီနာသည် ထိုလူငယ်၏ စကားလုံးများကို လုံးဝထောက်ခံနေပြီဖြစ်သောကြောင့် သူမအနေနှင့် ရွေးချယ်စရာမရှိတော့ပေ။
ထို့ကြောင့် သူမ ယခု ပြောနေသမျှအရာအားလုံးသည် အရေးမပါတော့ပေ။
သူမသည် ဤကိစ္စကို ဤနေရာတွင်သာ အဆုံးသတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။