ထောင်ချောက်
Vol. 41 Ch. 596
…
ဂျီနီယာသည် သူမအနေဖြင့် အပြင်လူတစ်ဦးအား ယခုကဲ့သို့ ပြန်လည် တောင်းပန် ရမည့်အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု ယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။
သူမသည် အာရန်၏ ထောင်ချောက် အတွင်းသို့ ထပ်မံ ကျရောက်မသွားရန်နှင့် သူမကို စိုက်ကြည့်နေသော အယ်လီနာကို စိတ်မပျက်စေရန်အတွက် သူမကိုယ်သူမ မနည်းပြန်လည်အားတင်းထားရသည်။
“ငါ… ငါ…”
ထို့နောက် သူမသည် စိတ်ကိုတင်း၍ အာရန်အား တောင်းပန်ရန်ကျိုးစားလိုက်သည်။
သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် အာရန်အား ပြန်လည် ရင်ဆိုင်ရန် ခေါင်းကိုမော့ကာ တောင်းပန်စကားပြောရန် ကြိုးစားလိုက်၏။
သို့သော် ဂျီနီယာတစ်ယောက် သူမ၏ မာနကို ခဏမေ့ထားကာ အာရန်အား တောင်းပန်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အာရန်၏ မျက်နှာတွင် ရုတ်တရက် ပေါ်လာသော လှောင်ပြုံးတစ်ခုကို မြင်တွေ့လိုက်ရသည်။
“အယ်လီနာ နင် တွေ့တယ်မဟုတ်လား။ သူ..သူ င့ါကို လှောင်ရယ်နေတယ” ဟု ဂျီနီယာသည် အယ်လီနာအား အာရန်ဘက်သို့ မေးငေ့ါပြရင်း ပြောလိုက်သည်။
အယ်လီနာတစ်ယောက် အာရန်အား ပြန်လှည့်ကြည့်လိုက်သောအခါ ယခင်အတိုင်း ပုံမှန်အတိုင်း ရှိနေဆဲဖြစ်သည်ကိုသာ မြင်လိုက်ရလေသည်။
သူ၏ မျက်နှာတွင် မျက်မှောင်ကြုတ်ထားခြင်းကြောင့် အရေးအကြောင်းအချို့ပင် ရှိနေခဲ့၏။
သူသည် ဂျီနီယာ ပြောသကဲ့သို့ လှောင်ရယ်ခဲ့သည့် အရိပ်အယောင်စိုးစဥ့်မျှပင် မတွေ့ရပေ။
“ဂျီနီယာရေ နင် ဒီလိုမျိုး မတောင်းပန်ချင်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒီလို မဟုတ်တာတွေ လျှောက်ပြောဖို့တော့ မလိုပါဘူး။ ကျေးဇူးပြုပြီး မြန်မြန် တောင်းပန်ပြီးတော့ ဒီကိစ္စကို မေ့ပစ်လိုက်ကြရအောင်ဟာ” ဟု အယ်လီနာမှ ဂျီနီယာဘက်သို့ ပြန်လှည့်ရင်း ပြောလိုက်သည်။
အယ်လီနာ၏ မျက်နှာနောက်သို့ ပြန်လှည့်သွားသည်နှင့် တစ်ပြိုင်နက် အာရန်၏ မျက်နှာတွင် စပ်ဖြီးဖြီးပုံစံကြီး ပြန်ပေါ်လာခဲ့ရာ ဂျီနီယာအား လွန်စွာ ဒေါသထွက်သွားစေခဲ့၏။
အာရန်သည် ၎င်းကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ပေ။
သူသည် သူမအား ပေါ်တင်ပင် လှောင်ပြောင်ခနဲ့နေခြင်း ဖြစ်လေသည်။
၎င်းသည် သူမအား ဒေါသထွက်လာစေရန် အတွက် ထောင်ချောက်တစ်ခု ဖြစ်သည်မှာ ရှင်းနေခဲ့၏။
သို့သော် သူမသည် ထိုအခြေအနေကို ကောင်းစွာသဘောပေါက်သည့်တိုင်အောင် သူမ၏ ဒေါသကိုမြိုသိပ်ကာ ဤကဲ့သို့သော ပြုမူပြနေသူတစ်ဦးအား တောင်းပန်ရန်မှာမူ လွန်စွာ ခက်ခဲလွန်းနေခဲ့သည်။
ဂျီနီယာသည် အာရန်အား သတ်ဖြတ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သော်လည်း သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်ရသည်။
ယခုအချိန်တွင် သူ၏ဒေါသကို လွှတ်ပေး၍ မဖြစ်သေးပေ။
သူမသည် စိတ်ရှည်ရှည်ထားမှရမည်ဖြစ်ကာ သူမ၏ အပြုအမူအတွက် အယ်လီနာအား စိတ်ပျက်စေ၍ မဖြစ်ချေ။
“ကျွန်မ…”
ဤသို့ဖြင့် ဂျီနီယာသည် အာရန်အား တောင်းပန်ရန် ထပ်မံ ကြိုးစားလိုက်သော်လည်း တစ်ဖန် သူမ စကားမဆုံးနိုင်ခင်မှာပင် ဆွံ့အသွားခဲ့ရသည်။
အယ်လီနာ၏ နောက်ရှိ အာရန်သည် အစောကကဲ့သို့ လှောင်ရယ်ပြနေခြင်းပင် မဟုတ်တော့ပေ။
ယင်းအစား သူသည် ခန္ဓာကိုယ်ကို ဘယ်ညာရိမ်းကာ ကခုန် နေခဲ့၏။
သူမသည် ငရဲဘုံမှလူတစ်ဦးဖြစ်သဖြင့် ဘရိတ်ဒန့်စ်အကမျိုးကို မမြင်ဖူးခဲ့သော်လည်း အကြောင်းအချို့ကြောင့် ၎င်းသည် သူမအား တိုက်ရိုက်စော်ကားနေခြင်းဖြစ်ကြောင်း ကိုမူ ကောင်းစွာနားလည်လိုက်သည်။
“ငါ မရတော့ဘူး ငါ သူ့ကို သတ်မှဖြစ်တော့မယ်” ဟု ပြောပြီးနောက် ဂျီနီယာသည် အနည်းငယ်မျှပင် စိတ်မထိမ်းနိုင်တော့ပဲ အာရန်အား သတ်ဖြတ်ရန် ရှေ့သို့ ခုန်တက်သွားတော့၏။
၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်မှန်း သူမအနေနှင့် သိနေခဲ့သည့်တိုင် သူမ၏ ရင်ဘတ်အတွင်းမှ ဒေါသတရားကို မည်သို့မျှ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ အာရန်ဆီသို့ ပြေးထွက်သွားခဲ့မိခြင်းဖြစ်လေသည်။
ဤအချိန်တွင် အယ်လီနာသည်ပင် ဂျီနီယာ၏ ရုတ်တရက်အပြုအမူအား သည်အတိုင်း ရပ်ကြည့်၍ မနေနိုင်တော့ပေ။
သူမသည် ဂျီနီယာကို တားဆီးရန်ကျိုးစားလိုက်ရလေသည်။
ထိုအချိန်တွင် ပြသနာရှာထားသူ အာရန်မှာမူ နောက်သို့ ခုန်ဆုတ်လိုက်ကာ အမျိုးသမီးနှစ်ဦးတွင် တစ်ဦးက သူ့ကို သတ်ရန် ကြိုးစားနေပြီး အခြားတစ်ဦးက သူ့အား ကယ်တင်ရန်ကြိုးစားနေသော တိုက်ပွဲကို သည်အတိုင်း ငေးကြည့်နေခဲ့၏။
အာရန်သည် အစတွင် ပထမမူလကြယ်ပင် စိုးရိမ်ရသော အမျိုးသမီးတစ်ဦးထံမှ အယ်လီနာကို ခွဲထုတ်ရန်မှာ လွန်စွာ ခက်ခဲလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။
သို့သော် ဤနှုန်းအတိုင်းဆိုပါက ကိစ္စများသည် သူ မှန်းထားသည်ထက် ပို၍ လွယ်ကူ သွားမည်ဟု ခံစားလိုက်ရသည်။
အာရန်အနေဖြင့် အယ်လီနာ ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခြင်း မရှိလျှင်ပင် သူသည် ၎င်းတို့ နှစ်ဦးအား သွေးခွဲနိုင်ခဲ့မည်ဆိုပါက လိုင်ဆန်ဒါအား သူ၏ စွမ်းဆောင်ရည်ကို သက်သေပြပြီး ဖြစ်သွားပေလိမ့်မည်။
၎င်းက သူ့အတွက် အောင်မြင်မှုတစ်ခု ဖြစ်နေဆဲပင် မဟုတ်ပါလား..။
သို့သော် တိုက်ပွဲသည် သိပ်တော့ မကြာခဲ့ပေ။
ဂျီနီယာတစ်ယောက် နောက်ပြန်လဲကျသွားခြင်းဖြင့် ထိုတိုက်ပွဲသည် အဆုံးသတ်သွားခဲ့ရသည်။
အယ်လီနာသည် ပို၍ အားကောင်းသော သွေးမျိုးဆက်တစ်ခုကို အမွေဆက်ခံနိုင်ခဲ့ခြင်းကြောင့် ဂျီနီယာထက် ပို၍ ခွန်အားကြီးမားလေသည်။
“နင်က အပြင်လူတစ်ယောက်အတွက်နဲ့ ငါ့ကိုတောင် တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တာလား” ဂျီနီယာသည် အယ်လီနာအား မယုံနိုင်စွာဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးအချို့ပင် ကျဆင်းလာခဲ့၏။
“နင်က မှားသွားတဲ့သူလေ။ ဒါပေမဲ့ နင်လုပ်ရမှာက တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်း ပါးစပ်ကဖွင့်ပြောလိုက်ရုံလေးပဲဟာ ဒါက ဘာများအပန်းကြီးလို့လဲ။ သူက ငါ့ အဖေရဲ့ ဧည့်သည်ဖြစ်နေတာမို့ င့ါအဖေကို ကိုယ်စားပြုသလိုမျိုးပဲလို့ ငါ နင့်ကို ရှင်းပြခဲ့ပြီးပြီလေ။ ဒါကို နင်က သူ့ကို သတ်ဖို့ ကြိုးစားတဲ့အခါ ငါက ဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား” အယ်လီနာသည် ဂျီနီယာ၏ အပြုအမူအတွက် အတော်လေး စိတ်ပျက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“နင်သာ ငါ့ရဲ့ ခံစားချက်တွေကို တကယ်ပဲ ဂရုစိုက်ခဲ့မယ်ဆိုရင် နင် ငါ့စကားကို နားထောင်ခဲ့ရမှာပေ့ါ ဒါပေမဲ့ ခုတော့ သေခြာသွားပြီ။ နင့်ရဲ့ မာနက ငါ့ရဲ့ ခံစားချက်ထက် ပိုအရေးကြီးတယ်ထင်တယ်။”
“အယ်လီနာ နင်…”
ဂျီနီယာသည် အယ်လီနာအား မယုံနိုင်စွာဖြင့် ငေးကြည့်မိလိုက်သည်။
သူမသည် အပြင်လူ လူစိမ်းတစ်ဦးကြောင့် သူ့အား ထိုသို့ ပြောလာသည်တဲ့လား...။
သူမသည် သည် ဤနေရာတွင် အစော်ကားခံခဲ့ရသူဖြစ်လေသည်။
သို့သော် ယခုအခါတွင်မူ အရာအားလုံးသည် သူမ၏ အပြစ်ကြောင့်သာ ဖြစ်သွားကြပေပြီ။
“ငါ... ငါ စောစောက တကယ်တောင်းပန်ဖို့ ကျိုးစားခဲ့တာပါ ဒါပေမဲ့ သူက နင့်ရဲ့ နောက်မှာ တကယ်ကို င့ါကို ကခုန်ပြနေခဲ့တာ” ဟု ဂျီနီယာမှ ပြန်ပြောလိုက်သည်။
“တော်ပြီ နင် မတောင်းပန်ချင်လဲ ထားလိုက်တော့ နင် အဲ့လိုပေါက်ကရတွေတော့ ထပ်မပြောနဲ့တော့”
အယ်လီနာသည် ဂျီနီယာ၏ စကားများကို လုံးဝ မယုံတော့ပေ။
ပထမ သူမသည် အာရန်အား လှောင်ရယ်ပြနေသည်ဟု ပြောခဲ့သည်။
၎င်းသည် လိမ်ဆင်တစ်ခု ဖြစ်သည်မှာ ရှင်းနေခဲ့၏။
သိုသော်ယခုမူ သူမသည် ပို၍ပင် အဓိပ္ပာယ်မရှိသော အရာတစ်ခုကို ထပ်မံ၍ ပြောလာပြန်သည်။
“သူက နင့်ကို ကြိတ်ပြီးလှောင်ရယ်နေတယ်ဆိုထားပါတော့ ဒါနဲ့ဒီအချိန်ကြီး ထပြီး ရုတ်တရက် ကပြတယ် ဆိုတာကတော့ ဘယ်လိုစကားကြီးလဲဟ။ နင်က ငါ့ကို ငတုံးမတစ်ယောက်လို့ ထင်နေတာလား။ ဒါမှမဟုတ် သူကပဲ ရူးနေလို့များလား” ဟု သူမသည် ဂျီနီယာအား အနည်းငယ်ပင် ချေပခွင့်မပေးတော့ပဲ ဆက်တိုက်ပြောလိုက်သည်။
အာရန်မှာမူ ထိုတစ်ချိန်လုံးတွင် အဝေးတစ်နေရာမှသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။
သူ၏ အစီအစဉ်သည် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း အယ်လီနာ၏ နောက်ဆုံး စကားကြောင့် သူသည်လည်း အနည်းငယ် နာကျင်သွားခဲ့ရသည်။ ကခုန်ပြခဲ့ခြင်းအတွက် သူ့အား ရူးနေသူဟု ပြောခဲ့သည်တဲ့လား...။
“နင်...နင်... သူ နင့်ကို ဒီလောက်ပေါ်တင် လှည့်စားနေတာကိုတောင် နင်ဘာလို့ မမြင်နိုင်ရတာလဲ”
ဂျီနီယာသည် စိတ်မကောင်းစွာဖြင့် အယ်လီနာအား စကားလုံးအချို့ ထပ်မံပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် အယ်လီနာ၏ နောက်ကျောတွင် ထပ်မံ၍ ကခုန်ပြနေသော အာရန်အား မြင်တွေ့လိုက်ရသည်။
ထို့ပြင် ရံဖန်ရံခါ သူမထံသို့ ပျံသန်းနေသော အနမ်းများပင် ပေးပို့နေခဲ့သေး၏။
“အား....”
သူမသည် ဤအချိန်တွင် လုံးဝ စိတ်လွတ်သွားဟန်ဖြင့် သူမ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ပြန်အုပ်ထားလိုက်သည်။
သူမသည် ဤမျှအရှက်မရှိသောလူတစ်ဦးအတွက်နှင့် အယ်လီနာရှေ့တွင် ထပ်မံ၍ အရှုံးမပေးလိုတော့ပေ။
ထိုလူငယ်သည် အယ်လီနာနှင့် ပိုမိုကြာကြာနေမည်ဆိုပါက အယ်လီနာတစ်ယောက် ထိုလူငယ်၏ ဦးနှောက်ဆေးခြင်းကို ပို၍ပင် ခံသွားရပေလိမ့်မည်။ သူမအနေနှင့် ထိုသို့ အဖြစ်မခံလိုပေ။
ထိုသို့ ဂျီနီယာတစ်ယောက် တွေးမိလိုက်သောအခါ......
“ကျွန်မ မှားသွားပါတယ်။ ကျွန်မရဲ့ အစောပိုင်း အပြုအမူတွေအတွက် တကယ်ပဲ တောင်းပန်ပါတယ်”
ဂျီနီယာသည် ရုတ်တရက် တောင်းပန်စကားဆိုလိုက်ရာ အာရန်သည်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
တောင်းပန်တယ်တဲ့လား....။
သူမ ဘာကို ဆိုလိုသနည်း။
သူမသည် လုံးဝစိတ်လွတ်သွားပြီးနောက် သူ့အား သဲကြီးမဲကြီး တိုက်ခိုက်လာ သင့်သည် မဟုတ်လား။
သို့သော် သူမသည် ဤမျှ လွယ်လွယ်ကူကူ တောင်းပန်လာခဲ့ကကာ ဤပဋိပက္ခကို ဤမျှနှင့် အဆုံးသတ်စေချင်နေသည်တဲ့လား...။
သူမ၏ ဒေါသကို ပို၍ ဆွပေးရန်အတွက် လက်ညှိုးထိုး၍ လှောင်ရယ်ခြင်းအချို့ပင် ပြုလုပ်ရန် ကျိုးစားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ၎င်းသည် အလုပ်မဖြစ်ခဲ့ပေ။ ဂျီနီယာ၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲသော်လည်း သူမသည် သူ့အား ထပ်မံ၍ မတိုက်ခိုက်ခဲ့ပေ။
သူမသည် သူမ၏ လက်သီးများကိုသာ သွေးထွက်လုနီးပါး တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
သူမသည် သူမ၏ ဒေါသကို ထိန်းချုပ်နိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ်သာ ပြန်လည်နာကျင်အောင် ကြိတ်၍ ပြုလုပ်နေခဲ့ဟန်ရပြီးနောက် သူမ၏ အာရုံကို အယ်လီနာဆီသို့သာ ပြန်လည် ပြောင်းလဲလိုက်သည်။
အယ်လီနာအား ဤမျှ အရှက်မရှိသော လူတစ်ယောက်ထံမှ ကာကွယ်နိုင်ရန်အတွက် သူမအနေဖြင့် သူမစိတ်ကို ထိမ်းနိုင်မှဖြစ်ပေလိမ့်မည်ဟု ဂျီနီယာတစ်ယောက် နားလည်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူမသည် အာရန်အား အနည်းငယ်မျှပင် အာရုံမစိုက်တော့ပဲ အယ်လီနာဆီသို့သာ လျှောက်သွားလိုက်သည်။
အာရန်သည်လည်း သူ၏ ပုံမှန် မျက်နှာထားသို့ ပြန်ရောက်သွားခဲ့သော်လည်း ဤတစ်ကြိမ်တွင် ၎င်းသည် ဟန်ဆောင်နေခြင်းတော့ မဟုတ်တော့ပေ။
သူ အမှန်တကယ် စိတ်ပျက်သွားခဲ့ပြီးဖြစ်လေသည်။
“ကျွန်မရဲ့ အစောပိုင်း အပြုအမူအတွက် ရှင့်ကို ထပ်ပြီးတောင်းပန်ပါတယ်။ ကျွန်မ ရုတ်တရက် ဘာဖြစ်သွားလဲဆိုတာတော့တကယ်ပဲမမှတ်မိတော့ဘူး။ ဒါပေမဲ့ ဒီလိုမျိုး ထပ်မဖြစ်စေရအောင် ကျွန်မအနေနဲ့ နောက်ကို ဆင်ခြင်ပါမယ်” ဟု အယ်လီနာသည် အာရန်အား ပြင်းထန်သော သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့ကာ တောင်းပန်စကားအချို့ ထပ်မံ၍ ပြောလိုက်သည်။