← Chapters

သမက်လောင်းအား ကာကွယ်ပေးခြင်း

Vol. 41 Ch. 597

သမက်လောင်းအား ကာကွယ်ပေးခြင်း

Vol. 41 Ch. 597

…

"ဟမ်"

ထိုအရာသည် အာရန်တစ်ယောက် လုံးဝမျှော်လင့်မထားခဲ့သည့် ကိစ္စတစ်ခုဖြစ်လေသည်။

အထူးသဖြင့် သူသည် ဂျီနီယာအား အတတ်နိုင်ဆုံး စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ထားခဲမိသောကြောင့်ပင်ဖြစ်၏။

ထိုသို့ရှိလင့်ကစား သူမသည် သူ့အား ပြန်လည် တောင်းပန်ရန်ပင် ဆန္ဒရှိနေသေးသည်တဲ့လား....။

သူမသည် သူထင်ထားသကဲ့သို့ မိုက်မဲသူတစ်ဦးတော့ ဟုတ်ဟန်မရချေ။

ဤအခြေအနေအရ အာရန်သည်သာ ထိုတောင်းပန်မှုကို လက်မခံခဲ့ပါက သူသည် သဘောထားသေးသိမ်သူတစ်ဦးအဖြစ် အများ၏ ရှုမြင်ခြင်းကို ခံရပေလိမ့်မည်။

"နောက်တစ်ခါတော့ ဒီလိုအမှားမျိုး ထပ်မလုပ်နဲ့တော့" ဟု ပြန်ပြောလိုက်ရကာ သူမ၏ တောင်းပန်မှုကို လက်ခံလိုက်ရလေသည်။

အာရန်တစ်ယောက် မျှော်လင့်ထားသည်များနှင့် ကွဲလွဲနေသေးသော်လည်း သူက ထိုကိစ္စကို သိပ်တော့အလေးထားခြင်း မရှိပေ။

ထိုအရာသည် အချိန်တစ်ခုကြာပြီးသည့်နောက် အလိုလို ပြေလည်သွားမည့် ကိစ္စသာ ဖြစ်နေပြီး သူအနေဖြင့်လည်း အလျင်စလိုလုပ်ဆောင်ရန် လိုအပ်မနေသေးပေ။

ပို၍အရေးကြီးသည့်အချက်မှာ သူ့အနေနှင့် အယ်လီနာအား သူ့ဘက်သို့ ပိုမိုပါရန် ဆွဲခေါ်နိုင်ခဲ့ခြင်းပင်။

သူ့အနေနှင့်သာ အယ်လီနာနှင့်အတူ ရှိနေသရွေ့ ဂျီနီယာသည် သူ့အား ထိခိုက်အောင် ကြိုးစားဝံ့မည် မဟုတ်ပေ။

"ဒီလိုကိစ္စမျိုး ထပ်မဖြစ်အောင် ကျွန်မ သေချာ ဂရုစိုက်ပါ့မယ်" ဟု ဂျီနီယာသည် အံကြိတ်၍ ပြောလိုက်သည်။

သူမသည် သူမ၏ ကျောနောက်ဘက်တွင် လက်သီးကို ခပ်တင်းတင်းလေး ဆုပ်ထားမိသဖြင့် အသံအချို့ကိုပင် ကြားလိုက်ရသည်။

ဤပဋိပက္ခသည် ဤကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြေလည်သွားခဲ့သည့်အတွက် အယ်လီနာတစ်ယောက် မည်မျှ စိတ်သက်သာရာ ရသွားခဲ့သည်ကို စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်ချေ။

ဤအဆင့်သို့ ရောက်ရှိရန်အတွက် သူမ၏ သူငယ်ချင်းကို အနည်းငယ် နာကျင်အောင် ပြုလုပ်ခဲ့မိသည့်အတွက်လည်း နောင်တရနေမိသည်။

အယ်လီနာသည် သူမ၏ သူငယ်ချင်းအား အစောပိုင်း အပြုအမူအတွက် တောင်းပန်လိုနေခဲ့သော်လည်း အာရန်သည် အခွင့်အရေး မပေးခဲ့ချေ။

အယ်လီနာတစ်ယောက် ဂျီနီယာအားတောင်းပန်ရန် ဟန်ပြင်လိုက်စဥ်မှာင် အာရန်က ဦးဆောင်ကာ မေးခွန်းတစ်ခုမေးလိုက်သည်။

"ကိုယ်တို့ လေလံပွဲသွားဖို့ စီစဥ်ထားတာ မဟုတ်ဘူးလား။ အစောပိုင်း ကိစ္စတွေကလည်း ပြေလည်သွားပြီဆိုတော့ အားလုံးကို မေ့လိုက်ကြရအောင်။ ပြီးတော့ ဒီနေရာက လေလံပွဲတွေ ဘယ်လိုမျိုးလဲဆိုတာလဲ ကိုယ်အတော်လေး သိချင်နေပြီ"

"အာ ဟုတ်သားပဲ"

အာရန်၏ ရုတ်တရက်ဖြတ်ပြောလိုက်ခြင်းကြောင့် အယ်လီနာတစ်ယောက် အာရုံလွဲသွားခဲ့ကာ ဂျီနီယာအား တောင်းပန်စကား မဆိုဖြစ်တော့ပေ။

"ဟုတ်သားပဲ။ လေလံပွဲတောင်စဖို့ သိပ်မလိုတော့ဘူး။ ငါတို့မမှီပဲနေမယ် သွားကြရအောင်" ဟု ဂျီနီယာလည်း ထိုစကားကို သဘောတူလိုက်ပြီး သူမ၏ မျက်လုံးများအတွင်းမှ အာရန်အား ရန်လိုသည့် အသွင်ကိုမူ မဖုံးကွယ်ထားနိုင်ခဲ့ချေ။ "ကောင်းပြီလေ။ သွားကြစို့"

အယ်လီနာသည်လည်း သဘောတူလိုက်ပြီးနောက် အခြေအနေများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

...

စံအိမ်ကြီးအတွင်း၌ လိုက်ဆန်ဒါသည် သူ၏ သမီးဖြစ်သူသည် အာရန်နှင့်အတူ ထွက်ခွာသွားနေသည်ကို လက်ပိုင်၍ ကြည့်နေခဲ့မိသည်။

အယ်လီနာနှင့် ဂျီနီယာတို့၏ သူငယ်ချင်းဆက်ဆံရေးသည် ဆက်လက်၍ တည်မြဲနေသေးသော်လည်း သူသည် အနာဂတ်အတွက် အနည်းငယ်ပို၍ စိတ်အေးသွားခဲ့သည်။

"ဒီကလေးက တကယ်တော်တာပဲ" ဟုပြောရင်း လိုက်ဆန်ဒါသည် နောက်ပြန်လှည့်ကာ စား‌သောက်ပွဲဆီသို့ ပြန်လည် လျှောက်လာလိုက်သည်။

ထို့နောက် ထိုင်ခုန်တစ်ခုန်တွင် ဝင်ထိုင်လိုက်ကာ လက်ခုပ်တစ်ချက် တီးလိုက်သည်။

"သခင်အမိန့်ရှိပါ"

ထိုအခါ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်အများအပြားသည် ရုတ်တရက် သူ၏ နောက်တွင် ပေါ်ပေါက်လာခဲ့ကြသည်။

၎င်းတို့သည် အစောပိုင်းကတည်းက ဤအခန်းထဲတွင် ရှိနေခဲ့လင့်ကစား ၎င်းတို့၏ တည်ရှိမှုမှာ လုံးဝနီးပါး ပျောက်ကွယ်သွားနေခဲ့ခြင်းဖြစ်သည်။

"ငါ့ရဲ့ သမက်လောင်းနောက်ကိုလိုက်ပြီး အကာအကွယ်ပေးကြ။ မင်းတို့ မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုခု ပေါ်လာခဲ့ရင် ငါ့ကို ဆက်သွယ်ဖို့ဝန်မလေးနဲ့။ ဘာပဲဖြစ်ဖြစ် ငါ့သမက်လောင်း ဘေးကင်းဖို့လိုတယ်။ နားလည်လား" ဟု သူသည် ဟင်းရည်ပန်းကန်တစ်ခုထဲသို့ ဇွန်းတစ်ချောင်း ထည့်မွှေရင်း အစောင့်များကို အမိန့်ပေးလိုက်သည်။

"ကျွန်တော်တို့ အသက်နဲ့လဲပြီး သူ့ကို ကာကွယ်ပေးပါ့မယ်" ဟု အစောင့်များက မဆိုင်းမတွပင် ကတိပေးလိုက်ကြသည်။

ပထမမူလကြယ်မှ အပြင်လူတစ်ဦးအား သမက်လောင်းဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သော်လည်း သူတို့အနေနှင့် မေးခွန်းပြန်မထုတ်ဝံ့ကြချေ။

ဤသို့ဖြင့် ၎င်းတို့သည် မကြာမီ ထိုနေရာမှ ပြန်လည် ပျောက်ကွယ်သွားကြပြီး ငရဲမြို့တော်တွင် အာရန်၏ လုံခြုံစေရေး တိတ်ဆိတ်စွာ နောက်မှ လိုက်ပါသွားခဲ့ကြလေသည်။

...

ငရဲမြို့တော်၏ လမ်းမများတစ်လျှောက်တွင် ခန့်ညားထည်ဝါသော ရထားလှည်းတစ်စင်းသည် ဖြေးညှင်းစွာ ရွေ့လျားလျက်ရှိနေခဲ့၏။

၎င်းကို ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်က ဆွဲယူနေခြင်းဖြစ်ပြီး ၎င်းသားရဲ၏ တည်ရှိမှုတစ်ခုတည်းကပင် ဤနေရာရှိ လူအများကို လမ်းမများဆီမှ ဖယ်ရှားစေခဲ့ကာ အလိုလိုလမ်းကြောင်းရှင်းလင်းပြီးသား ဖြစ်စေခဲ့၏။

အကယ်၍ ထိုသားရဲအား မေ့ထားမည်ဆိုလျှင်ပင် ရထားလှည်းပေါ်ရှိ သင်္ကေတတစ်ခုတည်းကပင် လမ်းတစ်လျှောက် မြင်ရသူတိုင်းအား ထိတ်လန့်သွားစေရန် လုံလောက်နေလေသည်။

အကြောင်းမှာ ၎င်းသည် ပထမ မူလကြယ်၏ အမှတ်တံဆိပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ဤမြို့တော်သည် အလွန်ကြီးမားလွန်းလှပြီး ကမ္ဘာမြေပေါ်ရှိ အချို့နိုင်ငံများထက်ပင် ပို၍ ကျယ်ဝန်းလေသည်။

သို့သော်လည်း ထိုရထားလှည်းသည် ထူးခြားသည့် အရှိန်တစ်ခုဖြင့် ရွေ့လျားလျက်ရှိနေခဲ့၏။

နာရီဝက်အတွင်း မြို့၏ တောင်ဘက်စွန်းသို့ ရောက်ရှိလာခဲ့ပြီး ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

ထို့နောက် ထိုရထားလှည်း၏ တံခါးတစ်ချပ် ပွင့်လာပြီး အတွင်းမှ မိန်းကလေးတစ်ဦး ထွက်‌ပေါ်လာခဲ့သည်။

သူမနှင့်အတူ အခြားမိန်းကလေးတစ်ဦးလည်း ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့သည်။ ထိုအဆောက်အအုံပတ်ဝန်းကျင်ရှိ လူအများစုသည် ထိုမိန်းကလေးနှစ်ဦးအား မြင်တွေ့လိုက်ရသည်နှင့် လွန်စွာ အံ့အားသင့်သွားကြသည်။

တစ်ဦးမှာ ပထမ မူလကြယ်၏ သမီးဖြစ်ကာ ဒုတိယမိန်းကလေး၏ နောက်ခံမှာလည်း ရိုးရှင်းသည်တော့ မဟုတ်ချေ။

သို့သော်လည်း ၎င်းတို့နှစ်ဦးသည် လေလံဌာနရှိရာသို့ ချက်ချင်းမသွားခဲ့ကြပေ။ ၎င်းတို့သည် နောက်ပြန်လှည့်ကာ ဘေးသို့ ရွေ့ပေးလိုက်ကြပြီး နောက်ထပ် တစ်စုံတစ်ဦး ထွက်လာမည်ကို စောင့်ဆိုင်းနေကြသည့်နှယ်ပင်။

လူအများစုသည် ထိုမြင်ကွင်းကို အလွန်ပင် စိတ်ဝင်တစားဖြစ်ကာ စိုက်ကြည့်နေခဲ့ကြ၏။

ဤမိန်းမလှလေး နှစ်ဦးနှင့်အတူ ပထမ မူလကြယ်၏ ရထားလှည်းအတွင်း၌ နောက်ထပ် မည်သူများ ပါလာ၍နည်း။

ထိုအချိန်တွင် လူတစ်ဦးတည်းကိုသာ သူတို့၏ စိတ်ထဲတွင် ပြေးမြင်မိလိုက်ကြသည်။

၎င်းတို့ တွေးမိကြသည်မှာ ပထမ မူလကြယ်ကိုယ်တိုင်ပင် ဤ လေလံဌာနသို့ ရောက်ရှိလာခြင်းလော ဟူ၍ပင်...။

ပထမ မူလကြယ်အတွက်မူ ၎င်း၏ စံအိမ်တော်မှ ထွက်ခွာခြင်းမှာ ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိ လူအများစုသည် ပထမ မူလကြယ် ထွက်ပေါ်လာသည့်အခါ ချက်ချင်း ဒူးထောက်အရိုအသေ ပေးရန်ပင် အသင့်ဖြစ်နေခဲ့ကြပြီး ရထားလှည်းအား စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့ကြသည်။

"ဒါကတော့ အော့ဘ်ဆီဒီယန် လေလံဌာနပါ" ဟု အယ်လီနာက ရထားလှည်းအတွင်းမှ ပုဂ္ဂိုလ်အား လှမ်း၍ ပြောလိုက်၏။

"ငရဲမြို့တော်မှာ တန်ဖိုးအရှိဆုံးနဲ့ အရှားပါးဆုံး ပစ္စည်းတွေကို လေလံတင်ပေးတဲ့ တစ်ခုတည်းသော နေရာဆိုပါတော့"

"ကြည့်ရတာ အတော်လေးခန်းနားတဲ့ပုံပဲ" ဟု အာရန်သည် ရထားလှည်းအတွင်းမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ မှတ်ချက်တစ်ခု ပေးလိုက်သည်။

သူသည် အထက်တန်းကျသော ထိုအဆောက်အအုံ၏ ပုံပန်းသွင်ပြင်အား ခေတ္တမျှ ငေးကြည့်နေခဲ့မိသော်လည်း မကြာမီမှာပင် လူအများက သူ့အား စောင့်ကြည့်နေသည်အား သတိထားမိလိုက်ရသည်။

အာရန်သည် သူ၏ ပတ်ပတ်လည်အား ဝေ့ဝိုက် ကြည့်လိုက်သောအခါ အဝတ်အစားများအရ အတော်အတန် ချမ်းသာကြွယ်ဝပုံရသည့် လူအများအပြားသည် သူ့အား ထူးဆန်းစွာ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရလေ၏။

ဤနေရာမှ လူများသည် ပထမ မူလကြယ်ကို စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သော်လည်း အာရန်ကို မြင်လိုက်ရသောအခါ လုံးဝ ထိတ်လန့်သွားကြသည်။

သူသည် ပထမ မူလကြယ် မဟုတ်ချေ။

ယင်းအစား သူသည် သာမန် အပြင်လူတစ်ဦးသာ ဖြစ်လေသည်။

သို့သော်လည်း ထိုအပြင်လူသည် မင်းသမီး အယ်လီနာနှင့် အတူ ရထားလှည်းတစ်စင်းတည်းဖြင့် မည်သို့များ ခရီးသွားလာနိုင်ခွင့်ရခဲ့သနည်း။

မိသားစုများသည် ၎င်းတို့ပိုင်သည့် ကျွန်များအား ၎င်းတို့နှင့် အတူတူ ရထားလှည်းတစ်စီးထဲဖြင့် မည်သည့်အခါမျှ ခရီးသွားလာခွင့် မပြုထားကြပေ။

ကျွန်တစ်ဦးနှင့် ခရီးသွားလာမိခြင်းသည် ၎င်းတို့အတွက် အရှက်ရစရာကိစ္စဟုပင် သတ်မှတ်ထားကြလေသည်။

"ဟမ် ကြည့်စမ်း သူ့မှာ ကျွန်ပြုခြင်း လက်ဝတ်တန်ဆာတောင် ရှိမနေဘူး" လူတစ်ဦးက ရုတ်တရက် အော်ဟစ်ပြောလိုက်ပြီး သူ၏ စကားများက အခြားသူများကိုလည်း သတိပြုမိစေခဲ့သည်။

ထိုအပြင်လူသည် ကျွန်ပြုခြင်း လက်ဝတ်တန်ဆာကိုပင် တကယ်ပင် ဝတ်ဆင်ထားခြင်း မရှိပေ။

သူသည် ကျွန်တစ်ဦးမှ ဟုတ်ပါသေးရဲ့လား။

ထပ်မံ၍ လေလံဌာနရှိ အခြားဧည့်သည်တစ်ဦးမ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ငါ ကောလာဟလတစ်ခု ကြားထားတယ်။ အဲ့ဒါ သူပဲ ဖြစ်နေမလား"

"ဘယ်လိုကောလဟာလလဲ" ဟု ထိုသူ၏ လက်ကို ဆုပ်ကိုင်ထားသည့် အမျိုးသမီးတစ်ဦးက မေးလိုက်သည်။

"ရှင် သူ့ကို သိလို့လား"

"လူကိုယ်တိုင်တော့ မတွေ့ဖူးဘူး ဒါပေမဲ့ မကြာသေးခင်က မြို့တော်အပြင်ဘက်မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကြားမိတယ်။ မူလကြယ် အများအပြားက အဲဒီနေရာကို စစ်ဆေးဖို့ သွားရောက်ခဲ့ကြတယ်။ သူတို့က အဲဒီနေရာမှာ အပြင်လူတစ်ယောက်ကို တွေ့ခဲ့ရပြီး အဲဒီအပြင်လူကို သူတို့နဲ့အတူ ခေါ်ဆောင်ဖို့ အပြိုင်အဆိုင် တိုက်ခိုက်ခဲ့ကြတယ်တဲ့။ နောက်ဆုံးမှာတော့ အဲဒီအပြင်လူကို ပထမ မူလကြယ်က ခေါ်ဆောင်သွားနိုင်ခဲ့တယ်။ အဲ့ဒါ ဒီလူပဲ ဖြစ်နေမလားလို့ တွေးမိလို့ပါ" ဟု ပြန်ပြောလိုက်သည်။

ထိုသတင်းသည် မကြာခင်မှာပင် ဤနေရာရှိ လူအတော်များများကြားထဲတွင် ပျံ့နှံ့သွားခဲ့သည်။

အာရန်သည် သူ့အကြောင်း ပြောဆိုနေသော စကားလုံးတိုင်းကို ပြန်ကြားနေရသော်လည်း မည်သည့် တုန့်ပြန်မှုမျိူးမှ ပြန်မပြခဲ့ချေ။

All Chapters