ရုတ်တရက်ရောက်လာသော အန္တရာယ်များ
Vol. 41 Ch. 598
…
အစောပိုင်း အာရန်နှင့် ပြသနာတက်ပြီးသည့် နောက်ပိုင်းမှစ၍ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည့် ဂျီနီယာသည် ခေါင်းသာ ငြိတ်ပြခဲ့သည်။
"နိမ့်ကျတဲ့ ကမ္ဘာက လာတဲ့ ရှင့်လို လူအတွက်တော့ ဒီနေရာက အရ်းခမ်းနားတယ်ပဲ ထင်မိမှာပေါ့"
သို့သော်လည်း သူမ၏ မျက်ဝန်းများအတွင်း၌ အာရန် ကောင်းစွာမဖတ်နိုင်သည့် အလင်းရောင်အနည်းငယ် လင်းလက်နေခဲ့၏။
ထို့နောက် ၎င်းတို့သုံးဦးသည် လေလံဌာန၏ ခမ်းနားကြီးကျယ်သည့် ဝင်ပေါက်ဝသို့ ချဉ်းကပ်သွားစဉ် အရိုးများဖြင့် ဖန်တီးထားသော သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားကြသည့် အစောင့်တပ်သား နှစ်ဦးအား မြင်တွေ့လိုက်ရသည်။
၎င်းတို့သည် အယ်လီနာအား မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငုံ့၍ အရိုအသေပေးလိုက်ကြ၏။
"သခင်မလေး အယ်လီနာ" ဟု အစောင့်တစ်ဦးက ပြောလိုက်သည်။
"အော့ဘ်ဆီဒီယန် လေလံဌာနကနေ ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး အတွင်းကို ဝင်ခဲ့ပါ"
ထို့နောက် လေးလံသော တံခါးကြီးနှစ်ချပ်သည် ပွင့်ဟလာခဲ့ကာ ခမ်းနားသော အတွင်းပိုင်းအား မြင်တွေ့လိုက်ရလေသည်။
စင်္ကြံလမ်းတစ်လျှောက်လုံးတွင်လည်း မျက်နှာကျက်တွင် တပ်ဆင်ထားသည့် အလင်းကျောက်များကြောင့် လင်းထိန်နေလေ၏။
ထိုအရာက အာရန်အား မာကျူရီ မီးလုံးများ တပ်ဆင်လေ့ရှိသည့် ကမ္ဘာမြေကိုပင် ပြန်လည် အမှတ်ရစေခဲ့သည်။
ခြားနားချက်မှာ ဤအလင်းကျောက်များသည် လျှပ်စစ်ဓာတ်အားကို အသုံးပြုထားခြင်း မဟုတ်ကြပေ။
ထိုစဥ် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဝင်ပေါက်ဝဆီသို့ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
"သခင်မလေး အယ်လီနာ ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားအတွက် ကြိုတင်မှာယူထားတဲ့ အခန်းဆီ လိုက်ပါပို့ဆောင်ခွင့်ပြုပါ"
အာရန်က အစက ထိုသူအား ဧည့်သည်များကို ၎င်းတို့အခန်းများသို့ လိုက်ပို့ရန် တာဝန်ယူထားသည့် လေလံဌာနမှ အစေခံတစ်ဦးဟု ထင်မှတ်ထားခြင်းဖြစ်၏။ သို့သော်လည်း အနည်းငယ်စူးစမ်းလိုသဖြင့် ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သောအခါမှသာ ထိုသူသည် သူထင်ထားသလောက် ရိုးရှင်းခြင်း မရှိကြောင်း သိလိုက်ရသည်။
ထိုသူသည် အစေခံတစ်ဦး မဟုတ်ချေ။
ယင်းအစား ဤလေလံဌာန၏ မန်နေဂျာတစ်ဦးပင် ဖြစ်လေ၏။
လေလံဌာန၏ ပိုင်ရှင်ကိုယ်တိုင် ရှိမနေချိန်များတွင် ထိုသူသည် ထိုနေရာ၌ အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်လေသည်။
ဤသို့သော ပုဂ္ဂိုလ်မျိုးပင် အယ်လီနာကို ကိုယ်တိုင် လိုက်ပို့ရန် ရောက်လာရခြင်း ဤကမ္ဘာတွင် အင်အားအကြီးဆုံး သို့မဟုတ် ဩဇာအရှိဆုံးသူများသာ ရနိုင်သည့် အခွင့်ထူးတစ်ခုလည်း ဖြစ်လေ၏။
အယ်လီနာသည် ထိုမျှခွန်အားကြီးမားခြင်း မရှိသေးသော်လည်း သူမသည် ပထမ မူလကြယ်၏ အချစ်ဆုံး သမီးတစ်ယောက်ဖြစ်လေသည်။
ဒုတိယ မူလကြယ်သည်လည်း သူ၏ ညီမဖြစ်သူနှင့် အငြင်းပွားမှု အသေးအမွှားလေးတစ်ခုကြောင့်ပင် ဒေါသထွက်ကာ ငရဲခွေးမျိုးနွယ်စုတစ်ခုလုံးကို ချေမှုန်းပစ်သည်အထိ ပြုလုပ်ခဲ့သည်။
အလားတူပင် ပထမ မူလကြယ်သည် သူ၏ သမီးကို လွန်စွာ ချစ်မြတ်နိုးလေသည်။
ထိုသို့သော ပုဂ္ဂိုလ်များကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါက သူတို့၏ လေလံဌာနကို မည်သို့သက်ရောက်စေမည်ကို ထိုမန်နေဂျာအနေနှင့် စိတ်ကူးပင် မယဉ်ဝံ့ချေ။
မန်နေဂျာသည် အယ်လီနာကို တစ်ဝက်ခန့် လိုက်ပို့ပြီးနောက် သူ၏ ဆက်သွယ်ရေး သလင်းကျောက် ရုတ်တရက် လင်းလာသဖြင့် ရပ်လိုက်မိသည်။
"ဘာ... ဘာပြောတယ်။ သတ္တမ မူလကြယ် ရောက်လာတယ်တဲ့လား" ဟု သူ၏ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ဘဲ အသံထွက်ပြောလိုက်မိသည်။
ပုံမှန်အားဖြင့် မူလကြယ်များသည် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ မလာတတ်ကြပေ။ ၎င်းတို့ စိတ်ဝင်စားသော ပစ္စည်းများအတွက် လေလံဆွဲရန်ဆိုပါကပင် သူတို့၏ နောက်လိုက်များကိုသာ စေလွှတ်လေ့ရှိကြသည်။
မူလကြယ်တစ်ပါး ဤနေရာသို့ ကိုယ်တိုင်လာရောက်ခြင်းမှာ ရှားပါးသော ဖြစ်စဥ်တစ်ခု ဖြစ်လေ၏။
"အဲဒီ တနှာရူးကောင်လား" ဟု အာရန်သည် သတ္တမ မူလကြယ်အကြောင်း ဖော်ပြချက်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာ ပြောလိုက်မိ၏။
သူ မှတ်မိသလောက်ဆိုလျှင် သတ္တမ မူလကြယ်သည် ညတောင်ပံ မျိုးနွယ်နှင့်အတူ ရှိနေရမည် မဟုတ်ပါလား။
သူသည် မြို့တော်သို့ ပြန်ရောက်နေပြီတဲ့လား။
အာရန်သည် သူ၏ အံ့အားသင့်မှုကြောင့် လွတ်ကနည်း ပြောလိုက်မိခြင်း ဖြစ်လေသည်။
သူ၏ စကားများသည် မန်နေဂျာနှင့် မိန်းကလေးနှစ်ဦးစလုံး၏ နားထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့အားလုံးနီးပါးသည် အာရန်ာအား ထိတ်လန့်တကြား ငေးကြည့်မိလိုက်ကြသည်။
လူတိုင်းသည် သတ္တမ မူလကြယ်မှာ တနှာရူးတစ်ယောက်ဖြစ်ကြောင်း သိထားကြသော်လည်း မည်သူကမျှ ယခုကဲ့သို့ ပေါ်တင် ထုတ်ပြောဝံ့ခြင်း မရှိကြပေ။ ဤနေရာတွင် အရေးမပါဟု ယူဆရသည့် အပြင်လူတစ်ဦးက ထိုသို့သော စကားမျိုးကို ပြောထွက်သွားခြင်းဖြစ်လေသည်။
"အဟမ်း ထူးဆန်းလိုက်တာ။ ကျုပ် နားတွေ ဘာလို့ ရုတ်တရက်ကြီး အလုပ်မလုပ်တော့တာလဲ။ ကျုပ်လဲ အသက်အရွယ်ရလာပြီ ထင်တယ်။ တစ်ယောက်ယောက်များ အစောက တစ်ခုခု ပြောလိုက်သေးလား" ဟု မန်နေဂျာသည် မကြားချင်ယောင်သာ ဆောင်နေလိုက်လေသည်။
အာရန်သည် အပြင်လူတစ်ဦး ဖြစ်လင့်ကစား သူသည် အယ်လီနာနှင့်အတူ လာခဲ့ခြင်းဖြစ်နေသည်။
သူသည် ကျွန်ပြုခြင်း လက်ဝတ်တန်ဆာကိုလည်း ဝတ်ဆင်ထားခြင်းမရှိပေ။
၎င်းက သူ၏ အဆင့်အတန်းကို မသိနိုင်အောင် ဖြစ်သွားစေရသည်။
ပထမ မူလကြယ်သည် ထိုလူငယ်အား ခေါ်ဆောင်ရန် အခြားမူလကြယ်များနှင့်ပင် တိုက်ခိုက်ခဲ့သည်ဟူသော ကောလာဟလများကိုလည်း သူ ကြားထားလေသည်။
ပုံမှန်ဆိုလျှင် မူလကြယ်တစ်ပါးကို စော်ကားမိသည့်အတွက် အာရန်အား သူ့အနေနှင့် သတ်ပစ်သင့်သော်လည်း ဤအရှုပ်ထုပ်ကြားထဲတွင် သူသည် ဝင်မပါလိုခဲ့ပေ။
ထို့ကြောင့် မကြားချင်ယောင်သာ ဆောင်နေလိုက်ခြင်း ဖြစ်လေ၏။
"သခင်မလေး အယ်လီနာ ကျေးဇူးပြုပြီး ကျုပ်ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ စည်းမျဉ်းအရ ကျုပ်အနေနဲ့ မူလကြယ်တစ်ပါးကို အရင်ဆုံး လိုက်ပို့ပေးဖို့ လိုအပ်နေလို့ပါ။ တခြားသူတစ်ယောက်က သခင်မလေးတို့ကို လိုက်ပို့ပေးရင် အဆင်ပြေတယ်မလား" ဟု သူသည် အယ်လီနာအား ပြန်လည် တောင်းပန်လိုက်သည်။
သို့သော် အယ်လီနာ၏ အဖြေကိုပင် မစောင့်တော့ဘဲ အယ်လီနာအား သူမ ကြိုတင်မှာယူထားသည့် အခန်းဆီသို့ လိုက်ပို့ရန် အခြားတစ်ဦးကို ချက်ချင်း အမိန့်ပေးလိုက်သည်။
သူသည် မူလကြယ်တစ်ပါးကို ကြိုဆိုရန် အဓိကဝင်ပေါက်ဆီသို့ အလျင်အမြန် ပြေးသွားပြီး ထိုအစောင့်မှာမူ မန်နေဂျာ၏ အပြုအမူကြောင့် ဆွံ့အလျက် ကျန်ရစ်ခဲ့၏။
"သခင်မလေး... ဒီဘက်ပါ"
ထိုအစောင့်သည် စိတ်ထဲ၌ ကြိတ်၍ ထိတ်လန့်နေပြီဖြစ်ကာ ထိုအမျိုးသမီး၏ ဒေါသသည် သူ့ထံသို့ ပုံကျမလာရန်သာ ဆုတောင်းနေခဲ့မိသည်။ ကံကောင်းထောက်မစွာဖြင့် အယ်လီနာသည် ၎င်းကို အရေးစိုက်ဟန်မရခဲ့ပေ။
သူမသည် အာရန်ကိုသာ ပို၍ စိတ်ဝင်စားနေပုံရလေသည်။
၎င်းတို့သည် အစောင့်၏ နောက်သို့ လိုက်ပါသွားစဉ် သူမသည် အာရန်အား မေးလိုက်သည်။
"ရှင် သူ့အကြောင်း ဘယ်လိုလုပ်သိတာလဲ။ အရင်က တွေ့ဖူးလို့လား"
"ဒီလိုပဲ ကြားဘူးတာပါ" ဟု အာရန်က သူ၏ ဇာတ်လမ်းတစ်ခုလုံးကို မပြောပြလိုသဖြင့် သာမန်သာ ပြန်ဖြေလိုက်သည်။
ဖြစ်နိုင်လျှင် အာရန်သည် သတ္တမ မူလကြယ် လိုချင်သော အမျိုးသမီးကို သူကိုယ်တိုင် ပြန်ပေးဆွဲခဲ့မိသည်ဆိုသည့်အကြောင်းကို အခြားမည်သူမျှ သိစေလိုခြင်း မရှိပေ။
ထိုအရာသည် သတ္တမ မူလကြယ်အား သူ့အနေနှင့် ကြောက်ရွံ့၍ မဟုတ်ပေ။
ထိုကိစ္စများနောက်ပိုင်းတွင် ဖြစ်လာနိုင်သော အရှုပ်ထုပ်များကို ရင်မဆိုင်လို၍သာ ဖြစ်လေ၏။
"ရှင် တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ကျွန်မအနေနဲ့ ဘာလို့ ခံစားနေရတာလဲမသိဘူး" ဟု ဂျီနီယာသည် မျက်မှောင်ကြုတ်၍ အာရန်၏ အဖြေကို သံသယဝင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
သူသည် သတ္တမ မူလကြယ်အကြောင်း ကြားဖူးထားသော်လည်း အကယ်၍ အခြားဖြစ်ရပ်အချို့သာ ကိုယ်တိုင်ကြုံတွေ့ထားခြင်းမျိုးမရှိပါက ဤမျှလောက်အထိ အံ့အားသင့်သွားစရာ မလိုအပ်ပေ။
"ပထမအချက်က ကျုပ်အနေနဲ့ ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိဘူး။ ဒုတိယအချက်က ကျုပ်သာ တစ်ခုခု ဖုံးကွယ်ထားခဲ့မယ်ဆိုရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ။ ဒီလိုသာမေးကြေးဆို ကျုပ်အနေနဲ့လဲ ပြန်မေးချင်တယ်။ မင်းကော သတ္တမ မူလကြယ်ကို ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ။ မင်း သူ့ကို စိတ်ဝင်စားနေလို့များလား"
အာရန်သည် ဂျီနီယာနှင့် အငြင်းပွားလိုခြင်း မရှိသော်လည်း သူ့အား ရှုပ်ထွေးအောင် ပြုလုပ်ခွင့်တော့ မပေးနိုင်ပေ။
....
ထိုစဥ် ရုတ်တရက် တစ်စုံတစ်ဦးထံမှ "အာရန်" ဟူသော သူ၏ အမည်ကို အော်ခေါ်လိုက်သံကို မကြားရခင်အထိ သူသည် ဤကိစ္စကို ရိုးရှင်းစွာ ပြီးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ထိုအော်ခေါ်သံကို ကြားလိုက်ရသည်နှင့် အာရန်၏ မျက်နှာသည် လုံးဝမှောက်မိုက်သွားခဲ့ရသည်။
ထိုအသံပိုင်ရှင် ဤနေရာတွင် ရှိနေမည်ဆိုပါက အခြားသူတစ်ဦးလည်း ရှိနေကြောင်း ဆိုလိုနေသည်မဟုတ်ပါလား...။
'ဒီမှာ ငါ့ကံက ပိုကောင်းလာပါလားလို့ တွေးမိနေတုန်းပဲ ရှိသေးတာလေ' ဟု အာရန်တစ်ယောက်တွေးမိရင်း မျက်မှောင်ကြုတ်ကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ လေလံဌာနမှ အစေခံတစ်ဦး ဦးဆောင်၍ ခေါ်ဆောင်လာသည့် အခြားအုပ်စုတစ်စုကို တွေ့လိုက်ရသည်။
အာရန်အား လှမ်းခေါ်လိုက်သူမှာ အခြားသူမဟုတ်ချေ။
သူအစပိုင်းက ပြန်ပေးဆွဲခဲ့ဖူးသည့် ညတောင်ပံကလန်၏ မင်းသမီးလေးပင် ဖြစ်နေတော့သည်။
သူမဘေးတွင်ကား ဒုတိယ မူလကြယ်၏ ညီမဖြစ်သူရှိနေခဲ့ကာ သူမက အာရန်အား စိတ်လှုပ်ရှားစွာ ငေးစိုက်ကြည့်နေလေသည်။
ယခုအချိန်တွင် အာရန်၏ နောက်ဘက်တွင် ပထမ မူလကြယ်၏ သမီးရှိနေခဲ့ကာ ရှေ့ဘက်တွင်မူ ဒုတိယ မူလကြယ်၏ ညီမရောက်ရှိနေလေသည်။
ထိုအရာနှင့် မလုံလောက်သေးသည့်နှယ် ညတောင်ပံ မျိုးနွယ်၏ မင်းသမီးသည်ပင် ဤနေရာတွင် ရှိနေခဲ့ပြီး သူမအား အရူးအမူးဖြစ်နေသည့် တနှားရူး သတ္တမ မူလကြယ်သည်လည်း ဤလေလံဌာနသို့ ရောက်ရှိလာခဲ့ပြန်လေသည်။
အာရန်သည် သူ၏ နဖူးကို ပြန်လည်ပွတ်လိုက်မိကာ အနည်းငယ် ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရသည်။
ဤအရှုပ်ထုပ်ကို သူ့အနေနှင့် မည်သို့ ကိုင်တွယ်ရမည်ကိုပင် မသိတော့ချေ။
ကပ်ဘေးတစ်ခုသည် သူထံသို့ တိုက်ရိုက်ပင် ချင်းနင်းဝင်ရောက်လာနေသည့်ပုံပင်။