ကျုပ်လို ကြင်နာတတ်တဲ့သူ
Vol. 41 Ch. 600
…
"နင်တွေ့တယ်မလား။ သူမရဲ့ တုံ့ပြန်မှုကတောင် သံသယဖြစ်စရာ ကောင်းနေတယ်။ သူတို့ သေချာပေါက် ပူးပေါင်းကြံစည်နေကြတာ" ဟု ဂျီနီယာသည် သူမ၏ ယူဆချက်များကို အယ်လီနာ၏ နားထဲသို့ သွတ်သွင်းနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ပြောလိုက်သည်။
အယ်လီနာသည်လည်း ဤတစ်ကြိမ်တွင်မူ ပြန်ငြင်းမရတော့ချေ။
ထိုနဂါးမိန်းကလေး၏ တုံ့ပြန်မှုမှာ သေချာပေါက် ထူးဆန်းနေခဲ့၏။
အာရန်က သူမအား မည်သည့်အရာများ ပြောလိုက်ပါလိမ့်။
ထိုမေးခွန်းက သူမ၏ သိချင်စိတ်ကို အဆက်မပြတ် ဆွဲဆောင်နေခဲ့သည်။
နောက်ဆုံးတွင် သူမကိုယ်သူမ ဆက်လက်မထိန်းချုပ်ထားနိုင်တော့ဘဲ အာရန်အား တိုက်ရိုက်ပင် မေးလိုက်မိသည်။
"ရှင် သူမကို ဘာတွေပြောလိုက်တာလဲ"
"ဟို တနှာရူး သတ္တမ မူလကြယ် ဒီမှာရောက်နေပြီလို့ပဲ ပြောလိုက်တာ။ အဲဒီနောက်တော့ သူမက ဘာအကြောင်းကြောင့်မှန်းမသိ ရုတ်တရက် ထွက်သွားခဲ့တာပဲ" ဟု အာရန်သည် ပုံပြင်တစ်ပုဒ်ကို ဖန်တီးပြောလိုက်သည်။
အာရန်သည် သူ၏ ထိုနဂါးမိန်းကလေးအား စနောက်မိလိုက်ခြင်းကြောင့် သူမ စိတ်ဆိုးပြီး ထွက်သွားရခြင်းဖြစ်ကြောင်းကိုမူ ပြောပြ၍မရပေ။
"ဒါဆို ဘာလို့ တိုးတိုးလေး ပြောရတာလဲ။ ရှင် သေချာပေါက် လိမ်နေတာပဲ" ဟု ဂျီနီယာသည် အာရန်အား လက်ညှိုးထိုးရင်း မယုံကြည်ဟန်ဖြင့် ပြောလိုက်သည်။
"ကိုယ် အသံကျယ်ကျယ် ပြောလိုက်မိတုန်းက အဲဒီ မန်နေဂျာရဲ့ တုံ့ပြန်မှုကို မင်း မမြင်လိုက်ဘူးလား။ သူတောင် မကြားချင်ယောင်တောင် ဆောင်ခဲ့သေးတာပဲ။" ဟု အာရန်က ပျင်းရိစွာ ပခုံးတွန့်ပြလိုက်သည်။
"ကိုယ့်အနေနဲ့ အစေခံတွေရှေ့မှာပါ ဒီစကားကို ကျယ်ကျယ် ထပ်ပြောသင့်သေးလို့လား"
အာရန်သည် အရာအားလုံးကို ကြိုတင် တွေးဆပြီးသား ဖြစ်နေသောကြောင့် သူ၏ လိမ်ညာမှုဖြင့် သူ့အား ထပ်မံ၍ ထောင်ချောက်ဆင်ရန် မဖြစ်နိုင်တော့ပေ။
"ဪ အခုတော့ ရှင် သူ့ကို ကြောက်နေပြီပေါ့လေ။ရှင်က အဲ့ဒီစကားတွေကို ကျွန်မတကယ်ပဲ ယုံမယ်လို့ထင်နေတာလား"
ဂျီနီယာသည် လက်ပိုက်လျက်သားဖြင့် အာရန်၏ ဆင်ခြေပေးမှုကို လုံးဝ လက်မခံကြောင်း ဝင်ပြောလိုက်၏။
"ဪ ဒါဆို မင်းကကော အဲ့ဒီလိုပြောဖို့ မကြောက်ဘူးပေါ့" ဟု အာရန်သည် အဝေးမှနေ၍ ပုံရိပ်တစ်ခု ချဉ်းကပ်လာနေသည်ကို လှမ်းမြင်လိုက်ရပြီးနောက် တစ်ချက်ပြုံး၍ ပြန်မေးလိုက်သည်။
ထိုပုဂ္ဂိုလ်တွင် မည်သည့် အော်ရာ သို့မဟုတ် တည်ရှိမှုမျိုးကိုမှ မခံစားရချေ။
သို့သော် ၎င်းကို မန်နေဂျာကိုယ်တိုင် လိုက်ပါပို့ဆောင်နေခြင်းဖြစ်လေသည်။
အာရန်သည် ထိုသူ မည်သူမည်ဝါဖြစ်မည်ကို ခန့်မှန်းရန် ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကိုပင် အသုံးပြုစရာ မလိုခဲ့ပေ။
"ကျွန်မလား မကြောက်ပါဘူး။" ဂျီနီယာသည် မျက်ခုံးပင့်၍ ပြန်ချေပလိုက်သည်။
"ကျွန်မက ရှင့်လို သူရဲဘောကြောင်တဲ့ သူတစ်ယောက် မဟုတ်ဘူး"
"ဪ ဒါဆို ဘာလို့ သက်သေမပြတာလဲ။ သတ္တိတကယ်ရှိတယ်ဆို ကျုပ်အစောကပြောခဲ့သလို ပြောကြည့်လိုက်လေ" ဟု အာရန်သည် မူလကြယ်တစ်ယောက် ဤနေရာနှင့်ပို၍ နီးကပ်လာနေသည်ကို အကဲခပ်ရင်း ထပ်မံ၍ တိုက်တွန်းလိုက်သည်။
စက္ကန့်ပိုင်းအတွင်း ထိုမူလကြယ်သည် သူတို့၏ စကားဝိုင်းကို အာရုံစိုက်စရာပင် မလိုဘဲ ကြားနိုင်သည့် အကွာအဝေးသို့ ရောက်ရှိလာတော့မည် ဖြစ်၏။
"ဟွန့်"
ဂျီနီယာသည် အာရန်၏ သရော်ထေ့ငေ့ါနေသည့် အပြုံးကို ထပ်မံ၍ သီးမခံနိုင် ဖြစ်သွားခဲ့ရသည်။
သူက သူမအား သူ့ကဲ့သို့ ငကြောက်တစ်ယောက်ဟု အမှန်တကယ် ထင်နေသည်တဲ့လား။
သူမသည် သူ၏အဆိုကို မှားယွင်းကြောင်း သက်သေပြရပေလိမ့်မည်။
သူ လုပ်နိုင်သည့် အရာအားလုံးကို သူမ လုပ်နိုင်နေပြီး ထို့ထက်လည်း ပို၍ပင် လုပ်နိုင်နေသေးမဟုတ်ပါလား....။
ထို့နောက် သူမသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောချလိုက်သည်။
"သတ္တမ မူလကြယ်က တနှာရူးကောင်" ဟု အားရပါးရ အော်ဟစ်ပြောလိုက်လေသည်။
သူမသည် ဒေါသအလွန်ထွက်နေသဖြင့် သူမ၏ အသံကိုပင် မထိန်းချုပ်နိုင်ခဲ့ချေ။ အာရန်သာမက စင်္ကြံလမ်းတစ်လျှောက်ရှိ အစေခံများပင် သူမ၏ စကားလုံးများကို သဲသဲကွဲကွဲ ကြားလိုက်ကြရသည်။
ပို၍ဆိုးသည်မှာ သတ္တမမူလကြယ်ကိုယ်တိုင် သူမအော်ပြောလိုက်သည်ကို ကြားလိုက်ခြင်းပင် ဖြစ်၏။
သတ္တမ မူလကြယ်သည် လေလံပွဲသို့ ရောက်လာသည့်အချိန်တွင် စိတ်ကောင်းဝင်လျက် ရှိနေသည်။
အထူးသဖြင့် သူ အမှန်တကယ် လိုချင်သော ပစ္စည်းတစ်ခု ယနေ့ လေလံတင်တော့မည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်သာ သူ ကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
သူသည် မန်နေဂျာမှ ကိုယ်တိုင် လိုက်ပါပို့ဆောင်ခြင်းကိုပင် လက်ခံရရှိလိုက်ပြီး သူ သည် ထိုက်တန်သည့် လေးစားမှုတစ်ခုကို အပြည့်အဝရရှိလိုက်ဟန်ရ၏။
သို့သော် ရုတ်တရက် သူသည် "သတ္တမ မူလကြယ်က တနှာရူးကောင်" ဟု တစ်စုံတစ်ဦးမှ အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
စကားလုံးများသည် သူ့နားထဲသို့ ဗုံပေါက်ကွဲသံများကဲ့သို့ ကျယ်လောင်စွာ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်ကိုပင် ခဏတာ အေးစက်သွားစေခဲ့၏။
စက္ကန့်ပိုင်းမျှပင် သူသည် အကြားအာရုံ မှားယွင်းနေသလားဟု တွေးမိလိုက်သေးသည်။ သို့သော် တစ်စုံတစ်ဦးသည် ထိုသို့သော အဓိပ္ပာယ်မရှိသည့် စကားမျိုးကို ကျယ်လောင်စွာ အော်ပြောလိုက်ကြောင်းမှာမူ ရှင်းလင်းနေခဲ့သည်။
ဤစကားများကို ကြားလိုက်ရသောအခါ မန်နေဂျာ၏ မျက်နှာသည်ပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ရသည်။
မူလကြယ် ခုနစ်ပါးသည် ငရဲဘုံတွင် အင်အားအကြီးဆုံး တည်ရှိမှု ခုနစ်ခုဖြစ်လေသည်။
၎င်းတို့ထဲမှ တစ်ဦးဦးသည် မတရားမှု တစ်စုံတစ်ရာ လုပ်ဆောင်မိပါကပင် မည်သူမျှ ပေါ်တင် ထုတ်ပြောရဲခြင်းမျိုး မရှိခဲ့ကြပေ။
အကြောင်းယင်းမှာ ၎င်းသည် သေခြင်းတရားကို တိုက်ရိုက်တောင်းဆိုနေခြင်းနှင့် တူညီနေသောကြောင့်ပင်တည်း။
သိုသော် အစောပိုင်းအချိန်ကမူ ဒုတိယ မူလကြယ်၏ ရှေ့တွင်ပင် ထိုသို့သော စကားမျိုးကို ပြောဝံ့သော မိုက်မဲသူတစ်ဦး ရှိခဲ့ဘူးလေသည်။
မန်နေဂျာသည် သူ၏ လေလံဌာနအတွက် စိုးရိမ်ပူပန်စပြုလာခဲ့လေသည်။
သတ္တမ မူလကြယ်မှ ထိုပြောဆိုနေသူကို သတ်လိုက်ရုံဖြင့် ကိစ္စများ ပြီးသွားမည်ဆိုပါကမူ ပြဿနာမရှိပေ။
သို့သော် မူလကြယ်၏ ဒေါသသည် မြှားဦးပြောင်းလဲသွားကာ ဤလေလံဌာန အား ဖျက်ဆီးပစ်ခဲ့မည်ဆိုပါက မည်သို့လုပ်မည်နည်း။
"သခင်... ဒါက..ဒါက." ဟု မန်နေဂျာသည် သတ္တမ မူလကြယ် ရီဇီခီယဲလ်အား စိုက်ကြည့်ရင်း စကားအထစ်ထစ်ဖြင့် ပြောလိုက်သည်။
ရီဇီခီယဲလ်၏ နှုတ်ခမ်းများတွင် တင်းမာလျက်ရှိနေသည်ကို သူ မြင်နိုင်ခဲ့သည်။ ပြောဆိုနေသူ၏ နောက်ကျောကို မြင်လိုက်ရသောအခါ သူသည် အလွန်ပင် စော်ကားခံလိုက်ရသည်ဟု ခံစားနေရကြောင်း သိသာနေခဲ့၏။
ဂျီနီယာတစ်ယောက်မှာမူ ထိုဖြစ်ရပ်အား လုံးဝ သတိမထားမိသေးချေ။
ယင်းအစား သူမသည် မယုံနိုင်စရာတစ်ခုခုကို အောင်မြင်ခဲ့သည့်အလား ဂုဏ်ယူနေပုံပင် ရလေသည်။
သူမသည် အာရန်အား သူ မလုပ်နိုင်ခဲ့သည့်အရာကို သူမ လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကာ စကားနာထိုးရန် သူမ၏ နှုတ်ခမ်းများကို ဖွင့်ဟလိုက်မိသည်။
သို့သော် သူမဆီမှ စကားတစ်ခွန်းမျှ ထွက်မလာနိုင်မှီ သူမ၏ နောက်မှ အမျိုးသားတစ်ဦး၏ စကားလုံးအချို့ကို ကြားလိုက်ရလေသည်။
"စောစောက ပြောလိုက်တဲ့အကြောင်း ကျုပ်ကိုလည်း နည်းနည်းလောက် ပိုပြောပြပေးပါဦးလား"
"ဟမ်"
ဂျီနီယာသည် သူမကို စကားပြောနေသူ မည်သူဖြစ်မည်ကို သိရှိရန် မျက်မှောင်ကြုတ်ရင်း ဖြည်းဖြည်းချင်း နောက်သို့ လှည့်လိုက်သည်။
သို့သော် ထိုသူအား မြင်လိုက်ရသောအခါတွင်မူ သူမ၏ မျက်နှာသည် လုံးဝ မဲမှောင်ကျသွားခဲ့တော့၏။
အဘယ်ကြောင့်ထိုသို့ဖြစ်သွဦးရသနည်း။
သတ္တမ မူလကြယ်သည် လေလံဌာနသို့ ရောက်ရှိလာတော့မည်ဖြစ်သည်ကို သူမအစောပိုင်းက သိထားပြီးဖြစ်လည်း ယခုကဲ့သို့တိုက်ဆိုင်စွာ သူမ၏နောက်တွင် ထိုသူရောက်နေမည်ဟုတော့ လုံးဝ မမျှောင်လင့်ထားခဲ့ချေ။
ထိုအရာက သူမ ပြောခဲ့မိသည့် စကားလုံးများ အားလုံးကို ထိုမူလကြယ်မှ ကြားလိုက်ပြီးဖြစ်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
"သခင် ရီဇီခီယဲလ်လား" ဟု သူမသည် ဤသို့သော အခြေအနေမျိုးတွင် ဘာဆက်လုပ်ရမည်ကိုပင် မသိတော့ဘဲ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူမသည် အရေးပါသော မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသူတစ်ဦး ဖြစ်လင့်ကစား မူလကြယ်တစ်ပါးနှင့်မူ နှိုင်းယှဉ်၍ မရနိုင်ချေ။
"တနှာရူးတစ်ယောက်ကို ဘာလို့ ဒီလောက်တောင် လေးလေးစားစား ပြန်ခေါ်နေရတာလဲ။ ကျုပ်အနေနဲ့ ဒါမျိုး ခံယူထိုက်တယ်လို့ မထင်တော့ပါဘူးလေ" သတ္တမ မူလကြယ်သည် သူ၏ လက်များကို နောက်ပစ်ထားရင်း ပြောလိုက်ခြင်းသည်။
"ကျွန်မ... ကျွန်မ အဲဒီလို ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး" ဂျီနီယာသည် ပြန်လည် ရှင်းပြရန် ကြိုးစားသော်လည်း ယခုမှတော့ အသုံးဝင်မည် မဟုတ်တော့ကြောင်းကိုလည်း သိထားလေသည်။
သူမသည် ထိုစကားလုံးများကို ထိုမျှ ယုံကြည်မှုရှိရှိနှင့် ကျယ်လောင်စွာအော်ပြော ခဲ့မိခြင်းဖြစ်သောကြောင့် ၎င်းတို့သည် သူမ၏ စစ်မှန်သော အတွင်းနက်နက် ခံစားချက်များမှ ပွင့်ထွက်သွားခြင်း ဖြစ်သည်ဟု ယူဆ၍ ရလေသည်။
ထို့ပြင် ထိုစကားလုံးများသည် လိမ်ညာမှု တစ်စုံတစ်ရာ ဖြစ်ခဲ့မည့်ဟန်လည်း မရပေ။
"ကလေးမ မင်းရဲ့ လျှာက အရမ်း ထက်မြက်တာပဲ။ ဒါပေမဲ့ အဲ့ဒီလျှာကို ဒီလိုစကားလုံးတွေ ပြောဆိုဖို့ အသုံးပြုမဲ့အစား တခြားနည်းလမ်းတွေနဲ့ ကောင်းကောင်း အသုံးချသင့်တယ်"
သတ္တမ မူလကြယ်သည် ဒေါသထွက်နေခဲ့သော်လည်း ပထမ မူလကြယ်၏ သမီးဖြစ်သူရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူ့ကိုယ်သူ အချိန်မှီ ပြန်လည် ထိန်းချုပ်လိုက်ရသည်။
အယ်လီနာသည် ဆွဲဆောင်မှုရှိလွန်းသူတစ်ဦးဖြစ်သောကြောင့် သူ့အနေနှင့် သူမကို သူ၏ အိပ်ရာထက်သို့ ချက်ချင်း ခေါ်ဆောင်သွားလိုစိတ် အကြိမ်ကြိမ် ဝင်ခဲ့မိသော်လည်း လက်တွေ့တွင်မူ သူသည် ထိုသို့ မလုပ်ဝံ့ခဲ့ချေ။
ထိုသို့သော ရည်ရွယ်ချက်မျိုးကို သူသာ အနည်းငယ်မျှလောက် ဖော်ထုတ်ပြမိခဲ့လျှင်ပင် သူမ၏ ဖခင်သည် သူ့အား အရှင်လတ်လတ် အရေခွံဆုပ်ပေလိမ့်မည်။
ထို့အပြင် သူ၏ ညီမသည် အယ်လီနာ၏ မိထွေးတစ်ဦးဖြစ်နေပြီ ဖြစ်သောကြောင့် အကယ်၍ ဆွေမျိုးစပ်ကြည့်မည်ဆိုပါက သူမသည် သူ၏ တူမတော်စပ်သူတစ်ဦးဟု ယူဆ၍ ရလေသည်။
ဂျီနီယာအပေါ် ဒေါသထွက်နေသော်လည်း အယ်လီနာ၏ ရှေ့တွင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်ရသည်။
ထို့နောက် သူသည် ဂျီနီယာ၏ ပခုံးပေါ်သို့ သူ၏လက်တစ်ဖက်ကို တင်လိုက်ကာ သူမအား အနည်းငယ် အသားယူရန် ကျိုးစားလိုက်ပြီးမှ သူမအား ဖြတ်ကျော်၍ သူ့လမ်းသူ ဆက်လျှောက်သွားခဲ့သည်။
"နောက်တစ်ခါဆို သတိထားပါ။ လူတိုင်းက ကျုပ်လို ကြင်နာတတ်တဲ့သူတွေ မဖြစ်နိုင်ဘူး"