အားနည်းသူက အားကြီးသူများကို ကျော်တက်ခြင်း
Vol. 17 Ch. 241
ယီယွင်က ချိုးနျိုကို အနိုင်ယူပြီးနောက်တွင် သူ ထပ်မံစိန်ခေါ်လိုသည့် လူ၏အမည်ကို အမြန်ပင် ချရေးခဲ့သည်။ လူအချို့က ဒိုင် လက်ခံရယူထားသည့် စိန်ခေါ်စာကို ချောင်းကြည့်ကြလေ၏။
ဒိုင်စားပွဲ၏အနီးတွင် လူအချို့ ရပ်နေကြလေပြီး သူတို့က ယီယွင် ချရေးထားသည့် အမည်ကို စတင်စူးစမ်းကြည့်လိုက်ရာ ယီယွင် ရွေးချယ်ထားသူက ချူရှောင်းရန် ဖြစ်နေလေသည်။
မည်သူကမျှ အံ့အားမသင့်မိကြပေ။ တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် တစ်စုံတစ်ယောက်က ထိပ်ဆုံးတွင် ရပ်တည်နေရန် လိုအပ်လေသည်။ ယီယွင်နှင့် ချူရှောင်းရန်တို့ နောက်ဆုံးတိုက်ခိုက်ရန် ကံကြမ္မာပါလာသူများ ဖြစ်လေ၏။
စင်စစ်တွင် ယီယွင်ကဲ့သို့ အတွေ့အကြုံရှိသူတစ်ဦးအဖို့ တပ်သားသစ်များထဲမှ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်သင့်လေသည်။ သူ၏သိုင်းပညာကို လေ့ကျင့်ရန်အတွက် မဖြစ်မနေပင် တိုက်ပွဲအတွေ့အကြုံများ စုဆောင်းရချေမည်။
" ယီယွင်က ချူရှောင်းရန်နဲ့ တိုက်ခိုက်ချင်နေတယ် " တစ်စုံတစ်ယောက်က သတင်းဖြန့်လိုက်လေသည်။
" သူက ချူရှောင်းရန်နဲ့ တိုက်ခိုက်ချင်နေတာလား။ ချူရှောင်းရန်တော့ ဖိအားခံစားနေရလောက်ပြီ "
ယခင်က ချူရှောင်းရန်၏ စွမ်းဆောင်မှုများက ချိုးနျိုထက် သာလွန်ခဲ့သော်လည်း မများလှပေ။ ချူရှောင်းရန်က ဝှက်ဖဲတစ်ခုနှစ်ခုခန့် ချန်ထားသည်ကို လူတိုင်း သိကြသည်။ သို့သော် သူမ ယီယွင်နှင့် ရင်ဆိုင်ရချိန်တွင် များစွာလုပ်နိုင်မည်မဟုတ်ပေ။
" ယီယွင်က လူထူးဆန်းတစ်ဦးပဲ။.ချိုးနျိုက အစွမ်းကုန် ထုတ်သုံးခဲ့တာတောင် ယီယွင်က တစ်ချက်တည်းနဲ့ ဖျက်ဆီးသွားခဲ့တယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ လှုပ်ရှားမှုနည်းစနစ်နဲ့ဆိုရင် သူ့ရဲ့တိုက်ခိုက်မှုနဲ့ အမြန်နှုန်းက အခြားသူတွေကို အမှုန့်ချေပစ်လို့ရတယ်။ ချူရှောင်းရန်က ယီယွင်ကို အနိုင်ယူနိုင်ပါ့မလား။ ခက်ခဲတော့မှာပဲ "
" လောလောဆယ်တော့ အဲ့ဒီလိုပဲ ထင်ရတာပေါ့ကွာ။ ဒါပေမဲ့ ချူရှောင်းရန်က စွမ်းအားတွေ ဘယ်လောက်တောင် ဖုံးကွယ်ထားသလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ ချိုးနျိုက ယီယွင်နဲ့ တိုက်ခိုက်ခဲ့တုန်းကလည်း သူ့မှာ ဝှက်ဖဲရှိခဲ့တာပဲ။ ဒါကြောင့် ချူရှောင်းရန်မှာလည်း ဝှက်ဖဲရှိနိုင်တာပဲမလား။ ချူရှောင်းရန်က ဥပဒေသအမှန်တရားကို ထိုးထွင်းသိမြင်ထားတယ်ဆိုတာလည်း မမေ့ကြနဲ့ဦး "
လူအများသည် စကားနိုင်လုနေခဲ့ကြသော်လည်း အဆုံးသတ်တွင်မူ လူများစွာတို့သည် ယီယွင်က အနိုင်ရရန် အခွင့်အရေးမြင့်သည်ဟု ယုံကြည်ခဲ့ကြလေ၏။
ထိုစဥ်တွင် ဒိုင်က ကြေညာလိုက်သည်...." နတ်အရိုင်းမြေစင်မြင့် ၊ အဆင့် ၂၆၀၀ လုံလီ။ စိန်ခေါ်သူ ချူရှောင်းရန် "
ချူရှောင်းရန်က ယီယွင်နှင့် မတိုက်ခိုက်မီတွင် တိုက်ပွဲတစ်ခု စတင်လိုက်လေ၏။ သူမက မြေအဆင့် ၂၆၀၀ မှ လူတစ်ဦးကို စိန်ခေါ်ခဲ့ချေသည်။
ချူရှောင်းရန်က ရေပမာပင် ပျော့ပြောင်းသော ဓားရှည်ကို ကိုင်ကာ နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ တက်သွားလေသည်။
" ထိတ်လန့်မှုမရှိတဲ့ သူမက တကယ်ကို ကျွမ်းကျင်သူတစ်ဦး ဖြစ်ထိုက်တယ်။ ချိုးနျို ရှုံးနိမ့်သွားတာကို မြင်ခဲ့ရတာတောင် သူမက ဘာတုန့်ပြန်မှုမှ မပြခဲ့ဘူး "
လူအများ ကျိတ်၍ ထိတ်လန့်နေကြသည်။ ချူရှောင်းရန်၏စွမ်းအား အကန့်အသတ်ကို သူတို့ မသိကြပေ။
ချူရှောင်းရန်၏ ပြိုင်ဘက်ဖြစ်သူ လုံလီက လက်ထဲတွင် လှံတစ်ချောင်း ကိုင်ထားလေသည်။ သူက လှံကိုင်ထားကာ အထင်ကြီးဖွယ်ရာပုံစံ ရှိနေလေသည်။
သူက ပြိုင်ဘက်ကို အလွန်ပင် အလေးနက်ထားနေပြီး ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။
" ချူရှောင်းရန်... "
သမထထိုင်နေသည့် ယီယွင် မျက်လုံးများ ဖွင့်လာသည်။ လက်ရှိ တပ်သားသစ် အဆင့် ၁ ၏ အထင်ကြီးဖွယ်ရာပုံစံကို သူသည်လည်း မြင်တွေ့လို၏။
တိုက်ပွဲ စတင်ချေပြီ။
လူတိုင်း စင်မြင့်ပေါ်သို့ အာရုံစိုက်ထားကြလေ၏။ ချူရှောင်းရန်တွင် ဖုံးကွယ်ထားသောစွမ်းအား ရှိနေသည်လားကို သူတို့ မြင်လိုကြသည်။
လူတိုင်းက ဤတိုက်ပွဲကို ထင်မှတ်ထားသည်မှာ လုံလီက ချူရှောင်းရန်ကို တဖြည်းဖြည်းချင်း ဖိနှိမ်လာမည်ဖြစ်ပြီး ချူရှောင်းရန်က ဖုံးကွယ်ထားသော စွမ်းအားများ ထုတ်သုံးကာ ကစားပွဲအား ပြောင်းပြန်လှန်ပစ်မည်ဟူ၍ ဖြစ်လေ၏။
သို့သော် ထိုတိုက်ပွဲက သူတို့ ထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။
လုံလီက အဖွင့်တွင်ပင် ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့လေ၏။ သူ၏လှံမှ လှံအလင်းများစွာ ထွက်လာချေသည်။
စစ်သည်များအကြားတွင် လှံက အကောင်းဆုံးလက်နက် ဖြစ်လေသည်။ လုံလီ၏လှံက ၁.၉ မီတာ ရှည်လေပြီး သူ တိုက်ခိုက်ချိန်တွင် ကြမ်းတမ်းကာ အထင်ကြီးဖွယ်ကောင်းသည်။
သို့သော် ချူရှောင်းရန်က ဓားပျော့ကိုသာ အသုံးပြုခဲ့သည်။
ဓားတစ်လက်က လှံနှင့် တိုက်ကွက်ဖလှယ်ကြချိန်တွင် အများသောအားဖြင့် အရေးမသာတတ်ပေ။ ချူရှောင်းရန်အား လုံလီက လျင်မြန်စွာပင် ဖိနှိမ်ခဲ့လာလေသည်။
လုံလီ၏လှံက မြန်ဆန်လှပြီး ယွမ်ချီများလည်း ထည့်သွင်းထားလေသည်။
လုံလီက လှိုင်းလုံးများပမာပင် တိုက်ခိုက်နေလေ၏။ ချူရှောင်းရန်ကမူ သမုဒ္ဒရာထဲမှ လှေငယ်တစ်စင်းပမာ ဖြစ်နေလေ၏။
သူမက အန္တရာယ်အခြေအနေတွင် ရှိနေဟန်ရသော်လည်း လုံလီ မည်မျှပင် ကြိုးစားတိုက်ခိုက်စေကာမူ ချူရှောင်းရန်က ရှုံးနိမ့်ခြင်းမရှိပေ။
အချိန်အတန်ကြာအောင် တိုက်ခိုက်ပြီးကာ သူမကို အနိုင်မယူနိုင်ခဲ့လေသောကြောင့် လုံလီ ဆန္ဒစောလာသည်။ သူက ချူရှောင်းရန်ကို အနိုင်ယူရန် လက်တစ်လုံးခန့်သာ လိုတောသည့်ဟန် ထင်ရလေသည်။
တပ်သားသစ်များ မျက်မှောင်ကုတ်နေကြ၏။ ချူရှောင်းရန်က တိုက်ပွဲကို လှပစွာ အနိုင်ယူခဲ့လိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း လက်တွေ့တွင်မူ သူမက ဖိနှိမ်ခံနေရသည်။
တပ်သားသစ်များက ထိုကိစ္စအတွက် ခံစားချက်မကောင်းပေ။ သူမက ဤပုံစံအတိုင်း ရှုံးရပေတော့မည်လော။ လုံလီက သူမကို ဤပုံစံအတိုင်း ဆက်လက်၍ ဖိနှိမ်နေပါက သူမအဖို့ ယီယွင်နှင့် မည်သို့တိုက်ခိုက်ပါတော့မည်နည်း။
လုံလီ မည်မျှသန်မာကြောင်းကို လူအများ သိကြသည်။ တတိယနှစ်များထဲတွင် မြေအဆင့် အဆင့် ၂၆၀၀ ထဲတွင် အဆင့်ချိတ်ထားသည့် လုံလီကို သန်မာသည်ဟု ဆိုနိုင်လေသည်။ ယခင်နှစ်များတွင် တပ်သားသစ်တစ်ဦးက အဆင့် ၂၆၀၀ အတွင်းမှ ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ခဲ့ပါက လူထူးဆန်းတစ်ဦး ဖြစ်လာပေလိမ့်မည်။ ၎င်းသည် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ပထမရရှိရန် အာမခံချက်လည်း ဖြစ်လေ၏။
ယခုနှစ်က ကွဲပြားလေသည်။ အံ့မခန်း အစွမ်းထက်သည့် ယီယွင် ရှိနေလေ၏။ ဤအတိုင်း တိုက်ခိုက်နေပါက သူမအဖို့ ယီယွင်ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။
ချူရှောင်းရန်ကမူ စိုးရိမ်ခြင်း အလျဥ်းမရှိပေ။ သူမက ရေလိုက်ငါးလိုက်ပုံစံအတိုင်း တိုက်ခိုက်နေလေသည်။ အန္တရာယ်ရှိလာချိန်တွင်လည်း သူမက အသာအယာပင် ရှောင်တိမ်းနိုင်ခဲ့လေ၏။
လုံလီ စိတ်ပျက်နေရသည်။ ဤအတိုင်း ဆက်သွားနေလျှင် သူ၏စွမ်းအင်များက ချူရှောင်းရန်ထက်အရင် ကုန်ခမ်းသွားမည်ကို သူ သိလေ၏။ ထိုသို့ဖြစ်လာလျှင် သူ ရှုံးရပေလိမ့်မည်။
သူ တစ်ချက်တည်းနှင့် အနိုင်ယူရန်အတွက် စွမ်းအင်များ စုဆောင်းရပေမည်။
လုံလီက ချူရှောင်းရန်ကို တိုက်ခိုက်နေရင်းဖြင့် သူ၏ အကောင်းဆုံးတိုက်ကွက်ကို ပြင်ဆင်နေလေသည်။ သူ ပြင်ဆင်ပြီးသောအခါတွင် ချူရှောင်းရန် ဆုတ်ခွာသွားစေရန် ဖိအားပေးပြီး ခန္ဓာကိုယ်ထဲမှ ယွမ်ချီများကို ပေါက်ကွဲစေကာ ရှေ့တွင် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်စေသည်။
လုံလီ အကောင်းဆုံးတိုက်ကွက်ကို ပြင်ဆင်နေချိန်တွင် မျှော်လင့်မထားသည့်အရာ ဖြစ်ပေါ်လာ၏။ သူ့ကြောင့် ဆုတ်ခွာသွားရသည့် ချူရှောင်းရန်က သူ၏တိုက်ခိုက်မှုမှ စွမ်းအင်များကို ငှားရမ်းအသုံးပြုကာ သူ့ဆီသို့ ပြန်လည်တိုးဝင်လာပြီး တိုက်ကွက်တစ်ခု ထုတ်ဖော်ခဲ့လေသည်။
ထိုတိုက်ခိုက်မှုက စိတ်လှုပ်ရှားစရာမရှိသလို့ လုံလီ၏ စွမ်းအင်လှိုင်းကိုလည်း ခြိမ်းခြောက်နိုင်သည့်ဟန် ရှိမနေပေ။ သို့သော် ထိုတိုက်ခိုက်မှုက ဓားအလင်းတစ်ခု ထုတ်လွှတ်လာကာ လုံလီ၏ စွမ်းအင်လှိုင်း တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးသွားလေ၏။
ဖောင်း...။
လုံလီ၏ယွမ်ချီများ ပြိုကွဲသွားသည်။ လုံလီ အချိန်မီ ဆုတ်ခွာကာ တိမ်းရှောင်ခဲ့သည့်တိုင်အောင် နောက်ကျသွားချေပြီ။
ချူရှောင်းရန်က အလွန်မြန်ဆန်လှပြီး ဓားကလည်း အလွန်တိကျလှသည်။ သူမက လုံလီ၏ လှံအလင်းထဲသို့ တစ္ဆေတစ်ကောင်ပမာ တိုးဝင်သွားပြီး လုံလီ၏ ခန္ဓာကိုယ်အကာအကွယ်ကို သူမ၏ဓားနှင့် ထိုးဖောက်လိုက်သည်။
ထိုတိုက်ကွက်က လုံလီ၏လည်ပင်းဆီသို့ တွင်းထဲမှ ထွက်လာသော မြွေတစ်ကောင်ပမာပင် တွန့်လိမ်ကာ ပြေးဝင်သွားလေ၏။
အေးစက်သော ဓားအလင်းကြောင့် လုံလီ ရင်ထိတ်သွားကာ ယွမ်ချီ လည်ပတ်မှုများ ရပ်တန့်သွားရလေသည်။
" ဘယ်...ဘယ်လို "
လုံလီ ကြက်သေသေနေကာ လှုပ်ရှားမှုမရှိ ရပ်နေလေ၏။
" နင် ရှုံးသွားပြီ " ချူရှောင်းရန် ဓားကိုပြန်သိမ်းကာ နောက်ဆုတ်သွားလေသည်။
လုံလီက ချူရှောင်းရန် ဆုတ်ခွာသွားသည်ကို ငေးကြည့်နေလေ၏။ အဖြစ်အပျက်များကို သူ မယုံကြည်နိုင်ပေ။
အစပိုင်းတွင် သူ အသာစီးရနေခဲ့၏။ သူက ကြာရှည်တိုက်ခိုက်လိုခြင်း မရှိလေသောကြောင့် မကြာသေးမီက သင်ယူထားသည့် အသေသတ်ကွက် သုံးရန် ပြင်ဆင်ခဲ့လေသည်။ သို့သော် သူ ထိုအကွက်ကို မသုံးနိုင်မီမှာပင် ချူရှောင်းရန်က ကစားပွဲကို ပြောင်းပြန်လှန်ပစ်ကာ သူ့အား အနိုင်ယူသွားခဲ့သည်။ သာမန်ပုံစံသာရှိသည့် တိုက်ကွက်တစ်ခုက သူ၏အကာအကွယ်ကို ထိုးဖောက်သွားကာ တစ်ကွက်တည်းနှင့် အောင်ပန်းဆင်သွားချေသည်။
တဒင်္ဂအတွင်းမှာပင် အရှုံးမှ အနိုင်အဖြစ်သို့ ပြောင်းပြန်လှန်ပစ်သွားချေ၏။
ပရိတ်သတ်များသည်လည်း တိုက်ပွဲရလဒ်ကြောင့် စိတ်ရှုပ်ထွေးနေရသည်။ ချူရှောင်းရန်က အလွယ်တကူ အနိုင်ရသွားခဲ့ဟန် ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် လွယ်ကူနေသည့်ဟန် ရှိမနေပေ။ လူအချို့ကဆိုလျှင် ချူရှောင်းရန်က ကံစွပ်ကာ အနိုင်ရသွားခဲ့သည်ဟုပင် ထင်နေမိကြလေ၏။
အဘယ်သို့ ဖြစ်သွားလေသနည်း။ သူတို့သည် ချူရှောင်းရန် ဝှက်ဖဲထုတ်သုံးလာမည်ကို စောင့်ဆိုင်းနေခဲ့ကြသော်လည်း အစမှအဆုံးအထိ ချူရှောင်းရန်က တစ်ကွက်သာ အသုံးပြုသွားခဲ့သည်။
" ချူရှောင်းရန်က စွမ်းအားဖုံးကွယ်ထားတာ မရှိဘူးလား။ သူ့မှာရှိတာ ဒါအကုန်ပဲလား။ ဒါဆို သူက ယီယွင်နဲ့ ဘယ်လိုတိုက်ခိုက်မှာလဲ။ သူ ရှုံးရဖို့က သေချာနေပြီမဟုတ်ဘူးလား "
ထိုစဥ်တွင် တစ်ယောက်က ဆိုလိုက်သည်..." ဆန့်ကျင်ဘက်အနေနဲ့ဆိုရင် ဒီတိုက်ပွဲမှာ ချူရှောင်းရန်ရဲ့စွမ်းအားက ကြောက်ဖို့ကောင်းတယ်လို့ ငါထင်တယ်။ သူ အသုံးပြုတဲ့စွမ်းအားက လုံလီထက် အားနည်းတယ်ဆိုပေမဲ့ နောက်ဆုံးရလဒ်က ထင်မထားတဲ့အရာပဲ။ အားနည်းပေမဲ့ လုံလီကို အနိုင်ယူသွားခဲ့တာက ကျွမ်းကျင်မှုပဲ။ ချူရှောင်းရန် အသုံးပြုခဲ့တဲ့ စွမ်းအားက သူရဲ့အကန့်အသတ်လို့ မင်းတို့က ဘယ်လိုများ သိနေရတာလဲ "
ထိုသူက မေးခွန်းပြန်ထုတ်လိုက်ရာ ပရိတ်သတ်များ မှင်တက်မိသွားလေသည်။
" သူမရဲ့ခွန်အား ၆၀% နဲ့ အနိုင်ယူနိုင်တယ်ဆို ဘာကြောင့် ၁၀၀% သုံးနေရမှာလဲ။ ပြိုင်ဘက်ရဲ့ခွန်အား ၇၀% ကို ၆၀% နဲ့တင် အနိုင်ယူခဲ့တာက ကျွမ်းကျင်မှုကို ပြတာပဲ။ ချူရှောင်းရန်က ကျွမ်းကျင်မှုကို လေ့ကျင့်ရင်း မှတ်ကျောက်တင်နေတာလဲ ဖြစ်နိုင်တာပဲလေ။
မည်သူမျှ စကားမဆိုကြတော့ပေ။ တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို အသုံးပြုကာ ကျွမ်းကျင်မှုကို မှတ်ကျောက်တင်နေသည်တဲ့လား။
တိုက်ပွဲအား ပြန်တွေးကြည့်လျှင် ချူရှောင်းရန်က အစမှအဆုံးအထိ တည်ငြိမ်နေခဲ့သည်။ အရာအားလုံးက သူမ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင် တစ်ခါမျှ တုန်လှုပ်ခြင်းမရှိခဲ့ပေ။
သူမသာ လုံလီကို အနိုင်မယူနိုင်လျှင် တည်ငြိမ်နိုင်မည်မဟုတ်ချေ။ ရိုးရှင်းဟန်ထင်ရသည့် နောက်ဆုံးတိုက်ခိုက်မှုက ထင်သလောက် ရိုးရှင်းပါလေသလော။ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုက ချူရှောင်းရန်၏ အားပါသော အသေသတ်ကွက်ကို ထိုးဖောက်နိုင်ပါလေသလော။
တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ချိုးနျိုက အမြဲတမ်းလိုပင် ချူရှောင်းရန်၏နောက်တွင်သာ ရှိနေခဲ့သည်။ သေချာတွေးကြည့်လျှင် ချိုးနျိုက နောက်ဆုံးနေ့တွင် ချူရှောင်းရန်ကို စိန်ခေါ်ဖို့ရာများလေသည်။
ချိုးနျိုက ချူရှောင်းရန်ကို ရှုံးမည်မဟုတ်ဟု ထင်ထားခဲ့ပုံရှိသော်ငြားလည်း ယခင်က ချိုးနျိုသည် ချူရှောင်းရန်ထက် အားနည်းသည်ဟု ညွှန်ပြနေလေ၏။ ထိုသို့သာမဟုတ်ပါက ချိုးနျိုသည် စိန်ခေါ်သူနေရာတွင် ယူထားမည်မဟုတ်ချေ။
ကံမကောင်းစွာဖြင့်ပင် ချိုးနျိုက ချူရှောင်းရန်ကို စိန်ခေါ်နိုင်ခြင်းမရှိတော့ပေ။