ရှုထောင့်ပုံရိပ်
Vol. 17 Ch. 242
ယီယွင် ယွမ်ချီများကို လည်ပတ်နေလေသည်။ သူ၏အရှိန်အဝါများ မြင့်တက်လာနေပြီး သူ၏ဓားမောက်အမှန်တရားက အော်ဟစ်နေသည့်ပမာပင် တပ်တစ်ထောင်ဓားမောက်သည် အသံဖျော့ဖျော့ ထွက်လာလေ၏။
ယီယွင်၏ခွန်အားများက ဒီရေလှိုင်းများပမာပင် ဆက်တိုက်သိပ်သည်းကျစ်လျစ်လာလေ၏။
ယီယွင်၏ပုံစံကြောင့် ချူရှောင်းရန်သည် ဓားမောက်ချီကြောင့် ပြတ်သွားခဲ့သည့် ဆံပင်စများကို ဖယ်ရှားကာ ခပ်ဖျော့ဖျော့ အသက်ရှုလိုက်သည်။
" နင့်ရဲ့ဓားမောက်က အရမ်းသန်မာတယ်။ ဒါပေမဲ့ ငါ နင့်ကို အနိုင်ယူမယ် " ချူရှောင်းရန်က အလေးအနက်ဆိုလိုက်သည်။
သူမက ဓားပျော့ကို လက်အစုံဖြင့်ကိုင်ကာ ပိုင်းချလိုက်လေ၏။ သူမ၏ ဓားဦးတွင် အပြာဖျော့အလင်းတစ်ခု လည်ပတ်လာလေသည်။ သူမ၏ယွမ်ချီများ သိပ်သည်းလာပြီး မကြာမီတွင် ဓားဦးဖျား၌ ဆီးနှင်းလွှာတစ်ခု ဖြစ်ပေါ်လာသည်။
မကြာမီတွင် ဆီးနှင်းလွှာသည် ထူထဲလာကာ ချူရှောင်းရန်၏ ဓားနှင့် လက်တို့ကို ဖုံးလွှမ်းသွားခဲ့ပြီး တဖြည်းဖြည်းချင်းဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
အရိုးခိုက်လောက်သော အေးစိမ့်မှုတစ်ခုသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားလေပြီး အဝေးမှ ပရိတ်သတ်များသည်ပင် ခံစားမိကြလေ၏။
" အဲ့ဒါက အအေးချီလား။ သူမမှာ ရေခဲဓာတ်ယွမ်ချီ ရှိနေတာလား "
ပရိတ်သတ်များစွာ တုန့်ဆိုင်းသွားကြရသည်။ စစ်သည်တစ်ဦး၏ ယွမ်ချီသည် ဓာတ်သဘာဝများစွာ ရှိနိုင်လေ၏။ အချို့သူများတွင် ရေခဲဓာတ်ယွမ်ချီ ရှိနေသည်မှာ အံ့ဩစရာမဟုတ်ပေ။
ရေခဲဓာတ်ယွမ်ချီက တုန်လှုပ်စရာမဟုတ်ပေ။ ချူရှောင်းရန် ယခင်က အနိုင်ယူခဲ့သည့် ဖန်ကျိဟိုင်တွင်လည်း မီးဓာတ်ယွမ်ချီ ရှိလေ၏။
လူအများ စိတ်ရှုပ်ထွေးနေချိန်တွင် ချူရှောင်းရန်၏ ကျောဘက်၌ မိုးမြေယွမ်ချီများ သိပ်သည်းလာကာ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက ဝံပုလွေဖြူတစ်ကောင်ပုံရိပ် ဖြစ်လေ၏။
" နှင်းရေခဲဝံပုလွေ။ ရေခဲဓာတ် ပျက်စီးခြင်းသားရဲတစ်ကောင်။ ဒါက ယွမ်ချီသဏ္ဌာန် "
ယွမ်ချီသဏ္ဌာန်ဆိုသည်မှာ လူတစ်ဦး၏ရုပ်ခန္ဓာကိုယ်မှာ ထွက်ပေါ်လာသည့် ယွမ်ချီများက ရုပ်ဝတ္ထုပုံစံအဖြစ် ပေါင်းစည်းသွားသော ဖြစ်စဥ်တစ်ခု ဖြစ်လေ၏။ ၎င်းအား တိုင်အာနတ်ပြည်ထောင်မှ ခရမ်းသွေးနယ်ပယ် စစ်သည်အားလုံးနီးပါး လုပ်နိုင်ကြသည်။
သို့သော် ချူရှောင်းရန်၏ကျောဘက်မှ ဝံပုလွေဖြူက ကွဲပြားနေကြောင်းကို တပ်သားသစ်အချို့က သိကြလေ၏။ ၎င်းတွင် ရှင်းပြရန်ခက်သော စိတ်ဝိညာဥ်တစ်ခု ရှိနေလေသည်။ ၎င်းက ချူရှောင်းရန်၏ဝိညာဥ်မှ ဖြစ်ပေါ်လာသည့်အလားပင် စိတ်ချင်းဆက်သွယ်မှုရှိပြီး ချူရှောင်းရန်၏ အသက်စွမ်းအင်အစိတ်အပိုင်းလဲ ပါဝင်နေလေသည်။
ထို့အပြင် ဝံပုလွေဖြူကြီးထဲတွင် ပျက်စီးခြင်းစွမ်းအင်များ ထကြွနေလေ၏။ ပျက်စီးခြင်းစွမ်းအင်က ပျက်စီးခြင်းသားရဲတွင် ရှိနိုင်သည့် စွမ်းအားတစ်ခု ဖြစ်သော်လည်း ချူရှောင်းရန်၏နောက်မှ ပုံရိပ်တွင် ပျက်စီးခြင်းစွမ်းအင် ရှိနေခဲ့သည်။ ဝံပုလွေဖြူက ချူရှောင်းရန်၏ ယွမ်ချီများမှ ဖြစ်ပေါ်လာပုံနှင့်မတူဘဲ ပျက်စီးခြင်းသားရဲအစစ်တစ်ကောင်ပမာ ဖြစ်နေလေသည်။
နှစ်ကြီးသမား ကျင့်ကြံသူများကမူ ထိုအရာကို အမျိုးအမည်ခွဲခြားနိုင်ကြလေ၏။ ၎င်းက ယွမ်ချီသဏ္ဌာန် မဟုတ်လေဘဲ ပိုအဆင့်မြင့်သည့် အရာတစ်ခု ဖြစ်လေသည်။ ၎င်းက ယွမ်အုတ်မြစ်ချနယ်ပယ် ကျွမ်းကျင်သူများသာ လုပ်ဆောင်နိုင်သည့် ရှုထောင့်ပုံရိပ် ဖြစ်လေ၏။
"ဒါက တကယ်ပဲ ရှုထောင့်ပုံရိပ်လား။ ဘယ်လိုဖြစ်ရတာလဲ "
နတ်အရိုင်းမြေထဲတွင် လူသားများနှင့် ပျက်စီးခြင်းသားရဲများက ရန်သူများ ဖြစ်ကြလေ၏။ ပျက်စီးခြင်းသားရဲများက လူသားများကို မကြာခဏ စားသောက်တတ်ကာ သားရဲအုပ်များကလည်း အကြိမ်ကြိမ် ကျူးကျော်လာတတ်လေသည်။
သို့တိုင်အောင်ပင် လူသားစစ်သည်များက ပျက်စီးခြင်းသားရဲများထံမှ စွမ်းအားများ ရယူနိုင်လေသောကြောင့် ပျက်စီးခြင်းသားရဲများနှင့် ဝေးလံစွာမနေကြပေ။ ၎င်းသည့် ရှုထောင့်ပုံရိပ်၏ စတင်ခြင်းတစ်ခု ဖြစ်လေ၏။
ရှုထောင့်ပုံရိပ်က ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦး၏ အမှတ်သင်္ကေတတစ်ခု ဖြစ်လေသည်။
စစ်သည်တစ်ဦး ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားလျှင် သွေးအဆီအနှစ်များကို တန်းထျန်ထဲတွင် သိပ်သည်းစေပြီး သူတို့၏ချီများကို သွေးအုတ်မြစ်အဖြစ် ပုံသွင်းကြရသည်။ ယင်းက ယွမ်အုတ်မြစ်ချနယ်ပယ်၏ အစပိုင်း ဖြစ်လေ၏။
မြင့်မားသော မျှော်စင်တစ်ခု ဆောက်လုပ်ရန်အလို့ငှာ ခိုင်မာသော အခြေခံအုတ်မြစ်ကို လိုအပ်လေသည်။ ယွမ်အုတ်မြစ်ချနယ်ပယ်က သိုင်းပညာလမ်းစဥ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အလွန်အရေးကြီးသော အဆင့်တစ်ခုလည်း ဖြစ်လေသည်။
စစ်သည်တစ်ဦးက ယွမ်အခြေခံအုတ်မြစ်ကို ဖွဲ့စည်းပြီးသွားလျှင် မိုးမြေယွမ်ချီများကို စုပ်ယူကာ အဆင့်တက်နိုင်ကြသည်။ စွမ်းအင်များစုစည်းသည့် စွမ်းရည်အပြင် အမဲလိုက်ထားသည့် ပျက်စီးခြင်းသားရဲ၏ ဝိညာဥ်နှင့် စွမ်းအားများကိုလည်း စုဆောင်းနိုင်ကြလေ၏။
သူတို့ အခြားသူများနှင့် တိုက်ခိုက်ရလျှင် သူတို့၏စွမ်းအားများကို တိုးမြင့်ရန်အတွက် ၎င်းအရာများကို ဆင့်ခေါ်ကာ ပုံရိပ်ကြီးများ ဖန်တီးနိုင်ကြသည်။ အဆိုပါ ဆင့်ခေါ်ထားသည့်အရာကို ရှုထောင့်ပုံရိပ်ဟု ခေါ်ဆိုလေသည်။
ရှုထောင့်ပုံရိပ် ဖြစ်ပေါ်လာပါက စစ်သည်နှင့် ပေါင်းစည်းသွားမည် ဖြစ်လေသည်။ သီးသန့်လက္ခဏာတစ်ရပ်ဖြစ်သည့် ၎င်းအရာက စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
လူတိုင်း၏ ရှုထောင့်ပုံရိပ်များက ကွဲပြားကြလေ၏။ ရှုထောင့်ပုံရိပ်များက ဆက်တိုက်ကြီးထွားလာနိုင်ကာ ဆင့်ကဲပြောင်းလဲနိုင်ပြီး ပုံသဏ္ဌာန်ပင် ဖြစ်တည်နိုင်လေသည်။
ယွမ်အုတ်မြစ်ချနယ်ပယ်အထက်မှ စစ်သည်များက ခက်ခဲသောပြိုင်ဘက်နှင့် အသေအကျေတိုက်ခိုက်ရချိန်တွင် သူတို့၏စွမ်းအားကို တိုးမြင့်စေရန် ရှုထောင့်ပုံရိပ်ကို သုံးရသည်။ ယင်းသည် ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များ တိုက်ပွဲထဲတွင် အစွမ်းကုန်ထုတ်သုံးသည့် အမှတ်အသားတစ်ခုလည်း ဖြစ်လေ၏။
တိုင်အာနတ်မြို့တွင် ကောင်းကင်ဂုဏ်အဆင့် ရှိလေသည်။ ၎င်းက မြေဂုဏ်အဆင့်ထက် ပိုအရေးကြီးလေ၏။ ကောင်းကင်ဂုဏ်အဆင့်က ပျက်စီးခြင်းသားရဲများ သတ်ဖြတ်နိုင်သည့် အရေအတွက်အပေါ်တွင် မူတည်လေသည်။ ဂုဏ်အဆင့်သုံးခုတွင် ကောင်းကင်ဂုဏ်အဆင့်က အမြင့်ဆုံးဖြစ်လေ၏။
ကောင်းကင်ဂုဏ်အဆင့်ထဲသို့ ဝင်လိုကြသည့် စစ်သည်များအဖို့ နတ်အရိုင်းမြေထဲတွင် ကာလကြာရှည်စွာနေကာ ပျက်စီးခြင်းသားရဲများကို သတ်ဖြတ်ကြရပေမည်။ ပထမအကြောင်းအရင်းသည် ဂုဏ်အမှတ်များ ရရှိလာစေရေးဖြစ်ပြီး ဒုတိယအကြောင်းအရင်းကမူ သူတို့ ရှုထောင့်ပုံရိပ်ကို စွမ်းအားတိုးမြင့်ကာ သိပ်သည်းစေရန် ဖြစ်လေသည်။
ကိုယ်တိုင် သတ်ဖြတ်ထားသည့် ပျက်စီးခြင်းသားရဲများကို စုပ်ယူခြင်းဖြင့်သာ ရှုထောင့်ပုံရိပ်ကို ဖန်တီးနိုင်လေသည်။ ထိုကိစ္စကို ပျက်စီးခြင်းသားရဲများ သေဆုံးပြီးနောက် အချိန်တိုအတွင်း လုပ်ဆောင်ရသည် ဖြစ်လေ၏။ အကြောင်းကမူ ပျက်စီးခြင်းသားရဲ၏ ပျက်စီးခြင်းစွမ်းအင်နှင့် သွေးချီများကို စုပ်ယူခြင်းမပြုပါက ပျောက်ကွယ်သွားနိုင်လေသောကြောင့်ပင်။
ရှုထောင့်ပုံရိပ် အကန့်အသတ်သို့ မရောက်သေးမီတွင် လူအများအဖို့ ပျက်စီးခြင်းသားရဲများကို သတ်ဖြတ်ကာ သူတို့၏ရှုထောင့်ပုံရိပ်များ ပုံဖော်ကာ တိုးမြင့်ပေးနိုင်ကြလေ၏။
ထို့ကြောင့် တိုင်အာနတ်မြို့မှ နှစ်ကြီးသမား ကျင့်ကြံသူများ၏ ကျင့်ကြံရေးနည်းလမ်း ဆက်တိုက်အမဲလိုက်နေကြခြင်း ဖြစ်လေသည်။အမဲလိုက်ခြင်းက သူတို့၏စွမ်းအားများကို တိုးပွားစေကာ အရင်းအမြစ်များလည်း ရရှိနိုင်သည်။ ယင်းက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သကဲ့သို့ ဖြစ်လေ၏။
တိုင်အာနတ်မြို့သို့ ရောက်လာသည်မှာ သုံးလသာရှိသေးသည် ချူရှောင်းရန်ကမူ သူမ၏ ပြောင်မြောက်လှသော စွမ်းအားကြောင့် တပ်သားသစ်အလုပ်များ မလုပ်ခဲ့ရပေ။ သူမက ပျက်စီးခြင်းသားရဲများ အမဲလိုက်ရန် နတ်အရိုင်းမြေထဲသို့သာ သွားခဲ့လေ၏။ သူမက တပ်သားသစ်အားလုံးထက် ခေါင်းတစ်လုံး ပိုသာနေခဲ့သည်ဟု ဆိုရပေမည်။
" သူက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးတော့ မဟုတ်ဘူးမလား "
" မဖြစ်နိုင်ဘူး။ တိုင်အာနတ်မြို့မှာ သုံးနှစ် ၊ လေးနှစ်လောက် နေပြီးခဲ့တဲ့ ကျင့်ကြံသူအများစုတောင် အဲ့ဒီအဆင့်ကို မရောက်ကြသေးဘူး။ ချူရှောင်းရန်က အရမ်းကို ပါရမီထူးပေမဲ့ စောစောစီးစီး အဆင့်ချိုးဖြတ်နိုင်တဲ့ အခြေအနေမျိုးအထိ မရှိဘူး။ ဒါ့အပြင် ယွမ်အုတ်မြစ်ချနယ်ပယ်ကို ရောက်နေခဲ့ရင်တောင် စွမ်းအင်တွေ လုံလောက်အောင် စုဆောင်းနိုင်မှာမဟုတ်ဘူး။ ဒါမျိုးက လုံးဝကို အကျိုးမရှိဘူး "
အကြီးအကြဲကျန်းကဲ့က မုတ်ဆိတ်သပ်နေရင်း ချူရှောင်းရန်အား အံ့အားသင့်ဟန်ဖြင့်ကြည့်ကာ..." ယွမ်မတိုင်မီပုံရိပ်..... တိုင်အာနတ်မြို့မှာ ဒီလိုဂျူနီယာမျိုး ပေါ်ထွန်းမလာတာ ကြာခဲ့ပြီ "
ရှုထောင့်ပုံရိပ်က ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များသာ ပိုင်ဆိုင်နိုင်သည့်အရာ ဖြစ်လေ၏။ သို့သော် ဤလောကကြီးထဲတွင် အမြဲတမ်းလိုပင် ခြွင်းချက်အချို့ ရှိလေသည်။ လူအချို့က မိုးမြေယွမ်ချီ သို့မဟုတ် ပျက်စီးခြင်းစွမ်းအင်နှင့် နှီးနွယ်မှုရှိနေတတ်သည်။ ထက်မြက်သော ထိုးထွင်းသိမြင်နိုင်စွမ်းနှင့်ဆိုပါက သူတို့သည် ခရမ်းသွေးနယ်ပယ်ကတည်းကပင် ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းနိုင်ကြလေ၏။
ထိုကဲ့သို့ ရှုထောင့်ပုံရိပ်အမျိုးအစားကို ယွမ်မတိုင်မီပုံရိပ်ဟု ခေါ်ဆိုလေသည်။
ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦး မဟုတ်ဘဲ ယွမ်အုတ်မြစ်ချနယ်ပယ် စွမ်းအားအနည်းငယ်ကို ထုတ်ဖော်နိုင်ခြင်းသည် တိုက်ခိုက်ရေးစွမ်းရည်ကို မည်မျှအားကောင်းစေကြောင်း သိသာလေ၏။
အထူးအမျိုးအစားများ မျိုးစုံရှိလေသည်။ ပါရမီရှင်များစွာတွင် ကိုယ်ပိုင်ထူးချွန်မှုများ ရှိသော်လည်း အရာအားလုံးတွက် တော်နေရန်မှာမူ မဖြစ်နိုင်ပေ။ ဥပမာပြရသော် ချင်ဟောင်ထျန်းက ထူးချွန်သော ဓားသမားတစ်ဦး ဖြစ်သော်ငြားလည်း ယွမ်မတိုင်မီပုံရိပ်ကိုမူ ဖွဲ့စည်းနိုင်ခြင်းမရှိပေ။
ချူရှောင်းရန်က ရှုထောင့်ပုံရိပ် အသုံးပြုရာတွင် ပါရမီထူးချွန်ကြောင်း ဆိုလိုနေလေ၏။
ရှုထောင့်ပုံရိပ်က ယွမ်အုတ်မြစ်ချနယ်ပယ်နှင့်အထက် စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်အတွက် အလွန်အရေးပါသည်။
ရှုထောင့်ပုံရိပ်များတွင် ကွဲပြားသောစွမ်းအားများ ရှိလေသည်။ တူညီသော ပျက်စီးခြင်းသားရဲများထံမှ တူညီသော ရှုထောင့်ပုံရိပ်များတွင် စစ်သည်များ စုပ်ယူခဲ့သည့် ပျက်စီးခြင်းစွမ်းအင်အပေါ် မူတည်ကာ စွမ်းအားများ ကွဲပြားနိုင်လေ၏။ ၎င်းက စစ်သည်တစ်ဦး၏ ပါရမီနှင့် ဥာဏ်ပညာတို့အပေါ် မူတည်နေလေသည်။
ချူရှောင်းရန်က ထိုအထဲမှ တစ်ဦးဖြစ်သည်မှာ သံသယဖြစ်ရန် မလိုပေ။
အနာဂတ်တွင် သူမ နယ်ပယ်များ ပိုမြင့်သွားပါက အဆင့်တူ စစ်သည်များကို အသာစီးမှ ယှဥ်နိုင်ပေလိမ့်မည်။ သူမက အခြားသူများကို တစ်ဆင့်ပိုမြင့်သော ရှုထောင့်ပုံရိပ်အား အသုံးပြုကာ ယှဥ်ပြိုင်နေသည်နှင့် ဆင်တူလေသည်။
ခန်းယန်က ဆိုသည်..." အတိအကျပြောရရင်တော့ ဒါက ပြည့်စုံတဲ့ ယွမ်မတိုင်မီပုံရိပ် မဟုတ်ဘူး။ ဒါက အကြမ်းထည်ပုံရိပ်ပဲ ဆိုပေမဲ့ အထင်ကြီးဖို့တော့ ကောင်းနေတုန်းပဲ။ ဒီကောင်မလေးကိုလည်း ဓားသင်္ချိုင်းထဲ ခေါ်သွားဖို့ လိုနေပြီလို့ ငါထင်တယ် "
ခန်းယန်၏မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။ သူ၏အမူအရာက ရတနာတစ်ခုကို မြင်နေရသည့် ဓားပြတစ်ဦးပမာ ဖြစ်နေလေ၏။
ကျန်းကဲ့က ဆိုသည်..." ဒီကောင်မလေးက ဆီးနှင်းဥပဒေသမှာလည်း အာရုံခံစားမှုကောင်းတယ်။ သူ့ရဲ့ ရှုထောင့်ပုံရိပ်ကလည်း ရေခဲဓာတ်။ သူက ရေခဲဓာတ်ဥပဒေသအမှန်တရားမှာ ထိုးထွင်းသိမြင်မှုအချို့ ရထားတာပဲ ဖြစ်ရမယ်။ ဒီလိုသာမဟုတ်ရင် ခရမ်းသွေးနယ်ပယ်မှာတင် ရှုထောင့်ပုံရိပ်အကြမ်းထည်ကို ဖန်တီးနိုင်မှာမဟုတ်ဘူး။
ရှုထောင့်ပုံရိပ်က စစ်သည်တစ်ဦး၏ စွမ်းအင်ပြင်းထန်မှုကို တိုးပွားစေခြင်းမျှသာ မဟုတ်ပေ။ အခြား အရေးကြီးသောအချက်မှာ စစ်သည်များက စွမ်းအင်များနှင် ဆက်နွယ်နေသည့် ဥပဒေသများကို ပိုမိုသိမြင်နားလည်စေနိုင်သည်။
ဥပမာပြရသော် ချူရှောင်းရန်က အမာအပျော့နှင့် ရေခဲ ဥပဒေသများကို နက်ရှိုင်းစွာ နားလည်ထားခြင်းမျိုး ဖြစ်လေသည်။
ရှုထောင့်ပုံရိပ်အတွက် သူမ ရွေးချယ်ခဲ့သည်မှာ ရေခဲဓာတ်သဘာဝ ဖြစ်လေ၏။ သူမက ရေခဲဓာတ် ပျက်စီးခြင်းသားရဲများကိုသာ အမဲလိုက်ခဲ့သည်။ ရေခဲဓာတ် ပျက်စီးခြင်းသားရဲများထံမှ ထွက်ပေါ်လာသည့် ပျက်စီးခြင်းစွမ်းအင်ကလည်း ရေခဲဓာတ်သာ ဖြစ်လေ၏။ ချူရှောင်းရန်က ရေခဲဓာတ် ပျက်စီးခြင်းစွမ်းအင်များကို စုပ်ယူပြီးနောက်တွင် သူမ၏ ရှုထောင့်ပုံရိပ်ထဲသို့ ပေါင်းစည်းခဲ့လေသည်။ ထို့ကြောင့် သူမ၏ ရှုထောင့်ပုံရိပ်ကလည်း ရေခဲဓာတ် ဖြစ်လေ၏။
" ဒါက ရှုထောင့်ပုံရိပ်လား။ ငါ ဒါကိုမြင်ဖူးတာ ပထမဆုံးပဲ။ ဒါက ဒီလိုပုံစံမျိုးပေါ့..." ယီယွင်က သိုင်းပညာကို စနစ်တကျ သင်ကြားရခြင်းမရှိပေ။ လျှိုင်မျိုးနွယ်မှ မထွက်ခွာမီတွင် ယီယွင်က ခရမ်းသွေးနယ်ပယ်၏အထက်တွင် မည်သည့်နယ်ပယ် ရှိနေကြောင်းကိုပင် သိမထားခဲ့ပေ။
နောက်ပိုင်းတွင် သူ ယွမ်အုတ်မြစ်ချနယ်ပယ်အကြောင်း သိလာရသော်လည်း ယွမ်အုတ်မြစ်ချနယ်ပယ်၏ အမှတ်သင်္ကေတနှင့် အထူးစွမ်းရည်များ ပိုင်ဆိုင်သည်ကို သိမထားခဲ့ပေ။ ခရမ်းသွေးနယ်ပယ်မှ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ မည်သို့တက်လှမ်းရမည်ကိုပင် ယီယွင် သိမထားချေ။
ယီယွင် တိုင်အာနတ်မြို့သို့ ရောက်မလာမီက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များကို များစွာမမြင်ဖူးပေ။ လင်ရှင်းထုံမှလွဲပြီး ထိုသူများ တိုက်ခိုက်သည်ကို သူ တစ်ခါမျှပင် မမြင်ဖူးပေ။
သူ လင်ရှင်းထုံနှင့် လက်ရည်စမ်းခဲ့စဥ်က စွမ်းရည်ကွာခြားမှု ကြီးမားနေလေသောကြောင့် လင်ရှင်းထုံက ရှုထောင့်ပုံရိပ်ကို အသုံးပြုရန် မလိုအပ်ခဲ့ပေ။