ဧကရာဇ်ဓားမောက် ၊ အာဏာရှင်ဓား
Vol. 17 Ch. 243
ချူရှောင်းရန်က ရှုထောင့်ပုံရိပ်ကို ဆင့်ခေါ်ပြီးနောက်တွင် သူမ၏ အရှိန်အဝါများ လုံးဝကွဲပြားသွားလေသည်။ သူမ၏တစ်ကိုယ်လုံးကို သန့်စင်လှသော အေးစက်မှုတစ်ခု လွှမ်းခြုံနေလေ၏။
ချူရှောင်းရန်၏ ထိုအခြေအနေကို မြင်တွေ့ကာ ပရိတ်သတ်များ ထိတ်လန့်သွားကြလေ၏။ စင်မြင့်ပေါ်မှ လူသည် ရေခဲနတ်တောင်ထိပ်ပေါ်တွင် ပေါက်ရောက်နေသည့် နှင်းကြာပန်းတစ်ပွင့်အလားပင်။
ချူရှောင်းရန်၏ဓားက မြေပြင်သို့ ဦးတည့်နေသည်။ ရေပမာပင် ပျော့ပြောင်းသောဓားက ရုတ်ခြည်းမှာပင် မာကျောထက်ရှသွားလေ၏။ ထို့နောက် အေးစက်သော ဓားသွားက ခရမ်းရောင်အဖြိုက်နက် စင်မြင့်ကို ထိုးစိုက်သွားလေသည်။
ဝီး...။
စင်မြင့်ပေါ်တွင် အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်သွားလေ၏။ ချူရှောင်းရန်၏ဓားကို ဗဟိုပြုကာ အအေးချီတစ်ခု စတင်ထွက်ပေါ်လာသည်။
ဖျစ်...ဖျစ်...။
စင်မြင့်ပေါ်တွင် ရေခဲလွှာများ တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်လာလေ၏။ ယခုအခါတွင် နတ်အရိုင်းမြေစင်မြင့်တစ်ခုလုံးတွင် ချူရှောင်းရန်ကို ဗဟိုပြုကာ ရေခဲတောအုပ်တစ်ခု ပေါ်ထွက်လာသည်။
ယီယွင် ရေခဲတောအုပ်ထဲတွင် ရပ်နေရပြီး အရိုးခိုက်လုမတတ် အေးစိမ့်မှုကို အံတုခံနေရလေပြီး ချူရှောင်းရန်၏ဓားကို ရင်ဆိုင်နေရသည်။
ထို့မြင်ကွင်းကြောင့် ပရိတ်သတ်များ တုန်လှုပ်သွားရ၏။ ရေခဲတိုင်များက ချူရှောင်းရန်၏ ယွမ်ချီများမှ ဖြစ်ပေါ်လာကြခြင်းပင်။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး၏ ခန္ဓာကိုယ်မှ ယွမ်ချီများက အမှန်တကယ်ပင် ရေခဲတောအုပ်ကို ဖန်တီးနိုင်လေသလော။ ယွမ်ချီများ မည်မျှလိုအပ်လေသနည်း။
ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးတွင် ယွမ်ချီပမာဏ အကန့်အသတ်ရှိသည်။ သာမန်စစ်သည်တစ်ဦးသာ ချူရှောင်းရန်ကဲ့သို့ လုပ်နေမည်ဆိုပါက ခန္ဓာကိုယ်ထဲမှ ယွမ်ချီများ ခမ်းခြောက်သွားကာ ဆက်လက်၍ တိုက်ခိုက်နိုင်မည်ပင် မဟုတ်တော့ပေ။
" အိုး...ဒါ ရေခဲတောအုပ်ပဲ "
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ ရေခဲအလွှာ တစ်ခုချင်းစီတိုင်းက ချူရှောင်းရန်နှင့် စိတ်ဝိညာဥ်ဆက်နွယ်မှု ရှိနေကြောင်းကို သူ ခံစားမိလေသည်။
သူ ခရမ်းရောင်သလင်းကျောက်ကို နှိုးဆွကာ စွမ်းအင်မြင်ကွင်းကို ထုတ်ဖော်လိုက်သည်။ ယခုအခါ၌ ရေခဲအလွှာများတွင် အလွန်သန့်စင်သော စွမ်းအင်များ ပါဝင်နေသည်ကို ယီယွင် မြင်လိုက်ရလေ၏။ ထိုစွမ်းအင်များက ချူရှောင်းရန်နှင့် ထောင်ပေါင်းများစွာ ဆက်နွယ်နေကြသည်။
ရေခဲလွှာများ၏ စွမ်းအင်များသည် ချူရှောင်းရန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ရေခဲလွှာများက ဘေးပတ်ဝန်းကျင်မှ ယွမ်ချီများကို စုပ်ယူကာ ချူရှောင်းရန်ကို ထောက်ပံ့ပေးနေလေသည်။
" ဒါက အစီအရင်နည်းစနစ်တစ်ခုပဲ " ယီယွင် ချက်ချင်းနားလည်သွားသည်။
ရေခဲတောအုပ်က ချူရှောင်းရန်၏ စွမ်းအင်များကို များစွာကုန်ဆုံးစေဟန် ရှိနေသော်လည်း ရေခဲတောအုပ်ကို ချပြီးသွားပါက ရေခဲတောအုပ်၏ နယ်နိမိတ်ထဲတွင် တိုက်ခိုက်နေချိန်၌ အစီအရင်က ချူရှောင်းရန်ကို စွမ်းအင်များ ထောက်ပံ့ပေးနေပေလိမ့်မည်။
" ရေခဲဥပဒေသကို ဒီလိုမျိုး သုံးရတာလား "
ရေခဲဓာတ်စွမ်းအားနှင့် ထိန်းချုပ်ထားလျှင် ရန်သူများကို အအေးချီနှင့် တိုက်ခိုက်နိုင်ကြောင်း ယီယွင် သိသည်။
ဥပဒေသများသည် စွမ်းအားများ၏ နောက်ကွယ်မှ အခြေခံနိယာမများ ဖြစ်လေ၏။ ဥပဒေသများကို သိမြင်နားလည်ကာ ဖမ်းဆုပ်မိထားလျှင် စွမ်းအင်များ အသုံးပြုရန် နည်းလမ်းများ ရှိလာပေလိမ့်မည်။
ဥပဒေသနယ်ပယ် ပိုမြင့်လေလေ စွမ်းအင်ကို အသုံးပြုရာတွင် ပြီးပြည့်စုံစေလုနီးပါး ဖြစ်လေလေပင်။
ထိုစဥ်တွင် ချူရှောင်းရန် တိုက်ခိုက်လာ၏။ သူမ ထိုးသွင်းလိုက်ချိန်တွင် ရေခဲလွှာအားလုံးကို သူမ၏တိုက်ခိုက်မှုက မောင်းနှင်သွားပြီး ယီယွင်ဆီသို့ တိုးဝင်သွားစေသည်။
" တောင်ထိပ် ဆီးနှင်းကြာပန်း "
ချူရှောင်းရန် ဓားသွားကို လှုပ်ခါလိုက်ရာ အအေးချီများက လေထဲတွင် ရေခဲကြာပန်းတစ်ပွင့်အဖြစ် ဖွဲ့စည်းသွားပြီး ယီယွင်ဆီသို့ တိုးဝင်သွားသည်။
ယီယွင်က သန့်စင်သော ယွမ်ချီများကို တပ်တစ်ထောင်ဓားမောက်ထဲသို့ ထည့်သွင်းရင်း ရှေ့သို့တက်သွားလေသည်။ သူ တစ်ချက်ခုတ်လိုက်ရာ ဓားမောက်ချီတစ်ခု ထပ်မံထွက်ပေါ်လာသည်။
ထန်း...။
ယီယွင်၏ ဓားမောက်ချီက ချူရှောင်းရန်၏ ဓားချီနှင့် ပြင်းထန်စွာ ဆုံတွေ့မိလေသည်။
ဘုန်း...။
ပေါက်ကွဲအားလှိုင်း ဖြစ်ပေါ်လာကာ နှစ်ဦးစလုံး နောက်ဆုတ်သွားရလေ၏။ ယီယွင် ဆုတ်ခွာနေရချိန်တွင် မျက်လုံးများက အာရုံစိုက်ထားလျက်ရှိပြီး ဦးခေါင်းအား မော့ထားသည်။ အထက်တွင် ကြီးမားသော နှင်းရေခဲဝံပုလွေက ခုန်အုပ်လာလေသည်။
နှင်းရေခဲဝံပုလွေသည် ပျက်စီးခြင်းစွမ်းအင်မှ ဖြစ်ပေါ်လာသည့် ပုံရိပ်တစ်ခုမျှသာ ဖြစ်သည့်တိုင်အောင် သားရဲအစစ်တစ်ကောင်ပမာ တိုက်ခိုက်နိုင်လေ၏။ နှင်းရေခဲဝံပုလွေက လက်သည်းနှစ်ဘက်အား ရှေ့ထုတ်ကာ ခုန်ဆင်းလာလေ၏။ နှင်းရေခဲဝံပုလွေက ခုနစ်မီတာခန့် ရှည်လျားကာ ဓားသွားများ စီတန်းထားသည့်ပမာ လက်သည်းများကို ပိုင်ဆိုင်ထားလေသည်။
လက်ရှိအချိန်၌ ယီယွင်က တိုက်ခိုက်ပြီးဆုံးခါစ ခွန်အားများ အသုံးပြုပြီးခါစသာဖြစ်ပြီး မည်သည့်တိုက်ကွက်မျှ မထုတ်ဖော်နိုင်သေးပေ။ နှင်းရေခဲဝံပုလွေ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်လာရချိန်တွင် ယီယွင် လေထဲတွင် ခန္ဓာကိုယ်အား ကျားကုတ်ကျားခဲ ဂျွမ်းထိုလိုက်ရသည်။
တဒင်္ဂလှုပ်ရှားမှု....။
ယီယွင် ပျံသန်းနိုင်ခြင်းမရှိသော်လည်း သူ၏ အနီးဝန်းကျင်တွင် တစ်စုံတစ်ခု ရှိနေပါက တဒင်္ဂလှုပ်ရှားမှုကို ထုတ်သုံးနိုင်လေသည်။ သူ၏လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် မည်သည့်အရာကိုမျှ ထိရန်မလိုအပ်ပေ။
သူ၏ခန္ဓာကိုယ် ဘေးဘက်သို့ ရွေ့လျားသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ဓားမောက်နှင့် ခုတ်ပိုင်းလိုက်လေသည်။
ထန်း...။
တပ်တစ်ထောင်ဓားမောက်က နှင်းရေခဲဝံပုလွေ၏ လက်သည်းများကို ခုတ်ပိုင်းသွားခဲ့သည်။ ယီယွင် ရင်ဘက်တစ်ခုလုံး ထုံကျဥ်သွားသည့်ပမာ ခံစားလိုက်ရ၏။ သူ အားကောင်းသော တိုက်ကွက်ကို ခံယူမိကာ နောက်သို့ဆုတ်ခွာသွားရလေသည်။ ယီယွင် မြေပြင်သို့ ခြေချမိချိန်တွင် ကြမ်းပြင်အား တပ်တစ်ထောင်ဓားမောက်နှင့် ထိုးစိုက်လိုက်သည်။ ပြင်းထန်လှသော သက်ရောက်အားကြောင့် ယီယွင် ခုနစ်မီတာခန့်အထိ တရွတ်ဆွဲပါသွားလေရာ တပ်တစ်ထောင်ဓားမောက်သည် ခရမ်းရောင်အဖြိုက်နက်ပေါ်တွင် မီးပွားများစွာ ဖြစ်ပေါ်သွားစေလေ၏။
ယီယွင် အသက်ပြန်ရှုနိုင်လာချိန်တွင် အမူအရာ ပြောင်းလဲသွားရလေ၏။ သူ ရေခဲလွှာများ၏ အလယ်သို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
သူ၏ စွမ်းအင်မြင်ကွင်းထဲတွင် ရေခဲအလွှာခြောက်ခုက အခြားရေခဲလွှာများထက် ပိုမိုတောက်ပနေကြောင်း မြင်နေရလေ၏။ ၎င်းတို့တွင် စွမ်းအင်ပမာဏများစွာ စုစည်းနေကြပြီး ပေါက်ကွဲတော့မည့် မီးတောင်များပမာ ဖြစ်နေကြသည်။
ယီယွင် များစွာမတွေးတော့ဘဲ အပေါ်သို့ ခုန်တက်သွားလေ၏။ သူ ခုန်မတက်မီတွင် ရေခဲလွှာခြောက်ခု ပြိုင်တူပေါက်ကွဲသွားလေ၏။ ရေခဲအပိုင်းအစများက ယီယွင်ဆီသို့ ရေခဲဓားများပမာ ပြေးဝင်လာလေသည်။
ဝှစ်...ဝှစ်...ဝှစ်...။
ယီယွင် တပ်တစ်ထောင်ဓားမောက်ကို ဝှေ့ယမ်းကာ တစ်ကိုယ်လုံးအား ဓားမောက်အလင်းများ လွှမ်းခြုံစေလိုက်သည်။ တပ်တစ်ထောင်ဓားမောက်က ရေခဲအပိုင်းအစတိုင်းကို ခုတ်ပိုင်းနေသော်လည်း ရေခဲအပိုင်းအစအချို့ကမူ ယီယွင်၏ ချီအကာအကွယ်ကို ထိုးဖောက်ကာ အသားများကို ဖြတ်တောက်လေသည်။
ရုတ်ခြည်းမှာပင် သွေးစက်များ နေရာအနှံ့ ပြန့်ကျဲသွားလေ၏။
ယီယွင် ဒဏ်ရာရသွားချေပြီ။
ပရိတ်သတ်များ အံ့အားသင့်သွားလေ၏။ ပြိုင်ပွဲထဲတွင် ယီယွင် ဒဏ်ရာရသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်လေ၏။
ချူရှောင်းရန်က ကြောက်မက်ဖွယ်ကောင်းလှပြီး သူမ၏ အဆက်မပြတ် တိုက်ခိုက်မှုများက တောက်ပလွန်းလှသည်။
ယခင်က ချူရှောင်းရန်သည် စွမ်းအားအစစ်ကို ထုတ်မပြခဲ့ပေ။ လုံလီနှင့် ရင်ဆိုင်စဥ်ကလည်း သူမ၏ အားအနည်းဆုံး စွမ်းရည်ဖြင့်သာ အောင်ပွဲဆင်ခဲ့သည်။ ချူရှောင်းရန်က အားအနည်းဆုံး စွမ်းရည်ကို တမင်ပြသခဲ့ခြင်း မဟုတ်ပေ။ သူမသာ ရေခဲဥပဒေသနှင့် ရှုထောင့်ပုံရိပ်တို့ကို အသုံးပြုခဲ့လျှင် တိုက်ခိုက်မှုများက မုန်တိုင်းပမာ ဖြစ်သွားပေလိမ့်မည်။ လုံလီကဲ့သို့ လူတစ်ဦးအဖို့ ၎င်းအရာကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ထို့အခိုက် လူအများ တုန့်ပြန်နိုင်ခြင်းမရှိမီတွင် ချူရှောင်းရန်က လေထံတွင် နှင်းစိတ်ဝိညာဥ်တစ်ကောင်ပမာ ပျံသန်းသွားလေ၏။
ချူရှောင်းရန်က ဒုတိယတိုက်ကွက် စတင်ခဲ့လေ၏။ သူမက ရပ်နားခြင်းမရှိဘဲ တိုက်ကွက်များ တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်နေလေ၏။ စင်မြင့်ပေါ်မှ ယီယွင်အား ဆိုမထားနှင့် ဘေးဘက်မှ ပရိတ်သတ်များသည်ပင် အသက်မရှုနိုင် ဖြစ်နေကြရလေ၏။
ချူရှောင်းရန် ဓားဖြင့်ခုတ်လိုက်ရာ ဓားအလင်းသည် သမုဒ္ဒရာမုန်တိုင်းပမာ ထွက်ပေါ်လာလေ၏။
လက်ရှိအချိန်၌ ချူရှောင်းရန်၏ မျက်လုံးအရောင်က ရေခဲပြာရောင် ဖြစ်နေလေ၏။
ချူရှောင်းရန် ဓားဖြင့်ခုတ်လိုက်ရာ ကျောဘက်မှ ရေခဲလွှာခြောက်ခု ပေါက်ကွဲသွားလေသည်။ ရေခဲအပိုင်းအစများက ချူရှောင်းရန်၏ ဓား၏စေစားရာအတိုင်း ယီယွင်ဆီသို့ ပျံသန်းသွားလေ၏။
တစ်ချိန်တည်းမှာပင် ချူရှောင်းရန်၏ ကျောဘက်မှ နှင်းရေခဲဝံပုလွေက ဟိန်းဟောက်လိုက်ပြီး ဓားထဲသို့ ဝင်ရောက်သွားကာ ဓားဝိညာဥ် ဖြစ်လာသည်။ ၎င်းနှင့် ရေခဲအပိုင်းအစများ အတူပေါင်းစည်းမှုသည် ချူရှောင်းရန်၏ အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်လေ၏။
" မိုးပြာရောင် ဆီးနှင်းသမုဒ္ဒရာ ၊ ပေါ်ပင်အလှ "
ချူရှောင်းရန်က ကဗျာတစ်ပုဒ် ရွတ်ဆိုသည့်အလားပင် စာသားများ ရွတ်ဆိုလိုက်သည်။
ထိုတိုက်ခိုက်မှုက အချိန်များကို ရပ်တန့်သွားစေသည့်အလားပင်။ လူအများ၏ အမူအရာများလည်း အေးခဲနေသည့်ပမာ ဖြစ်နေလေ၏။
ချူရှောင်းရန်၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး နက်နဲသိမ်မွေ့လွန်းလှသည်။ ထိုစွမ်းအား ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကိုပင် လှုပ်ခါပစ်နိုင်၏။
မုန်တိုင်းပမာကဲ့သို့ အပြာရောင်ဓားအလင်း တိုးဝင်လာသည်ကို ကြည့်နေရင်းဖြင့် ယီယွင် သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။
လက်ရှိတွင် ယီယွင်၏စိတ်က ရေပမာပင် တည်ငြိမ်နေလေ၏။ သူ၏ညာလက်က တပ်တစ်ထောင်ဓားမောက်၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားပြီး ဓားမောက်ထဲသို့ စိတ်ဝိညာဥ်စွမ်းအင်များ ဖြည့်သွင်းပေးနေသည်။
ဓားမောက်အမှန်တရား ၃၂ လုံးမြောက်စကားလုံး ၊ ဓားမောက်ရဲ့ အနှစ်သာရက သတ်ဖြတ်ခြင်း...။
စက္ကန့်ဝက်အတွင်းမှာပင် ယီယွင်၏ကျောဘက်၌ အလောင်းတောင်နှင့် သွေးပင်လယ်တစ်ခု ပေါ်လာသည့်အလားပင်။
အသူရာငရဲ...။
သွေး၏အရောင်အသွေးများ အေးစက်သော သတ်ဖြတ်လိုစိတ်ပမာပင် ဘေးပတ်လည်အား စတင်ပျံ့နှံ့သွားကာ ပိတ်လှောင်လာခဲ့သည်။
ဓားမောက်သင်္ချိုင်း၏ ပိုင်ရှင်ဖြစ်သူက ဓားမောက်အမှန်တရားအပေါ် သိမြင်မှုများ ရရှိခဲ့ချိန်က မြောက်မြားစွာသော တိုက်ပွဲများကို ဖြတ်ကျော်ကာ မရေမတွက်နိုင်လောက်သော လူပမာဏကို သတ်ဖြတ်ခဲ့ရလေသည်။
စစ်မှန်သည့် ဓားမောက်အမှန်တရားကို စာအုပ်ပေါ်တွင် ချရေးပြ၍မရလေဘဲ အသူရာငရဲ၏ သွေးပင်လယ်ထဲတွင်သာ မှတ်ကျောက်တင်နိုင်သည့် အရာတစ်ခု ဖြစ်လေသည်။
စစ်မှန်သော ဓားမောက်လမ်းစဥ်က အရာအားလုံးကို သတ်ဖြတ်ပစ်ရန် အနိုင်မခံအရှုံးမပေးစိတ်ဖြင့် ရှေ့သို့ချီတက်ခြင်း ဖြစ်လေ၏။
ထိုတိုက်ကွက်သည် ယီယွင် ဓားမောက်သင်္ချိုင်းထဲတွင် သင်ယူခဲ့သည့် အစွမ်းအထက်ဆုံး တိုက်ကွက်တစ်ခု ဖြစ်လေ၏။
သူ ဓားမောက်ဖြင့် ခုတ်လိုက်ချိန်၌ တစ်လောကလုံးတွင် အရာအားလုံး ပျောက်ကွယ်သွားပြီး သွေးနီရောင် ဓားအလင်းသာ ကျန်ရစ်ခဲ့ကာ စင်မြင့်ကို ပိုင်းဖြတ်တော့မည့်အလားပင်။
ဒါဘာလဲ...။
ယီယွင် ခုတ်ချလိုက်ချိန်တွင် ခန်းယန်နှင့် ကျန်းကဲ့တို့ နက်နဲစွာပင် တုန်လှုပ်သွားရ၏။ ခန်းယန်က ထိုင်ခုံမှပင် ထရပ်မိသွားခဲ့သည်။
ဒီကောင်လေး။
ခန်းယန်၏မျက်ဝန်းများ တောက်ပနေသည်။ ချူရှောင်းရန်က ယွမ်မတိုင်မီပုံရိပ်ကိုနှင့် ရေခဲဥပဒေသတို့ကို ထုတ်ဖော်ခဲ့ချိန်တွင် ခန်းယန်နှင့် ကျန်းကဲ့တို့က အသိအမှတ်ပြုရုံမျှသာ ရှိခဲ့လေသည်။ ယခုကဲ့သို့ တုန်လှုပ်ခြင်းမျိုး မဖြစ်ခဲ့ပေ။
ယီယွင်၏ ဓားမောက်နှင့် ချူရှောင်းရန်၏ ဓားတို့ ထပ်မံကာ ဆုံတွေ့လေ၏။
ဓားမောက်က ဧကရာဇ်တစ်ပါးပမာ ဖြစ်၏။
ဓားက အာဏာရှင်တစ်ဦးပမာ ဖြစ်၏။
ဘုန်း...။
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ပြိုင်ကွင်းတစ်ခုလုံးသို့ ရိုက်ခတ်သွားလေသည်။
ဖောင်း...ဖောင်း...။
ရေခဲအပိုင်းအစများက ယီယွင်၏ အကာအကွယ်ယွမ်ချီကို ထိုးဖောက်သွားလေ၏။
နှင်းရေခဲဝံပုလွေ ဖွဲ့စည်းထားသည့် ပျက်စီးခြင်းစွမ်းအင်များကလည်း ယီယွင်၏ ခန္ဓာကိုယ်နှင့် သွေးကြောများထဲသို့ ကြမ်းတမ်းစွာ ထိုးဝင်သွားကြသည်။
ယီယွင်သည်ပင် သွေးများ ယာယီအေးခဲသွားသည်ဟု ခံစားလိုက်ရလေ၏။ သူ အအေးချီများ အရည်ပျော်သွားစေရန် သန့်စင်သော ယန်ချီများကို လျင်မြန်လည်ပတ်စေသည့်တိုင်အောင် သွေးစီးဆင်းမှုများ ဗြောင်းဆန်နေသည်ဟု ခံစားနေရဆဲပင်။
သူ ထပ်မံကာ ဒဏ်ရာရသွားခဲ့သည်။ ချူရှောင်းရန်၏ ခြိမ်းခြောက်နိုင်စွမ်းကို သူ ရှင်းလင်းစွာပင် ခံစားမိသွားခဲ့သည်။ သူမက ခွန်အားတွင်သာမက တိုက်ပွဲဗျူဟာ ၊ နည်းစနစ်နှင့် ဥပဒေသများတွင်လည်း အားကောင်းလှချေသည်။
ယီယွင် ဓားမောက်အမှန်တရား ၃၂ လုံးမြောက်စကားလုံး၏ သတ်ကွက်များကို ထိုးထွင်းသိမြင်ခဲ့ချိန်တွင် တိုက်ခိုက်ရေးစွမ်းရည်အရာ၌ ချူရှောင်းရန်ထက် အားနည်းခြင်းမရှိတော့ပေ။ သို့သော် နည်းစနစ်ပိုင်းတွင်မူ သူမက သူ့အား တိုက်ခိုက်မှုများနှင့် လွှမ်းမိုးထားနိုင်လေ၏။ သူ နှင်းရေခဲဝံပုလွေ၏ တိုက်ခိုက်မှုကို ခုခံပြီးချိန်တွင် ပိတ်မိနေလိမ့်မည်ဟုပင် သူမက ခန့်မှန်းထားခဲ့သည်။ သူမက ယီယွင် ခြေချမိမည့်အချိန်ကို ကြိုတွေးထားကာ ရေခဲလွှာခြောက်ခုတွင် စွမ်းအားများပင် စုဆောင်းထားခဲ့သည်။
ပထမတိုက်ခိုက်မှုနှင့် နှင်းရေခဲဝံပုလွေတို့၏ တရဆက်တိုက်ခိုက်ပြီး ရေခဲလွှာပေါက်ကွဲမှုများ လိုက်ပါလာပြီး ချူရှောင်းရန်၏ ပွဲသိမ်းတိုက်ကွက်ပါ ဝင်လာခဲ့သည်။ ထိုတိုက်ခိုက်မှုက ချူရှောင်းရန်၏ အသေသတ်တိုက်ကွက်အစစ် ဖြစ်လေ၏။
တိုက်ခိုက်မှုတစ်ခုအတွက် ထိုကဲ့သို့ တွက်ချက်မှုမျိုးက မယုံကြည်နိုင်လောက်စရာဖြစ်ပြီး ချူရှောင်းရန်က အသက် ၁၃ နှစ်မျှသာ ရှိနေသေးချေသည်။