အနိုင်နှင့်အရှုံး
Vol. 17 Ch. 244
ယီယွင်နှင့် ချူရှောင်းရန်တို့၏ တိုက်ပွဲကို ကြည့်နေကြသူများမှာ မည်သို့ဖော်ပြရမည်ကို မသိတော့ဘဲ ပြောစရာမဲ့နေကြရလေ၏။
လူပေါင်းထောင်ချီကာ ဝင်ဆံ့သော ပြိုင်ကွင်းတစ်ခုလုံး ငြိမ်သက်နေလေပြီး အပ်ကျသံကိုပင် ကြားရနိုင်လောက်သည်။
သူတို့အားလုံးက လက်ရွေးစင်များ ဖြစ်ကြသော်လည်း သူတို့ကိုယ်သူတို့အား ယီယွင် ၊ ချူရှောင်းရန်တို့နှင့် နှိုင်းယှဥ်မိလိုက်ချိန်တွင်မူ ကွာဟချက် ကြီးမားလှသည်ဟု ခံစားကြရသည်။ ထိုနှစ်ဦး၏ရှေ့တွင် သူတို့ကိုယ်သူတို့အား လက်ရွေးစင်များဟုပင် သမုတ်ရဲခြင်းမရှိပေ။ သူတို့က သာမန်လူများနှင့် ပိုတူနေသည်ဟု ခံစားကြရသည်။
" ချူရှောင်းရန်က ကြောက်ဖို့ကောင်းတယ်။ သူ့ရဲ့စွမ်းအားတွေကို အများကြီး ဖုံးကွယ်ထားတာက အံ့ဩစရာပဲ။ သူ့မှာ ပြောင်မြောက်တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေရုံတင်မကဘူး ယွမ်မတိုင်မီပုံရိပ်ကိုလည်း ထုတ်ဖော်နိုင်နေသေးတယ်။ သူက တိုက်ပွဲဗျူဟာကိုလည်း ကောင်းကောင်းအကွက်ချနိုင်သေးတယ်။ သူက ယီယွင်ကို ချောင်ပိတ်မိအောင် လုပ်နိုင်လုနီးပါးပဲ "
" ယီယွင်ကလည်း ရယ်စရာကောင်းလောက်အောင်ကို အားကောင်းတယ်။ ဒီလို တိုက်ကွက်တွဲလုံးတွေကို ခံရပြီးလို့ ဒီကောင် ဒဏ်ရာရနေခဲ့တာတောင်မှ ချူရှောင်းရန်ရဲ့ ပွဲသိမ်းတိုက်ကွက်ကို ရင်ဆိုင်နိုင်နေသေးတယ် "
လက်ရှိတွင် ယီယွင် စင်မြင့်အလယ်၌ ရှိနေလေပြီး ခန္ဓာကိုယ်တွင် သွေးစွန်းဒဏ်ရာများ ပြည့်နေလေသည်။ ယီယွင်၏ သွေးများက မူမမှန်ဖြစ်နေသည်မှာ မြင်သာလေ၏။ ၎င်းက ချူရှောင်းရန်၏ အအေးချီများ ယီယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းကြောင့်သာ ဖြစ်ဖို့များလေသည်။
ယှဥ်ကြည့်မည်ဆိုလျှင် ချူရှောင်းရန် ဆံပင်များ အနည်းငယ်ရှုပ်ပွနေပြီး အဝတ်များ အနည်းအကျဥ်းခန့် စုတ်ပြဲနေသည်မှလွဲ၍ လုံးဝပင် ဒဏ်ရာမရပေ။ ယီယွင်၏ နောက်ဆုံးတိုက်ကွက်ဖြစ်သည့် " ဓားမောက်ရဲ့ အနှစ်သာရက သတ်ဖြတ်ခြင်း " ကို ချူရှောင်းရန်၏ " မိုးပြာရောင် ဆီးနှင်းသမုဒ္ဒရာ ၊ ပေါ်ပင်အလှ " က ဖိနှိမ်သွားခဲ့သည်။
နောက်ဆုံးတိုက်ကွက်တွင် ချူရှောင်းရန်က လုံးဝပင် အသာစီးရှိနေခဲ့လေ၏။
ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုက နက်နဲသိမ်မွေ့လှပြီး ယီယွင်အား ဓားမောက်အမှန်တရားနှင့် ထိတွေ့မိသည့် ပါရမီရှင်တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့သော်လည်း ယီယွင်အဖို့ ဓားမောက်အမှန်တရားတွင် ထိုးထွင်းသိမြင်မှုများ ထပ်မံရရှိလာအောင် လုပ်ဆောင်ရန်အတွက် အချိန်မရှိခဲ့ပေ။
ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုက မိုးကောင်းကင်အား မည်မျှပင်ဖီဆန်နေပါစေ လက်ရှိတွင် ယီယွင် ထိုးထွင်းသိမြင်ထားသည်မှာ နည်းလွန်းနေသေးလေ၏။ သူ၏ ဓားမောက်သိုင်းကွက်က ချူရှောင်းရန်၏ နောက်ဆုံးတိုက်ကွက်ကဲ့သို့ အစွမ်းထက်ခြင်း မရှိခဲ့ပေ။
" ယီယွင်က ချူရှောင်းရန်ကို ရှုံးတော့မှာလား "
ဤအခြေအနေအရ ချူရှောင်းရန်က အရေးသာနေသည်မှာ ရှင်းလင်းလှသည်။ ယီယွင်ကမူ ဒဏ်ရာရထားလေပြီး ချူရှောင်းရန်၏ ရေခဲအစီအရင်ထဲ၌ ရပ်နေဆဲပင်။
လူအများသည် ချူရှောင်းရန်၏ တရဆက်တိုက်ကွက်များက ယီယွင်အား အနိုင်ယူသွားမည်လော သို့မဟုတ် ယီယွင်က အခြေအနေကို ပြောင်းပြန်လှန်ပစ်ကာ တန်ပြန်တိုက်ခိုက်ပြီး အောင်ပွဲဆင်နိုင်မည်လောကို စောင့်ကြည့်နေကြလေ၏။
လူအများ မျှော်လင့်နေကြစဥ်မှာပင် မည်သူမျှ ထင်မထားသည့်အရာ ဖြစ်လာခဲ့သည်။
ရုတ်တရက်ပင် ချူရှောင်းရန်က ဒိုင်ကိုလှည့်ကြည့်ကာ သက်ပြင်းချလိုက်ပြီး... " ကျွန်မ အရှုံးပေးပါတယ် "
ဘယ်လို...။
ပရိတ်သတ်အားလုံး ကြောင်အသွားကြလေ၏။ ချူရှောင်းရန်က အရှုံးပေးလိုက်တာလား။
သူမက အရေးသာနေသည်မှာ အရှင်းသားပင်။ သူမ၏ နောက်ဆုံးတိုက်ကွက်တွင် ယီယွင်ကို အပြည့်အဝပင် လွှမ်းမိုးထားနိုင်ခဲ့သည်။ အဘယ့်ကြောင့် သူမက အရှုံးပေးခဲ့ရလေသနည်း။
ချူရှောင်းရန်က ရှင်းပြမနေပဲ စင်မြင့်ပေါ်မှ ထွက်သွားခဲ့လေသည်။ သူမ စင်မြင့်ပေါ်မှ ဆင်းတော့မည့်အချိန်တွင် ယီယွင်အား လှည့်ကြည့်လိုက်သည်။
" ဒီနေ့ ငါ ရှုံးခဲ့ရတာက ငါ့ရဲ့မကျွမ်းကျင်သေးတဲ့ သိုင်းပညာကြောင့်ပဲ။ အနာဂတ်မှာ ငါ ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းပြီးသွားခဲ့ပြီး ရေခဲတောအုပ်အစီအရင်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားချိန်ကျရင် ငါ နင်နဲ့ တစ်ခေါက်ထပ်ပြီး တိုက်ခိုက်မယ် " ချူရှောင်းရန်က ပြောပြီးသည်နှင့် ပြိုင်ကွင်းထွက်ပေါက်ဆီသို့ ဦးတည်လိုက်လေသည်။
လူအများ တုန်လှုပ်နေကြ၏။ မည်သို့ ဖြစ်ကုန်ကြလေသနည်း။ ချူရှောင်းရန်က မည်သည့်ကဏ္ဍတွင် ရှုံးသွားခဲ့လေသနည်း။ သူမက အဘယ့်ကြောင့် အရှုံးပေးခဲ့ရလေသနည်း။
နောက်ဆုံးတိုက်ခိုက်မှုတွင် သူတို့ နားမလည်သည့်အရာ ရှိနေလေသလော။ ဥပမာဆိုရသော် ယီယွင်က ချူရှောင်းရန်၏ အသက်ကို နုတ်ယူနိုင်ရန် အခွင့်အရေးရရှိခဲ့သော်လည်း လူမသတ်ရစည်းမျဥ်းကြောင့် မလုပ်ခဲ့လေသလော။ သို့မဟုတ် ယီယွင်က အမျိုးသမီးများကို သက်ညှာလေသောကြောင့် သူ၏ဓားသွားကို တမင်ပင် ထိန်းထားခဲ့လေသလော။
လူအများ စတင်ကာ တွက်ချက်ကြည့်ကြလေ၏။
ယီယွင်နှင့် ချူရှောင်းရန်တို့၏ စွမ်းအားများက ပရိတ်သတ်အများစုထက် သာလွန်လေသည်။ တိုက်ပွဲ၏ တိကျသေချာသော ရှုထောင့်ကဏ္ဍများကို သူတို့ နားမလည်သည်မှာ ပုံမှန်သာဖြစ်လေ၏။
အဆိုပါ ခန့်မှန်းချက်များကို လူတစ်ဦးက သဘောမတူကြပေ။ ထိုသူက မြေအဆင့်တွင် အဆင့်တစ်ထောင်အတွင်းမှ နှစ်ကြီးသမားတစ်ဦး ဖြစ်လေ၏။
" အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး "
ထိုသူက ခေါင်းယမ်းကာ..." အဲ့ဒါက သက်လုံအားကြောင့်ပဲ။ ချူရှောင်းရန်က နောက်ဆုံးတိုက်ကွက်မှာ ယွမ်ချီအားလုံးကို ထည့်သွင်းခဲ့ရတယ်။ အဲ့ဒါက သူ့ရဲ့ လူသတ်တိုက်ကွက်နဲ့ တစ်ခုတည်းသော တိုက်ခိုက်မှုပဲ။ တိုက်ကွက်ရဲ့စွမ်းအားက အရမ်းအားကောင်းပြီးတော့ တိုက်ကွက်ထဲမှာ သိမြင်နားလည်မှုမြင့်မားတဲ့ ဥပဒေသတွေ ပါဝင်နေပေမဲ့ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးပဲဖြစ်နေသေးတဲ့ သူက ယွမ်အုတ်မြစ်ချနယ်ပယ် ရှုထောင့်ပုံရိပ်ကို အသုံးပြုခဲ့တယ်။ ဒါဟာ သူ့ရဲ့ ယွမ်ချီတွေကို ကြီးကြီးမားမား ကုန်ခမ်းသွားစေတယ်။ သူ့ရဲ့စွမ်းအားတွေကို ထပ်တိုးပေးနိုင်တဲ့ ရေခဲတောအုပ်ကို ထုတ်ဖော်ခဲ့ရုံတင်မကဘူး ယွမ်ချီတွေကိုလည်း ပိုပြီးအသုံးပြုခဲ့တယ် "
" အဲ့ဒီနည်းစနစ်တွေကို အသုံးပြုပြီးတဲ့နောက်မှာ ချူရှောင်းရန်က အဲ့ဒါကို နှစ်ကြိမ်သုံးနိုင်ခဲ့တာကတင် ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်နေပြီးပြီ။ ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့အကန့်အသတ်ပဲ။ ချူရှောင်းရန်က ဒီသိုင်းကွက်ကို သင်ထားတာ မကြာသေးလောက်တာပဲ ဖြစ်ရမယ်။ ဒါကြောင့် သူ ဒီသိုင်းကွက်ကို ထုတ်သုံးတာမှာ အကန့်အသတ်တွေ များနေရတာပဲ "
ထိုသူ၏ရှင်းပြချက်ကြောင့် လူအများ ငေးငိုင်သွားရသည်။
သက်လုံအားကြောင့်လား။
၎င်းက အဓိပ္ပါယ်ရှိသည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်မျိုးက အဖန်တလဲလဲ အသုံးပြုနိုင်သည့် အရာမျိုး မဟုတ်ချေ။
" ဒါပေမဲ့ ယီယွင်လည်း ယွမ်ချီတွေ ကုန်ခမ်းသင့်တာပဲလေ။ ချူရှောင်းရန်က သက်လုံအားတွေ အများကြီးသုံးထားတယ်ဆိုတော့ ယီယွင်မှာလည်း သက်လုံးအားတွေ အများကြီးကျန်နေဖို့ အကြောင်းမရှိဘူး "
" တကယ်တော့ အဲ့ဒါက အကြောင်းအရင်းရှိတယ် " ထိုသူက ယီယွင်ကိုကြည့်ကာ တစ်ခဏမျှ တွေးတောပြီးနောက် ရှင်းပြလိုက်သည်..." တိုက်ပွဲစကတည်းက ယီယွင်က အချိန်အများစုမှာ ရှောင်တိမ်းနေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ စွမ်းအင်ကုန်ခမ်းမှုက ချူရှောင်းရန်ထက် အများကြီး ပိုနည်းတယ်။ ပြီးတော့ ယီယွင် တိုက်ခိုက်ရေးစွမ်းရည်ကို တိုးပွားလာစေနိုင်တဲ့ ဘယ်သိုင်းကွက်ကိုမှ မသုံးခဲ့တာကြောင့် သူ့မှာ ချူရှောင်းရန်ထက် ယွမ်ချီတွေ ပိုများတယ်။ ချူရှောင်းရန်က အဲ့ဒါကို သိမြင်သွားပြီး ဆက်မတိုက်နိုင်တော့ဘူးလို့ ခံစားမိသွားတာကြောင့် အရှုံးပေးသွားတာပဲ ဖြစ်ရမယ် "
ထိုသူ၏ရှင်းပြချက်ကြောင့် လူတိုင်း နားလည်သွားကြလေ၏။ သက်လုံအားက ယီယွင်ကို အောင်ပွဲဆင်နိုင်ခဲ့စေခဲ့သည်။ နောက်ဆုံးတိုက်ကွက်တွင် ယီယွင်က များစွာရှုံးခဲ့သော်လည်း သက်လုံအားအရာတွင် အနိုင်ရသွားခဲ့သည်။
သက်လုံအားက လူတစ်ဦး၏ ခွန်အားအစိတ်အပိုင်းတစ်ခု ဖြစ်လေ၏။ သို့သော် ဥပဒေသများနှင့်အယူအများကို နားလည်သိမြင်မှု ၊ သင်ကြားထားခဲ့သည့် ကျင့်စဥ်နည်းစနစ်များကို ယှဥ်မည်ဆိုပါက သက်လုံးအားသည် ဒုတိယနေရာ၌သာ ရှိလေ၏။။
အကြောင်းကမူ လူတစ်ဦး ကျင့်ကြံမှုမြင့်မားလာလျှင် ယွမ်ချီများ ထူထဲလာမည်ဖြစ်ပြီး သက်လုံအားသည်လည်း တိုးလာပေလိမ့်မည်။
သို့သော် ဥပဒေသများနှင့် အယူအဆများကို နားလည်သဘောပေါက်ခြင်းနှင့် ကျင့်စဥ်နည်းစနစ်များကို တတ်မြောက်ခြင်းကမူ ကွဲပြားလေသည်။ ၎င်းတို့က လူတစ်ဦး၏ အခြေခံအုတ်မြစ်များ ဖြစ်လေ၏။ ၎င်းတို့က လူတစ်ဦး၏ အနာဂတ် သိုင်းပညာလမ်းစဥ် ပေါက်ရောက်မှုကို ကိုယ်စားပြုလေသည်။ လူတစ်ဦး၏ ပါရမီအဆင့်ကို ၎င်းအရာများနှင့်သာ ဆုံးဖြတ်ကြလေ၏။
ပါရမီကောင်းသည့် ချူရှောင်းရန်တွင် ဥပဒေသများနှင့် ရှုထောင့်ပုံရိပ်တို့ ရှိလေခြင်းကြောင့် လူအများက သူမကို ကြောက်လန့်ကြလေသည်။
" ချူရှောင်းရန်က ဒီသိုင်းကွက်ကို သင်ယူပြီးခါစပဲရှိသေးလို့ မကျေညက်သေးတာကြောင့် အရေးမသာဖြစ်ခဲ့ရတာပဲ။ အနာဂတ်မှာ သူ ကျင့်ကြံမှုမြင့်မားလာပြီးတော့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင်လုပ်ပြီး ဥပဒေသတွေကို နားလည်မှုမြင့်မားလာချိန်ကျရင် သူ ယီယွင်နဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ရလဒ်က အကြီးအကျယ်ကို ကွာခြားသွားမှာပဲ " တစ်စုံတစ်ယောက်က ဆိုလိုက်သည်။
" အဲ့ဒါက ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ ယီယွင်ကလည်း မဆိုးလှပါဘူး။ သူက ဥပဒေသတွေကို နားလည်တာ မများသလို ရှုထောင့်ပုံရိပ်ကိုလည်း မဖော်နိုင်သေးဘူးဆိုပေမဲ့ သူ့ရဲ့ဓားမောက်က ကြောက်ဖို့ကောင်းနေတုန်းပဲ။ သူက ဓားမောက်တစ်ချောင်းနဲ့တင် အရာအားလုံးကို ခုတ်ပိုင်းပစ်နိုင်တယ် "
တပ်သားသစ်ပြိုင်ပွဲတွင် ယီယွင်က ဓားမောက်ဖြင့် အကြိမ်အနည်းငယ်ခန့်သာ ခုတ်ပိုင်းခဲ့သည်။ သို့သော် ခုတ်ချက်တိုင်းက လူများစွာ၏ နှလုံးသားများကို တုန်ယင်စေခဲ့လေ၏။
လူတိုင်းက ထိုအရာကို သဘောတူကြသည်။ သို့သော် တစ်ယောက်က ခေါင်းယမ်းကာ... " ဓားမောက်အမှန်တရားဆိုတာ အသေသတ်တိုက်ကွက်တစ်ခုပါပဲ။ ဓားမောက်အမှန်တရားက အားကောင်းပြီးတော့ လူတစ်ဦးကို ရက်ရက်စက်စက် သတ်နိုင်တယ်ဆိုပေမဲ့ အသေသတ်တိုက်ကွက်လေးက လူတစ်ဦးရဲ့ ကျင့်စဥ်နည်းစနစ်တွေနဲ့ အယူအဆတွေကိုတော့ ယှဥ်လို့မရဘူး။ အဲ့ဒါက စစ်သည်တစ်ဦးရဲ့ အခြေခံအုတ်မြစ် မဟုတ်ဘူး "
" ယီယွင်သာ အခြားကဏ္ဍတွေမှာ အထင်ကြီးစရာမရှိရင်တော့ သူ့ကို အခြားကျင့်ကြံသူတွေက သူ့ကို လိုက်မီလာမှာပဲ။ သူ့ရဲ့ ဓားမောက်သိုင်း တစ်ခုတည်းနဲ့တော့ တိုင်အာနတ်မြို့မှာ အကြာကြီးရပ်တည်နိုင်မှာ မဟုတ်ဘူး "
" နှစ်ကြီးသမားတွေထဲမှာဆိုရင် ဓားလမ်းစဥ်မှာ ထူးချွန်တဲ့ ချင်ဟောင်ထျန်းက ဓားတစ်ခုတည်းအပေါ်မှာ အပြည့်အဝ မှီခိုမနေဘူး " နှစ်ကြီးသမားတစ်ဦးက ဆိုလိုက်သည်။
တိုင်အာနတ်မြို့တွင် လူအများက သိုင်းပညာများထက် ကျင့်စဥ်များကိုသာ အလေးပိုပေးကြသည်။ အကြောင်းကမူ ကျင့်စဥ်နည်းစနစ်များကသာ လူတစ်ဦးအား ခရီးဝေးလံစွာ ပို့ဆောင်ပေးနိုင်လေသောကြောင့်ပင်။ သိုင်းပညာများကမူ အဆင့်တူများအကြားတွင်သာ ထင်ပေါ်စေနိုင်လေသည်။ လူတစ်ဦးက ကျင့်ကြံမှုအဆင့်ကို မြင့်တင်နိုင်ခြင်းမရှိလျှင် သိုင်းပညာရပ်များ မည်မျှပင် အားကောင်းနေပါစေ အနာဂတ်တွင် ပညာရှိတစ်ပါး ဖြစ်လာနိုင်မည် မဟုတ်တော့လေဘဲ အခြားသူများထက် သက်တမ်းတိုသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သိုင်းပညာရပ်များက အဘယ့်အတွက် အရေးထားနေပါမည်နည်း။
၎င်းသည် လူအများ နားလည်ထားကြသည့်အရာ ဖြစ်လေ၏။
ယီယွင်၏ ဓားမောက်သိုင်းက အားကောင်းသည်ဖြစ်ပြီး ချူရှောင်းရန်က ဥပဒေသများနှင့် ရှုထောင့်ပုံရိပ်တွင် တော်သည်။ သို့သော် လူအများကမူ ချူရှောင်းရန်၏ အနာဂတ်ကိုသာ ပိုမိုကာ အကောင်းမြင်ကြလေ၏။
လေးနှစ်တာကာလတွင် ကောင်းကင်အဆင့်နှင့် မြေအဆင့်များတွင် ချူရှောင်းရန်က ပထမနေရာကို ရသွားနိုင်လောက်လေ၏။
သူမ ယီယွင်နှင့် နောက်ဆုံးတိုက်ခိုက်မှုတွင်ပင် သူမက အရှုံးနှင့်မထိုက်တန်ဟု လူအများ ခံစားကြရသည်။ နောက်ဆုံးတိုက်ကွက်တွင် ချူရှောင်းရန်က လုံးဝပင် အသားစီးရှိနေခဲ့၏။ ချူရှောင်းရန်၏ တိုက်ကွက်တွဲလုံးများနှင့် ရေခဲတောအုပ်အစီအရင်တို့ကလဲ မှင်တက်မိဖွယ်ရာပင်။ သူမက သက်လုံအား ချို့တဲ့ခြင်းကြောင့်သာ ရှုံးခဲ့ရခြင်းဖြစ်လေ၏။
.....................................
တပ်သားသစ်ပြိုင်ပွဲ ဒုတိယမြောက် နောက်ဆုံးနေ့ ပြိုင်ပွဲများ အဆုံးသတ်သွားခဲ့သည်။ လူများစွာက ထွက်ခွာရန်ပြင်လိုက်ကြသော်လည်း အကြီးအကဲနှစ်ဦး ရှိနေသေးသည်ကို မြင်တွေ့သွားကာ အကြီးအကဲနှစ်ဦးကို အရင်ထွက်ခွာစေသည်က ပိုမိုယဥ်ကျေးရာကျမည်ဟု ခံစားမိလိုက်ကြသည်။
ဂုဏ်သရေမြင့်ထိုင်ခုံများပေါ်မှ ကျန်းကဲ့နှင့် ခန်းယန်တို့ကမူ ထွက်ခွာမည့်ဟန် မပြကြပေ။
ကျန်းကဲ့က အနည်းငယ် ခေါင်းစိုက်နေကာ အတွေးနက်နေဟန်ရှိပြီး ခန်းယန်ကမူ မုတ်ဆိတ်မွေးအား သပ်နေလေ၏။ သူ၏မျက်ဝန်းသည် ဟိုဟိုသည်သည် ရွေ့လျားနေလျက်ရှိပြီး သူ မည်သည့်အရာအား စဥ်းစားနေကြောင်းကို မှန်းဆ၍မရပေ။
ယီယွင်၏ နောက်ဆုံးတိုက်ကွက်အား ချူရှောင်းရန်၏ဓားက ဖိနှိမ်ပစ်ခဲ့သည့်တိုင်အောင် ထိုတိုက်ကွက်က သူတို့အား ကြီးစွာတုန်လှုပ်စေဆဲပင်။
ပြိုင်ကွင်းထဲမှ တပ်သားသစ်များနှင့် နှစ်ကြီးသမားများ ထိုတိုက်ကွက်၏ ခမ်းနားကြီးကျယ်မှုကို မသိကြပေ။ ဥပဒေထိန်းအချို့ပင် ဝိုးတဝါးမျှသာ နားလည်ကြသည်။
သို့သော် ကျန်းကဲ့နှင့် ခန်းယန်တို့ကမူ ကောင်းစွာပင် သိကြလေ၏။ ထိုတိုက်ကွက်တစ်ခုက ယီယွင်၏ သိုင်းပညာလမ်းကြောင်းကို ဖွင့်ပေးခဲ့သည်ဟုဆိုလျှင် ချဲ့ကားရာမကျပေ။
ကျင့်ကြံသူများစွာတို့က ဂုဏ်သရေရှိထိုင်ခုံများဆီသို့ လှမ်းကြည့်နေကြသည်။ အကြီးအကဲနှစ်ဦးက အဘယ့်ကြောင့် ထိုနေရာ၌ ဆက်ထိုင်နေကြသည်ကို သူတို့ မသိကြပေ။ အကြီးအကဲနှစ်ဦးက တိုက်ပွဲအား သုံးသပ်ချက်ပေးမည်လော။
သို့သော် အတန်ကြာအောင် စောင့်ပြီးသည့်တိုင်အောင် အကြီးအကဲနှစ်ဦးက ထွက်ခွာမည့်ဟန် မရှိလေသောကြောင့် လူအများအဖို့ ထွက်ခွာမည်လော သို့မဟုတ် ဆက်ထိုင်နေမည်လောကို ဆုံးဖြတ်ကြရုံသာ ရှိတော့လေသည်။
" တပ်သားသစ်ပြိုင်ပွဲက စောစောပြီးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီနှစ် တပ်သားသစ်ပြိုင်ပွဲက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ် "
" တပ်သားသစ်ပြိုင်ပွဲက ပြီးသွားတယ်ဆိုပေမဲ့ မနက်ဖြန်တစ်ရက် ကျန်နေသေးတယ်။ မင်း ဆက်ကြည့်ဖို့ စီစဥ်ထားလား "
" မကြည့်တော့ပါဘူး။ ယီယွင်နဲ့ ချူရှောင်းရန်က တိုက်ခိုက်ပြီးပြီဆိုတော့ အဆင့်သတ်မှတ်ချက်မှာ မျှော်လင့်စရာမရှိတော့ဘူး။ ဒါပေမဲ့ ချူရှောင်းရန်နဲ့ ယီယွင်က အဆင့်ပိုမြင့်တဲ့ နှစ်ကြီးသမားတွေကို စိန်ခေါ်နိုင်လောက်လား "
တပ်သားသစ်ပြိုင်ပွဲ၏ စည်းမျဥ်းများအရ တပ်သားသစ်များ တစ်ဦးနှင့်တစ်ဦး ယှဥ်ပြိုင်ပြီးလျှင် အနိုင်ရရှိသူက ရှုံးနိမ့်သူထက် အဆင့်ပိုသာပေလိမ့်မည်။ နောက်တစ်နေ့တွင် ချူရှောင်းရန်က မြေအဆင့်မှ သူများကို အနိုင်ယူခဲ့လျှင်ပင် ယီယွင်ကမူ တပ်သားသစ်များထဲတွင် ပထမဖြစ်နေမည်သာ ဖြစ်လေ၏။
မျှော်လင့်စရာ မရှိတော့ပေ။
" နှစ်ကြီးသမားတွေကို စိန်ခေါ်မှာတဲ့လား။ ဒါက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြိုင်ပွဲတွေဆိုပေမဲ့ ငါက ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်တယ်။ ယီယွင်နဲ့ ချူရှောင်းရန်က စွမ်းအားတူညီကြတယ်ဆိုတော့ သူတို့က ထိပ်ဆုံးနှစ်ထောင်ဝန်းကျင်မှာ အဆင့်ချိတ်လောက်မယ် "
" နှစ်ထောင်တဲ့လား။ သူတို့က ၁၉၀၀ အတွင်းတောင် ဝင်နိုင်လောက်တယ်။ ငါတော့ မနက်ဖြန် ပြိုင်ပွဲတွေကို ကြည့်ဖို့ စီစဥ်ထားတယ်။ သူတို့က ထိပ်ဆုံးနှစ်ထောင်ထဲ ဝင်နိုင်မလားဆိုတာကို ငါ ကြည့်ချင်တယ် "
လူအများ စတင်ဆွေးနွေးကြသည်။ တပ်သားသစ်ပြိုင်ပွဲ တစ်ခုတည်းနှင့်ပင် ထိပ်ဆုံးနှစ်ထောင်အတွင်း ဝင်နိုင်ခြင်းမျိုးက ကြောက်စရာကောင်းလှသည်။ ထို့အပြင် ထိုအဆင့်များတွင် ရှိနေကြသူများက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ရောက်နေပြီးကြသူများ ဖြစ်လေသည်။
လူအများ ပြိုင်ကွင်းထဲမှ ထွက်ခွာရန်အတွက် မတ်တက်ရပ်လိုက်ကြလေ၏။ ယီယွင်သည်လည်း တပ်တစ်ထောင်ဓားမောက်ကို ဓားအိမ်ထဲသို့ထည့်ကာ ထွက်ခွာရန်ပြင်လိုက်သည်။ ယနေ့တိုက်ပွဲအပြီးတွင် သူ အရာများစွာကို ကြေညက်အောင် လုပ်ရပေဦးမည်။
ချူရှောင်းရန်က သူ့အား ရှုံးခဲ့သော်လည်း သူမက သူ့အား သင်ခန်းစာတစ်ခု ပေးနိုင်ခဲ့လေသည်။ ချူရှောင်းရန်သည် ယီယွင်အား တိုက်ပွဲတစ်ခုကို ဤသို့တိုက်ခိုက်ရကြောင်း သင်ကြားပေးသွားခဲ့ချေ၏။ သိုင်းပညာလမ်းစဥ်ကို ဤသို့ပုံစံနှင့်သာ လေ့ကျင့်ရလေသည်။
ယီယွင် ထွက်ခွာရန်ပြင်နေချိန်တွင် ရင်းနီးလှသော အသံပို့စကားသံတစ်ခု ကြားလိုက်ရသည်..." ကောင်စုတ်လေး... မင်းက နှုတ်မဆက်ဘဲ ထွက်သွားတော့မလို့လား။ မင်းက လောကဝတ်ကို မသိဘူးလား။ ဒါမှမဟုတ် လူကြီးသူမတွေကို လေးစားရိုသေရမယ်ဆိုတာ မသိတာလား "