မြေအဆင့်သို့ တက်လှမ်းခြင်း
Vol. 17 Ch. 245
ယီယွင် အသံကိုကြားကာ ခေါင်းလှည့်ကြည့်လိုက်သည်။ ဂုဏ်သရေရှိခုံပေါ်မှ ခန်းယန်က သူ့အား လက်ပြနေသည်ကို မြင်လိုက်ရလေ၏။ လက်ရှိတွင် ထိုအဖိုးကြီးက ပျော်ရွှင်စွာ ပြုံးနေလျက်ရှိပြီး တောက်ပသော သွားတန်းများ ဖော်ပြနေလေ၏။
သည်အဖိုးကြီး...။
ယီယွင် စိတ်ထဲတွင် အော်လိုက်သည်။ သို့သော် သူက အဖိုးကြီးခန်းယန်ကို ကြီးစွာကျေးဇူးတင်မိသည်။ ခန်းယန်တွင် သူ့အား ပျိုးထောင်ပေးရန် စိတ်ရင်းမှန်မရှိလေဘဲ ရလဒ်အားလုံးက တိုက်ဆိုင်မှုသာ ဖြစ်သည့်တိုင်အောင် ယီယွင်အတွက်မူ ကြီးမားသည့် ဖြစ်ရပ်တစ်ခုသာ ဖြစ်ချေ၏။
ခန်းယန်က ယီယွင်အတွက် သိုင်းပညာလမ်းကြောင်းသစ်တစ်ခု ပြသပေးခဲ့သည်ဟုပင် ဆိုနိုင်လေသည်။
သိုင်းပညာလမ်းစဥ်က ကျယ်ပြန့်သိမ်မွေ့ပြီး ရှုပ်ထွေးနက်နဲလေသည်။ သိုင်းသမားတစ်ဦးအဖို့ ရွေးချယ်ရသည့် အရာပေါင်းများစွာ ရှိလေ၏။ သိုင်းသမားတစ်ဦးတွင် ကျွမ်းကျင်မှုတစ်ခု ရှိနေပါက အရာအားလုံးကို ရွေးချယ်နိုင်သည်။ ကျွမ်းကျင်မှု မရှိခဲ့လျှင်မူ ကဏ္ဍတစ်ရပ်ကိုရွေးချယ်ကာ ကောင်းစွာလုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ယီယွင် သိုင်းပညာနှင့် ထိတွေ့မိသည်မှာ အချိန်တိုတောင်းသေးလေသည်။ သူ မသိသည့် အရာပေါင်းများစွာ ရှိနေသေးလေ၏။ ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ရှုထောင့်ပုံရိပ် ၊ ဥပဒေသအမှန်တရားကဲ့သို့ အရာများက ယီယွင် တစ်ခါမျှပင် မထိတွေ့ဖူးသည့် နယ်ပယ်များ ဖြစ်လေသည်။
သူသည်ကား သိုင်းပညာသမုဒ္ဒရာထဲသို့ ပစ်ထည့်ခံလိုက်ရသည့် ခြောက်သွေ့နေသော ရေမြုပ်ဖော့တုံးတစ်ခုပမာ ဖြစ်နေလေ၏။ လက်ရှိတွင် သူက အရာအားလုံးကို လောဘတကြီး စုပ်ယူနေသည်။
ယီယွင် ကျန်းကဲ့နှင့် ခန်းယန်ဆီသို့ လျှောက်သွားလိုက်သည်။
လက်ရှိတွင် ပရိတ်သတ်အများစုသည် အကြီးအကဲများကို မတ်တက်ရပ်ကာ ဂါရဝပြုနေဆဲသာ ဖြစ်လေသောကြောင့် ယီယွင်က အကြီးအကဲများဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရချိန်တွင် သူတို့ အံ့ဩသွားကြလေ၏။
" အကြီးအကဲတွေက ယီယွင်ကို ခေါ်လိုက်တာပဲ "
ခန်းယန် လက်ပြလိုက်သည်ကို လူတိုင်း မြင်ခဲ့ကြလေသည်။ တိုင်အာနတ်မြို့၏ အကြီးအကဲတစ်ဦးက တပ်သားသစ်တစ်ဦး ရင်းနှီးသောပုံစံဖြင့် လှမ်းခေါ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း မနာလိုဖြစ်သွားကြရသည်။
" ဂါရဝပြုပါတယ် အကြီးအကဲကျန်းကဲ့နဲ့ စီနီယာ "
ယီယွင်က ခန်းယန်၏အမည်ကို မသိသေးပေ။
" မင်း အသုံးပြုခဲ့တဲ့ ဓားမောက်သိုင်းကွက်ကို ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုထဲက သင်ယူခဲ့တာမလား " အကြီးအကဲကျန်းကဲ့က ယီယွင်ကိုကြည့်ကာ မေးလိုက်သည်။
" ဟုတ်ပါတယ် "
ယီယွင် ခေါင်းညိတ်လိုက်၏။ သူ စကားဆိုရင်း ရင်ထိတ်သွားရသည်။ သူ၏ခန္ဓာကိုယ်အား ထိုးဖောက်ကြည့်ခံရသည့်ပမာ ထပ်မံခံစားလိုက်ရလေ၏။ အကြီးအကဲကျန်းကဲ့၏ မျက်လုံးများက သူ၏ အသွေးအသား တစ်လက်မချင်းစီတိုင်းနှင့် အရိုးများအားလုံးကို ထွင်းဖောက်ကြည့်နေသည့်အလားပင်။ သူ ဖွဲ့စည်းထားနိုင်ခဲ့သည့် နတ်မျက်လုံးဆံသည်ပင် အကြီးအကဲကျန်းကဲ့က စစ်ဆေးကြည့်ရှုသည်ကို ခံနေရလေ၏။
ဟုတ်သည်။ ကျန်းကဲ့က ထူးခြားသည့်အရာကို ရှာမတွေ့ခဲ့ပေ။ ယီယွင်၏ ရင်ဘက်မှ ခရမ်းရောင်သလင်းကျောက်က နှလုံး၏စည်းချက်အတိုင်း ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေသည်။ ခရမ်းရောင်သလင်းကျောက်က အကြီးအကဲကျန်းကဲ့၏ အပြုအမူများကို လုံးလုံးလျားလျားပင် လျစ်လျူရှုထားလေသည်။ နတ်ဘုရားတစ်ပါးက သေမျိုးများကို မတူမတန်သလို ဆက်ဆံနေသည့်အလားပင်။
" ဘာတွေစစ်ဆေးနေတာလဲ အဖိုးကြီးကျန်း။ ဒီဂျူနီယာလေးက မတော်တဆအခွင့်အရေးတစ်ခုကြောင့် မင်းရဲ့စိတ်ဝင်စားမှုကို ရသွားခဲ့တာလို့များ ထင်နေတာလား " ခန်းယန်က ကျန်းကဲ့၏အပြုအမူကို သတိပြုမိသွားပြီး အသံပို့လွှတ်ကာ စနောက်လိုက်သည်။
ကျန်းကဲ့ အနည်းငယ် မျက်မှောင်ကုတ်ကာ အသံပို့လွှတ်ပြီး တုန့်ပြန်လိုက်သည်..." ကပြက်ကချော်လုပ်မနေနဲ့။ ငါက ဂျူနီယာတစ်ဦး ပိုင်တဲ့အရာကို တပ်မက်နေရဦးမှာလား။ ငါက ဒီအတိုင်း သိချင်မိရုံတင်ပဲ။ ဒါပေမဲ့ သူက အံ့ဩဖို့ကောင်းတဲ့ အခွင့်အလမ်းကို မပိုင်ဆိုင်ထားတဲ့ပုံပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း သာမန်ပဲ။ ရတနာတစ်ခုကို စားမိပြီး သူ့ရဲ့သွေးကြောတွေကို ပွင့်ထွက်သွားစေပြီးတော့ သိုင်းပညာလမ်းစဥ်မှာ အစပျိုးအဆင့်ကို ပြီးပြည့်စုံအောင် ရောက်သွားစေခဲ့တာပဲ ဖြစ်ရမယ်။ သူ့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကတော့ မွေးရာပါပဲ ဖြစ်လိမ့်မယ် "
ယီယွင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်သာဖြစ်၏။ ပညာရှိတစ်ပါးအဖို့ တစ်ချက်ကြည့်ရုံနှင့်ပင် မြင်နိုင်လေသည်။ ယီယွင်၏ ကျင့်ကြံမှုအဆင့်ကလည်း အံ့ဩစရာမရှိပေ။ ခရမ်းသွေးနယ်ပယ် နောက်ပိုင်းအဆင့်ကိုပင် မရောက်သေးချေ။ ခရမ်းသွေးနယ်ပယ်နှင့် ပတ်သတ်နေသည့် အခြားကဏ္ဍများကလည်း မများလှပေ။
" မင်း ဓားမောက်သင်္ချိုင်းထဲကို မဝင်ဖူးခင်က ဓားမောက်သိုင်းတစ်ခုခုကို ဖတ်ဖူးလား " ကျန်းကဲ့ ထပ်မံကာ မေးလိုက်သည်။ ယီယွင်သာ မတော်တဆဖြစ်ရပ်အချို့ ကြုံတွေ့ခဲ့ရပြီး ဓားမောက်အမှန်တရား၏ လျှို့ဝှက်ဆန်းကြယ်နည်းစနစ်ကို ဖတ်နိုင်ခဲ့သည်ဆိုပါက ကျန်းကဲ့အဖို့ ထိုအခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ပေလိမ့်မည်။
သို့သော် ယီယွင်က ခေါင်းယမ်းခဲ့သည်။
အကြီးအကဲကျန်းကဲ့ အသာခေါင်းညိတ်ကာ..." ငါ နားလည်ပြီ။ အနာဂတ်မှာ မင်း ဓားမောက်သင်္ချိုင်းထဲကို ထပ်သွားချင်တယ်ဆိုရင် ငါ့ဆီ ဒါမှမဟုတ် ခန်းယန်ဆီကို သွားလိုက်ရုံပဲ။ မင်း ဘာမှပေးဖို့မလိုဘူး။ မင်းအနေနဲ့ အခြားအရင်းအမြစ်တွေကို သုံးချင်တယ်ဆိုရင်တော့ ပုံမှန်တန်ကြေးအတိုင်း ပေးဖို့လိုတယ်။ ဒါက တိုင်အာနတ်မြို့ရဲ့ စည်းကမ်းပဲ "
စည်းကမ်းမရှိလျှင် မည်သည့်အရာမျှ ပြီးမြောက်နိုင်မည်မဟုတ်ပေ။ ကျင့်ကြံသူများသည် တိုင်အာနတ်မြို့က ပြဌာန်းထားသည့် စည်းမျဥ်းဥပဒေများအတိုင်းသာ အတိအကျလိုက်နာကြရမည် ဖြစ်လေ၏။
ဓားမောက်သင်္ချိုင်းကို မည်သူကမျှ မပိုင်လေသောကြောင့် အလဟဿအဖြစ်ခံရန် အကြောင်းမရှိပေ။ ယီယွင်အား လွတ်လပ်စွာ အသုံးပြုခွင့်ပေးသည်မှာ ပြဿနာမရှိချေ။
သို့သော် အခြားအရင်းအမြစ်များကမူ မတူညီပေ။ အရင်းအမြစ်အများစုကို အခြားကျင့်ကြံသူများ သက်စွန့်ကြိုးပမ်းကာ ရယူကြရလေ၏။ အကြီးအကဲများက မျက်နှာသာပေးပြီး ယီယွင်ကို တိုက်ရိုက်ပေးလိုက်မည်ဆိုပါက ဖြေရှင်းမရသော အရှုပ်အထွေးများ ဖြစ်လာပေလိမ့်မည်။
ယီယွင် ပျော်ရွှင်သွားလေ၏။ သူက ဓားမောက်သင်္ချိုင်းထဲသို့ အမှန်တကယ်ပင် ထပ်မံကာ ဝင်လိုသည်။ သို့သော် တစ်ရက်လျှင် ဂုဏ်အမှတ်တစ်မှတ်က ဈေးကြီးလွန်းလေ၏။ သူ ချမ်းသာနေလျှင်ပင် တတ်နိုင်မည်မဟုတ်ပေ။
" ကောင်လေး... မင်း ကံအတော်ကောင်းတယ် "
ခန်းယန် ရယ်မောကာ..." ကောင်းကောင်းလေ့ကျင့်ပါ။ ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုကို အမည်မသိရတဲ့ အံ့ဩစရာပုဂ္ဂိုလ်တစ်ဦးက ချန်ထားခဲ့တာပဲ။ သင်္ချိုင်းထဲကို ဝင်ဖူးကြတဲ့ ပညာရှိတွေတောင် အဲ့ဒီစကားလုံးတွေထဲကနေ သိမြင်မှုတွေ အများကြီးမရကြဘူး "
" ဘယ်လို... ပညာရှိတွေတောင် အဲ့ဒါကို နားမလည်နိုင်ကြဘူးလား "
ယီယွင် အံ့အားသင့်သွားသည်။ ယီယွင်အတွက် ပညာရှိများက တန်ခိုးရှင်များ ဖြစ်လေ၏။ ယခုတွင် ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုကို ပညာရှိများပင် နားမလည်နိုင်ဟု ခန်းယန်က ဆိုခဲ့ချေသည်။
" လူတွေရဲ့ ကွဲပြားတဲ့အခြေအနေတွေကြောင့် သိမြင်နားလည်မှုပုံစံကလည်း ကွဲပြားမှုတွေ နည်းနည်းရှိတယ်။ ဓားမောက်နဲ့ ဓား သင်္ချိုင်းက တိုင်အာနတ်မြို့ရဲ့ မြေအောက်ထဲမှာ အိပ်စက်နေခဲ့တာ နှစ်သန်းပေါင်းဆယ်ချီပြီး ကြာနေခဲ့ပြီ။ ပညာရှိတွေက လွတ်လွတ်လပ်လပ် ဝင်ခွင့်ရကြပေမဲ့ ပညာရှိတိုင်းက ဓားမောက်အမှန်တရား ဒါမှမဟုတ် ဓားအမှန်တရားကို ကျွမ်းကျင်ကြသူတွေ မဟုတ်ဘူးလေ။ ဓားမောက်လမ်းစဥ် ဒါမှမဟုတ် ဓားလမ်းစဥ်မှာ ပေါက်မြောက်ထားသူတွေတောင် ဓားမောက်နဲ့ဓား သင်္ချိုင်းထဲမှာ ဖုံးကွယ်နေတဲ့ ဥပဒေသတွေကို အသားကျနိုင်မှာမဟုတ်ဘူး " ခန်းယန်က ကျန်းကဲ့ကို တစ်ချက်ကြည့်ကာ... " အဖိုးကြီးကျန်းက ဓားအသုံးပြုတယ်။ သူက ဒီကိစ္စမှာ အခွင့်အာဏာ အရှိဆုံးသူပဲ "
တိုင်အာနတ်မြို့မှ ကျင့်ကြံသူများက အကြီးအကဲကျန်းကဲ့၏ ဓားပညာကို မမြင်ဖူးကြသော်လည်း ကျန်းကဲ့၏ ဓားလမ်းစဥ်တွင် အောင်မြင်မှုများကို " ဓားနှင့်ကျော်ကြားသော ပညာရှိ " ဟူသည့် သူ၏ဘွဲ့ထူးက ရှင်းပြခြင်းထက်ပင် ပိုမိုလုံလောက်လေသည်။
အကြီးအကဲကျန်းကဲ့က ခံစားချက်များ ရောပြွန်းလာကာ ဆိုလေသည်..." ငါ ငယ်ရွယ်စဥ်က ဓားသင်္ချိုင်းထဲကို တကယ်ပဲ ဝင်ခဲ့တယ်။ ထိုးထွင်းသိမြင်မှု ရဖို့အတွက် လပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်မှာ ငါ ရလဒ်အချို့ ရလာခဲ့တယ်။ ဒါပေမဲ့ ငါ ဓားကွက်အချို့ သင်ယူပြီးတဲ့နောက်မှာ တဖြည်းဖြည်းချင်းနဲ့ အတားအဆီးဆီကို ရောက်သွားခဲ့တယ်။ ဓားအမှန်တရားအချို့က ငါ့ကို ဇဝေဇဝါဖြစ်သွားစေခဲ့ပြီး နားမလည်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ငါ အဆက်မပြတ် ကြိုးစားခဲ့တယ်။ ဒီကြိုးစားမှုက နှစ်တစ်ထောင်လောက် ကြာသွားခဲ့တယ်။ အဲ့ဒီကာလတွေအတွင်းမှာ ငါ လမ်းကြောင်းမှန်လို့ ထင်မိတာတွေကို နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့ ငါ ရှေ့ဆက်မတိုးနိုင်တော့ဘူး "
" နှစ်တစ်ထောင်လား " ယီယွင် ထိတ်လန့်သွားလေ၏။ ဤကမ္ဘာထဲတွင် နှစ်တစ်ထောင်က ဘာမျှမဟုတ်ဟန် ရှိလေသည်။ ယခင်ဘဝတွင် ဆယ်စုနှစ် နှစ်ခုမျှသာ သူ့အဖို့ နှစ်တစ်ထောင်ဆိုသည့် အကြောင်းအရာကို ရှင်းလင်းစွာပင် သိလေသည်။ သေမျိုးမင်းဆက်တစ်ခုသည်ပင် နှစ်ပေါင်းသုံးရာခန့်သာ ကြာရှည်လေသည်။
ကျန်းကဲ့က ဆိုသည်..." ငါ သိမြင်နားလည်ခဲ့တဲ့ ဓားအမှန်တရားက ငါ့မှာ အတွေ့အကြုံဗဟုသုတ မရှိခဲ့တာကြောင့် အစပိုင်းမှာကတည်းက လမ်းလွဲသွားခဲ့တဲ့ပုံပါပဲ။ ငါ လမ်းလွဲခဲ့တယ်ဆိုပေမဲ့ သင်္ချိုင်းထဲကနေ ရလာခဲ့တဲ့ အရာတွေကတော့ အသုံးဝင်နေဆဲပါပဲလေ "
" ဓားသင်္ချိုင်းရဲ့ ဓားလမ်းစဥ်က ကြီးမားတဲ့ လမ်းစဥ်တစ်ခုပဲ။ ဒီဓားလမ်းစဥ်ရဲ့နယ်ပယ်က မြင့်မားလွန်းတာကြောင့် ငါ အတိုင်းအဆကို မသိခဲ့ဘူး။ အဲ့ဒါက ဧရာမဝင်္ကပါကြီးတစ်ခုလိုပဲ။ အထဲကိုရောက်သွားတဲ့ ငါဟာ ဘယ်လမ်းကြောင်းက အမှန်လဲဆိုတာကို မသိတော့ဘူး။ ငါ စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းခဲ့ရတယ်။ ငါ တဖြည်းဖြည်းချင်းနဲ့ ထွက်ပေါက်ကို ရောက်လာတာကြောင့်လားတော့ မသိဘူး နောက်ဆုံးမှာ ငါက လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေတာကို သိခဲ့ရတယ်။ ဒါပေမဲ့ ဒါက ငါ့အတွက် အရမ်းဝေးလွန်းတယ် "
" ကြီးမားတဲ့လမ်းစဥ်တဲ့လား "
ယီယွင် အနည်းငယ် မှင်တက်မိသွားသည်။ လမ်းစဥ်ကြီးတစ်ခုက ပညာရှိတစ်ပါးကိုပင် စိတ်ဓာတ်ကျစေနိုင်ပြီး လမ်းမှားကိုလည်း ရောက်စေနိုင်နေသည်။ ထို့အပြင် သူ လမ်းကြောင်းမှန်အား ရွေးချယ်နိုင်ခဲ့လျှင်ပင် အတည်ပြု၍မရချေ။
" ဟုတ်တယ် ၊ အဲ့ဒါ ကြီးမားတဲ့ လမ်းစဥ်တစ်ခုပဲ။ တိုင်အာနတ်ပြည်ထောင်မှာ လူတွေက သိုင်းပညာရပ်ထက် ကျင့်စဥ်နည်းစနစ်ကိုပဲ ပိုပြီးအလေးပေးကြတယ်။ ဒါကလည်း နားလည်ပေးလို့ရပါတယ်။ ကျင့်စဥ်နည်းစနစ်တစ်ခုက ကွဲပြားတဲ့နယ်ပယ်တွေကို ချိုးဖျက်ပေးနိုင်ပေမဲ့ သိုင်းပညာရပ်တွေကတော့ မလုပ်ပေးနိုင်ဘူးလေ။ တကယ်တော့ သိုင်းကွက်တွေနဲ့ လမ်းစဥ်တွေဆိုတာက မတူညီတဲ့ လမ်းကြောင်းနှစ်ခုပဲ။ ဓားမောက်သိုင်းကွက်က ဓားမောက်သိုင်းကွက်ပဲဆိုပေမဲ့ ဓားမောက်အမှန်တရားကတော့ ဓားမောက်လမ်းစဥ်ပဲ။ ဒါတွေက အခြေခံအားဖြင့်ကို မတူညီကြဘူး။ မင်းသာ ဓားမောက်လမ်းစဥ်ရဲ့ အနှစ်သာရကို နားလည်သွားခဲ့မယ်ဆိုရင် ဥပဒေသအမှန်တရားကို နားလည်သွားတာနဲ့ အတူတူပဲ။ အဲ့ဒါက မင်းကို အထွတ်အထိက်အဆင့် ပညာရှိတစ်ပါး ဖြစ်လာစေအောင် ထောက်ပံ့ပေးနိုင်ပြီး ပိုမြင့်တဲ့အဆင့်ကိုတောင် ရောက်အောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ အဲ့ဒါက ခက်ခဲပါတယ်လေ "
ကျန်းကဲ့ သက်ပြင်းချလိုက်၏။ သူက သာမန်မျှသာ ပြောသွားခဲ့ခြင်း ဖြစ်လေ၏။ သူက ယီယွင်ကို အသိအမှတ်ပြုသော်လည်း တစ်ရက်တွင် ယီယွင်က ထိုအဆင့်သို့ ရောက်နိုင်လိမ့်မည်ဟု မျှော်မှန်းမထားပေ။
အထွတ်အထိပ် ပညာရှိသည် တိုင်အာနတ်ပြည်ထောင် တည်ထောင်သူဧကရာဇ်နှင့် တိုင်အာနတ်မြို့၏ ပထမမြို့သခင်တို့ ရောက်ခဲ့သည့်အဆင့် ဖြစ်လေ၏။ ပညာရှိထက် ကျော်လွန်ခြင်းကမူ ပြောပြရန်ပင် မထိုက်တန်ပေ။ တိုင်အာနတ်ပြည်ထောင် တည်ထောင်ခဲ့သည့် သမိုင်းတလျှောက်လုံးတွင် ပညာရှိအဆင့်ထက် ကျော်လွန်ဖူးသူ မပေါ်ထွန်းဖူးပေ။
သိုင်းပညာလမ်းစဥ်၏ ခက်ခဲကြမ်းတမ်းမှုများကို အကြီးအကဲကျန်းကဲ့က သာမန်မျှသာ ပြောပြခဲ့သော်လည်း ယီယွင်အတွက်မူ များစွာအကျိုးရှိစေခဲ့သည်။
ဓားမောက်သိုင်းကွက် ၊ ဓားမောက်အမှန်တရား။
ဓားမောက်သင်္ချိုင်းထဲမှ စကားလုံးများက အကြီးအကဲကျန်းကဲ့ ဖော်ညွှန်းသကဲ့သို့ပင် လမ်းစဥ်ကြီးတစ်ခု ဖြစ်နေခဲ့ပါက အနာဂတ်တွင် သူအား ပိုမိုဝေးလံစွာ ခရီးပေါက်စေမည်မှာ သေချာလေသည်။
" ဒီဟာကို နားလည်အောင်လုပ်ကြည့်မယ်။ ငါ ဒီလမ်းကြောင်းပေါ်မှာ ဘယ်လောက်ဝေးအောင် လျှောက်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ "
ကျန်းကဲ့နှင့် ခန်းယန်က စဥ်းစားတွေးတောနေသည့် ယီယွင်ကို ချန်ထားရစ်ကာ ထွက်ခွာသွားကြသည်။ အခြားသူများကမူ ယီယွင်ကို မနာလိုစွာ ကြည့်နေကြလေ၏။
အကြီးအကဲနှစ်ဦးက ယွမ်ချီစက်ကွင်း ထုတ်ဖော်ကာ အသံလုံအောင် ပြုလုပ်ထားလေသောကြောင့် ယီယွင်နှင့် အကြီးအကဲနှစ်ဦးတို့ မည်သည့်စကားများ ပြောခဲ့ကြောင်းကို သူတို့ မသိကြပေ။ သို့သော် အကြီးအကဲများ၏ ကျေနပ်နေသော အမူအရာများအရ သူတို့က ယီယွင်ကို အသိအမှတ်ပြုသွားသည်မှာ ထင်ရှားလေသည်။
သူတို့သာ အကြီးအကဲတစ်ဦးထံမှ လမ်းညွှန်မှုကို ရရှိခဲ့မည်ဆိုလျှင် သက်တမ်းဆယ်နှစ် စွန့်လွှတ်ရလျှင်ပင် ထိုက်တန်လေ၏။
ယီယွင် ဂုဏ်သရေရှိခုံတန်းပေါ်မှ ဆင်းလာကာ ဒိုင်ဆီသို့ သွားလိုက်လေသည်။
" အိုး..ဘာကိစ္စများလဲ "
.
ဒိုင်က ယီယွင် လျှောက်လာသည်ကို မြင်သောအခါတွင် ဦးစွာမေးလိုက်သည်။ ဒိုင်သည် ယီယွင်က အကြီးအကဲနှစ်ဦးနှင့် စကားပြောနေသည်ကို မြင်ထားလေ၏။
အကြီးအကဲများ အာရုံစိုက်ရသည့် ဂျူနီယာတစ်ဦးက တပ်သားသစ်ပြိုင်ပွဲတွင် ပထမရရှိရန် ထိုက်တန်လေသည်။ အကြီးအကဲများ၏ အသိအမှတ်ပြုမှုကြောင့် ဒိုင်သည်လည်း ယီယွင်ကို မြင့်မားစွာတွေးထင်ထားလေ၏။
" ဒီလိုပါ... မနက်ဖြန်ကျရင် ကျုပ် စိန်ခေါ်မဲ့ ပြိုင်ဘက်ကို လာပြောပြတာပါ "
ယီယွင်က ချူရှောင်းရန်ကို အနိုင်ယူပြီးနောက် တပ်သားသစ်များထဲတွင် ပထမဘွဲ့ကို ရရှိသွားခဲ့သည်။ ယင်းအဖြစ်ကြောင့် တပ်သားသစ်ပြိုင်ပွဲက အချိန်မတိုင်မီ အဆုံးသတ်ခဲ့ရသည်။ သို့သော် မနက်ဖြန်တွင် သူက မြေအဆင့်မှ လူများကို စိန်ခေါ်နိုင်သေးလေသည်။
" မနက်ဖြန်အတွက် ပြိုင်ဘက်လား။ မနက်ဖြန်မှပဲ ပြောလို့ရပါတယ်ကွာ။ အလျင်မလိုပါဘူး " ဒိုင်က ယီယွင်ကို သဘောကျဟန်ဖြင့် ဆိုလိုက်သည်။ ယီယွင်က ထပ်မံကာ တက်လှမ်းလိုသည်မှာ ကောင်းမွန်လေသည်။
" အခုပြောလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ကျုပ်ထင်တယ်။ ဒါမှပဲ အဲ့ဒီလူလည်း ကြိုတင်ပြင်ဆင်ချိန် ရမှာပေါ့ " ယီယွင် ပြုံးလိုက်သည်။
ဒိုင်သည် ယီယွင်၏အပြုံးကို မြင်သောအခါတွင် အမည်မသိရသော အကြောင်းအရင်းတစ်ခုကြောင့် အနည်းငယ်မျှ တုန့်ဆိုင်းသွားရလေ၏။ ထိုအပြုံးထဲတွင် မသမာမှုအချို့ ပုန်းအောင်းနေသည်ဟု ခံစားရလေသည်။
" ကြိုတင်ပြင်ဖို့တဲ့လား " ဒိုင် သိချင်မိသွားလေ၏။ ယင်းက ပြိုင်ပွဲတစ်ခုသာဖြစ်ပြီး ပြင်ပခရီးလေ့ကျင့်ရေး မဟုတ်ပေ။ မည်သည့်အရာကို ကြိုတင်ပြင်ဆင်မည်နည်း။