ကြိုတင်ပြင်ဆင်ထား
Vol. 17 Ch. 246
ယီယွင်က ဒိုင်အား ပြောနေချိန်တွင် ရှိနေကြသေးသည့် အခြားကျင့်ကြံသူများက သူတို့အား ကြည့်နေကြလေ၏။ ယီယွင်က အာရုံစိုက်စရာ ဖြစ်နေလေသောကြောင့် သူ ဒိုင်ကို ပြောလိုက်သည့်စကားများက ဆွဲဆောင်မှုဖြစ်လာသည်။
ယီယွင်က မနက်ဖြန်အတွက် စိန်ခေါ်ရန် တင်ပြနေခြင်းဖြစ်ကြောင်း လူအများ သိသွားကြသည်။
" ယီယွင်က မြေအဆင့်ကို တက်တော့မယ် " တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။ ယီယွင်၏ နောက်ထပ်တိုက်ပွဲက စိတ်လှုပ်ရှားဖွယ်ရာဖြစ်မည်မှာ သေချာလှသည်။
" ဒါက သေချာပြီ။ ယီယွင်တင်မကဘူး ချူရှောင်းရန်လည်း ဆက်ပြီးတက်သင့်တယ်။ သူတို့ ထုတ်ပြထားတဲ့ စွမ်းအားတွေနဲ့ဆိုရင် ထိပ်ဆုံးနှစ်ထောင်ထဲ ဝင်နိုင်တယ်။ ငါ မနက်ဖြန်အတွက် တကယ်မျှော်လင့်မိနေပြီ "
ပရိတ်သတ်များ ဆူညံနေကြလေ၏။ အချို့က မျှော်လင့်တကြီး ဖြစ်နေလေပြီး အချို့ကမူ သုန်မှုန်နေကြသည်။ အထူးသဖြင့် အဆင့်နှစ်ထောင်ဝန်းကျင်မှ နှစ်ကြီးသမား ကျင့်ကြံသူများ ဖြစ်လေ၏။ သူတို့က မျှော်လင့်မနေကြပေ။ ရုတ်တရက်မှာပင် သူတို့၏ အဆင့်နေရာများ လှုပ်ခါလာရချေပြီ။ သူတို့ ကံမကောင်းခဲ့ပါက ယီယွင်နှင့် ချူရှောင်းရန်တို့က စိန်ခေါ်သည်ကို ခံခဲ့ရပါက သူတို့အတွက် ကံဆိုးမိုးမှောင်ကျရပေမည်။
ယနေ့တိုက်ပွဲအရ ယီယွင်နှင့် ချူရှောင်းရန်တို့၏ စွမ်းအားများက တူညီလုနီးပါး ရှိလေသည်။ မည်သူကမျှ လွယ်ကူသည့်ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။ ၎င်းတို့ကို အလွယ်တကူ အနိုင်မရနိုင်မည်မှာ သေချာလေ၏။
နှစ်ကြီးသမားများက အသက်ပိုကြီးကာ ကျင့်ကြံမှုအဆင့်များ ပိုမြင့်ကြသည်။ သူတို့ ကျင်လည်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်အား ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်းမျိုးက သေချာပေါက်ပင် အထင်ကြီးဖွယ်ရာ ဖြစ်မလာနိုင်ပေ။
ယင်းက အကောင်းဘက်မှ ကြည့်ပေးထားခြင်း ဖြစ်လေ၏။ အဆိုးဘက်မှ ကြည့်ရလျှင်မူ သူတို့ မတော်တဆ ရှုံးနိမ့်သွားခဲ့ပါက အရှက်ကွဲရပေလိမ့်မည်။ အနိုင်ရလျှင် အကျိုးအမြတ်မရှိသလို ရှုံးနိမ့်ရလျှင်လည်း များစွာပင် မျက်နှာပျက်ရပေလိမ့်မည်။
" ဒီကောင်လေးက ဘယ်သူ့ကို စိန်ခေါ်မလဲဆိုတာ ငါ သိချင်မိတယ် "
လူများစွာသည် ယီယွင်၏ စကားများကို အာရုံစိုက်နေကြလေ၏။ စစ်သည်တစ်ဦး၏ အကြားအာရုံက တစ်စုံတစ်ယောက်၏ စကားများကို ရှင်းလင်းစွာပင် ကြားရနိုင်လေသည်။
လက်ရှိတွင် ယီယွင်က ပြုံးနေဆဲပင်။ သူက စကားပြောခြင်းမပြုဘဲ ဒိုင်ဆီသို့ အသံပို့လွှတ်ကာ ပြောလိုက်သည်..." ကြိုတင်ပြင်ဆင်ဖို့က လိုသေးတယ်။ ဒါမှပဲ သူ အံ့အားသင့်မသွားမှာပေါ့ "
ဒိုင်သည် ယီယွင်၏စကားက ထူးဆန်းနေကြောင်း သိရှိသွားလေ၏။ အံ့အားမသင့်စေရန် ဆိုသည်မှာ မည်သည်ကို ဆိုလိုလေသနည်း။
သို့သော် ဒိုင်က ခေါင်းညိတ်ကာ..." မင်းက လုပ်ချင်နေမှတော့လည်း အဆင်ပြေပါတယ်။ မင်း စိန်ခေါ်မဲ့သူဆီကို ငါ ကြိုတင်ပြီး အကြောင်းကြားပေးမယ်။ မင်းက ဘယ်သူ့ကို စိန်ခေါ်ချင်တာလဲ "
ယီယွင်က မြေအဆင့် ၂၀၀၀ နှင့် ၂၁၀၀ ဝန်းကျင်မှ လူများကိုသာ စိန်ခေါ်ဖို့ရာများချေသည်။ ယီယွင်က မနက်ဖြန်တွင် တိုက်ပွဲနှစ်ခု ကျန်သေးပေသည်။ သူ၏အဆင့်အတွက် အာမခံချက်ရှိစေရန် အဆင့် ၂၀၀၀ နှင့် ၂၁၀၀ အတွင်းကို စိန်ခေါ်၍ရလေပြီး ထို့နောက်မှသာ သူ၏ဒုတိယတိုက်ပွဲတွင် အဆင့်နှစ်ထောင်အတွင်း ဝင်နိုင်ပေ၏။
ယီယွင်က ရေးသွင်းထားသော စိန်ခေါ်စာကို ဒိုင်ဆီသို့ ကမ်းပေးလိုက်လေ၏။
ဒိုင်က စာကိုလက်ခံကာ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကုတ်သွားကာ..." မင်းက လီဟုန်ကို စိန်ခေါ်မလို့လား။ မြေအဆင့် ၁၀၂၈ က လီဟုန်လေ "
ဘေးပတ်လည်မှ ကျင့်ကြံသူများ မှင်တက်မိသွားကြသည်။ ဟုန်တောက်အဖွဲ့ရဲ့ ခေါင်းဆောင် လီဟုန်လား။
ယီယွင် ဘာတွေ တွေးနေတာလဲ။
လီဟုန်က ယီယွင်နှင့် အချင်းများခဲ့ဖူးသည်။ လွန်ခဲ့သောနှစ်လခန့်က လီဟုန်သည် ယီယွင်၏ ဂုဏ်အမှတ်များကို လိုချင်လေသောကြောင့် လှည့်စားဖူးလေ၏။ သို့သော် ယီယွင်က လီဟုန်၏အကွက်ထဲသို့ မဝင်ခဲ့ဘဲ ရန်သူတစ်ယောက် ဖြစ်သွားခဲ့သည်။ ထိုကိစ္စကို လူတိုင်း သိကြလေ၏။
လီဟုန်က ပေါ့သေးသေး မဟုတ်ပေ။ ဒုတိယနှစ် ကျင့်ကြံသူများထဲတွင် သူက အသန်မာဆုံးဖြစ်လေ၏။ လီဟုန်က ကောင်းကင်အဆင့်တွင် အဆင့်တစ်ထောင်အတွင်း ဝင်ထားလေသည်။ မြေအဆင့်တွင်မူ ပြီးခဲ့သည့်လက အဆင့် ၁၀၂၈ သို့ ရောက်သွားခဲ့သည်။
အဆင့်တစ်ထောင်ဝန်းကျင်မှ လူအများက ယွမ်အုတ်မြစ်ချနယ်ပယ်နှင့် နီးကပ်နေကြသူများ ဖြစ်လေသောကြောင့် တက်လှမ်းရန်အတွက် ခက်ခဲသည်ဟု ဆိုနိုင်လေသည်။ သူတို့၏စွမ်းအားများက ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်တွင် ရှိကြသည်ဟု ပြော၍ရလေ၏။ လီဟုန်လည်း ထို့အတူသာ ဖြစ်လေသည်။
ထိုအဆင့်ဝန်းကျင်တွင် တိုင်အာနတ်ပြည်ထောင်ထဲမှ အသန်မာဆုံး ခရမ်းသွေးနယ်ပယ် စစ်သည်များ ရှိကြသည်ဟု ပြောမည်ဆိုလျှင် လွန်မည်မထင်ပေ။ ထိုအဆင့်ဝန်းကျင်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်ကြသည်။
ကျင့်စဥ်နည်းစနစ် သို့မဟုတ် သိုင်းပညာရပ်များ ချို့တဲ့ကြသည့် ယွမ်အုတ်မြစ်ချနယ်ပယ် ကျင့်ကြံသူအချို့က လီဟုန်၏အောက်တွင် ရှိနေကြသည်။
" တပ်သားသစ်ထဲမှာ အဆင့်တစ်က ဒုတိယနှစ်ထဲက အဆင့်တစ်ကို စိန်ခေါ်တော့မယ်။ အံ့မခန်းပါပဲလား " တစ်ယောက်က ဆိုလိုက်သည်။ နှစ်ဦးစလုံးက သက်ဆိုင်နှစ်များထဲတွင် အတော်ဆုံးများဖြစ်ပြီး ဤအခြေအနေမျိုးတွင် တစ်နှစ်ပိုကြီးသူကို စိန်ခေါ်သည်မှာ ရှားပါးလေသည်။
" လီဟုန်က ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်ဖို့အတွက် လဝက်လောက် လိုသေးတယ်။ သူ ချိုးဖျက်ပြီးသွားခဲ့ရင်တော့ ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်နိုင်မှာက သံသယဖြစ်ဖို့မလိုဘူး။ ထိပ်ဆုံးခုနစ်ရာအတွင်းတောင် ဖြစ်လာနိုင်တယ် "
လီဟုန်က တစ်နှစ်အတွင်း ထိပ်ဆုံးတစ်ထောင်အတွင်း မဝင်နိုင်ခဲ့ပေ။ သို့သော် သူက ၁၃ လအတွင်း ကောင်းကင်အဆင့်တွင် ၁၀၃၀ အတွင်းနှင့် မြေအဆင့်တွင် ၁၁၀၀ အတွင်း ဝင်နိုင်ခဲ့သည်။ ယင်းက အတော်ပင် ကြောက်မက်ဖွယ်ကောင်းလေ၏။
" ယီယွင်က လီဟုန်ကို စိန်ခေါ်လိုက်ပြီ။ ယီယွင်က လီဟုန်ကို အနိုင်မယူနိုင်ဘူးလို့ ငါ ဘာကြောင့် ထင်နေမိရတာလဲ "
လူများစွာက ထိုသို့တွေးနေကြသည်။ ယီယွင်နှင့် ချူရှောင်းရန်တို့၏ တိုက်ပွဲက စိုးရိမ်စရာဖြစ်သော်လည်း မြေအဆင့် အဆင့်တစ်ထောင်အတွင်းမှ လူများနှင့်မူ များစွာကွာဝေးနေသေးသည်။
ယီယွင်က လီဟုန်ကို စိတ်ခံစားချက်ကြောင့် စိန်ခေါ်ခဲ့သည်ဖြစ်ကြောင်း လူအများ နားလည်ကြသည်။ သို့သော် ယီယွင်သာ လီဟုန် ရိုက်သည်ကိုခံရပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် ဝမ်းနည်းနေ၍ မရတော့ပေ။
" ယီယွင် ဘာတွေ တွေးနေတာလဲ။ မြေအဆင့် ထိပ်ဆုံးတစ်ထောင်ဝန်းကျင်က ဘာကိုဆိုလိုသလဲဆိုတာကို ဒီကောင် မသိတာလား။ ဒါမှမဟုတ် ဒီကောင့်မှာ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေ ရှိနေသေးတာလား "
" ဖုံးကွယ်ထားတဲ့ စွမ်းအားတွေတဲ့လား။ ဒီကောင်က ခရမ်းသွေးနယ်ပယ် အလယ်အဆင့်မှာပဲ ရှိနေသေးတယ်လေကွာ။ ဘာတွေကိုများ ထပ်ဖုံးကွယ်ထားနိုင်မှာတဲ့လဲ။ သူက ယွမ်မတိုင်မီပုံရိပ်ကို ထုတ်ဖော်နိုင်မှာတဲ့လား။ ဒီကောင် တိုင်အာနတ်မြို့ကို ရောက်လာကတည်းက အလုပ်လုပ်ခဲ့ရတယ်။ ပျက်စီးခြင်းသားရဲတွေကို တစ်ခါမှ အမဲမလိုက်ဖူးဘူး "
ယီယွင်က အနှိပ်စက်ခံရရန်အတွက် လီဟုန်ကို စိန်ခေါ်ခဲ့သည်ဟုသာ လူအများက ထင်ကြသည်။ ယခင်က လီဟုန်သည် ယီယွင်ကို ဖိအားပေးမိကာ ယီယွင်ထံတွင် ငွေများစွာ ဆုံးရှုံးရခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ လီဟုန်က ယီယွင်ကို ဒုက္ခပေးရန်သာ တွေးနေခဲ့သည်။ သို့သော် ယီယွင်က လီဟုန်၏ အိမ်တံခါးကို သွားခေါက်နေချေပြီ။
ပြိုင်ကွင်းထောင့်တစ်နေရာတွင် ဟုန်တောက်အဖွဲ့မှ လူအချို့ ထိုင်နေကြ၏။ ယီယွင်က သူတို့၏ခေါင်းဆောင်ကို စိန်ခေါ်လိုက်ကြောင်း ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ဒေါသထွက်သွားကြလေ၏။
" ဒီကောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ "
" ဒီကောင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သင့်ပြီ။ တပ်သားသစ်တွေထဲမှာ အတော်ဆုံးဖြစ်တာနဲ့ပဲ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား။ ဒီကောင် သေချင်နေတာပဲ "
ယီယွင်က သူတို့၏ခေါင်းဆောင်ကို လူသိရှင်ကြား စိန်ခေါ်လိုက်ကြောင်း ကြားလိုက်ရချိန်တွင် သူတို့ ဒေါသပေါက်ကွဲသွားကြလေ၏။ သို့သော် တွေးကြည့်လျှင် ယင်းက မကောင်းသည့်အရာ မဟုတ်ပေ။ ယီယွင်က နုံအကာ ကျားရှေ့တွင် မှောက်လျက်လဲလာသည်ဖြစ်၍ သူတို့က ထိုအခွင့်အရေးကို အရယူကာ ယီယွင်ကို ပြင်းထန်စွာရိုက်နှက်ပြီး ကြီးမားစွာဆုံးရှုံးရအောင် လုပ်ရပေမည်။
" ခေါင်းဆောင်ဆီကို ချက်ချင်း သတင်းပို့ကြမယ် " လီဟုန်၏ လက်အောက်ခံများက ချက်ချင်းပင် တွေးလိုက်ကြသည်။
လီဟုန် ရှိမနေချေ။ သူက ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်ကတည်းက ပျက်ကွက်နေခဲ့၏။ သူက အခြားသူများ ဟန်ရေးပြသည်ကို ကြည့်ရှုရန်အတွက် စိတ်မဝင်စားပေ။ ယနေ့ နေ့လည်ခင်းတွင် ယီယွင် ပေါ်ထွက်လာကာ လူတိုင်း အံ့ဩတုန်လှုပ်သွားစေအောင် လုပ်ဆောင်ခဲ့လေ၏။ သို့သော် လီဟုန် ရှိနေမည်ဆိုလျှင်ပင် ပွဲမပြီးခင် ထွက်သွားလိမ့်မည်သာ ဖြစ်ချေသည်။
" ညီနောင်တို့... ဒီအခွင့်အရေးကို အရယူပြီး ယီယွင် ကြီးကြီးမားမား ဆုံးရှုံးသွားရအောင် လုပ်ရလိမ့်မယ်။ ခေါင်းဆောင်ကို ကြိုတင်ပြင်ခိုင်းထားရမယ် " ယီယွင်ထံတွင် မှော်နဂါးကြေးပြားများစွာ ဆုံးရှုံးထားခဲ့သည့် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုလိုက်သည်။
ငွေကြေးဆုံးရှုံးထားသူများက လောင်းကစားမှတစ်ဆင့် ငွေကြေးများ ပြန်လည်ရရှိရန် မျှော်လင့်တတ်ကြလေသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ အလောင်းအစား ဖြစ်လေ၏။ လူနည်းစုကသာ လမ်းမှားမရောက်မီတွင် ထိန်းနိုင်တတ်ကြလေသည်။
" အဲ့ဒါ အမှန်ပဲ။ ခေါင်းဆောင်တောင် ငွေရေးကြေးရေး ကျပ်တည်းနေတယ်။ သူ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်။ မနက်ဖြန်ကျ ခေါင်းဆောင်က ယီယွင်ကို မှော်နဂါးကြေးပြားတွေ အန်ထွက်လာအောင် ရိုက်ပြမှာ ကျိန်းသေတယ် "
ဟုန်တောက်အဖွဲ့က အလောင်းအစားတွင် လောင်းကြေးများစွာ ထည့်ခဲ့လေသောကြောင့် လီဟုန်တွင် ငွေပြတ်နေလေ၏။ လီဟုန်သာ ယီယွင်ကို ရိုက်နှက်နိုင်လျှင် ငွေများ တစ်လုံးတစ်ခဲ ပြန်ရလိမ့်မည်ဟု လက်ပါးစေများက တွေးထားကြသည်။ ကြိုတင်ပြင်ဆင်ရန်ဆိုသည်မှာလည်း လောင်းကြေးအတွက် ရန်ပုံငွေစုဆောင်းရန် ဖြစ်လေ၏။
ထိုအကြောင်းအရင်းကြောင့် ယီယွင်က ပြိုင်ဘက်ကို ကြိုတင်ကြေညာခဲ့ခြင်း ဖြစ်လေသည်။ သူသာ လီဟုန်ကို စိန်ခေါ်လိုကြောင်း ရုတ်တရက်ကြေညာခဲ့မည်ဆိုပါက အချိန်မရှိခြင်းနှင့် လီဟုန် မွဲတေနေခြင်းတို့ကြောင့် လီဟုန်၏ လောင်းကြေးများ နည်းသွားနိုင်မည် မဟုတ်ပေလော။
ယနေ့တွင် ကြေညာခဲ့လျှင်မူ လီဟုန် ကြိုတင်ပြင်ဆင်ရန် အချိန်ရပေလိမ့်မည်။ လီဟုန်၏ အဆက်အသွယ်များနှင့်ဆိုလျှင် မှော်နဂါးကြေးပြားများ ပမာဏများပြားစွာ စုဆောင်းနိုင်ပေလိမ့်မည်။
ယီယွင်က နဂိုကတည်းကပင် ဝှက်ဖဲကို ထိန်ချန်ထားခဲ့သည်။ ထိုဝှက်ဖဲသည် လီဟုန်ကို လှည့်စားရန်အတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်လေ၏။
လက်ပါးစေများ မတ်တက်ရပ်လိုက်ကြသည်။ သူတို့က ယီယွင်ကို ဒေါသဟန်ဖြင့် ပြုံးကာ ကြည့်လိုက်ကြ၏။ ထိုအမူအရာသည် " စောင့်နေလိုက် ကောင်စုတ်လေး " ဟု ပြောနေသယောင်ပင်။
သူတို့သည် ပြိုင်ကွင်းထဲမှ တိတ်တဆိတ်ထွက်ခွာသွားပြီး မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ရန်အလို့ငှာ လီဟုန်အား သတင်းပေးရန် သွားခဲ့ကြလေသည်။
ကံမကောင်းစွာဖြင့်ပင် ယီယွင်က ဒိုင်ကို အသံပို့လွှတ်ကာ " အဲ့ဒီလူကို ကြိုတင်ပြင်ဆင်ခွင့်ပေးလိုက်ပါ " ဟု ပြောခဲ့လေသည်။ လက်ပါးစေများက ထိုစကားများကို မကြားခဲ့ပေ။ သူတို့သာ ကြားခဲ့မည်ဆိုပါက တစ်ခုခုလွဲနေကြောင်း ရိပ်စားမိကြပေလိမ့်မည်။