ဘုရင်ချူ၏သား
Vol. 17 Ch. 247
ပြီးခဲ့သည့်ရက်များတွင် လီဟုန် စိတ်ဓာတ်ကျနေခဲ့၏။
ပထမနှစ် တပ်သားသစ်ဖြစ်သည့် ယီယွင်က လှည့်စားခဲ့သည်ကို ခံရပြီးနောက် တိုင်အာနတ်မြို့ထဲတွင် သူ၏ဂုဏ်သတင်းများ ပျက်စီးသွားခဲ့သည်။ ယခုတွင် သူ မည်သို့များ ပျော်နိုင်ပါမည်နည်း။
သူက တိုင်အာနတ်မြို့တွင် အစ်ကိုကြီးတစ်ဦးဖြစ်ပြီး မြို့တော်တွင်မူ ကျော်ကြားသော သခင်လေးဟုန် ဖြစ်လေ၏။ သူ့တွင် အရေးအကြီးဆုံးအရာ သူ၏မျက်နှာ ဖြစ်လေသည်။ ယခုတွင်မူ အခြားသူတစ်ဦးက သူ၏မျက်နှာကို အိုးမဲသုတ်သွားခဲ့ချေ၏။
လီဟုန်အဖို့ မည်သို့များ သက်တောင့်သက်သာ ဖြစ်ပါမည်နည်း။ စစ်သည်တစ်ဦး စိတ်မငြိမ်လျှင် ယွမ်ချီများလည်း ဖရိုဖရဲဖြစ်တတ်လေ၏။ ထို့ကြောင့် ကျင့်ကြံမှု တစ်စို့သွားရန် လွယ်ကူလေသည်။
လီဟုန်က ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ရန်အတွက် အရေးကြီးအခိုက်အတန့်တွင် ရှိနေခဲ့သော်လည်း ထိုကိစ္စဖြစ်လာချိန်တွင် ချီးမျိုမိသည့်ပမာ မနှစ်မြို့စွာခံစားနေရလေ၏။
လီဟုန်က အခြေအနေကို ထိန်းသိမ်းရန်အတွက် နည်းလမ်းများ စဥ်းစားနေခဲ့သည်။ သို့သော် ယီယွင်၏ စွမ်းအားများက လျင်မြန်တိုးတက်လာချေ၏။ လီဟုန်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သော်လည်း နှစ်ဝက်ခန့်ကြာလျှင်မူ ယီယွင်ကို ရိုက်နိုင်တော့မည်မဟုတ်ကြောင်း ဝန်ခံမိသည်။ ထိုအချိန်သို့ရောက်လျှင် အခြေအနေကို ထိန်းချုပ်ရန်အတွက် ပိုမိုခက်ခဲသွားပေလိမ့်မည်။
သူက ယီယွင်ကို ကိုင်တွယ်ရန်အတွက် အခွင့်အရေးတစ်ခု လိုအပ်နေသော်လည်း ထိုအခွင့်အရေးကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။
လီဟုန် တွေးနေချိန်တွင် အပြင်ဘက်မှ ဆူညံသံများက နှောင့်ယှက်လာ၏။
" အစ်ကိုဟုန် ၊ အစ်ကိုဟုန်... ကိစ္စကြီးဖြစ်လာပြီ။ ဟိုကောင်လေး ယီယွင်က အစ်ကိုဟုန်ကို စိန်ခေါ်လိုက်ပြီ။ ဒီကောင်က မနက်ဖြန်ကျရင် အစ်ကိုဟုန်နဲ့ တိုက်ခိုက်ချင်နေတယ် "
လက်ပါးစေအချို့သည် ဟီဟုန်၏ခြံဝန်းထဲသို့ ဆာလောင်နေသော ခွေများပမာပင် အော်ဟစ်ကာ ဝင်လာကြသည်။
အော်သံများကြောင့် လီဟုန် မှင်တက်မိသွား၏။
" ယီယွင်က ငါ့ကို စိန်ခေါ်တာလား " သူ နှေးကွေးစွာ တုန့်ပြန်လိုက်သည်။ သူ မျက်နှာပြန်ရရန်အတွက် ယီယွင်ကို လက်စားချေမည်ဟု တွေးနေခဲ့သည်။ ယခုအခါတွင်မူ သူ၏အိမ်တံခါးကို ယီယွင်က ဦးစွာလာခေါက်နေချေ၏။
ယင်းအဖြစ်ကြောင့် သူ ထူးဆန်းသွားရသည်။ ထိုကောင်လေး ရူးသွားလေသလော။ သို့မဟုတ် အခြားအကြောင်းအရင်း ရှိလေသလော။
လီဟုန်၏မျက်နှာ သုန်မှုန်သွားလေ၏။ သူ့အား ယီယွင်က စိန်ခေါ်လာသည်ကို သံသယဝင်နေမိသည်။ ယင်းက ထောက်ချောက်တစ်ခုပေလော။
" ခေါင်းဆောင်က ဘာကြောင့်..."
လက်ပါးစေများသည် လီဟုန်က သတင်းကိုကြားလျှင် ဒေါသထွက်စွာ အော်ဟစ်ရယ်မော ယီယွင်၏ တုံးအမှုကို ပြစ်တင်ဆဲဆိုလိမ့်မည်ဟု ထင်ထားခဲ့သည်။ လီဟုန်က ဒေါသထွက်ခြင်းမရှိ ၊ ပျော်ရွှင်ခြင်းမရှိ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
" ယီယွင်ရဲ့ တိုက်ပွဲတွေကို ရုပ်သံအစီရင်ပြား လုပ်ခဲ့လား " လီဟုန်က ရုတ်တရက်ပင် မေးလိုက်သည်။ သူက ယီယွင်၏ တိုက်ပွဲကို မကြည့်လိုသော်လည်း ရုပ်သံအစီရင်ပြားကို ကြည့်ရပေတော့မည်။ ထိုသို့သာမဟုတ်ပါက ယီယွင်၏စွမ်းအားကို နားလည်နိုင်မည်မဟုတ်ပေ။
" ဒါက..."
လက်ပါးစေများက နဖူးများအား ပြန်ရိုက်လိုက်ကြ၏။ သူတို့က ထိုကိစ္စကို မေ့နေခဲ့ကာ လီဟုန်ဆီသို့ သတင်းပို့ရန်သာ အပြေးလာခဲ့ကြသည်။
" ငါတို့ ပြန်သွားယူလိုက်မယ် " လက်ပါးစေများ အပြေးပြန်ထွက်သွားကြလေ၏။
တိုင်အာနတ်မြို့တွင် ပြိုင်ကွင်းထဲမှ တိုက်ပွဲများကို မှတ်တမ်းတင်လေ့ရှိသည်။ ပိုပြင်းထန်သော တိုက်ပွဲများတွင် မှတ်တမ်းများ ပိုများလေသည်။ မှော်နဂါးကြေးပြားများ လုံလောက်စွာပေးပါက ပြန်ကြည့်ရန်အတွက် ငှားရမ်းနိုင်လေ၏။
မကြာမီတွင် ထိုလူငယ်များ ပြန်ရောက်လာသည်။ သူတို့ ပြန်ရောက်လာချိန်၌ လီဟုန်၏ ခြံဝန်းထဲတွင် လူပေါင်းများစွာကို မြင်လိုက်ရသည်။
" သူတို့က..."
သူတို့ အံ့အားသင့်သွားလေ၏။ လီဟုန်က အပေါင်းအသင်းဆံ့ပြီး အစွမ်းထက်သော နှစ်ကြီးသမား မိတ်ဆွေးများစွာလည်းရှိကြောင်းကို သူတို့ ကြားဖူးကြသည်။ ထိုသူအားလုံးက ကောင်းကင်အဆင့်နှင့် မြေအဆင့်များတွင် ထိပ်ပိုင်းနေရာများ၌ ရှိကြသည်။ ထိပ်ဆုံငါးဆယ်အတွင်းမှ ဟူထုံ ဆိုသူပင် ပါနေလေသည်။
ဟူထုံက တိုင်အာနတ်မြို့တွင် လေးနှစ်နေထိုင်ခဲ့သူ ဖြစ်လေသည်။ သူ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ပြီးသည်မှာ ကြာခဲ့ချေပြီ။ သူ ဘွဲ့ရရှိရန် တစ်နှစ်နှင့်ကိုးလ လိုသေးလေ၏။ ထိပ်ဆုံးငါးဆယ်ထဲတွင် အဆင့်ချိတ်ထားသည့် ဟူထုံက အဆင့်တူကျင့်ကြံသူများထဲတွင် အတော်ဆုံးများထဲ၌ ပါဝင်နေမည်မှာ သေချာလေသည်။
" စီစစ်ကြည့်ကြရအောင် " လီဟုန်က သံသယကြီးလေ၏။ ယီယွင်တွင် ဖုံးကွယ်ထားသော စွမ်းအားများ ရှိနေသေးလျှင် ဟူထုံက သေချာပေါက်ပင် မြင်နိုင်ပေလိမ့်မည်။
လက်ပါးစေများက ယီယွင်၏တိုက်ပွဲ အစီရင်ပြားကို စားပွဲပေါ်တွင် တင်ထားပေးလိုက်သည်။ သူတို့က တိုက်ပွဲကို စီစစ်လေ့လာနေကြလေ၏။
လီဟုန်သည် ဟူထုံကဲ့သို့ နှစ်ကြီးသမားများထံမှ အကြံပြုချက်များကို ရယူလိုသည်။ တိုက်ပွဲကို အချိန်အတန်ကြာသည်အထိ ကဏ္ဍပေါင်းစုံမှ လေ့လာခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ခဲ့ရချေ။
သူတို့က ယီယွင်၏တိုက်ပွဲကို ယေဘုယျကောက်နုတ်ချက်များသာ ပေးနိုင်ခဲ့လေ၏။ သို့သော် သူတို့ မည်မျှပင်ကြည့်စေကာ ယီယွင်က ချူရှောင်းရန်နှင့်တိုက်ပွဲတွင် အားကုန်ထုတ်သုံးခဲ့သည့်ဟန် ရှိလေသည်။
" လီဟုန်... ယီယွင်မှာ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေရှိနေဖို့က ဖြစ်နိုင်ခြေနည်းတယ်လို့ ငါထင်တယ်။ ဒီကောင်က ဒီလိုအခြေအနေမျိုးမှာတောင် စွမ်းအားကို ဖုံးကွယ်ထားနိုင်သေးတယ်ဆိုရင်တော့ ဒီကောင် သရုပ်ဆောင်တာ အရမ်းကောင်းလွန်းနေတာပဲ။ ဒီကောင်က မင်းကို အစကတည်းက ပစ်မှတ်ထားနေတာ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ ဒီကောင်က ကလေးတစ်ယောက်ပါပဲကွာ။ တပ်သားသစ်ပြိုင်ပွဲ စတင်ချိန်မှာ ဒီကောင် ဒါတွေအားလုံးကို ဘယ်လိုလုပ်ပြီး စဥ်းစားနိုင်တာလဲ။ ဒီကောင်က ဟုန်တောက်အဖွဲ့တစ်ခုလုံးကို ဒုက္ခပေးသွားခဲ့တာ မမေ့နဲ့ဦး။ အတော်ဆုံး တပ်သားသစ်တွေထဲက တစ်ဦးဖြစ်တဲ့ လျိုယွီရှင်း အပါအဝင် ဟုန်တောက်အဖွဲ့ရဲ့ လူအများကြီးက ယီယွင်ကို စိန်ခေါ်ခဲ့ကြတယ်။ တပ်သားသစ်တွေထဲမှာ အတော်ဆုံးဖြစ်တဲ့ ချူရှောင်းရန်နဲ့ ချိုးနျိုတို့ကိုလည်း ယီယွင်က ရင်ဆိုင်ခဲ့ရတယ်။ မြင့်မားတဲ့ လောင်းကြေးကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ယီယွင် ဒီအရာတွေအားလုံးအတွက် စိုးရိမ်နေခဲ့ရမှာပဲ။ ယီယွင်က ဒီအရာတွေအားလုံးကို ကိုင်တွယ်ပြီးတော့ လီဟုန်ကို ကျုံးသွင်းလိမ့်မယ်လို့ မင်းတို့တွေ ထင်မိကြလား "
ဟူထုံက ထင်မြင်ချက်ကို ဦးစွာပြောလိုက်သည်။ သူ ပြောခဲ့သည်မှာ ကျိုးကြောင်းသင့်သည်။ ယီယွင်က ၁၃ နှစ်သာ ရှိသေးသည်။ သာမန်ကလေးတစ်ဦးသာ ရှုပ်ထွေးသော ပြဿနာမျိုးစုံနှင့် ကြုံလာရပါက ဇဝေဇဝါဖြစ်နေကြပေလိမ့်မည်။ ဤအခြေအနေအထိပင် ထောင်ချောက်ဆင်လာကာ လီဟုန်ကို ကျုံးသွင်းနေသည်ဆိုပါက ယီယွင်သည် သာမန်မဟုတ်တော့ပေ။
လီဟုန် မျက်မှောင်ကုတ်ကာ... " ဖြစ်နိုင်ခြေရှိတယ် "
ဤတိုက်ပွဲက မဖြစ်မနေတိုက်ခိုက်ရမည်ဖြစ်ပြီး လောင်းကြေးကိုလည်း ကြိုတင်ပြင်ဆင်ထားရပေမည်။ သူ လောင်းကြေးမထည့်လိုလျှင်ပင် မဖြစ်မနေ ထည့်ရပေမည်။ ဤအခြေအနေမျိုးတွင်ပင် လောင်းကြေးမထည့်ပါက သူ ဟုန်တောက်အဖွဲ့၏ အဖွဲ့ဝင်များအကြားတွင် ရပ်တည်နိုင်မည်မဟုတ်တော့ပေ။ သူ့အား အခြားကျင့်ကြံများကပင် လှောင်ရယ်ကြပေလိမ့်မည်။
သို့သော် လီဟုန်က လောင်းကြေးထည့်ရန် ပစ္စည်းကို မတွေးရသေးပေ။ ဖြေရှင်းရခက်သည့် ပြဿနာမှာ သူ အသုံးပြုနိုင်သည့် အရင်းအမြစ်များ များစွာမရှိတော့ခြင်းပင်။
လီဟုန် တွေးနေချိန်တွင် ရယ်သံတစ်ခု ထွက်ပေါ်လာကာ..." ဟားဟားဟား... လီဟုန်ရေ... တပ်သားသစ်တစ်ဦးက မင်းကို စိန်ခေါ်တာနဲ့ပဲ မင်းရှုံးခဲ့မလားဆိုပြီးတော့ အစည်းအဝေးကြီးတစ်ခု တကယ်ကြီးလုပ်နေတာပါ့လား။ မင်း မရှက်ဘူးလား "
လီဟုန်၏မျက်နှာ မဲမှောင်သွားလေ၏။ တစ်ဖက်လူ ပြောခဲ့သည်မှာ မှန်လေသည်။ တပ်သားသစ်တစ်ဦးက စိန်ခေါ်သည်ကို တိုက်ပွဲမစသေးမီတွင် ကြောက်ပြနေပြီး အစည်းဝေးပွဲလုပ်ကာ စီစစ်နေသည်က သူ့အတွက် မျက်နှာပျက်စရာပင်။
လီဟုန် ရှက်စိတ်မှ ဒေါသစိတ်အဖြစ် ပြောင်းလဲသွားလေ၏။ သူ ဒေါသဖောက်ခွဲရန် ပြင်လိုက်စဥ်တွင် စကားပြောလိုက်သူကို မြင်မိသွားကာ ပါးစပ်ပိတ်လိုက်လေ၏။
လမ်းလျှောက်လာသူက ချီလင်ဝတ်စုံ ၊ စပါးအုံကိုးကောင်ခါးပတ်နှင့် သားရေဖိနပ်တို့ကို ဝတ်ဆင်ထားလေ၏။ သူ၏ ခေါင်းအစ ခြေအဆုံးက မဟာဆန်နေလေ၏။
" ယန်တင်းခွမ် " ၁၅ နှစ်အရွယ် လူငယ်လေးက ဘုရင်ချူ၏သား ဖြစ်လေ၏။
ဘုရင်ချူက တိုင်အာနတ်ပြည်ထောင်တွင် သမိုင်းကြောင်းရှည်ကြီးရှိသော မင်းမျိုးတစ်ဦး ဖြစ်လေသည်။ သူသည် တိုင်အာနတ်ပြည်ထောင် တည်ထောင်သူဧကရာဇ်၏ ညီတော်ဖြစ်သည့် ပထမဘုရင်ချူနှင့် သွေးသားဆက်နွယ်သည်ဖြစ်ပြီး သူ၏မိသားစုကလည်း တော်ဝင်မိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
နောက်ပိုင်းတွင် သူ့အား ချူပြည်နယ်ကို အပိုင်စားပေးခဲ့လေသောကြောင့် သူက ယနေ့အချိန်အထိ ချူပြည်နယ်၏ သွေးကြောတစ်ခု ဖြစ်လာခဲ့သည်။
လက်ရှိတွင် ချူပြည်နယ်၏ ယန်မိသားစုက ထိပ်တန်းမိသားစုကြီးတစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။ ဟုတ်သည်။ ၎င်းတို့က ဧကရာဇ်နှင့် သွေးသားတော်စပ်မှု ဝေးကွာလာသည့်တိုင်အောင် တော်ဝင်မိသားစု၏ အစိတ်အပိုင်း ဖြစ်နေဆဲပင်။
ယန်တင်းခွမ်က တိုင်အာနတ်မြို့၏ ကောင်းကင်အဆင့်နှင့် မြေအဆင့် နှစ်ခုစလုံးတွင် အဆင့်တစ်ဆယ်အတွင်း၌ရှိပြီး ထင်ပေါ်ကျော်ကြားသူတစ်ဦးဟု ဆိုနိုင်လေသည်။
လီဟုန်၏ လီမိသားစုက ချူတော်ဝင်အိမ်တော်နှင့် ထိမ်းမြားလက်ထပ်ခြင်းဖြင့် အမျိုးတော်စပ်မှုရှိသည်။ တစ်နည်းအားဖြင့် ယန်တင်းခွမ်က လီဟုန်နှင့် သွေးဝေးသော ဝမ်းကွဲညီကိုတော်စပ်မှု ရှိလေသည်။
ယနေ့တွင် ယန်တင်းခွမ် ရုတ်တရက်ပေါ်လာကာ သူ့အား လှောင်ပြောင်ခဲ့လေသောကြောင့် လီဟုန် စိတ်ပျက်သွားရသည်။
" ဘာလာလုပ်တာလဲ ဝမ်းကွဲ " လီဟုန်က မေးလိုက်သည်။
" ဟဲဟဲ... ငါက ဝမ်းကွဲရဲ့ဗျူဟာတွေကို နားထောင်ဖို့အတွက် ရောက်လာခဲ့တာလေ။ ဒီရက်တွေမှာ မင်းက အရင်းအမြစ်တွေ ကျပ်တည်းနေတာကို ငါ သိထားတယ်။ မင်း မှော်နဂါးကြေးပြားတွေ ချေးချင်တယ်ဆိုရင် ငါ ချေးပေးလို့ရတယ်။ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခု ရှိတယ် " ယန်တင်းခွမ်က စကားစကို ဆွဲထားလိုက်သည်။
" ဘာအခြေအနေလဲ "
" အဲ့ဒါက...တိုင်အာနတ်ကျင့်စဥ်ရဲ့ ပထမသုံးတွဲပဲ။ မင်းက ငါ့အတွက် အဲ့ဒီဟာတွေကို အရယူပေးရမယ် " ယန်တင်းခွမ်၏ မျက်ဝန်းများ တောက်ပနေသည်။
တိုင်အာနတ်မြို့တွင် စည်းမျဥ်းများရှိကြောင်း ယန်တင်းခွမ် သိသည်။ တိုင်အာနတ်ကျင့်စဥ်ကဲ့သို့ ထိပ်တန်းကျင့်စဥ်မျိုးကို လောင်းကြေးထည့်သည်မှာ အတိတ်တွင် ကြုံတောင့်ကြုံခဲဖြစ်ရပ်သာ ဖြစ်လေ၏။
တိုင်အာနတ်ကျင့်စဥ် ကျောက်စိမ်းစာလိပ်က တန်ဖိုးအလွန်ကြီးပြီး မိတ္တူအရေအတွက် အကန့်အသတ်ရှိသည်။ ကျင့်ကြံသူတစ်ဦးက တိုင်အာနတ်ကျင့်စဥ်ကို မှော်နဂါးကြေးပြားများနှင့် ဂုဏ်အမှတ်များ အသုံးပြုကာ လဲလှယ်လိုလျှင်ပင် ဆယ်လခန့်သာ ငှားရမ်းနိုင်လေသည်။
ထိုဆယ်လတွင် တိုင်အာနတ်ကျင့်စဥ်ကို လွတ်လပ်စွာ ကျင့်ကြံနိုင်သော်လည်း အခြားကျင့်ကြံသူများဆီသို့ ငှားပေး၍မရပေ။ အလောင်းအစားတွင် ရှုံးခြင်းကမူ ခြွင်းချက်ဖြစ်၏။
လူများကို တိုင်အာနတ်ကျင့်စဥ်ကို တမင်လွှဲပေးရန်အတွက် အလောင်းအစားလုပ်မည်ကို ကာကွယ်ရန်အတွက် စည်းကမ်းတင်းကျပ်ထားသည်။ တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးအဖြစ် အသုံးပြုလိုက်သည်နှင့် လက်ကျန်အငှားကာလကို ၃၀% လျော့ချပစ်မည် ဖြစ်လေသည်။
ထိုအကြောင်းအရင်းကြောင့် လက်တစ်ဆုပ်စာခန့်သော လူများကသာ တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးအဖြစ် လုပ်ဆောင်ကြလေသည်။
" တိုင်အာနတ်ကျင့်စဥ်လား။ မင်းက ယီယွင်ရဲ့ တိုင်အာနတ်ကျင့်စဥ်ကို မျက်စိကျနေတာလား " ယန်တင်းခွမ်၏ မတော်လောဘကို နားလည်သွားကာ လီဟုန် ထခုန်မိသွားလေ၏။ ယန်တင်းခွမ်၏ တောင်းဆိုချက်ကို လက်ခံလိုက်လျှင် သူ ဆုံးရှုံးရနိုင်သည်များကို အလျင်အမြန် တွက်ချက်ကြည့်လိုက်လေ၏။
ယန်တင်းခွမ်က တိုင်အာနတ်ကျင့်စဥ်ကို လိုချင်နေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိလေသောကြောင့် တိုင်အာနတ်ကျင့်စဥ်နှင့် တန်ဖိုးတူညီသောအရာဖြင့် လောင်းကြေးထည့်ရချေမည်။
" မင်းက တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ခွင့် မရခဲ့ဘူးလား " လီဟုန်က မေးလိုက်သည်။
ယန်တင်းခွမ်က ချူတော်ဝင်အိမ်တော်မှ ဖြစ်သော်လည်း တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ခွင့်ရသည်အထိ အပစားအပေးမခံရပေ။ ချူတော်ဝင်အိမ်တော်တွင် ကလေးပေါင်းများစွာ ရှိလေ၏။ ယန်တင်းခွမ်အဖို့ ချူတော်ဝင်အိမ်တော်ကို အမွေဆက်ခံရမည်ဆိုလျှင်ပင် အခွင့်ထူးခံရမည် မဟုတ်သေးပေ။
တိုင်အာနတ်ကျင့်စဥ် ကျောက်စိမ်းစာလိပ်က တန်ဖိုးကြီးမားလွန်းလေသည်။ နတ်ပြည်ထောင်၏ တော်ဝင်အိမ်တော်ထဲတွင် မိတ္တူအပွား သုံးလေးခုသာရှိပြီး ကျန်သည်များက တိုင်အာနတ်မြို့တွင် ရှိလေသည်။
အစွမ်းအစရှိသူများကမူ တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံရန်အတွက် ယှဥ်ပြိုင်ကြသည်ဖြစ်ပြီး အစွမ်းအစမရှိသူများကမူ ဘေးမှသာ ရပ်ကြည့်နေရလေသည်။
ယန်တင်းခွမ်က ဒေါသတကြီး ဆိုလေသည်.. " နတ်မြို့ရဲ့စည်းမျဥ်းတွေက တင်းကျပ်တယ်။ ငါ့မှာ တိုင်အာနတ်ကျင့်စဥ်နဲ့ လဲလှယ်လို့ရတဲ့ ဂုဏ်အမှတ်တွေနဲ့ မှော်နဂါးကြေးပြားတွေ ရှိနေပေမဲ့ ဈေးက အရမ်းမြင့်လွန်းနေတယ်။ လဲလှယ်လိုက်တာနဲ့ ငါ မွဲသွားလိမ့်မယ် "
" ယီယွင်ကတော့ ဆေးပင်ခူးရင်း ကံကောင်းခဲ့ပြီးတော့ မှော်နဂါးကြေးပြားတွေနဲ့ ဂုဏ်အမှတ်တွေ အများကြီးရခဲ့တယ်။ ဒီကောင် တိုင်အာနတ်ကျင့်စဥ်နဲ့ အေးဆေးပဲ လဲလှယ်ခဲ့တယ်။ ဒါက လုံးဝမမျှတဘူး။ ဒီကောင့်ကို ဘယ်သူက လုပ်ပိုင်ခွင့်ပေးထားလို့လဲ "
" ဒီကောင်က တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံချင်တာတဲ့လား။ ဒီကောင်က တိမ်ရိုင်းနယ်မြေထဲက တောသားတစ်ယောက်ပဲ။ တော်ဝင်အိမ်တော်ရဲ့ မျိုးဆက်ဖြစ်တဲ့ ငါတောင် တော်ဝင်လျှို့ဝှက်ကျင့်စဥ်ကို ကျင့်ကြံခွင့်မရဘူး။ ဘယ်မလဲ တရားမျှတမှု။ ငါ့လက်ထဲပို တော်ဝင်လျှို့ဝှက်ကျင့်စဥ် ရောက်လာခဲ့ရင် ဂုဏ်သရေထွန်းပြောင်အောင် လုပ်ပစ်မယ် "