← Chapters

ဥပဒေသအမှန်တရား

Vol. 17 Ch. 248

ဥပဒေသအမှန်တရား

Vol. 17 Ch. 248

" ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးထည့်လာတာကို မင်းက လိုချင်တာလား။ ယန်တင်းခွမ်... မင်းက အတော်ကို လောဘကြီးတာပဲ " ယန်တင်းခွမ်၏ အစီအစဥ်ကို ကြားလိုက်ရချိန်တွင် ဟူထုံသည်လည်း ဆွဲဆောင်ခံလိုက်ရ၏။ သူသည်လည်း တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံရန် အခွင့်အရေးမရခဲ့ပေ။

တိုင်အာနတ်ကျင့်စဥ်က ကျင့်ကြံရန် ခက်ခဲလွန်းလေ၏။ လူငါးဦးလျှင် တစ်ဦးကသာ တိုင်အာနတ်ကျင့်စဥ်ကို တတ်ကျွမ်းအောင် လေ့ကျင့်နိုင်လေသည်။

ဟူထုံကဲ့သို့ လူစားမျိုးများက တိုင်အာနတ်ကျင့်စဥ်ကို လဲလှယ်ရန် ကြွယ်ဝနိုင်လောက်သော်လည်း ၎င်းအား တန်ဖိုးကြီး အရင်းအမြစ်များနှင့် လဲလှယ်ပြီးလျှင်ပင် တိုင်အာနတ်ကျင့်စဥ်ကို မသင်ယူနိုင်သည့် အခွင့်အရေးလဲ ရှိနေလေသည်။

မဖြစ်နိုင်သော ဖြစ်နိုင်ခြေတစ်ခုအတွက် ဂုဏ်အမှတ်များနှင့် မှော်နဂါးကြေးပြားများစွာ ပေးဆောင်အတွက် ကုန်ကျစားရိတ် မြင့်မားလွန်းနေလေသောကြောင့် ဟူထုံ ပြတ်သားစွာ ဆုံးဖြတ်ချက် မချနိုင်ပေ။

" အစွမ်းအစရှိသူကပဲ ရတနာကို ပိုင်ဆိုင်ခွင့်ရှိတယ်။ ယီယွင်ရဲ့လက်ထဲမှာ တိုင်အာနတ်ကျင့်စဥ် ရှိနေတယ်ဆိုရင် နတ်ရတနာတစ်ခုကို တမင်သက်သက် ဖြုန်းတီးနေတာပဲ။ ငါ့မှာ တော်ဝင်သွေး ရှိနေတဲ့အပြင် တိုင်အာနတ်ကျင့်စဥ်ရဲ့ ဇစ်မြစ်ကလည်း တော်ဝင်အိမ်တော်ရဲ့ ကျင့်စဥ်နည်းစနစ်ဆိုတော့ ငါ့အနေနဲ့ တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံဖို့အတွက်က လွယ်ကူတယ် "

" မင်း တိုင်အာနတ်ကျင့်စဥ်ကို အနိုင်ရပြီးခဲ့ရင် ခြောက်လအတွင်း ပြန်ပေးရမယ်ဆိုပေမဲ့ လုံလောက်ပါတယ်။ ငါက တိုင်အာနတ်ကျင့်စဥ်ကို ခြောက်လမပြည့်ခင်မှာ တတ်ကျွမ်းမယ်လို့လဲ ယုံကြည်ချက်ရှိတယ် "

ယန်တင်းခွမ်က သူ့ကိုယ်သူ အတော်ပင် ယုံကြည်ချက်ရှိသည်။

ဟူထုံ နှုတ်ခမ်းမဲ့လိုက်၏။ ထိုငကြွားကောင်က တိုင်အာနတ်ကျင့်စဥ်ကို ခြောက်လမပြည့်မီတွင် ကျွမ်းကျင်နိုင်သည်ဟု ဆိုနေချေ၏။ မိမိ၏ လေကြီးလေကျယ် စကားလုံးများက မိမိအား ပြန်ပါတ်လာမည်ကို မကြောက်လေသလော။ ပြီးခဲ့သည့် ဆယ်စုနှစ်ကာလများထဲတွင် တိုင်အာနတ်ကျင့်စဥ်ကို မည်သူကမျှ ခြောက်လအတွင်း တတ်ကျွမ်းခဲ့ခြင်းမရှိပေ။

သို့သော် ယန်တင်းခွမ်က ခြောက်လအတွင်း တိုင်အာနတ်ကျင့်စဥ်ကို ကျွမ်းကျင်ခဲ့ခြင်း မရှိခဲ့လျှင်ပင် သူအဖို့ တိုင်အာနတ်ကျင့်စဥ်ကို သင်ကြားရန်အတွက် သင့်တော်၏ ၊ မတော်၏ကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။ သူ မသင့်တော်ခဲ့လျှင် လက်လျော့လိုက်ပေမည်။

" မင်းက ယီယွင်ဆီက တိုင်အာနတ်ကျင့်စဥ်ကို လိုချင်တယ်ဆိုရင် မင်းအနေနဲ့ ဘာကို လောင်းကြေးအနေနဲ့ အသုံးပြုဖို့ ပြင်ဆင်ထားလဲ " လီဟုန်က မေးလိုက်သည်။

ယန်တင်းခွမ်က ယုံကြည်ချက်ရှိစွာ ပြုံးကာ..." ငါ့မှာ ဒီကလေးကို မြူဆွယ်နိုင်တဲ့ဟာ ရှိတယ်။ ပြီးတော့ ယီယွင်နှင့် တိုက်ခိုက်ဖို့အတွက် အပိုလောင်းကြေးအနေနဲ့ ငါက မင်းကို မှော်နဂါးကြေးပြား ၃၀၀၀၀ ချေးပေးမယ်။ ဒါက အကြွေးယူတာဆိုတော့ နောက်ပိုင်းကျရင် မင်း ငါ့ကို ပြန်ပေးရလိမ့်မယ် "

လီဟုန် ချင့်ချိန်တွေးတောနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ ယီယွင်က မှော်နဂါးကြေးပြား ၃၀၀၀၀ ဆုံးရှုံးရလျှင် နာကျင်ရမည်မဟုတ်သော်လည်း တိုင်အာနတ်ကျင့်စဥ်အား ဆုံးရှုံးရလျှင်မူ သေလုမတတ် နာကျင်ခံစားရပေလိမ့်မည်။

ထိုမျှကြီးမားစွာ ဆုံးရှုံးရပါက မည်မျှအထိ နာကျင်ရကြောင်းကို ယီယွင်အား ခံစားခိုင်းကြည့်စေလို၏။

သူ လက်ငါးချောင်း ထောင်ပြကာ ဆိုသည်..." ၅၀၀၀၀... ငါ့ကို မှော်နဂါးကြေးပြား ၅၀၀၀၀ ချေးပေး "

တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေး တင်ထားလေသောကြောင့် လီဟုန်အဖို့ ဂုဏ်အမှတ်များကို လောင်းကြေးမထည့်ဝံ့ပေ။ လီဟုန်၏ အကန့်အသတ်က မှော်နဂါးကြေးပြား ၅၀၀၀၀ ဖြစ်လေ၏။

ယီယွင်က သူ့အား လှည့်စားရန်အတွက် စွမ်းအားများ ဖုံးကွယ်ထားနိုင်လောက်သည်။ သို့သော် လီဟုန်တွင်လည်း ဖုံးကွယ်ထားသည့် စွမ်းအားများ အဘယ်သို့များ မရှိဘဲနေပါမည်နည်း။ ဝှက်ဖဲအားလုံး အသုံးပြုရန် အချိန်ကျရောက်ပေပြီ။

" ငါ ထောင်ချောက်ထဲကို ရောက်နေပြီလို့ ယီယွင်က ထင်နေလောက်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လတုန်းက ငါ ကြီးကြီးမားမား ချိုးဖျက်နိုင်ခဲ့တာကို ဘယ်သူမှ မသိကြသေးဘူး။ ငါတို့ထဲက ဘယ်သူကမှလဲ အခြားသူရဲ့ ဝှက်ဖဲကို သိမထားကြဘူး။ ငါက မင်းကို ရှုံးရလိမ့်မယ်လို့ ဘယ်ဟာကြောင့် ထင်နေရတာလဲ "

ထိုအတွေးနှင့်အတူ လီဟုန် ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာခဲ့သည်။

..................

ယီယွင် ချူရှောင်းရန်ကို အနိုင်ယူကာ တပ်သားသစ် ပထမနေရာကို ရရှိပြီးနောက်တွင် တိုင်အာနတ်မြို့ထဲတွင် ယီယွင်၏ကျော်ကြားမှုက ပြိုင်ဘက်ကင်းဖြစ်လာခဲ့၏။

မိသားစုမျိုးနွယ်ကြီးများစွာတို့မှ အထောက်တော်များကလည်း ယီယွင်အား သူတို့အဖွဲ့အစည်း၏ ဧည့်သည်တစ်ဦးအဖြစ် ဆွယ်လိုကြလေသည်။ အဖွဲ့များစွာတို့ကလည်း ယီယွင်အား ကမ်းလှမ်းမှုများစွာ ပေးလာကြလေ၏။ သူတို့ လိုချင်ကြသည်မှာ ယီယွင်ထံမှ နှုတ်ကတိတစ်ခုသာ ဖြစ်လေ၏။

သို့သော် ယီယွင်က အားလုံးကို ငြင်းပစ်ခဲ့သည်။

ယီယွင် တိမ်ရိုင်းနယ်မြေထဲတွင် ရှိခဲ့စဥ်က အရင်းအမြစ်များ ရရှိရေးအတွက် အဖွဲ့တစ်ခုထဲသို့ ဝင်လိုခဲ့သည်။ ယခုတွင် ယီယွင်က တိုင်အာနတ်မြို့ထဲတွင် ကိုယ့်အားကိုယ်ကိုးကာ ငွေရှာနိုင်နေချေပြီ။ နေ့စဥ်လိုပင် သူ၏စွမ်းအားများ တိုးတက်နေလေသောကြောင့် အဖွဲ့တစ်ခုထဲသို့ ဝင်ရောက်ပြီး အခြားသူများက သူ့အား ထန်းချုပ်လာခြင်းမျိုးကို ခွင့်ပြုမည်မဟုတ်ပေ။

ယီယွင် ညစာစားနေချိန်တွင် ပိန်သွယ်ချောမောသော မိန်းကလေးအချို့က သူ့အား ဖြတ်ကျော်သွားသည်ကို တွေ့ခဲ့ရသည်။ သူမတို့က စားစရာလင်ဗန်းများ ကိုင်ထားကာ အချင်းချင်း စနောက်နေကြလေ၏။ ထိုမိန်းကလေးများ၏ အလယ်တွင် ကျောက်ချင်းချန် ရှိနေလေသည်။

ကျောက်ချင်းချန်က ယီယွင်ကို သတိပြုမိသွားကာ အံ့အားသင့်ဟန်ဖြင့် ပြုံးလိုက်လေပြီး..." မောင်လေးယီယွင်လည်း ရောက်နေတာကိုး "

" အို..."

သူမက တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားရပ်သွားကာ ဆိုလိုက်လေသည်..." ငါ နင့်ကို ဒီလိုခေါ်လို့မရတော့ဘူးပဲ။ နင်က နံပါတ်တစ် တပ်သားသစ် ဖြစ်နေပြီပဲဟာ "

ကျောက်ချင်းချန်သည် လွန်ခဲ့သည့်သုံးလခန့်က ယီယွင်နှင့် စတင်တွေ့ဆုံချိန်ကို တွေးမိသွားကာ ခံစားချက်များ ရောထွေးသွားရလေသည်။ နုံအသော မောင်ငယ်လေးက ဤမျှထူးချွန်စွာ ကြီးထွားလာလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။

ကျောက်ချင်းချန်က ယီယွင်နှင့် သိကျွမ်းနေသည်ကို ကြားသိလိုက်ရကာ မိန်းကလေးများ၏ မျက်ဝန်းများ တောက်ပသွားလေ၏။ သူမတို့က ယီယွင်အား ဝိုင်းထားလိုက်ကြလေပြီး ယီယွင်နှင့် မိတ်ဆက်ပေးရန်အတွက် ကျောက်ချင်းချန်ကို လောဆော်နေကြသည်။

မိန်းကလေးများက စားသောက်ခြင်းမပြုတော့ဘဲ ယီယွင်နှင့်သာ စကားပြောနေကြသည်။ သူမတို့က ယီယွင်အား မေးခွန်းမျိုးစုံ မေးမြန်းခဲ့ကြလေ၏။

" သခင်လေးယီက စေ့စပ်ပြီးပြီလား။ ကြိုက်နေတဲ့သူရော ရှိလား " ရဲတင်းသော မိန်းကလေးတစ်ဦးက လိုရင်းကို မေးလိုက်လေသောကြောင့် ယီယွင် ကြက်သေသေသွားရလေ၏။

သူမက တည့်တိုးဆန်ချေသည်။

ဤကမ္ဘာထဲတွင် သေမျိုးများက အသက် ၁၅ နှစ်အရွယ်မှာပင် ထိမ်းမြားခြင်းကို စတင်စဥ်းစားကြလေ၏။

သို့သော် စစ်သည်များထဲတွင် သိုင်းပညာလမ်းစဥ် တစ်ခုတည်းကိုသာ လိုက်စားခဲ့ပြီး နှစ်ပေါင်းရာချီအထိ အိမ်ထောင်ပြုခြင်းမရှိသူများလည်း ရှိလေသည်။ ဆယ်ကျော်သက်အရွယ်မှာပင် လက်တွဲဖော်ရှာကြသူများလည်း ရှိလေ၏။

ထိုမေးခွန်းကြောင့် ယီယွင်၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ဝိုးတဝါးပေါ်လာသည်။

ယီယွင်က ကျန်းရှောင်ယုကို သတိရသွားခဲ့သည်။ ယီယွင် ကိုယ့်ကိုယ်ကိုယ်ပင် ရှင်းမပြတတ်တော့ပေ။ ကျန်းရှောင်ယုအပေါ်တွင်ရှိသည့် ခံစားချက်များကို သူ အဓိပ္ပါယ်ဖွင့်၍မရသော်လည်း သူ၏ဘဝတွင် ကျန်းရှောင်ယုက အရေးအကြီးဆုံးသူ ဖြစ်သည်မှာ သံသယဖြစ်ရန်မလိုပေ။

သူတို့က ထာဝရကတိတစ်ခုပမာပင် အကောင်းနှင့်အဆိုးများကို ကျော်ဖြတ်ခဲ့ကြသည်။

ကျန်းရှောင်ယုအပြင် ယီယွင်က လေထဲတွင် အဖြူရောင်ဝတ်စုံနှင့် ပျံဝဲနေသည့် လင်ရှင်းထုံကိုလည်း တွေးမိသွားသည်။ ယီယွင်၏စိတ်ထဲတွင် လင်ရှင်းထုံက အနက်ရှိူင်းဆုံး ထင်မြင်ချက်တစ်ခု ကျန်ရစ်စေခဲ့သည့် မိန်းကလေးတစ်ဦး ဖြစ်လေသည်။

ပျက်စီးခြင်းလူသားတောင်ကြားထဲ၌ ညအချိန် လရောင်အောက်တွင် လင်ရှင်းထုံက သူမတွင် ပိတ်ဆိုနေသော သွေးကြောများ ရှိနေသည်အား ထုတ်ပြောခဲ့သည့် မြင်ကွင်းကို ယီယွင် ပြန်မြင်ယောင်မိသွားလေသည်။ ထိုစဥ်က လင်ရှင်းထုံ၏ မျက်နှာထက်မှ ဝမ်းနည်းမှုများကို ယီယွင် မြင်ခဲ့ရသည်။ လင်ရှင်းထုံ၏ သိမ်မွေ့သောအခြမ်းကို မြင်လိုက်ရချိန်တွင် သူ ဖော်ပြ၍မရသော ဝမ်းနည်းမှုတစ်ရပ်ကို ခံစားလိုက်ရသည်။

" လင်ရှင်းထုံက အရေးကြီးတဲ့ မိသားစုကိစ္စ လုပ်ဖို့လိုတယ်လို့ ပြောသွားခဲ့တယ်။ အဲ့ဒါက ဘာကိစ္စလဲ ၊ ချောချောမွေ့မွေ့ ပြီးသွားရဲ့လားဆိုတာ ငါ မသိရဘူး။ သူ့ရဲ့မိသားစုက တိုင်အာနတ်ပြည်ထောင်ထဲမှာ မရှိဖို့ပဲများတယ် "

ယီယွင် ထိုအကြောင်းတွေးကာ စိတ်များ တဝဲလည်လည် ဖြစ်နေသည်။ မေးခွန်းများ ဆက်တိုက်မေးမြန်းနေသည့် မိန်းကလေးများကို သူ အာရုံမရတော့ပေ။

ထိုစဥ် ခက်ထန်ကြမ်းတမ်းသော အသံတစ်ခုကြောင့် ယီယွင် သတိပြန်ဝင်လာသည်။

" စောက်ကလေး ယီယွင်က မနက်ဖြန်ကျရင် ငါတို့ခေါင်းဆောင်နဲ့ တိုက်ခိုက်ရတော့မှာတောင် မိန်းကလေးတွေနဲ့ ကလူကျီစယ်ချင်နေသေးတာပဲ "

မိန်းကလေးများက စကားပြောလိုက်သူကို ဒေါသတကြီး ကြည့်လိုက်လေသည်။

လက်ပါးစေများဖြစ်ကြောင်း သိသာလှသော လူငယ်လေးဦး ယီယွင်၏ စားပွဲနားတွင် ရပ်နေလေ၏။ ယီယွင်အား မိန်းမလှလေးများ ဝိုင်းနေသည်ကို မြင်လိုက်ရချိန်တွင် သူတို့ မနာလိုဖြစ်နေကြ၏။

" ယီယွင်... မနက်ဖြန်ကျရင် သေဖို့ပြင်ထားလိုက်တော့။ ငါတို့ခေါင်းဆောင်က မင်း စိန်ခေါ်တာကို လက်ခံလိုက်ပြီ။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ အပိုဆုကြေးအချို့တော့ ရှိတယ်။ မနက်ဖြန်တိုက်ပွဲမှာ မင်းရဲ့ တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးထည့်ရမယ်လို့ ငါတို့ခေါင်းဆောင်က လာပြောခိုင်းတာပဲ။ ပြီးတော့ မှော်နဂါးကြေးပြား ၅၀၀၀၀ ကိုလည်း ထပ်ပေါင်းမယ် "

သူတို့က ယီယွင်ကို ကြောက်ရွံ့ကြသော်လည်း ဟုန်တောက်အဖွဲ့နှင့် ပတ်သတ်မှုရှိလေသောကြောင့် အားနည်းဟန်မပြကြပေ။ သူတို့က ကျယ်လောင်စွာ အော်လိုက်လေရာ စားဖိုဆောင်တစ်ခုလုံး ကြားသွားကြလေ၏။

တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးထည့်ရမယ်။ အပိုအနေနဲ့ မှော်နဂါးကြေးပြား ၅၀၀၀၀ ထပ်လောင်းရမယ်။

ဤလောင်းကြေးက လွန်လွန်းလှချေသည်။

ယီယွင်က ကံကောင်းထောက်မပြီး ရှေးဦးဆေးတစ်ပင် ခူးမိခဲ့ခြင်းကြောင့် တိုင်အာနတ်ကျင့်စဥ် ပထမသုံးတွဲအား ရရှိခဲ့ကြောင်းကို လူတိုင်း သိကြသည်။ ယခုတွင် ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လက်ပူအောင် မကိုင်သေးမီတွင် လီဟုန်က တိုင်အာနတ်ကျင့်စဥ်ကို ပစ်မှတ်ထားနေချေ၏။

ထိုသို့ လောင်းကြေးမျိုးကို မည်သို့များ သဘောတူပါမည်နည်း။

" မင်း ကြောက်နေတာလား။ မင်း ကြောက်နေရင်လည်း အမြန်ဆုံး အသနားခံလိုက်။ ငါတို့ခေါင်းဆောင်က မင်းရဲ့ အမှိုက်စွမ်းအားကို အရေးစိုက်နေမှာမဟုတ်ဘူး " လူငယ်အချို့က ယီယွင်ကို ဆွပေးကြလေ၏။

" တိုင်အာနတ်ကျင့်စဥ်... " ယီယွင် မေးစေ့အား ပွတ်လိုက်သည်။ လီဟုန်က အလွန်မြင့်မားသော လောင်းကြေးကို လုပ်ခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယီယွင်က လီဟုန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ကျွမ်းကျင်သူများအကြားမှ တိုက်ပွဲတွင် အာမခံချက်ဟူ၍ မရှိပေ။ ယီယွင်တွင် ဝှက်ဖဲရှိနေသော်လည်း လီဟုန်၏စွမ်းအားက မည်မျှကြီးမားကြောင်း သိမထားပေ။

" ငါ တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးထည့်တာကို လီဟုန်က လိုချင်နေတယ်ဆိုတော့ ဒီကောင့်ရဲ့လောင်းကြေးက ဘာလဲ။ မှော်နဂါးကြေးပြားတော့ မဖြစ်ရဘူးနော် "

" ဟမ့်...သေချာပေါက်ကို မဟုတ်ဘူးပေါ့။ မင်းရဲ့ တိုင်အာနတ်ကျင့်စဥ်ကို လောင်းကြေးထည့်စေချင်တဲ့သူက ချူတော်ဝင်အိမ်တော်ရဲ့ မင်းသားငယ်ဖြစ်တဲ့ ယန်တင်းခွမ်ပဲ။ သူ လောင်းကြေးထည့်ထားတာက ချူတော်ဝင်အိမ်တော်ရဲ့ လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဥပဒေသအမှန်တရားပဲ "

" ဥပဒေသအမှန်တရားလား " ယီယွင် တွေးလိုက်သည်။ ထိုစဥ် ယီယွင်၏နံဘေးမှ ကျောက်ချင်းချန်က အသိလွတ်ကာ ပါးစပ်အား အုပ်လိုက်သည်။

ဥပဒေသအမှန်တရားက တန်ဖိုးကြီးမားသော ကျမ်းတစ်ခု ဖြစ်လေသည်။ ၎င်းက ကျင့်စဥ်နည်းစနစ်တစ်ခု မဟုတ်လေဘဲ ဥပဒေသအမှန်တရားများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားခြင်း ဖြစ်လေသည်။

ဥပမာဆိုရသော် ထိုးထွင်းသိမြင်မှု အားကောင်းသည့် ချူရှောင်းရန်က အမာအပျော့နှင့် ရေခဲ ဥပဒေသနှစ်မျိုးကို ခရမ်းသွေးနယ်ပယ်၌ပင် သိမြင်နားလည်ထားလေသည်။

ဥပဒေသများကို သိမြင်နားလည်မှုရရန်မှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးမှီခိုရသော်လည်း ခက်ခဲကြမ်းတမ်းစွာ ဖန်တီးယူရသည့် အရာမျိုးမဟုတ်ပေ။ ဥပဒေသများကို သိမြင်နားလည်မှုရရန်အတွက်မူ ကနဦးပိုင်းတွင် နှေးကွေးလေသည်။ ဤကျမ်းထဲတွင် ဖော်ပြထားသည် ဥပဒေသများက အလွန်တရာပင် အရေးကြီးလေ၏။

ချူတော်ဝင်အိမ်တော်၏ ဥပဒေသအမှန်တရားသည် တိုင်အာနတ်ပြည်ထောင်၏ ထိပ်တန်းဥပဒေသကျမ်းများထဲမှ တစ်ခုဖြစ်လေသည်။ ထို့အပြင် ထိုကျမ်းကို ဆယ်ယောက်မြောက် ချူဘုရင်က မဟာကံကောင်းမှုတစ်ခုကြောင့် ရရှိလာခဲ့ခြင်း ဖြစ်လေ၏။ ယင်းသည် တိုင်အာနတ်မြို့တွင် မရှိသော ကျမ်းတစ်ခုဖြစ်လေသည်။

ထိုကျမ်းက ဥပဒေသအမှန်တရားများကို စစ်မှန်စွာပင် ရောင်ပြန်ထင်ဟပ်စေလေ၏။

ယီယွင် အမှန်တကယ်ပင် ဆွဲဆောင်ခံလိုက်ရသည်။ သူက ဥပဒေသများကို သိမြင်နားလည်ရာတွင် ချို့ယွင်းချက်များ ရှိနေသေးလေသည်။

All Chapters