← Chapters

လီဟုန်နှင့် တိုက်ခိုက်ခြင်း

Vol. 17 Ch. 250

လီဟုန်နှင့် တိုက်ခိုက်ခြင်း

Vol. 17 Ch. 250

ပြိုင်ကွင်းသည် ဆူညံသက်ဝင်နေလျက်ရှိ၏။

ယနေ့တွင် ပြိုင်ကွင်းထဲ၌ ပြိုင်ပွဲအနည်းငယ်သာ ရှိတော့လေသည်။ စင်ပေါ်တက်ကြမည့် လူတိုင်းက သန်မာကြလေ၏။ ယီယွင်နှင့် လီဟုန်တို့၏ တိုက်ပွဲအပြင် ချူရှောင်းရန်နှင့် ထိပ်ဆုံးနှစ်ထောင်အတွင်းမှ နှစ်ကြီးသမား ကျင့်ကြံသူတစ်ဦး၏ တိုင်ပွဲလည်း ရှိသေးလေသည်။

" ယီယွင်နဲ့လီဟုန် ရောက်မလာသေးဘူးလား "

ပရိတ်သတ်များက ယီယွင်နှင့်လီဟုန်တို့ကို လိုက်ရှာကြည့်သော်လည်း မတွေ့ကြပေ။

" သူတို့ရဲ့တိုက်ပွဲက မွန်းတည့်မတိုင်ခင်မှာ စတင်မှာဆိုတော့ အဖွင့်ပွဲစဥ်မှာ ရောက်လာဖို့မလိုဘူးလေ။ အခုချိန်မှာ သူတို့က ကျင့်ကြံတာ ဒါမှမဟုတ် သမထထိုင်တာ လုပ်နေလိမ့်မယ်လို့ ငါထင်တယ် "

ထိပ်ဆုံး အဆင့်တစ်ထောင်အတွင်းမှ လီဟုန်သည်ပင် တပ်သားသစ်တစ်ဦးနှင့် ပြိုင်ပွဲအား အလေးအနက်ထားနေချေသည်။

အဆင့်ငါးထောင်နှင့် ခြောက်ထောင်ဝန်းကျင်မှ တပ်သားသစ်များက တစ်ဦးနှင့်တစ်ဦး စိန်ခေါ်ခြင်းဖြင့် ပြိုင်ပွဲများ စတင်ခဲ့လေသည်။ တပ်သားသစ်များထဲတွင် အဆင့် ၄ ဖြစ်သည့် ကုမူသည်ပင် စင်ပေါ်သို့ တက်ရလေသည်။ သို့သော် ထိုတိုက်ပွဲများအားလုံးကို စိတ်ဝင်စားမှု နည်းကြလေ၏။

ချူရှောင်းရန် စင်ပေါ်သို့ တက်သွားချိန်မှသာ ပရိတ်သတ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ ချူရှောင်းရန်၏ပြိုင်ဘက်က တိုင်အာနတ်မြို့တွင် လေးနှစ်နေထိုင်ထားသည့် နှစ်ကြီးသမား ဖြစ်လေသည်။ ချူရှောင်းရန်က စွမ်းအားလျှိုမထားပေ။ သူမက တိုက်ပွဲအစမှာပင် ရှုထောင့်ပုံရိပ် ဆင့်ခေါ်ကာ ရေခဲဥပဒေသကို အသုံးပြုခဲ့သည်။

တိုက်ပွဲက ပြင်းထန်လှပြီး ရေခဲအပိုင်းအစများ နေရာအနှံ့တွင် ပျံဝဲနေသည်။ နောက်ဆုံးတွင် သူမက ပြိုင်ဘက်ကို " မိုးပြာရောင် ဆီးနှင်းသမုဒ္ဒရာ ၊ ပေါ်ပင်အလှ " သိုင်းကွက် အသုံးပြုကာ အနိုင်ရသွားခဲ့သည်။ သို့သော် ချူရှောင်းရန်က ပြိုင်ဘက်ကို အနိုင်ယူပြီးနောက်တွင် အားအင်ကုန်ခမ်းနေလေ၏။ အလွန်ခက်ခဲသော တိုက်ပွဲတစ်ခုဟု ဆိုရပေမည်။

ချူရှောင်းရန်က မြေအဆင့် ထိပ်ဆုံးအဆင့် ၂၀၀၀ အတွင်း ဝင်ရောက်သွားခဲ့သည်။

ချူရှောင်းရန်အဖို့ နောက်တစ်ပွဲအား အနိုင်ယူရန်အတွက် အလွန်ခက်ခဲမည်ကို လူတိုင်း မြင်နိုင်ကြသည်။

သူမက တတ်စွမ်းနိုင်သရွေ့ ထပ်မံတိုက်ခိုက်နိုင်လျှင်ပင် အများဆုံးအနေဖြင့် အဆင့် ၁၉၀၀ အတွင်းသာ ဝင်နိုင်ပေလိမ့်မည်။ သူမအဖို့ ထပ်တိုးရန်မှာ မဖြစ်နိုင်ပေ။

ချူရှောင်းရန်နှင့် စွမ်းအားတူညီသည့် ယီယွင်၏ အကန့်အသတ်က အဆင့် ၁၉၀၀ အတွင်းသာ ဖြစ်နိုင်သော်လည်း ယီယွင်ကမူ အဆင့် ၁၀၀၀ ဝန်းကျင်မှ လူတစ်ဦးကို စိန်ခေါ်ခဲ့လေသည်။ ထိုကောင်က ရူးလှချေ၏။

" အိုး...ယီယွင် ရောက်လာပြီ " လူတစ်ဦးက အော်လိုက်သည်။

လူအများ လှမ်းကြည့်လိုက်ရာ ချည်ကြမ်းဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ပြိုင်ကွင်းထဲ ဝင်လာသည်ကို မြင်လိုက်ရသည်။ လူငယ် ခုံဆီသို့တန်းသွားကာ ထိုင်ခဲ့လေ၏။ ထို့နောက် သူက မျက်လုံးမှိတ်ကာ အသက်ရှုလေ့ကျင့်ခန်း လုပ်နေခဲ့သည်။

လောင်းကြေးကြီးမားသည့် တိုက်ပွဲတစ်ခုအား ယှဥ်ပြိုင်ရတော့မည်ကိုပင် တည်ငြိမ်နေသည့် ယီယွင်ကို လူအများ အထင်ကြီးမိသွားကြသည်။

" ယီယွင် "

ချူရှောင်းရန်သည် ယီယွင် တည်ငြိမ်နေသည်ကို မြင်သောအခါတွင် အနည်းငယ် မျက်မှောင်ကုတ်ကာ... " သူ ငါနဲ့ တိုက်ခိုက်တုန်းကလည်း စွမ်းအားဖုံးကွယ်ထားခဲ့တာများလား "

ချူရှောင်းရန်ကလည်း ထိုတိုက်ပွဲကို များစွာအာရုံစိုက်ထားလေသည်။ တပ်သားသစ် နံပါတ်တစ်ဖြစ်သည့် ယီယွင်တွင် မည်ကဲ့သို့စွမ်းအားမျိုး ရှိနေကြောင်းကို သူမ မြင်တွေ့လိုသည်။

အချိန်များ ကုန်လွန်လာလျက်ရှိပြီး လီဟုန် ပေါ်မလာသေးပေ။ နေ့ခင်းပိုင်းတိုက်ပွဲ စတင်ရန် နီးကပ်လာချိန်မှသာ ပြိုင်ကွင်းအဝင်ပေါက်တွင် လီဟုန် ပေါ်လာခဲ့သည်။

သူက ပြိုင်ကွင်းထဲသို့ တည်ငြိမ်သော ခြေလှမ်းကျဲများနှင့် ဝင်လာလေ၏။ စင်မြင့် နီးလာလေလေ သူ၏အရှိန်အဝါများ ကြီးမားလာလေလေပင်။

နတ်မျက်လုံး မဖွင့်ရသေးသည့် ပရိတ်သတ်များသည်ပင် လီဟုန်၏ အရှိန်အဝါကို ခံစားမိကြလေ၏။ သူက မိုးမြင့်တောင်တစ်လုံးပမာပင် ဖိနှိမ်နိုင်စွမ်းရှိလှသည်။

လီဟုန်က စကားတစ်ခွန်းမျှမဆိုဘဲ နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ သူ့အား ဒိုင်က အမည်ခေါ်သည်ကို မစောင့်တော့ချေ။

" ယီယွင်... ထွက်လာခဲ့ " လီဟုန် ကျယ်လောင်စွာ အော်လိုက်သည်။

ပရိတ်သတ်များ အသက်အောင့်မိသွားကြလေ၏။ ထိုကောင့်၏ အရှိန်အဝါက သန်မာလွန်းချေသည်။ ထိုကောင်ကဲ့သို့ လူတစ်ဦးကို ရင်ဆိုင်ရန်မှာ သတ္တိများစွာရှိမှသာ ဖြစ်ချေမည်။

လီဟုန် နောက်ကျနေသည်မှာ အဆင့်ချိုးဖျက်မှုအချို့ လုပ်ဆောင်နေခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု လူအများက ခန့်မှန်းလိုက်ကြသည်။ လူများစွာသည် ယီယွင်အတွက် စိုးရိမ်သွားကြလေ၏။ လီဟုန်က နဂိုကတည်းကပင် သန်မာလေ၏။ လီဟုန်သာ ယီယွင်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပါက ယီယွင် အောင်ပွဲဆင်ရန် အခွင့်အရေးအနည်းငယ် ရှိလေသည်။

သို့သော် လီဟုန်က တစ်ညလုံး ကျင့်ကြံထားကာ အားကုန်ထုတ်တော့မည်ဖြစ်ကြောင်း သိသာနေလေသည်။

လူတိုင်း၏ အကြည့်များက ယီယွင်ဆီသို့ ရောက်ရှိသွားလေသည်။ ယခုအခါတွင် ဒိုင်က ကြေညာပေးရန် မလိုအပ်တော့ပေ။ ယီယွင်နှင့် လီဟုန်တို့၏တိုက်ပွဲ စတင်ပေတော့မည်။

ယီယွင် နတ်အရိုင်းမြေစင်မြင့်ဆီသို့ တက်သွားခဲ့လေ၏။ သူ တပ်တစ်ထောင်ဓားမောက်အား ဓားအိမ်မှထုတ်ကာ ဓားဦးကို မြေတွင်စိုက်ထားသည်။

သူတို့နှစ်ဦးက မီတာသုံးဆယ် ကွာဝေးလေသည်။

လီဟုန် သတ္တုတုတ်ရှည်ကို မြေပြင်နှင့် ရေပြင်ညီအတိုင်း ဆန့်ထုတ်ထားလေ၏။ တုတ်က ခြောက်ပေခန့်ရှည်က အဖျားပိုင်တွင် ရွှေကွင်းများ တပ်ထားလေသည်။

" ယီယွင်... မင်းက အရမ်းသန်မာပြီး ဖုံးကွယ်ထားတဲ့ စွမ်းအားတွေ ရှိနေသေးတယ်ဆိုတာ ငါသိတယ်။ ဒီနေ့ မင်းမှာ ဝှက်ဖဲတွေ ဘယ်လောက်ပဲရှိနေပါစေ ငါနဲ့ရင်ဆိုင်ရင် အသုံးဝင်မှာမဟုတ်ဘူး " လီဟုန် စကားဆိုရင်း တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ လီဟုန်၏ခန္ဓာအား ရွှေရောင်အလွှာတစ်ခု လွှမ်းခြုံသွားလေ၏။

" ငါက နတ်အရိုင်းမြေရဲ့ ပျက်စီးခြင်းနယ်မြေမှာ တစ်နှစ်ပတ်လုံး နေခဲ့ပြီးတော့ အဆုံးမဲ့တဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့ပြီးပြီ။ ငါက ပျက်စီးခြင်းသားရဲတွေကို မရေနိုင်လောက်အောင် သတ်ခဲ့ပြီးပြီ။ ဆေးပင်နည်းနည်းပဲ ခူးရတဲ့ မင်းလို ဆေးပင်ခူးကလေးတစ်ယောက်က တိုက်ပွဲကြီးတွေကို တစ်ခါမှ ကြုံဖူးမှာမဟုတ်ဘူး။ မင်းက ငါ့ကို ယှဥ်နိုင်မယ်လို့ ထင်နေသေးတာလား။ ငါက မြေအဆင့် အဆင့်တစ်ထောင်ဝန်းကျင်မှာ ဘာကြောင့်ရှိနေရလဲဆိုတာကို ဒီနေ့ မင်းကို ပေးသိမယ် "

အော်သံနှင့်အတူ လီဟုန်၏ ခန္ဓာကိုယ်ဝန်းကျင်မှ ရွှေရောင်အလွှာသည် ကြေးခွံငယ်များအဖြစ် ပြောင်းလဲသွားကာ လီဟုန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွာစလေ၏။

" ကောင်းကင်ခွင်းကျင့်စဥ် " လူတစ်ဦးက အော်လိုက်သည်။

တိုင်အာနတ်မြို့တွင် အကောင်းဆုံးကျင့်စဥ်ဟု သံသဖြစ်ဖွယ်ရာမရှိသည့် တိုင်အာနတ်ကျင့်စဥ်အပြင် အခြားသော ထိပ်တန်းကျင့်စဥ်များ ရှိလေသည်။ ယင်းကျင့်စဥ်များက တိုင်အာနတ်ကျင့်စဥ်ကဲ့သို့ မကောင်းသော်ငြားလည်း အစွမ်းထက်နေဆဲပင်။

ကောင်းကင်ခွင်းကျင့်စဥ်က တိုင်အာနတ်မြို့၏ ထိပ်ဆုံး ကျင့်စဥ်နည်းစနစ်သုံးခုထဲမှ တစ်ခု ဖြစ်လေ၏။ ကောင်းကင်ခွင်းကျင့်စဥ်ကို အသုံပြုလိုက်လျှင် ကောင်းကင်ခွင်းစစ်မှန်ချီကို အသုံးပြုနိုင်လေသည်။

တိုင်အာနတ်ကျင့်စဥ်ကို မတတ်နိုင်ကြသည့် ပါရမီရှင်များစွာသည် ကောင်းကင်ခွင်းကျင့်စဥ်ကို ကြိုးစားကြည့်ခဲ့ကြသော်လည်း ကောင်းကင်ခွင်းစစ်မှန်ချီကို ဖွဲ့စည်းနိုင်ခြင်းမရှိပေ။ ထိုကျင့်စဥ်က ကျင့်ကြံရန် အလွန်ခက်ခဲသည်။

" ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကောင်းကင်ခွင်းစစ်မှန်ချီကို အသုံးပြုတာဆိုတော့ လီဟုန်ရဲ့ ကောင်းကင်ခွင်းကျင့်စဥ်က ဒုတိယအဆင့်ကို ရောက်နေပြီပဲ "

လီဟုန်၏ခန္ဓာကိုယ်မှ ကြေးခွံငယ်များကို ကောင်းကင်ခွင်းစစ်မှန်ချီနှင့် ဖန်တီးထားခြင်း ဖြစ်လေသည်။ ယင်းက ချိုးနျို၏ ချပ်ဝတ်နှင့် ဆင်တူသော်လည်း အလေးချိန်မရှိလေသောကြောင့် လီဟုန်အဖို့ လွတ်လပ်စွာ လှုပ်ရှားနိုင်လေသည်။

တုတ်ရှည်ကိုင်ထားသည့် လီဟုန်က ရုတ်တရက်ပင် ရှေ့သို့ခုန်တက်သွားလေသည်။

ဝီး...။

လီဟုန်က လေပြင်းတိုက်သည့်ပမာ လှုပ်ရှားကာ တစ်ခဏအတွင်းမှာပင် ယီယွင်၏ရှေ့သို့ ရောက်ရှိသွားပြီး တုတ်ရှည်နှင့် ရိုက်ချလိုက်သည်။ အမြန်နှုန်း အလွန်မြင့်လေသောကြောင့် တုတ်ရှည်သည် မျဥ်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားပြီး ယီယွင်ဆီသို့ ကျာပွတ်တစ်ချောင်းပမာ ပြေးဝင်သွားသည်။

တဒင်္ဂလှုပ်ရှားမှု... ။

ယီယွင် နောက်သို့ခုန်ဆုတ်သွားကာ ပုံရိပ်အကြွင်းအကျန်များစွာ ထွက်ပေါ်လာသည်။ လီဟုန်၏ တုတ်က ယီယွင်၏ရင်ဘက်အား ရိုက်မိသွားလေသည်။

ဒေါင်...။

ယီယွင်၏ ပုံရိပ်အကြွင်းအကျန်တစ်ခု ပျက်စီးသွားရပြီး တုတ်သည် စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေ၏။ လီဟုန်၏ တိုက်ခိုက်မှုကြောင့် ခရမ်းရောင်အဖြိုက်နက် အခင်းပြားများ ကျွံဝင်သွားရသည်။ ထိုစဥ်တွင် ယီယွင်က လီဟုန်၏ ကျောဘက်တွင် ပေါ်ထွက်လာကာ တပ်တစ်ထောင်ဓားမောက်နှင့် ခုတ်ချသည်။

လီဟုန်က ရှောင်တိမ်းခြင်းမပြုပေ။ သူ၏ကျောဘက်မှ ကြေးခွံဝါများ ရုတ်တရက်ပင် ပြန့်ကားလာကာ ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထန်း...။

ယီယွင်၏ ဓားမောက်က လီဟုန်၏ ဒိုင်းအား ခုတ်မိသည်။ ဓားသွား ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဒိုင်းပေါ်တွင် ရပ်နေလေ၏။

" ဒါက..."

ယီယွင် ထိတ်လန့်သွားလေ၏။ ဘာမျှမရှိသည့် လီဟုန်၏ ကျောဘက်တွင် ရုတ်တရက်ပင် ဒိုင်းတစ်ခု ပေါ်လာကာ သူ၏တိုက်ခိုက်မှုကို ခုခံသွားလေ၏။

ဒိုင်းသည် အလွန်သိပ်သည်းသည်သာမက အားကောင်းသော ဖျစ်ညှစ်အားလည်းရှိပြီး တပ်တစ်ထောင်ဓားမောက်ကို ချုပ်ထားလေ၏။ ယီယွင်မှာ ဓားမောက်ကို ပြန်ဆွဲ၍မရဟု ခံစားနေရလေသည်။

" သေစမ်း "

လီဟုန် ရုတ်တရက်ပင် လှည့်လာကာ ယီယွင်၏ခါးကို တုတ်နှင့် ရိုက်လေ၏။ လက်ရှိတွင် တပ်တစ်ထောင်ဓားမောက်က ဒိုင်းပေါ်၌ တွယ်ငြိနေဆဲပင်။

" ဓားမောက်အမှန်တရား ၊ အနိုင်မခံ အရှုံးမပေးတဲ့စိတ်နဲ့ ရှေ့ကိုချီတက် "

ယီယွင်၏မျက်ဝန်းများ တောက်ပသွားကာ တပ်တစ်ထောင်ဓားမောက်ထဲသို့ ယွမ်ချီများ ထိုးသွင်းလိုက်သည်။ လေခွင်းသံတစ်ခုနှင့်အတူ တပ်တစ်ထောင်ဓားမောက်သည် ဒိုင်းဆီမှ ကျွတ်ထွက်သွားခဲ့ပြီး ယီယွင်လည်း လျင်မြန်စွာ ဆုတ်ခွာသွားလေ၏။ တစ်ချိန်တည်းမှာပင် သူက ခါးကို နောက်ဆီသို့ လခြမ်းကွေးသဏ္ဌာန် ကွေးချပစ်လိုက်လေသည်။ လီဟုန်၏ တုတ်က ယီယွင်၏ နှာခေါင်းဖျားမှ ဖြတ်ကျော်သွားလေ၏။

တုတ်က အကာအကွယ်ယွမ်ချီကို ဖျက်ဆီးသွားခဲ့ခြင်းကြောင့် ယီယွင်မှာ နာကျင်မှုကို ခံစားရဆဲပင်။

ဝှစ်...။

ယီယွင် တစ်ချက်ခုတ်ကာ မီတာသုံးဆယ်ခန့် ဆုတ်ခွာသွားလေ၏။

လီဟုန်၏ကျောပြင်မှ ဒိုင်းသည် အလိုအလျောက်ပင် ကြေးခွံငယ်များအဖြစ် ပြောင်းလဲသွားလေ၏။

လီဟုန်က ယီယွင်ကို ပြုံးပြကာ..." မင်းက မြန်မြန်ဆန်ဆန် လှလှပပ ရှောင်တိမ်းသွားတာပဲ "

" ဒီကျင့်စဥ်..." ယီယွင် အလွန်တုန်လှုပ်နေသည်။ ယွမ်ချီကို အမှန်တကယ်ပင် လွတ်လပ်စွာ အသုံးပြုနိုင်နေချေ၏။ ၎င်းက ရန်သူ၏တိုက်ခိုက်မှုကို ခုခံရန်အတွက် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဒိုင်းတစ်ခု ဖန်တီးနိုင်လေသည်။

ဒါက ကောင်းကင်ခွင်းစစ်မှန်ချီလား။

တိုင်အာနတ်မြို့၏ ထိပ်တန်းကျင့်စဥ်တစ်ခုက အားနည်းမည်မဟုတ်ပေ။ ကောင်းကင်ခွင်းကျင့်စဥ်တွင် အံ့ဖွယ်ကောင်းသော အသုံးချမှုများ ရှိလေသည်။

" ယီယွင်... ခုနက တိုက်ခိုက်မှုက ငါ့ရဲ့ခုခံမှုကို ငါးပုံတစ်ပုံတောင် မထိုးဖောက်နိုင်ဘူး။ မင်းရဲ့ဓားမောက်က ချိုးနျိုရဲ့ချပ်ဝတ်ကို ထိုးဖောက်နိုင်ပေမဲ့ ငါ့ရဲ့ခုခံမှုက ချိုးနျိုနဲ့ လုံးဝမတူတဲ့အဆင့်မှာ ရှိတယ်။ မင်းက ငါ့ရဲ့ခုခံမှုကို ထိုးဖောက်မယ်လို့ ထင်နေတယ်ဆိုရင်တော့ ဖြစ်နိုင်ခြေမရှိတာကို တွေးနေတာပဲ။ မင်းမှာ ပိုပြီးအစွမ်းထက်တဲ့ ဓားမောက်သိုင်းကွက်တွေ ရှိနေသေးတာကို ငါသိတယ်။ အဲ့ဒါတွေ သုံးတော့။ ဒီလိုမှမဟုတ်ရင် အသုံးပြုဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး "

လီဟုန်တွင် ဖိနှိမ်နိုင်သော အရှိန်အဟုန်ရှိသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ စစ်မှန်ချီများက ပိုမိုကြမ်းတမ်းလာလေ၏။

" ဒီခုခံမှုက တကယ်ကို ထူးဆန်းတယ် "

တပ်သားသစ်များ အသက်အောင့်မိထားကြ၏။ သူတို့က ချိုးနျို၏ တိုက်ပွဲဗျူဟာကို အလွန်အထင်ကြီးမိကြသည်။ သို့သော် လီဟုန်နှင့် ယှဥ်ကြည့်မည်ဆိုလျှင် ချိုးနျိုက များစွာလိုနေသေးလေ၏။

ချိုးနျိုက ခုခံမှုအတွက် ချပ်ဝတ်ကို မှီခိုအားထားရလေပြီး လီဟုန်ကမူ ထိပ်တန်ကျင့်စဥ်တစ်ခုကို အားထားလေသည်။ ထိုခုခံရေးနည်းလမ်းများက မတူသောအဆင့်များကို ပြသနေလေ၏။

ထိုမျှမကသေးဘဲ လီဟုန်က ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ရန် ရှက်ရွံ့နေခြင်းသာ ဖြစ်သည်။ သူ၏ယွမ်ချီပမာဏက ချိုးနျို ယှဥ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

ချိုးနျိုက လီဟုန်ကို ချက်ချင်းရှုံးနိမ့်ရမည်မှာ သံသယဖြစ်ရန်မလိုပေ။

All Chapters