နေအလင်း
Vol. 17 Ch. 252
တဒင်္ဂလှုပ်ရှားမှုက အမှန်တကယ်ပင် အံ့ဩစရာဖြစ်သည်။ သို့သော် လူတစ်ဦး၏ လှုပ်ရှားမှုများက မည်မျှပင် ကြီးကျယ်နေပါစေ နေရာလွတ်မပေးသည့် တိုက်ခိုက်မှုကို ရှောင်တိမ်းရန်မှာမူ မဖြစ်နိုင်ပေ။
ယီယွင်အား ကျောက်ခဲများ ဝိုင်းနေသည်။ ပရိတ်သတ်များမှာလည်း မြင်ကွင်းကို ကျောက်ခဲများ ပိတ်ဆို့ထားလေသောကြောင့် စင်မြင့်ပေါ်တွင် မည်သို့ဖြစ်နေသည်ကို မမြင်ကြရတော့ပေ။
လီဟုန်က တောင်ကိုထိန်းချုပ်ကာ ပြိုင်ကွင်းအား မြေလှန်ပစ်နေသည်ကို မြင်လိုက်ရချိန်တွင် လူအများမှာ လီဟုန်၏ စကားများကို ယုံကြည်သွားကြလေ၏။ တောင်သည်သာ ယီယွင်အား ဖိချေသွားပါက ယီယွင်အဖို့ သွေးတစ်စက်ထက် ပိုမည်မဟုတ်တော့ပေ။
ယီယွင်သာ ထိုလှုပ်ရှားမှုကို အသုံးပြုကာ ဖောက်ထွက်ချင်ပါက လျှို့ဝှက်ထားသော ဓားမောက်သိုင်းကို ကြီးမားသောစွမ်းအားနှင့် အသုံးပြုပြီး လမ်းကြောင်းရှင်းရပေလိမ့်မည်။ ထို့နောက်တွင် အံ့မခန်း အမြန်နှုန်းနှင့်အတူ လမ်းကြောင်းအတိုင်း ပျံသန်းထွက်ခွာရချေမည်။ ယင်းသည် ယီယွင် ရှင်သန်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်လေ၏။
သို့သော် ယီယွင်၏ဓားမောက်က လမ်းကြောင်းကို မည်သို့ဖောက်မည်နည်း။ လူတိုင်းသည် ယီယွင် လုပ်ဆောင်နိုင်မည်လားကို သိလိုနေကြလေ၏။
ယီယွင်၏ယွမ်ချီများ မြင့်တက်လာသည်။ သူ မြင်ကွင်းကို လုံးဝပိတ်ဆို့ထားသည် ကျောက်ခဲများကို ကြည့်လိုက်လေ၏။ သူ စိတ်ဝိညာဥ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့စေကာ စွမ်းအင်မြင်ကွင်း ဖွင့်လိုက်သည်။
စွမ်းအင်မြင်ကွင်းကြောင့် ယီယွင်မှာ ကျောက်တုံးတိုင်းအား စွမ်းအင်များနှင့် ဖန်တီးထားသည်ကို မြင်လိုက်ရသည်။ ကျောက်ခဲများအားလုံးက သီးခြားရှိမနေဘဲ လီဟုန်နှင့် စွမ်းအင်ချိတ်ဆက်မှု ရှိနေလေသည်။
" စွမ်းအင်အားလုံးက ဥပဒေသနယ်မြေရဲ့ အစိတ်အပိုင်းပါလား "
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ ကျောက်ခဲအားလုံးတွင် စွမ်းအင်များ လည်ပတ်နေသည်ကို သူ ရှင်းလင်းစွာပင် မြင်ရသည်။ သို့သော် လည်ပတ်နေသည့် စွမ်းအင်များက ပြီးပြည့်စုံခြင်းမရှိဟု သူ ခံစားရသည်။
" ယီယွင်... မင်း ငါ့အကြောင်း မကြားဖူးဘူးလား။ သေခြင်းက ဘာကိုဆိုလိုသလဲဆိုတာကို မင်း တကယ်မသိဘူးလား "
ယီယွင်က စကားပြန်လိုခြင်းမရှိဘဲ ရပ်နေသည်ကို မြင်သောအခါတွင် လီဟုန် ဒေါပွသွားလေ၏။
" မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ် " လီဟုန် အော်ဟစ်လိုက်ပြီး သူ၏တုတ်ထံမှ မြေဝါချီလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
စင်မြင့်အထက်တွက် လွင့်မျောနေသော ကျောက်ခဲများအားလုံး စတင်တုန်ခါလာလေ၏။
ဥပဒေထိန်းအချို့ မတ်တက်ရပ်လိုက်ကြသည်။ သူတို့က ယွမ်ချီများ လည်ပတ်ထားပြီး ကျောက်ခဲများကို စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ထိုးဖောက်ကာ ယီယွင်အား ကြည့်နေလေသည်။ သူတို့က အချိန်မရွေးလှုပ်ရှားရန် ပြင်ထားကြလေ၏။
လက်ရှိတွင် လီဟုန်က တောင်တစ်လုံးပမာ ဖိအားများ စတင်ထွက်ပေါ်လာသည့်ပမာ ဖြစ်နေလေသည်။
" တောင်ဖိနှိမ်ခြင်းတိုက်ကွက် " လီဟုန် ဟစ်အော်ကာ တုတ်အား အောက်သို့ရိုက်ချလိုက်သည်။ တုတ်ကြောင့် ယီယွင်ဆီသို့ ကျောက်ခဲများစွာ ပြေးဝင်သွားလေ၏။
ဘုန်း...ဘုန်း...ဘုန်း...။
ကျောက်ခဲများ တစ်ခုနှင့်တစ်ခု ထိမိကာ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပြိုင်ကွင်းတစ်ခုလုံး တုန်ခါသွားရလေသည်။
လူအများသည် ကျောက်ခဲများ ဖုံးလွှမ်းခံထားရသည့် ယီယွင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြလေ၏။
ကျောက်ခဲများ လျင်မြန်စွာပင် စုပြုံလာကာ ကျောက်ခဲတောင်ကြီးက ကြီးသည်ထက် ကြီးလာလေ၏။
မိုးနတ်မင်းရေ... ။ ယီယွင်...။
လူအများသည် ကျောက်ခဲတောင်ကြီးကို မျက်လုံးပြူးကာ ကြည့်နေလေ၏။ ယီယွင် ညက်ညက်ကြေသွားလိမ့်မည်ဟု လူတော်တော်များများက ခန့်မှန်းထားကြသည်။
လီဟုန်၏ မျက်ဝန်းများက ခက်ထန်နေလေ၏။ သူက ယီယွင်ကို သတ်ဖြတ်ရန်သာ စိတ်နှစ်ထားလေပြီး ထောင်ကျမည်ကို အရေးမစိုက်တော့ပေ။
" သေစမ်း "
ကျောက်ခဲများ မီတာနှစ်ဆယ်ကျော် မြင့်မားသော တောင်တစ်လုံးအဖြစ် ပြန်ဖွဲ့စည်းသွားချိန်တွင် လီဟုန် ကောင်းကင်ထက်မှ ဆင်းသက်လာကာ တောင်အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဘုန်း...။
ထိုတိုက်ခိုက်မှုစွမ်းအားက တောင်၏အပြင်ပိုင်းမှတစ်ဆင့် အလယ်ဗဟိုအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ နတ်အရိုင်းမြေစင်မြင့်တစ်ခုလုံး ထပ်မံကာ တုန်ခါသွားရပြန်သည်။
လီဟုန်က ကောင်းကင်ခွင်းတောင်၏ ထိပ်တွင် ရပ်နေလေ၏။ သူ၏တုတ်က တောင်ထဲသို့ နက်ရှိုင်းစွာစိုက်ဝင်နေသည်။ တောင်အား သူ၏ယွမ်ချီများနှင့် ဖွဲ့စည်းထားလေသောကြောင့် တောင်က သူ၏တိုက်ခိုက်မှုကို အဟန့်အတားမဖြစ်ဘဲ ယီယွင်၏ ခန္ဓာကိုယ်ထဲသို့ ပြီးပြည့်စုံစွာ ဝင်ရောက်သွားစေခဲ့သည်။
ပေါင်ဆယ်သန်းကျော် လေးလံသည့် တောင်နှင့် ဖိချေခံထားရပြီး လီဟုန်၏ တိုက်ကွက်တစ်ခုပါ ခံထားရသော ယီယွင်က သားရေပြား ဖြစ်သွားချေပြီလော။
" သူ...သူ သေပြီလား " တစ်ယောက်က တုန်ယင်နေသောအသံနှင့် ဆိုလိုက်သည်။ ယီယွင်၏ သူငယ်ချင်းများဖြစ်သည့် စုန့်ကျစ်ကျွင်းတို့တစ်သိုက်မှာလည်း ရင်ထိတ်နေကြသည်။ ကျောက်ချင်းချန်မှာမူ အော်ဟစ်လုမတတ် ဖြစ်နေလေ၏။
" ဟား... သိပ်ကောင်းတယ် "
ယန်တင်းခွမ် မလိုတမာ ပြုံးလိုက်သည်။ ထိုရလဒ်ကို သူ အလွန်ကျေနပ်သည်။ ယီယွင် မသေခဲ့လျှင်ပင် ဒုက္ခိတဖြစ်သွားဖို့ရာသာ များချေသည်။ ယီယွင်၏ သွေးကြောများအားလုံး ပျက်ဆီးသွားကာ ဆေးဝါးများနှင့် ကုသ၍လည်း မရနိုင်တော့သည့်အထိပင် ဖြစ်သွားနိုင်လေသည်။
" ဒါက..."
ရုတ်တရက်ပင် ယန်တင်းခွမ် အံ့အားသင့်သွားလေ၏။ ကောင်းကင်ခွင်းတောင်၏ အောက်ခြေ ကျောက်ခဲများအကြားမှ နက်နီရောင်အရည်များ စိမ့်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
ဒါက... ချော်ရည်လား။
ယန်တင်းခွမ်သာမက ပရိတ်သတ်အားလုံးလည်း ကျောက်ခဲများကြားမှ ချော်ရည်များ စိမ့်ထွက်လာသည်ကို မြင်လိုက်ကြလေသည်။
ချော်ရည်တွေလား။ ဘာဖြစ်တာလဲ။
လီဟုန်ရဲ့ ဥပဒေသနယ်မြေက တောင်ကို ချော်ရည်လို အရည်ဖျော်ပစ်တဲ့အဆင့်အထိ ရောက်နေတာလား။
ဥပဒေသနယ်မြေက အဆင့်ပိုမြင့်သော နယ်ပယ်သို့ ရောက်ရှိသွားခဲ့လျှင် ချော်ရည်ကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်လေသည်။ သို့သော် လီဟုန်က ထိုအဆင့်သို့ ရောက်နေခြင်းမှာ မဖြစ်နိုင်ပေ။
" ဘယ်လိုဖြစ်ရတာလဲ။ ချော်ရည်ထိန်းချုပ်တာလား "
" ယီယွင်လား။ ယီယွင် ဘာဖြစ်သွားလဲ "
ယခုအခါတွင် လူအများသည် အလွန်စိုးရိမ်သွားကာ ဥပဒေထိန်းများအား ကြည့်လိုက်ကြလေ၏။ အဘယ့်ကြောင့် ဥပဒေထိန်းများက မည်သည့်အရာကိုမျှ မလုပ်ကြလေသနည်း။
ပြိုင်ပွဲအား တာဝန်ယူထားသည့် ဥပဒေထိန်းများက မည်သို့မျှမလုပ်ကြပဲ ထူးဆန်းသောပုံစံများ ဖြစ်နေကြလေသည်။
ကောင်းကင်ခွင်းတောင်အထက်မှ လီဟုန်သည်လည်း မှင်တက်မိနေသည်။
ချော်ရည်လား။
သူ၏စွမ်းအားကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ သူက ချော်ရည်ကို ထိန်းချုပ်နိုင်ရန် များစွာလိုနေသေးသည်။
" ကောင်းကင်ခွင်းတောင်က ဘယ်လိုဖြစ်ပြီး ချော်ရည်တွေ ဖန်တီးနေရတာလဲ " လီဟုန်က အံ့ဩဘနန်းဖြစ်ဟန်ဖြင့် သူ့ကိုယ်သူအား ပြန်မေးနေသည်။
လက်ရှိတွင် ချော်ရည်များ ပိုထွက်လာနေ၏။ တောင်သည် ပိုမိုပူပြင်းလာခဲ့ပြီး လေပူစီးကြောင်းများ ထွက်လာသည်ကိုပင်ဘလီဟုန် ခံစားမိလိုက်ရသည်။ သူ ကောင်းကင်ခွင်းတောင်ပေါ်တွင် မရပ်နိုင်တော့ချေ။
ယခုအခါတွင် ကောင်းကင်ခွင်းတောင်သည် ပိုမိုကာ အရည်ပျော်လာကာ ချော်ရည်များ ပိုများလာသည်ကို သူ ခံစားမိလေ၏။
" ဘာဖြစ်တာလဲ "
လီဟုန် ကြီးစွာထိတ်လန့်နေသည်။ ထိုစဥ်တွင် ဖျော့တော့သော အသံတစ်ခုကို သူ ကြားလိုက်ရလေ၏။ ရုတ်ခြည်းမှာပင် တောင်တစ်ခုလုံးထံမှ ခရမ်းရောင်အငွေ့များ ထွက်လာလေသည်။
လီဟုန် အံ့အားသင့်သွားကာ ကောင်းကင်ခွင်းတောင်ပေါ်မှ ခုန်ဆင်းသွားလေ၏။ သူ ခုန်ဆင်းပြီးနောက် စက္ကန်အနည်းငယ်ခန့်အကြာတွင် တောင်ထိပ်မှ မီးတောက်များ ထွက်လာလေသည်။
ဟူး...ဟူး...ဟူး...။
ကောင်းကင်ခွင်းတောင် တစ်ခုလုံးကို ပူပြင်းသော သန့်စင်ယန်မီးတောက်များ လောင်ကျွမ်းနေလေ၏။
မိုင်အနည်းငယ် ပတ်လည်အတွင်းမှ သန့်စင်ယန်ချီများ ဆွဲယူခံလိုက်ရ၏။ ယန်ချီများက ခရမ်းရောင်အငွေ့များနှင့် ရောနှောသွားကာ ၎င်း၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လေသည်။
ခရမ်းရောင်အငွေ့များက ပြိုင်ကွင်းအထက်တွင် တောင်ကြားတစ်ခုအဖြစ် တဖြည်းဖြည်းချင်း ဖွဲ့စည်းနေလေသည်။ ဝေဝါးသော တောင်ကြားထဲတွင် သစ်ပင်များနှင့် စီးဆင်းနေသော မြစ်များ ရှိလေ၏။ သို့သော် ထိုသစ်ပင်များနှင့် စီးဆင်းနေသော မြစ်များတို့မှာ ခရမ်းရောင်အငွေ့များထံတွင် ဝိုးတဝါး လောင်ကျွမ်းနေသည့်ပမာ ဖြစ်နေလေသည်။
" ဒါက..."
လီဟုန် တောင်ကြားကို မျက်လုံးအပြူးသားဖြင့် ကြည့်နေလေသည်။
ပရိတ်သတ်ထဲမှ နှစ်ကြီးသမားအားလုံး၏ မျက်နှာများထက်တွင် ထိတ်လန့်တကြားပုံစံများ ဖြစ်လာလေ၏။ တပ်သားသစ်များမှာမူ ဇဝေဇဝါဖြစ်နေကြပြီး ခရမ်းရောင်အငွေ့က မည်သည်ကို ကိုယ်စားပြုကြောင်း မသိကြပေ။
" နေအလင်းချီ... ဒါက နေအလင်းချီပဲ " နှစ်ကြီးသမားတစ်ဦးက အံ့ဩဘနန်းပုံစံဖြင့် အော်လိုက်သည်။
" နေအလင်းချီတင်မကဘူး။ နေအလင်းချီရဲ့ ထန်တောင်ကြားအဆင့်ပဲ။ ဘယ်သူက နေအလင်းချီကို ဒီအဆင့်အထိ ကျွမ်းကျင်နေတာလဲ "
တပ်သားသစ်များ မှင်တက်မိနေကြသည်။ သူတို့က နေအလင်းချီကို မမြင်ဖူးသော်လည်း ကျော်ကြားသော နေအလင်းချီအကြောင်းကို ကြားဖူးလေသည်။
နေအလင်းချီသည် တိုင်အာနတ်ကျင့်စဥ်မှ လာခြင်းဖြစ်ပြီး တိုင်အာနတ်ပြည်ထောင်တွင် အသန်မာဆုံးစွမ်းအား ဖြစ်လေ၏။ ယင်းက တိုင်အာနတ်ပြည်ထောင်၏ အကြီးမြတ်ဆုံး အမွေအနှစ်လည်း ဖြစ်လေသည်။
စင်မြင့်ပေါ်တွင် ချော်ရည်များ ပိုမိုထွက်ပေါ်လာ၏။ လက်ရှိတွင် တောင်သည် နီရဲနေကာ တဖြည်းဖြည်းချင်း အရည်ပျော်နေလေ၏။ လူအများသည် ယင်းကိစ္စ၏ ဖြစ်နိုင်ခြေကို စတင်နားလည်လာကြသည်။
" ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို လဲလှယ်ထားတယ်မလား "တစ်ယောက်က ဆိုလိုက်ချိန်တွင် လူတိုင်း အသက်အောင့်မိလိုက်ကြ၏။
ယီယွင်က လွန်ခဲ့သည့်နှစ်လခန့်က တိုင်အာနတ်ကျင့်စဥ်ကို လဲလှယ်ထားချေသည်။ ထိုကောင်က တပ်သားသစ်တစ်ဦးဖြစ်ပြီး ခရမ်းသွေးနယ်ပယ် အလယ်အဆင့် အထွတ်အထိပ်၌သာ ရှိသေးလေသည်။ ထိုကောင်က နေအလင်းချီကို တတ်ကျွမ်းနေချေပြီလော။ ထိုသည်က နေအလင်းချီ၏ ထန်တောင်ကြားအဆင့်ပင် ဖြစ်လေသလော။
ထိုအခိုက်တွင် ဗဟိုနတ်မျှော်စင်၌ ခန်းယန်နှင့် ကျန်းကဲ့တို့က စစ်တုရင်ကစားရင်း အစီရင်ပြား အသုံးပြုကာ တိုက်ပွဲရုပ်သံကို တိုက်ရိုက်ကြည့်ရှုနေလေသည်။ အစီရင်ပြားသည် ပြိုင်ကွင်းထဲမှ ဖြစ်ရပ်တိုင်းကို ပြီးပြည့်စုံစွာ ပြသပေးနေလေ၏။
ခန်းယန်နှင့် ကျန်းကဲ့တို့က ယီယွင် ဓားမောက်အမှန်တရား စကားလုံး ၃၂ ကို သင်ယူခဲ့ကြောင်း အတည်ပြုပြီးသည့်နောက် ယီယွင်နှင့် လီဟုန်တို့၏တိုက်ပွဲကို လူကိုယ်တိုင် သွားကြည့်ရန် မလိုအပ်တော့ဟု ထင်ခဲ့ကြလေသည်။
သူတို့သည် လီဟုန် အသေသတ်ကွက်ကို မသုံးခင်အထိ သာမန်မျှသာ ကြည့်နေခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် သူတို့က ယီယွင်က တိုက်ခိုက်မှုများအား ကိုင်တွယ်နိုင်ခြင်းမရှိမည်ကို စိုးရိမ်သွားကာ တိုက်ပွဲကို အာရုံစိုက်ခဲ့ကြလေသည်။ သို့သော် နေအလင်းချီ ပေါ်ထွက်လာချိန်တွင် ခန်းယန်မှာ စစ်တုရင်ခုံကို လှန်ပစ်လုနီးပါး ဖြစ်ခဲ့ရလေသည်။
" ဒီကောင်လေး... ငါ...ငါ မြင်နေတာ အမှန်ပဲလား။ အဲ့ဒါကိုမြင်လား အဖိုးကြီးကျန်းကဲ့ "
ကျန်းကဲ့က ပြောစရာမဲ့နေသော အမူအရာဖြင့် ဆိုလေသည်..." ငါလဲ ကြည့်နေတယ် "
" ဒါက နေအလင်းချီ ထန်တောင်ကြားအဆင့်။ ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်နေတာ နှစ်လမပြည့်သေးဘူး။ ဒါက အထင်ကြီးစရာပဲ "
အကြီးအကဲကျန်းကဲ့က ယီယွင်ကို အကဲဖြတ်နေရင်း တဖွဖွချီးကျူးမိနေသည်။ သာမန်အခြေအနေတွင်ဆိုလျှင် ပညာရှိတစ်ဦးက ဂျူနီယာတစ်ဦးကို တစ်ကြိမ်ချီးကျူးရန်ပင် အလွန်ခဲယဥ်းလေ၏။
ယီယွင် ရှေးဦးဆေးတစ်ပင် ခူးမိခဲ့ပြီး ဂုဏ်အမှတ်များရရှိကာ တိုင်အာနတ်ကျင့်စဥ်နှင့် လဲလှယ်သွားခဲ့သည်မှာ နှစ်လခန့်သာ ရှိသေးလေသည်။ သို့သော် တိုင်အာနတ်ကျင့်စဥ်နှင့် လဲလှယ်ပြီးနောက်တွင် ယီယွင်က နေအလင်းချီကို တတ်ကျွမ်းရန်အတွက် ဆယ်ရက်သာ အသုံးပြုခဲ့ကြောင်းကို မည်သူကမျှ မသိကြပေ။
ထိုကိစ္စကို အကြီးအကဲကျန်းကဲ့ သိခဲ့မည်ဆိုလျှင် ပိုမို၍ပင် အံ့ဩတုန်လှုပ်ပေလိမ့်မည်။
..............
လက်ရှိအချိန်၌ ပြိုင်ကွင်းထဲတွင်...။
ချော်ရည်များ ပိုများလာကာ စင်မြင့်ပေါ်မှ စတင်စီးကျလာ၏။
လက်ရှိတွင် လူအများစုသည် ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို တတ်ကျွမ်းသွားပြီး ခန့်မှန်းထားကြသော်လည်း ထိုကိစ္စက မဖြစ်နိုင်ဟု ငြင်းဆန်နေသူများလည်း ရှိလေသည်။
ထိုစဥ် နားအူမတတ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
နတ်ရိုင်းမြေစင်မြင့်အလယ်ရှိ ကောင်းကင်ခွင်းတောင်ထံမှ ခရမ်းရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းက ဆယ်မီတာခန့်ရှည်လျားကာ ကြီးမားသော ကောင်းကင်ခွင်းတောင်ကို နှစ်ပိုင်းဖြတ်သွားလေ၏။
ဝုန်း...။
ကောင်းကင်ခွင်းတောင် နှစ်ပိုင်းပြတ်ကာ ပြိုကျသွားလေသည်။
ပွင့်ထွက်သွားသော ကောင်းကင်ခွင်းတောင်၏ အလယ်တွင် ချော်ရည်များ ပြည့်နေလေပြီး အပေါက်ကြီးတစ်ခု ရှိနေသည်ကို လူအများ မြင်လိုက်ရလေ၏။ အပေါက်နေရာတွင် ဓားမောက်ကိုင်ထားပြီး ချည်ကြမ်းဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ယခင်အတိုင်းပင် ရပ်နေလေသည်။
သူ၏အထက်တွင် ချော်ရည်မိုး ကျဆင်းနေပြီး ခြေထောက်အောက်တွင် ချော်ရည်များ ဆူပွက်နေသည်။ သို့သော် ဆူပွက်နေသော ချော်ရည်များကို သန့်စင်သောယန်ချီက တားဆီးထားလေပြီး လူငယ်၏ အဝတ်နားသို့ပင် ကပ်နိုင်ခြင်းမရှိတော့ပေ။
ဒါက...။
လူတိုင်း မျက်လုံးအပြူးသားဖြင့် ကြည့်နေကာ မှင်တက်မိနေကြသည်
ယီယွင်တွင် နေအလင်းချီ ရှိနေလေပြီး ကောင်းကင်ခွင်းတောင်ကို တိုက်ကွက်တစ်ခုဖြင့် ပိုင်းဖြတ်ပစ်ခဲ့လေ၏။
ကောင်းကင်ခွင်းတောင် ပြိုကျသွားချိန်တွင် ယီယွင်က နေအလင်းချီ အသုံးပြုကာ ကာကွယ်ထားခဲ့သည်ကို လူအများ သိကြသည်။ သူက အစမှအဆုံးအထိ ထိခိုက်မှုမရှိခဲ့ပေ။