သန့်စင်ယန်ခန္ဓာကိုယ်
Vol. 17 Ch. 254
" ဒီတိုက်ပွဲမှာ ယီယွင် အနိုင်ရတယ် " ဒိုင်သည် နတ်အရိုင်းမြေစင်မြင့်ပေါ်မှ တိုက်ပွဲ၏ရလဒ်ကို ကျယ်လောင်စွာ ကြေညာလိုက်လေ၏။
လူအများမှာ အိပ်မက်မက်နေသည့်ပမာ ခံစားနေရလေ၏။ လီဟုန် ကောင်းကင်ခွင်းတောင် ဖော်ထုတ်ခဲ့ချိန်တွင် မြင်ကွင်းက လွှမ်းမိုးနိုင်စွမ်းရှိကာ တုန်လှုပ်ဖွယ်ကောင်းသည်။ လူအများအဖို့ လီဟုန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ဟုပင် ခံစားခဲ့ရသည်။
သို့သော် သူက ယီယွင်ကို ရှုံးချေသည်။ သူ၏ ကောင်းကင်ခွင်းတောင်နှင့် တုတ်လုံးတို့ကိုလည်း ယီယွင်က နှစ်ပိုင်းဖြတ်ခဲ့လေ၏။
" မြေအဆင့် အဆင့်တစ်ထောင်ဝန်းကျင်က လီဟုန်တောင် ယီယွင်ကြောင့် ရှုံးခဲ့ရတယ်။ ယီယွင်က မိုးကောင်းကင်ကို ဖီဆန်နေတာပဲ "
ယီယွင်က တပ်သားသစ်ပြိုင်ပွဲတွင် အဆင့် ၁၀၀၀ နီးပါး ရောက်သွားခဲ့သည်။ ယခင်နှစ်များတွင် မှတ်သားလောက်စရာ လူအချို့က ပထမဆုံး နှစ်ကုန်ပြိုင်ပွဲတွင်သာ အဆင့် ၁၀၀၀ နီးပါးသို့ ရောက်နိုင်ကြလေသည်။ ယင်းသည် သူတို့ကို တိုင်အာနတ်ပြည်ထောင်ထဲမှ ဂိုဏ်းအဖွဲ့အစည်းများ စောင့်ကြည့်ကာ သိမ်းသွင်းခေါ်ယူရန် လုံလောက်လေသည်။
နောက်တစ်လ ၊ နှစ်လအတွင်း ယီယွင်က အဆင့်တစ်ထောင်ထဲ၌ နေရာတစ်ခု ရနိုင်လိမ့်မည်ကို မည်သူကမျှ သံသယမဝင်ကြပေ။ ထိုမျှအထိ မကြာသည်ပင် ဖြစ်လာနိုင်သည်။
" မင်းတို့ ပြောကြည့်စမ်း... အခုလက်ရှိမှာ ယီယွင်က ထိပ်ဆုံးတစ်ထောင်ထဲ ဝင်နိုင်စွမ်းရှိလောက်လား " တစ်ဦးက ဆိုလိုက်လေရာ လူအများ မှင်တက်မိသွားလေ၏။
ထိပ်ဆုံးတစ်ထောင်ထဲ အခု ဝင်ဖို့လား။
" မဖြစ်နိုင်ဘူး " တစ်စုံတစ်ယောက်က ဆိုလိုက်လေသည်။ ယီယွင်က လီဟုန်ကို လွှမ်းမိုးမှုရှိစွာ အနိုင်ရခဲ့သော်လည်း စွမ်းအင်များစွာ ကုန်ခမ်းထားလေသည်။ ယနေ့တွင် ယီယွင်က ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်ရောက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထိပ်ဆုံးတစ်ထောင်အတွင်းမှ လူအားလုံးက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များ ဖြစ်ကြလေ၏။ ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးနှင့် လက်ရည်ယှဥ်လျှင် တစ်ဖက်လူ၏ ကြီးမားလှသော ယွမ်ချီပမာဏကပင် သင့်အား ရိုက်ချပစ်ရန် လုံလောက်လေ၏။
မည်သို့ပင်ဆိုစေကာမူ တိုင်အာနတ်မြို့၏ တပ်သားသစ်ပြိုင်ပွဲတွင် ယီယွင်၏ရလဒ်မျိုးကို ရာစုနှစ်ချီကြာသည်အထိ မမြင်ဖူးပေ။ သူက တိုင်အာနတ်ကျင့်စဥ်ကို နှစ်လခန့်ဖြင့် တတ်မြောက်ခဲ့သည်မှာ ပိုမိုထိတ်လန့်ဖွယ်ကောင်းလေသည်။
ပွဲကြည့်စင်တန်း ထောင့်နေရာတွင် ရှိနေသည့် ယန်တင်းခွမ်၏မျက်နှာ သုန်မှုန်နေသည်။
ယီယွင်၏ တိုက်ခိုက်မှုကြောင့် လီဟုန် လွင့်စဥ်သွားရပြီး တုတ်သည်လည်း နှစ်ပိုင်းပြတ်ခဲ့ရချိန်တွင် ယန်တင်းခွမ်မှာ ထိုတိုက်ကွက်က သူ၏ခန္ဓာကိုယ်ကိုလည်း ထိမှန်သွားသည်ဟု ခံစားလိုက်ရသည်။
သူ မှော်နဂါးကြေးပြား ၅၀၀၀၀ နှင့် ဥပဒေသအမှန်တရားကျမ်းကို ရှုံးခဲ့ရချေပြီ။ လီဟုန်က မှော်နဂါးကြေးပြားများ ပြန်ပေးလိမ့်မည်ဖြစ်၍ သူ စိတ်မပူပေ။ ဥပဒေသအမှန်တရားကျမ်းကိုမူ စိတ်ပူသည်။
ယင်းက ချူတော်ဝင်အိမ်တော်၏ အမွေနှစ် ဖြစ်သည်။ သာမန်အခြေအနေတွင်ဆိုလျှင် သူစိမ်းတစ်ယောက်က ဥပဒေသအမှန်တရားကျမ်းကို သင်ယူလိုလျှင် ချူတော်ဝင်အိမ်တော်ထဲသို့ ဝင်ရောက်ရလေသည်။ သို့သော် ယီယွင်က ချူတော်ဝင်အိမ်တော်၏ ကမ်းလှမ်းမှုကို ငြင်းထားခဲ့လေ၏။
ယခုတွင် ယန်တင်းခွမ်က ဥပဒေသအမှန်တရားကျမ်းကို ယီယွင်ထံတွင် ရှုံးခဲ့ရသည်။ မိသားစုကသာ ထိုကိစ္စကို သိသွားပါက သူ အပြစ်ပေးခံရချေမည်။
သူ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားကာ လက်များ တုန်ယင်လာရင်း..." ဘယ်လိုဖြစ်သွားတာလဲ။ အမှိုက်ကောင် လီဟုန်။ မင်း ဒီမျိုးမစစ်လေးကို တကယ်ပဲ ရှုံးသွားသေးတယ် "
ယန်တင်းခွမ် အံကျိတ်ထားသည်။ ယီယွင်ဆီသို့ ဥပဒေသအမှန်တရားကျမ်း မပေးရရန် မည်သို့လုပ်ရမည်ကို သူ တွေးနေခဲ့သည်။ သို့သော် တိုင်အာနတ်မြို့ထဲမှ အလောင်းအစားကိစ္စအားလုံးက ဥပဒေထိန်းများ၏ စီရင်မှုအောက်တွင် ရှိလေသည်။ ဥပဒေထိန်းများက ရက်စက်ကာ ဘက်မလိုက်တတ်ပေ။ ဥပဒေသအမှန်တရားကျမ်းကို ဥပဒေထိန်းများထံမှ ပြန်လည်ရယူရန်မှာ စိတ်ကူးအတွေးသာ ဖြစ်လေ၏။
ထိုစဥ် ပြိုင်ကွင်းထဲတွင် မီးတောက်တစ်ခု ထွန်းလင်းတောက်ပလာသည်။
အို...။
ပွဲကြည့်စင်တန်းမှ ဥပဒေထိန်းများ မှင်တက်မိသွားလေ၏။
" ဒါက အကြီးအကဲတွေက ကြေညာချက်ထုတ်တာပဲ "
ဥပဒေထိန်းများ မတ်တက်ရပ်ကာ မီးတောက်ထံမှ သတင်းအချက်အလက်များကို စုပ်ယူလိုက်ကြသည်။
" ယီယွင်... အကြီးအကဲနှစ်ဦးဖြစ်တဲ့ ကျန်းကဲ့နဲ့ ခန်းယန်က မင်းကို အခေါ်ပါးလိုက်တယ် " ဒိုင်က ယီယွင်အား ပြောလိုက်သည်။ ဒိုင်ကလည်း ဥပဒေထိန်းတစ်ဦး ဖြစ်လေ၏။
ပရိတ်သတ်များ ပြောစရာမဲ့သွားရသည်။ အကြီးအကဲများက ထပ်မံကာ အခေါ်ပါးနေပြန်ချေပြီ။ ယီယွင် တိုင်အာနတ်မြို့သို့ ရောက်ရှိလာသည့် သုံးလအတွင်း အကြီးအကဲများက ဘယ်နှစ်ကြိမ်များ အခေါ်ပါးခဲ့လေသနည်း။
ပရိတ်သတ်အများစုသည် တိုင်အာနတ်မြို့တွင် နှစ်အနည်းငယ်ခန့် နေထိုင်ခဲ့ကြသည်ဖြစ်ပြီး သူတို့အား အခေါ်ပါးရန်ကို အပထား၍ ယမန်နေ့က ယီယွင်ကြောင့်သာ အကြီးအကဲများကို မြင်တွေ့ဖူးခဲ့ကြခြင်း ဖြစ်လေသည်။ ယီယွင်ကြောင့်သာ မဟုတ်လျှင် တိုင်အာနတ်မြို့၏ အကြီးအကဲများက တပ်သားသစ်ပြိုင်ပွဲကို ကိုယ်တိုင်လာကြည့်ပါမည်လော။
" ဒီဂျူနီယာ အခုပဲ သွားလိုက်ပါ့မယ် " ယီယွင်က ဒိုင်ကို လက်သီးဆုပ်ပြလိုက်သည်။
သူ ထွက်ခွာတော့မည့်အချိန်တွင် ဒိုင်က မေးလိုက်လေ၏..." ယီယွင်... ဒီနေ့ မင်းမှာ နောက်တစ်ပွဲကျန်သေးတယ်။ ဆက်ပြီးတိုက်ခိုက်ဦးမှာလား "
လက်ရှိတွင် ယီယွင်က အဆင့် ၁၀၂၈ ဖြစ်လေ၏။ သူ ထပ်မံစိန်ခေါ်လျှင် ထိပ်ဆုံးတစ်ထောင်ထဲ အမှန်တကယ် ဝင်ရောက်သွားပေလိမ့်မည်။
ယီယွင် တုန့်ဆိုင်းသွားရလေ၏။ ထိပ်ဆုံးတစ်ထောင်ထဲ ဝင်ရန်အတွက် ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များကို စိန်ခေါ်ရမည်လော။
သူ၏ လက်ရှိအခြေအနေက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များကို အဆင့်ကျော်တိုက်ခိုက် အလွန်ခက်ခဲလိမ့်မည်ဟု ခံစားမိသည်။
ယီယွင် ခေါင်းယမ်းကာ... " အခု မလုပ်သေးပါဘူး "
သူက ပြိုင်ကွင်းထဲသို့ ပြန်လာရမည်ဖြစ်၏။ သို့သော် ယနေ့က အချိန်ကောင်းမဟုတ်ပေ။ ယနေ့တွင် သူ ကျေညက်အောင် လုပ်ရမည့်အရာများ များစွာရှိသည်။ သူက ဥပဒေသအမှန်တရားကျမ်းကိုလည်း အမြန်ဆုံး လေ့လာလိုသည်။
သူ့အား ဥပဒေသစွမ်းအားများ ထောက်ပံ့ပေးလာလျှင် ယွမ်ချီ ဖြည်းတင်းမှုအာနိသင် တိုးတက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ ယွမ်ချီနည်းပါးမှုအတွက် ကာမိသွားချေမည်။
" ကောင်းပြီ " ဒိုင်က ခေါင်းညိတ်လိုက်သည်။
ယီယွင်၏ရှေ့သို့ ဥပဒေထိန်းတစ်ဦး ရောက်ရှိလာကာ..." ငါနဲ့လိုက်ခဲ့။ ငါ မင်းကို ဗဟိုနတ်မျှော်စင်ဆီ ခေါ်သွားပေးမယ် "
...............
ဆယ့်ငါးမိနစ် ကြာပြီးသည့်နောက် ဗဟိုနတ်မျှော်စင်၏ ခန်းမထဲတွင် ယီယွင်က အကြီးအကဲကျန်းကဲ့ ၊ ခန်းယန်တို့နှင့် တွေ့ဆုံခဲ့သည်။
ခန်းယန်က ယီယွင်ကို မကောင်းဆိုးဝါးတစ်ကောင်ပမာ ကြည့်နေလေ၏။ အခြားတစ်ဖက်တွင် အကြီးအကဲကျန်းကဲ့က ယီယွင်အား ခေါင်းအစ ခြေအဆုံး အကဲခတ်နေလေ၏။
" ကောင်လေး... မင်း တိုင်အာနတ်ကျင့်စဥ်ကို တကယ်ပင် နှစ်လအတွင်း တတ်မြောက်ခဲ့တာလား " ခန်းယန်က အံ့မခန်းဖြစ်နေဆဲပင်။
ယီယွင် မည်သို့အဖြေပေးရမှန်း မသိချေ။ သူက တိုင်အာနတ်ကျင့်စဥ်ကို ၁၂ ၊ ၁၃ ရက်ခန့်မျှဖြင့် တတ်မြောက်ခဲ့သည်ဟု ခန်းယန်ကို ပြောရချေမည်လော။
" ဒါ အံ့ဩစရာပဲ။ အရင်ကဆို အဖိုးကြီးကျန်းက တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ဖို့ လေးလလောက် ကြာခဲ့တယ်။ မင်းက အဖိုးကြီးကျန်းရဲ့ ကြာချိန်ထက် တစ်ဝက်လောက် ပိုနည်းတယ် " ခန်းယန်က ယီယွင်ကို ချီးကျူးရင်း အဖိုးကြီးကျန်းကို ထိုးနှက်သွားလေ၏။
ခန်းယန်၏စကားကြောင့် ကျန်းကဲ့ ရှက်သွားရသည်။ သူ ချောင်းတစ်ချက်ဟန့်ကာ ဆိုလေသည်..." အဖိုးကြီးခန်း... မင်းက တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ဖို့အတွက် ငါးလကြာခဲ့တာကို ငါ မှတ်မိပါသေးတယ်။ မင်းက ငါ့ထက် တစ်လပိုကြာတယ် "
ခန်းယန် မျက်နှာနီသွားကာ ရယ်လိုက်လေသည်။
" တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်တာက ပြောစရာမှမဟုတ်တာ။ ငါက ပိုနှေးခဲ့တယ်ဆိုပေမဲ့ မင်းထက် နှစ်လေးရာစောပြီး ပညာရှိတစ်ဦး ဖြစ်လာခဲ့တာနော် "
ခန်းယန်၏ အရေထူပုံကြောင့် ကျန်းကဲ့ ပြောစရာမဲ့သွားရသည်။
" အရူးအဖိုးကြီး... မင်းက ငါ့ထက် နှစ်ရှစ်ရာလောက် အသက်ပိုကြီးတာကို ဘာကြောင့် ထည့်မပြောတာလဲ "
ကျန်းကဲ့နှင့် ခန်းယန်တို့က အချိန်တူနီးပါး ပညာရှိများ ဖြစ်လာခဲ့သည်။ သူတို့တွင် ရင်းနှီးသောဆက်ဆံရေး ရှိလေသောကြောင့် သူတို့ စကားနိုင်လုကြသည်မှာ ပုံမှန်သာဖြစ်သည်။
သို့သော် ဂျူနီယာတစ်ဦး၏ရှေ့တွင် သူတို့ သိက္ခာထိန်းကာ စကားနိုင်မလုပဲ နေသင့်လေ၏။ ခန်းယန်နှင့် ကျန်းကဲ့တို့က သူ့ကို ဂျူနီယာများကြားမှ တပည့်တစ်ဦးပမာ သတ်မှတ်ထားကြောင်း သူသိသည်။ ထို့ကြောင့် သူတို့က လွတ်လပ်စွာပြုမူနေပြီး ဟိတ်ဟန်မရှိကြခြင်း ဖြစ်လေသည်။ အဖိုးကြီးနှစ်ဦးက သူ့အား အသိအမှတ်ပြုထားကြောင်း ရှင်းလင်းလှသည်။
" ဟားဟားဟား ပိုစောတာက ပိုစောတာပဲလေကွာ။ ဒီကလေးကတော့..."
ခန်းယန်က ယီယွင်ကိုကြည့်ကာ... " တိုင်အာနတ်ကျင့်စဥ်ကို သင်ယူတဲ့သူ ပညာရှိတစ်ဦး ဖြစ်မလာနိုင်လာက်ဘူးလို့ အရင်က ငါ ပြောခဲ့ဖူးတယ်။ အဲ့ဒါက အမှန်ပဲ။ လွန်ခဲ့တဲ့ နှစ်ငါးထောင်အတွင်းမှာ တိုင်အာနတ်ကျင့်စဥ်ကို ငါ့ထက်ပိုမြန်ပြီး တတ်မြောက်ခဲ့ကြတဲ့ ဂျူနီယာတွေ တစ်ပုံတစ်ပင်ရှိခဲ့တယ်။ ဒါပေမဲ့ ပညာရှိ ဖြစ်လာတဲ့သူကိုတော့ လက်ချိုးရေလို့ရတယ်။ မင်းက တိုင်အာနတ်ကျင့်စဥ်ကို နှစ်လလောက်နဲ့ တတ်မြောက်ခဲ့တယ်ဆိုပေမဲ့ ကျေနပ်နေလို့မရဘူး။ မင်းက ပညာရှိတစ်ဦး ဖြစ်လာဖို့ အများကြီးလိုနေသေးတယ် "
ခန်းယန်သည် ယီယွင်က အစောပိုင်းအောင်မြင်မူများကြောင့် မြောက်ကြွကြွဖြစ်နေမည်ကို စိုးရိမ်ကာ ဆော်ဩပေးနေခြင်း ဖြစ်လေသည်။
သို့သော် နှစ်ဘဝ နေထိုင်လာသည့် ယီယွင်က ထိုအရာကိုနားလည်လေသည်။ သူက တရိုတသေ ဖြေလိုက်သည်..." ဒီဂျူနီယာ နားလည်ပါတယ် "
" ကောင်းပြီ "
ခန်းယန် ခေါင်းညိတ်ကာ... " ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းလောက်တုန်းက တိုင်အာနတ်ကျင့်စဥ်ကို အမြန်ဆုံး တတ်မြောက်ခဲ့တဲ့စံချိန် ချန်ထားခဲ့ဖူးတဲ့ လူတစ်ဦး ရှိခဲ့ဖူးတယ်။ ဒီလူက ပညာရှိတစ်ဦး ဖြစ်ခဲ့ပြီးတော့ အတော်ဆုံး ပညာရှိတွေထဲက တစ်ဦးပါ ဖြစ်ခဲ့တယ် "
" တိုင်အာနတ်ကျင့်စဥ်ကို အမြန်ဆုံး တတ်မြောက်ခဲ့တဲ့စံချိန်တဲ့လား " ယီယွင် ငိုင်သွားရသည်။ တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်သည့် အချိန်ကာလအတွက်ပင် စံချိန် ရှိနေသေးလေ၏။
သူသာ ထိုကိစ္စကို ကြိုသိခဲ့ပါက တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ပြီးသည်နှင့် ထုတ်ပြောမိပေမည်။ ထိုစံချိန်မျိုး၏ ဆုလာဘ်က သေချာပေါက်ပင် ကြီးမားမည်ဖြစ်၍ ယီယွင် နှမြောနေမိသည်။
" အဲ့ဒီစီနီယာက တိုင်အာနတ်ကျင့်စဥ်ကို တတ်မြောက်ဖို့ ဘယ်လောက်ကြာခဲ့တာလဲ " ယီယွင် မေးလိုက်သည်။
ခန်းယန်က လက်နှစ်ချောင်းထောင်ပြကာ..." ရက်နှစ်ဆယ် "
ယီယွင် အံ့အားသင့်သွားကာ... " အတော်မြန်တာပဲ "
သူ တိုင်အာနတ်ကျင့်စဥ်ကို ဆယ်ရက်ကျော်မျှဖြင့် တတ်ကျွမ်းခဲ့သည်မှာ ခရမ်းရောင်သလင်းကျောက်ကြောင့် ဖြစ်သည်ကို သူ သိသည်။ သို့သော် တိုင်အာနတ်ပြည်ထောင်၏ သမိုင်းတွင် တိုင်အာနတ်ကျင့်စဥ်ကို ကိုယ်ပိုင်အစွမ်းအစဖြင့် တတ်ကျွမ်းခဲ့သူ ရှိနေခဲ့သည်တဲ့လား။ မည်ကဲ့သို့ ပါရမီမျိုးပေနည်း။
" မင်း အံ့အားသင့်သွားလား။ ငါ အဲ့ဒါကို ကြားခဲ့ရတုန်းကလည်း အံ့အားသင့်ခဲ့တယ်။ တကယ်တော့ အဲ့ဒီလူမှာ သန့်စင်ယန်ခန္ဓာကိုယ်ရှိတယ်။ ဒီဟာက တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ရာမှာ တစ်ဝက်ပဲလုပ်ပြီး ရလဒ်နှစ်ဆဖြစ်စေခဲ့တာပဲ။ နောက်ဆုံးတော့ သူ့ကို သန့်စင်ယန်အင်မော်တယ်ဘွဲ့ ပေးခဲ့ကြတယ်။ သူက သန့်စင်ယန်နန်းတော် တည်ထောင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ နန်းတော်က ပျက်စီးသွားခဲ့တယ်။ လောကရဲ့လမ်းစဥ်ကိုက နေလာနှင်းပျောက်ပဲလေ " ခန်းယန် ဆိုလိုက်လေသည်။
သန့်စင်ယန်ခန္ဓာကိုယ်လား။
တိုင်အာနတ်ကျင့်စဥ်တွင် သန့်စင်သောယန်သဘာဝ ရှိလေသောကြောင့် လူတစ်ဦးက တိုင်အာနတ်ကျင့်စဥ်ကို လျင်မြန်စွာ တတ်မြောက်သွားလျှင် သန့်စင်ယန်ခန္ဓာကိုယ်အား ရရှိလာရန်မှာ အချိန်သာလိုအပ်လေသည်။
သို့သော် သန့်စင်ယန်ခန္ဓာကိုယ် အမည်အား ရင်းနှီးလွန်းနေချေသည်။
လင်ရှင်းထုံ... ။
လင်ရှင်းထုံတွင် သဘာဝယင်သွေးကြော ရှိလေသည်။ သဘာဝယင်သွေးကြောကြောင့် လင်ရှင်းထုံမှာ နေရာအနှံ့ လှည့်လည်သွားလာကာ သူ၏ ပိတ်ဆို့နေသော သွေးကြောများအတွက် နည်းလမ်းရှာဖွေနေခဲ့ရသည်။
ယီယွင်က လင်ရှင်းထုံထံတွင် အကြွေးများစွာ တင်ရှိနေသည်ဖြစ်ပြီး လင်ရှင်းထုံ၏ ပိတ်ဆို့နေသော သွေးကြောများကို ပြန်ဆက်ပေးမည်ဟု ကတိပေးထားသည်။
ယခုတွင် လင်ရှင်းထုံ၏ခန္ဓာကိုယ်နှင့် တစ်ခုခု ပတ်သတ်နေလေသောကြောင့် ယီယွင် ထိန်းချုပ်မရစွာပင် မေးလိုက်လေသည်..." အကြီးအကဲ... သဘာဝယင်သွေးကြော ဖွဲ့စည်းပုံကို ဒီဂျူနီယာက ကြားဖူးပါတယ်။ ဒီလို အခြေအနေမျိုးရှိတဲ့ လူတွေက နှစ်ပေါင်းလေးရာထက် ပိုမနေရဘူး။ သူတို့ရဲ့ ကျင့်ကြံမှု မြင့်မားလာရင်လည်း အကန့်အသတ်ကို ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ အကြီးအကဲရဲ့ စကားအရဆိုရင် သန့်စင်ယန်ခန္ဓာကိုယ်ရှိတဲ့ အဲ့ဒီစီနီယာက ပညာရှိတစ်ဦး ဖြစ်လာခဲ့တယ် "
" သန့်စင်ယန်ခန္ဓာကိုယ်က သဘာဝယင်သွေးကြောကို အာနိသင်ပျက်ပြယ်အောင် လုပ်နိုင်မလားဆိုတာ ကျုပ် သိချင်မိတယ်။ ဒီနှစ်ခုက ပတ်သတ်မှုရှိလား "