အနက်ရောင်မျှော်စင်၏ သတ္တမအထပ်....
Vol. 44 Ch. 659
" မင်းက ခေတ်မှားပြီး မွေးလာခဲ့တာပဲ။ " အချိန်အတော်ကြာပြီးနောက် ကျောက်ရုပ်တုရှန်းကျိက သက်ပြင်းချလိုက်သည်။
သူက နတ်ဆိုးကျောက်စိမ်းမျှော်စင် အထွတ်အထိပ်တွင် ရှိစဉ်က ဖြစ်လျှင် သို့မဟုတ် မျှော်စင်ကို စောင့်ရှောက်ရန် အလွှာဆယ့်နှစ် အင်အားကြီးသူတစ်ယောက် ရှိနေခဲ့လျှင် လင်းယွမ်က သူ၏ ကျင့်ကြံမှုအတွက် မျှော်စင်၏ ထောက်ပံ့မှုအပြည့်အဝကို ရရှိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် လင်းယွမ်က ယခင်ထက် များစွာနည်းပါးသော အကျိုးကျေးဇူးများကိုသာ ရရှိနိုင်သည်။
" ကျွန်တော်ကတော့ အတော်လေး အဆင်ပြေတယ်လို့ ထင်ပါတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူက နတ်ဆိုးကျောက်စိမ်းနေရာမှ အကျိုးကျေးဇူးများစွာ ရရှိပြီးဖြစ်သည်။
" အရေးကြီးတဲ့ကိစ္စပဲ ပြောကြတာပေါ့။ " ကျောက်ရုပ်တုရှန်းကျိက လက်ဝှေ့ရမ်းလိုက်သောအခါ မျက်နှာပြင်ပုံရိပ်တစ်ခုက လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။
၎င်းက အဆင့်သတ်မှတ်ခံအဖွဲ့ဝင် ဖြစ်လာခြင်း၏ ဆုလာဘ်များဖြစ်သည်။ ယခင်အကြိမ်များတွင်လည်း လင်းယွမ်က လျို့ဝှက်နည်းစနစ်အမျိုးမျိုးကို ရရှိခဲ့သည်။ ယခု ဆုလာဘ်များက ကို၍ တန်ဖိုးကြီးလေသည်။
" ကျွန်တော် နောက်မှ ရွေးမယ်။ " လင်းယွမ်က တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
သူက အလွှာဆယ်တစ်သို့ ဝင်ရောက်ခါနီးပြီဖြစ်သည်။ ယခုအချိန်တွင် ဆုလာဘ်များက သူ့အတွက် အရေးမပါသေးဘဲ အဆင့်တက်ပြီးမှ သူနှင့်ကိုက်ညီသော ဆုလာဘ်ကို ရွေးချယ်ခြင်းက ပိုကောင်းလေသည်။
" ပြဿနာမရှိဘူး။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်တွင် လင်းယွမ်က အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်သောကြောင့် နတ်ဆိုးကျောက်စိမ်းနေရာတွင် သူ့ထက် အနည်းငယ်သာ နိမ့်သည်။
" ဒီနေရာကို ဝင်ရောက်လာတဲ့ အဖွဲ့ဝင်တွေအပေါ်မှာလည်း အခွင့်အာဏာရှိတယ်ဟုတ်လား။ " လင်းယွမ်က ဂရုတစိုက် မေးလိုက်သည်။
" မှန်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။ " မင်းက ဒီနေရာကို ဝင်ရောက်လာသူတွေရဲ့ အဆင့်အတန်း၊ သွေးမျိုးဆက် စတာတွေကို သတ်မှတ်နိုင်တယ်။ "
နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဆင့်အတန်းသတ်မှတ်ပုံက တင်းကြပ်လွန်းလှသည်။ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်များအတွက် သာမန်အဖွဲ့ဝင်များ၏ အနာဂတ်ကို စကားတစ်ခွန်နှင့် ဆုံးဖြတ်နိုင်သည်။
" ဒါဆို အခုကစပြီး နတ်ဆိုးကျောက်စိမ်းနေရာကို လူသားမျိုးနွယ်တွေပဲ ဝင်ခွင့်ရှိမယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
ယခုအချိန်ထိ မျိုးနွယ်ခြားများက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်မဖြစ်လာကြသေးသောကြောင့် နတ်ဆိုးကျောက်စိမ်းနေရာသို့ ဆင်းသက်နိုင်ခြင်း မရှိကြသေးပေ။ သို့သော် သတိမထားဘဲ နေ၍မရပေ။ မျိုးနွယ်ခြားများကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းမှ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာနေခဲ့ကြသည်။
အချိန်ကြာလျှင် သူတို့ကလည်း နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များ ဖြစ်လာနိုင်သည်။ ထို့ကြောင့် လင်းယွမ်က ထိုဖြစ်နိုင်ခြေကို ရိုးရှင်းစွာ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ သူတို့က နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်နိုင်ခြင်းမရှိလျှင် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များ ဖြစ်လာလျှင်တောင် မည်သည့်အကျိုးကျေးဇူးမှ ရရှိနိုင်မည်မဟုတ်ပေ။
" ပြီးပြီ။ " ကျောက်ရုပ်တုရှန်းကျိက မျက်လုံးများ မှိတ်ပြီး မကြာမီ ပြန်ဖွင့်လိုက်သည်။ သူ့အတွက် နတ်ဆိုးကျောက်စိမ်းနေရာသို့ ဆင်းသက်လာသော သာမန်အဖွဲ့ဝင်များကို ကန့်သတ်ခြင်းက အလွန်ရိုးရှင်းလှသည်။
" နောက်တစ်ခု ကျွန်တော် သတ္တမအထပ်ကို ကြိုးစားကြည့်ချင်တယ်။ " လင်းယွမ်က အနက်ရောင်မျှော်စင်ကို ဖြည်းညင်းစွာ ကြည့်ပြီး ပြောလိုက်သည်။
အနက်ရောင်မျှော်စင်၏ သတ္တမအထပ်ကို ကျော်လွှားရန် အလွှာဆယ့်နှစ် ကြီးမြတ်သူများသာ မျှော်လင့်နိုင်သောအရာဖြစ်သည်။ ဆယ်ကြိမ်မြောက် ဆင်းသက်မှုမတိုင်မီ လင်းယွမ်က ၎င်းကို စဉ်းစားရန်ပင် သတ္တိရှိမည်မဟုတ်ပေ။
ယခု လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့် ဖြစ်သောကြောင့် အလွှာဆယ့်နှစ် နယ်ပယ်ဟု ပြောနိုင်လေသည်။ ထို့အပြင် သူ၏ စိတ်စွမ်းအားကလည်း အလွှာဆယ့်နှစ်သို့ ဝင်ရောက်နေပြီဖြစ်သည်။
ကဏ္ဍနှစ်ခုလုံးတွင် အလွှာဆယ့်နှစ်သို့ ရောက်နေပြီဖြစ်သောကြောင့် လင်းယွမ်က သတ္တမအထပ်ကို ကြိုးစားကြည့်ရန် ယုံကြည်မှုရှိလာသည်။
" သတ္တမအထပ်လား။ " ကျောက်ရုပ်တုရှန်းကျိက ခဏတိတ်ဆိတ်သွားပြီးနောက် ဘေးသို့ ဖယ်လိုက်ပြီး လင်းယွမ် မျှော်စင်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေခဲ့သည်။
နာရီဝက်မကြာမီ လင်းယွမ်က သတ္တမအထပ်မှ ပြန်ထွက်လာသည်။
" မဖြစ်နိုင်သေးဘူး။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
အနက်ရောင်မျှော်စင်၏ သတ္တမအထပ်ကို ဖြတ်ကျော်ရန် အလွှာဆယ့်နှစ် ကြီးမြတ်သူဖြစ်လျှင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့် နားလည်မှုကို လိုအပ်သည်။
မည်သို့ပင်ဖြစ်စေ လင်းယွမ်၏ အချိန်လေဟာနယ်နားလည်မှုနှင့် စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်နေသော်လည်း နောက်ဆုံးတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်မဟုတ်ပေ။
" သုံးပုံနှစ်ပုံထိ ရောက်ခဲ့တာလား။ " ကျောက်ရုပ်တုရှန်းကျိက တိတ်ဆိတ်သွားသည်။
လင်းယွမ်က သတ္တမအဆင့်ကို မဖြတ်သန်းနိုင်ခဲ့သော်လည်း ခရီး၏ သုံးပုံနှစ်ပုံကို ပြီးမြောက်စေခဲ့ခြင်းက စိတ်ကူး၍ မရသော အောင်မြင်မှုဖြစ်သည်။ ကြီးမြတ်သူတစ်ယောက်သာ အောင်မြင်နိုင်သော သတ္တမအထပ်ကို သုံးပုံနှစ်ပုံထိ ရောက်ခဲ့ခြင်းက ကြောက်စရာကောင်းလှသည်။
လင်းယွမ်က အလွှာတစ်ဆယ်နှင့် အဆင့်သတ်မှတ်ခံအဖွဲ့ဝင်ဖြစ်လာခြင်းကို ပြန်စဉ်စားမိပြီး ကျောက်ရုပ်တုရှန်းကျိက သူ့ကိုသူ ထိန်းချုပ်လိုက်သည်။
" စိတ်စွမ်းအားနဲ့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ နှစ်ခုလုံးက အလွှာဆယ့်နှစ်ကို အပြည့်အဝ ဝင်ရောက်သွားတာလား။ အထူးသဖြင့် စိတ်စွမ်းအားပဲ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
လင်းယွမ်ပြသခဲ့သော အရည်အချင်းများက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ငယ်စဉ်ကထက်ပင် ကျော်လွန်ခဲ့သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ငယ်စဉ်ကပင် အံ့ဖွယ်များစွာကို ကြုံတွေ့ခဲ့ရပြီး အချို့ရှုထောင့်များတွင် အလွှာဆယ့်နှစ်သို့ အချိန်မတိုင်မီ ရောက်ရှိခဲ့သည်။ သို့သော် ထိုအချိန်တွင် သူက အလွှာဆယ့်တစ်တွင် ရှိနေပြီဖြစ်သည်။
ယခု လင်းယွမ်က အလွှာတစ်ဆယ်သာ ရှိသေးသည်။
" နှမြောစရာပဲ။ " လင်းယွမ်က ခမ်းနားသော အနက်ရောင်မျှော်စင်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။
" ကျွန်တော်ကို သွားခွင့်ပြုပါဦး။ " လင်းယွမ်က ကျောက်ရုပ်တုရှန်းကျိကို နှုတ်ဆက်ပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
" သခင် နတ်ဆိုးကျောက်စိမ်းမျှော်စင်မှာ အဆင့်သတ်မှတ်ခံအဖွဲ့ဝင်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါသလား။ " ကျောက်ရုပ်တုရှန်းကျိက ရေရွတ်လိုက်သည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က ခြေချိတ်ထိုင်နေသည်။
" ပထမဆုံး နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကို ပြည့်စုံမှုအဆင့်ထိ ကျင့်ကြံရမယ်။ " လင်းယွမ်က အရင်းအမြစ်များစွာကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
သူက ယခင်ကတည်းက အလွှာဆယ့်တစ်သို့ ဝင်ရောက်ရန်နှင့် ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန်အတွက် ကြီးမားသော အရင်းအမြစ်များကို စုဆောင်းထားခဲ့သည်။
ယခု အလွှာတစ်ဆယ်တွင် သူက နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာကို ရရှိခဲ့သောကြောင့် သဘာဝအတိုင်း ကျင့်ကြံရန် စီစဉ်ခဲ့သည်။ အလွှာဆယ့်တစ်သို့ ဝင်ရောက်သောအခါ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံပြီး ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့က ပို၍ သန်မာလေ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များကို ပို၍ လက်ခံနိုင်လေဖြစ်သည်။
အစတွင် လင်းယွမ်၏ ရုပ်ခန္ဓာက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အလွှာတစ်ဆယ်တွင် အရင်းမြစ်များ၊ လျို့ဝှက်နည်းစနစ်များက အနည်းငယ် တိုးတက်စေနိုင်ခြင်းမရှိတော့ပေ။
သို့သော် နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာက သူ၏ ရုပ်ခန္ဓာကို ဆက်လက်တိုးတက်စေခဲ့သည်။ ၎င်းက လင်းယွမ် လက်လွှတ်မခံနိုင်သော အခွင့်အရေးတစ်ခုဖြစ်၏။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ခြောက်လကြာသွားခဲ့သည်။
" နောက်ဆုံးတော့ အလွှာတစ်ဆယ် ပြည့်စုံခြင်းအဆင့် ရောက်သွားပြီ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲရှိ အသားများက အနက်ရောင်ကျောက်စိမ်းကဲ့သို့ ဖြစ်နေသည်ကို ခံစားရသည်။ ရွှမ်ဟွမ်အလင်းကလည်း စီးဆင်းနေပြီး ကြောက်မက်ဖွယ်ရာ သွေးစွမ်းအားက ပတ်ဝန်းကျင်ရှိ လေဟာနယ်အလွှာများကို တုန်ခါသွားစေသည်။
" အရာအားလုံး အဆင်သင့်ဖြစ်ပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့က ရောက်နှင့်နေကြပြီဖြစ်သည်။ အစကတည်းက စစ်မြေပြင်ကြီးတွင် လင်းယွမ်က ကိုယ်ပွားတစ်ခုကို နေရာချခဲ့ပြီးဖြစ်သည်။
ဆယ်ကြိမ်မြောက် ဆင်းသက်မှုမတိုင်မီ လင်းယွမ်၏ စိတ်စွမ်းအားက သာမန်အဆင့်အတန်းတွင် ရှိနေပြီး အန္တရာယ်များ ပြည့်နှက်နေသော စစ်မြေပြင်ကြီးတွင် မူလစိတ်ဝိညာဉ်ကိုယ်တိုင် စောင့်ကြပ်ရန် လိုအပ်သည်။
ဆယ်ကြိမ်မြောက် ဆင်းသက်မှုပြီးနောက် လင်းယွမ်၏ စိတ်စွမ်းအားက သိသိသာသာ တိုးတက်လာပြီး ကိုယ်ပွားတစ်ခု၏ တိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်တစ်တွင် ထိန်းသိမ်းထားနိုင်လေသည်။
၎င်းက မူလစိတ်ဝိညာဉ်နှစ်ခုနှင့် မယှဉ်နိုင်လျှင်တောင် စစ်မြေပြင်မှ အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပေသည်။အလွှာဆယ့်တစ်များ၏ တိုက်ပွဲများက အလွယ်တကူ ဖြစ်ပေါ်လာမည်မဟုတ်ပေ။
" ကြီးမြတ်သူနဲ့ ဆက်သွယ်ရမယ်။ " လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ကြီးမြတ်သူရှချင်နှင့် စကားပြောခဲ့သည်။
ထို့နောက်သူက ရှေ့သို့ တစ်လှမ်းတိုး၍ နဂါးငွေ့တန်းပင်မကြယ်မှ ထွက်ခွာလိုက်ပြီး နဂါးငွေ့တန်းကြယ်နယ်မြေ၏ လေဟာနယ်အလွှာအနက်ရှိုင်းဆုံးသို့ ဦးတည်သွားခဲ့သည်။
အလွှာဆယ့်တစ်သို့ တက်လှမ်းခြင်းက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပေါင်းထည့်ခြင်းကို ဖြစ်ပေါ်စေပြီး သက်ရောက်မှုက အလွန်ကြီးမားမည်ဖြစ်သောကြောင့် ပင်မကြယ်တွင် အဆင့်တက်ခြင်းမပြုနိုင်ပေ။ သက်ရောက်မှုအနည်းငယ်က ပင်မကြယ်ကို ဖုန်မှုန့်ဖြစ်သွားစေနိုင်သည်။