လမ်းစဉ်ခွဲထွက်ခြင်းအဆင့်....
Vol. 44 Ch. 667
စုဝေးပွဲက VR ကမ္ဘာတွင် ကျင်းပမည်ဖြစ်သောကြောင့် သူ့အတွက် အချိန်များစွာ ကုန်မည်မဟုတ်ပေ။ သူက ရိုးရှင်းစွာဖြင့် သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို ပေးပို့လိုက်ရုံသာဖြစ်သည်။
" ကောင်းပြီ။ ဒါဆို ငါမင်းကို ဖိတ်စာပို့လိုက်မယ်။ " နာလန်က ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းတွင် ဖိတ်ကြားလွှာတစ်ခုက လင်းယွမ်၏ ရှေ့တွင် ပေါ်လာပြီး သူကလည်း လက်ခံလိုက်သည်။ သူက စံအိမ်တစ်ခုထဲသို့ ရောက်သွားပြီး သူ၏ ပတ်ဝန်းကျင်တွင် အလွှာဆယ့်တစ်ဆင့်ကဲပြောင်းလဲသူများ ရှိနေကြသည်။
ထိုအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများထဲတွင် လင်းယွမ် ရင်းနှီးနေသော မျက်နှာများလည်းရှိနေသည်။ ဥပမာ ပိလောအဖွဲ့အစည်း၏ ဥက္ကဋ္ဌ၊ ရွှမ်ယွမ်မိသားစု ခေါင်းဆောင်နှင့် လူသားရှမိသားစု၏ ခေါင်းဆောင် စသည်တို့ဖြစ်ကြသည်။ လင်းယွမ်က သူတို့ကို နာလန်၏ ဂုဏ်ပြုပွဲတွင် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
" ဟားဟား နဂါးငွေ့တန်းကြယ်သခင် ရောက်လာပြီ။ " ရွှမ်ယွမ်မိသားစု၏ ခေါင်းဆောင်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
သူ့နောက်တွင် အခြားသူများကလည်း လင်းယွမ်ကို မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်ကြပြီး ပြန်ထိုင်လိုက်ကြသည်။ အလွှာဆယ့်တစ်သို့ ကျင့်ကြံနိုင်သော ဆင့်ကဲပြောင်းလဲသူများက မတူညီသော ခေတ်များမှ လာခြင်းဖြစ်ပြီး အချို့က လူသားမျိုးနွယ် ပုန်းကွယ်နေသော အချိန်မှလာကြခြင်းဖြစ်။
သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို တန်ဖိုးထားသော်လည်း သူ့ကို အတင်းအကျပ် မြှောက်ပင့်နေမည်မဟုတ်ပေ။ လင်းယွမ်က နာလန်ဘေးတွင် ထိုင်လိုက်သည်။
" လူတိုင်းက မဟာစစ်မြေပြင်အကြောင်း ဆွေးနွေးနေကြတာပဲ။ " လင်းယွမ်က အခြားသူများ၏ စကားများကို နားထောင်ပြီး မဟာစစ်မြေပြင်အကြောင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
" အဲ့ဒီမဟာစစ်မြေပြင်ကို အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတွေပဲ ဝင်ရောက်နိုင်လိမ့်မယ်။ "
" မဟာစစ်မြေပြင်က ကျယ်ပြန့်ပြီး အတိတ်က စစ်မြေပြင်ကြီးတွေထက် ကျော်လွန်တယ်။ အဲ့ဒါကြောင့် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတွေက စစ်မြေပြင်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ ဆွေးနွေးနေကြတာပဲ။ " နာလန်က ပြောလိုက်သည်။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက မဟာစစ်မြေပြင်၏ အရေးပါမှုကို သိရှိထားပြီးဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင် " ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က ချဉ်းကပ်လာပြီး လင်းယွမ်ကို သိချင်စိတ်နှင့် ကြည့်နေသည်။
" ရွှမ်ယွမ်တောက် " လင်းယွမ်က သူ၏ ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။
သူက ရွှမ်ယွမ်တောက်ကို မှတ်မိသည်။ ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာထဲတွင် ရွှမ်ယွမ်တောက်က လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရွှယ်ယုအနေဖြင့် လင်းယွမ်က သူမနှင့် ဆက်ဆံမှုအချို့ ရှိခဲ့သည်။
ရွှမ်ယွမ်တောက်က ရွှမ်ယွမ်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ အသန်မာဆုံးမိသားစုတစ်ခုအနေဖြင့် ရွှမ်ယွမ်မိသားစုတွင် အလွှာဆယ့်တစ်များ တစ်ယောက်ထက်မက ရှိနေသည်။
" ဘိုးဘေးက ရှင့်အကြောင်း ကျွန်မတို့ရှေ့မှာ မကြာခဏ ပြောလေ့ရှိပါတယ်။ " ရွှမ်ယွမ်တောက်က ပြောလိုက်သည်။
ရွှမ်ယွမ်တောက်ပြောသော ဘိုးဘေးဆိုသည်မှာ ရွှမ်ယွမ်မိသားစု၏ သွေးမျိုးဆက်၏ မူလ လူသားမျိုးနွယ်၏ ပထမဆုံး ကြီးမြတ်သူကို ရည်ညွှန်းခြင်းဖြစ်သည်။ မိသားစုတစ်ခုကို တည်ထောင်ပြီး ဝင်ရောက်စွက်ဖက်ခြင်းမပြုသော ကြီးမြတ်သူတစ်ယောက်ပင် မိသားစုအတွင်းရှိ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို အာရုံစိုက်ပေလိမ့်မည်။
အချိန်အတိုင်းအတာတစ်ခုတွင် သူတို့၏ စိတ်အသိအပိုင်းအစတစ်ခုက လမ်းညွှန်ပေးရန် ဆင်းသက်လာလေ့ရှိသည်။ လင်းယွမ်ပြသခဲ့သော ပါရမီနှင့် အရည်အချင်းများကြောင့် ကြီးမြတ်သူများက ထုတ်ပြောလေ့ရှိသည်မှာ အံ့ဩစရာမရှိပေ။
" ကြီးမြတ်သူရဲ့ အာရုံစိုက်မှုကို ခံရတာ ဂုဏ်ယူစရာပါပဲ။ " လင်းယွမ်က ပြောလိုက်သည်။
" ဘိုးဘေးက လူသားမျိုးနွယ်ရဲ့ကြီးမြတ်သူကိုးယောက်ထဲမှာ အသန်မာဆုံးပဲ။ သူ ရှင့်ကို တန်ဖိုးထားတာက သေချာတဲ့ အကြောင်းရင်းရှိပါလိမ့်မယ်။ " ရွှမ်ယွမ်တောက်က လင်းယွမ်ကို ဆက်လက်အကဲခတ်နေသည်။
" ကြီးမြတ်သူရွှမ်ယွမ် " လင်းယွမ်၏ စိတ်ထဲတွင် မြင့်မြတ်သော ပုံရိပ်တစ်ခု ပေါ်လာသည်။
ကြီးမြတ်သူကိုးယောက်ထဲတွင် ကြီးမြတ်သူရွှမ်ယွမ်က လှုပ်ရှားမှုအနည်းဆုံးနှင့် စကားအနည်းဆုံး ဖြစ်သည်။ သို့သော် ခွန်အားပိုင်းတွင် ကြီးမြတ်သူရွှမ်ယွမ်က သံသယဝင်စရာမလိုပေ။
ကြီးမြတ်သူကိုးယောက်တွင် ကြီးမြတ်သူရှချင်နှင့် ကြီးမြတ်သူကုလီတို့က တိုက်ခိုက်ရေးကို အားသာကြပြီး ကြီးမြတ်သူရှုချန်က လေဟာနယ်ထိန်းချုပ်မှုတွင် ကျွမ်းကျင်သည်။ ကြီးမြတ်သူယုတိုင်က ပုံရိပ်ယောင်နယ်ပယ်တွင် ပြိုင်ဘက်ကင်းလေသည်။
ကြီးမြတ်သူရွှမ်ယွမ်က အားနည်းချက်မရှိဘဲ နယ်ပယ်အားလုံးတွင် အသန်မာဆုံးဖြစ်သည်။ လူသားမျိုးနွယ်၏ အခက်ခဲဆုံးအချိန်များတွင် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးခဲ့သူက ကြီးမြတ်သူရွှမ်ယွမ်ပင် ဖြစ်သည်။
" ကြီးမြတ်သူရွှမ်ယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်နီးပါး ရောက်နေပြီလို့ ပြောကြတယ်။ " နာလန်က ပြောလိုက်သည်။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်...." လင်းယွမ်က အတွေးနက်သွားသည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့်ကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၊ လွှမ်းမိုးခြင်းအဆင့်၊ ဖရိုဖရဲအဆင့်တို့ ဖြစ်ကြသည်။ အမှန်တွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မတိုင်မီ ကူးပြောင်းခြင်းအဆင့်ဟူ၍ ရှိပြီး အသစ်တက်လှမ်းလာသော အလွှာဆယ့်နှစ်များရှိသော နေရာဖြစ်သည်။
သို့သော် ထိုအဆင့်က လျင်မြန်စွာ ကျော်ဖြတ်နိုင်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးသည်နှင့် ကိုယ်ပိုင်တာအိုကို ထူထောင်ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သို့ ဝင်ရောက်သွားမည်ဖြစ်သည်။ ထို့နောက် လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်တို့ လာကြသည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၊ ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့သော တည်ရှိမှုများက ဖရိုဖရဲအဆင့် အထွတ်အထိပ်တွင် ပါဝင်ပြီး ဖရိုဖရဲဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်ကြသည်။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်ဖို့က မလွယ်ပါဘူး။ " ရွှမ်ယွမ်တောက်က ခေါင်းခါလိုက်သည်။
အလွှာဆယ့်တစ်တွင် အလွှာဆယ့်နှစ်နှင့် ပက်သက်သော အချက်အလက်များကို သိနိုင်သည်။ စကြာဝဠာခေတ်၏ အဆုံးသတ်နှင့် အရာအားလုံးပျက်စီးခြင်း၏ ကပ်ဘေးတို့ ပါဝင်သည်။ စကြာဝဠာပျက်စီးခြင်း၏ အဆုံးသတ်တွင် ကြီးမြတ်သူအများအပြားပင် သေဆုံးရပေလိမ့်မည်။ ဘေးကင်းစွာ ဖြတ်ကျော်နိုင်ရန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ခွန်အားကို လိုအပ်ပေလိမ့်မည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်အောက်မှ သက်ရှိများက သူတို့၏ ကံတရားနှင့်သာ သက်ဆိုင်ပေသည်။ စကြာဝဠာပျက်စီးချိန်တွင် ကြီးမြတ်သူမျာယက မတူညီသော ဖိအားများကို ရင်ဆိုင်ရပြီး ကံကောင်းလျှင် ရှင်သန်နိုင်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ပြီးနောက် လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်တွင် ထိုသို့သော သက်ရှိများက အစွမ်းထက်သည်ဟု ယူဆကြသည်။ သူတို့က ဟင်းလင်းပြင်ကို လျစ်လျူရှုပြီး အရာအားလုံးကို လွှမ်းမိုးနိုင်ကြသည်။
" စကြာဝဠာခေတ်တစ်ခုမှာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် အလွှာဆယ့်နှစ်သက်ရှိတစ်ယောက် ထွက်ပေါ်လာတာကို မြင်တွေ့ဖို့က အရမ်းရှားပါးတယ်။ " ရွှမ်ယွမ်တောက်က ပြောလိုက်သည်။
ကြီးမြတ်သူရွှမ်ယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံနိုင်လျှင် လူသားမျိုးနွယ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိပေလိမ့်မည်။ တိုက်ခိုက်ရေးစွမ်းအား တိုးတက်မှုကို ပြောစရာမလိုဘဲ စကြာဝဠာခေတ်၏ အဆုံးတွင် လူသားမျိုးနွယ်၏ ထိပ်တန်းပုဂ္ဂိုလ်အများစုကို ခေါ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ချောမွေ့စွာ ဝင်ရောက်စေနိုင်သည်။
လင်းယွမ်က အလွှာဆယ့်နှစ်နှင့် ပက်သက်၍ များစွာသိထားခဲ့သည်။ နတ်ဆိုးကျောက်စိမ်းနေရာနှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ထိုအဆင့်နှင့်ပက်သက်ပြီး မှတ်တမ်းများစွာ ရှိသည်။
" အခုအချိန်မှာ ငါရှိတဲ့ စကြာဝဠာက အရမ်းနုပျိုနေတုန်းပဲ။ စကြာဝဠာခေတ်ရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ဖြတ်သန်းရသေးတယ်။ တစ်စုံတစ်ခု မဖြစ်သရွေ့ စကြာဝဠာပျက်စီးဖို့ အချိန်အများကြီး လိုသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။
စကြာဝဠာခေတ်တစ်ခုက နှစ်များနှင့် တိုင်းတာ၍မရနိုင်ဘဲ ဘ်ိလီယံပေါင်းများစွာ ရှိပေလိမ့်မည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် ဧကရာဇ်ရွှမ်ဟွမ်တို့ကဲ့သို့ ဖရိုဖရဲအဆင့် အထွတ်အထိပ် သက်ရှိများက စကြာဝဠာ၏ အချိန်များကို စကြာဝဠာခေတ်များဖြင့်သာ တိုင်းတာကြသည်။ အချိန်၏ အတိုင်းအတာက အဆင့်မတူသော သက်ရှိများ၏ မျက်လုံးများထဲတွင် ကွဲပြားသည်။
လင်းယွမ်က ရွှမ်ယွမ်တောက်၊ နာလန်တို့နှင့် အလွှာဆယ့်နှစ်အကြောင်း အချက်အလက်များကို ဆွေးနွေးခဲ့သည်။ သူတို့က မကြာမီ မျိုးနွယ်ခြားများအကြောင်း ပြောင်းလဲသွားကြသည်။
" နဂါးငွေ့တန်းကြယ်သခင် မဟာစစ်မြေပြင်ဖွင့်လှစ်ရင် ရှင်ဝင်ရောက်မှာလား။ " ရွှမ်ယွမ်တောက်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
" ငါ သွားရမှာပေါ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက ထိုအကြောင်းကို ကြီးမြတ်သူများနှင့် ဆွေးနွေးလက်ခံခဲ့ပြီဖြစ်သည်။
သူက လူသားမျိုးနွယ်ကို ဦးဆောင်၍ လက်ဦးမှုရယူရမည်ဖြစ်သည်။ ၎င်းက လျို့ဝှက်ချက်တစ်ခုဖြစ်ပြီး မျိုးနွယ်ခြားများသိလျှင် သူတို့၏ အစီအစဉ်များကို ဖော်ထုတ်နိုင်သည်။
" အဲ့ဒါကောင်းတယ်။ " ရွှမ်ယွမ်တောက် ခေါင်းညိမ့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။
" ဘာပဲဖြစ်ဖြစ် မဟာစစ်မြေပြင်ဖွင့်လှစ်ရင် ငါတို့ လူသားမျိုးနွယ်ကလည်း မပြင်ဆင်ဘဲနေမှာမဟုတ်ဘူး။ အဓိကဝှက်ဖဲတစ်ခု ရှိနေလိမ့်မယ်။ "
" အဓိကဝှက်ဖဲလား။ " နာလန်၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပသွားသည်။ သူကလည်း စစ်မြေပြင်သို့ ဝင်ရောက်မည်ဖြစ်ပြီး လူသားမျိုးနွယ်၏ အစီအစဉ်များနှင့်ပက်သက်၍ အလွန်သိချင်ခဲ့သည်။
ရွှမ်ယွမ်တောက်၏ နောက်တွင် ကြီးမြတ်သူရွှမ်ယွမ်ရှိသောကြောင့် သူမက ထိတ်တန်းလျို့ဝှက်ချက်များ သိထားနိုင်သည်။
" အဓိကဝှက်ဖဲ..."လင်းယွမ်၏ စိတ်က အနည်းငယ် လှုပ်ရှားသွားသည်။