အခန်း (၄၅)
Vol. 5 Ch. 45
နောက်နေ့ ရှောင်ဟယ်မှတံခါးဖွင့်လိုက်သည်နှင့် နဉ်ကျင်းသည် မနက်စာအားကိုင်ကာ ဝင်လာလေ၏။
သူသည်ဟင်းပွဲအားရှောင်ဟယ်ထံ အလွယ်ပေးလိုက်ကာ စူးယွင်ဘေးတွင်ဝင်ထိုင်လိုက်သည်။
"ယွင်ကျီးကမနက်စာကို စမ်းစားကြည့်။ကိုယ်အဲ့ဒါဝယ်ဖို့မနက်အစောကြီးသွားခဲ့ရတာ"
"ယွင်ကျီးကလား"
စူးယွင်သည် အံ့ဩတကြီးပြောကာ မနက်စာအားယူ၍ တံဆိပ်အားကြည့်လိုက်သည်။
"ရှင်အကြာကြီးစောင့်ခဲ့ရမှာပေါ့"
ယွင်ကျီးသည် မြို့တော်ထဲရှိလူသိများသော မနက်စာဆိုင်ဖြစ်ကာ အထဲဝင်ဖို့ရန်ခက်ခဲကြောင်းသတင်းဖြင့် ကျော်ကြားလေ၏။
နဉ်ကျင်းသည် သူမအဖို့ပဲနို့အား ဖွင့်ပေးကာပြောလိုက်သည်။
"မစောင့်ရပါဘူး ဝယ်လို့လွယ်ပါတယ်"
စူးယွင်သည် သူမမျက်လုံးအားလှိမ့်လိုက်ကာ စိတ်ထဲညစ်တစ်တစ်အကြံတို့ပေါ်လာခဲ့၏။
သူမသည် ပဲနို့သောက်ရန်လုပ်ထားသည့် ကျူရိုးအားကိုက်ကာ ပြုံး၍ပြောလိုက်သည်။
"ဒါဆို တစ်လလုံးရှင်ကျွန်မအတွက်ဝယ်ကျွေးရင်ရော"
နဉ်ကျင်းသည် မျက်ခုံးပင့်ကာ သူမ၏တောင်းဆိုချက်ကြောင့် အံ့အားသင့်သွားရ၏။သူသည်နောက်သို့အသာရို့ကာ သူမအားကျီစယ်ဟန်ဖြင့်ကြည့်လာသည်။
"တစ်လလား။မင်းဒီလိုစိန်ခေါ်မှုမျိုးလုပ်မယ်ဆိုတာသေချာတယ်ပေါ့"
စူးယွင်၏မျက်လုံးများမှာ ဉာဏ်နီဉာဏ်နက်တို့ဖြင့် တလက်လက်တောက်နေကာ ရယ်မောလိုက်သည်။
"ဘာလို့မသေချာရမှာလဲ။ရှင်ကအဲ့တာဝယ်ဖို့လွယ်တယ်ပြောနေမှတော့ ရှင့်အတွက်ပြဿနာမရှိသင့်ဘူးလေ ဟုတ်တယ်မလား"
နဉ်ကျင်းသည် အပြုံးတစ်ပွင့်ဖြင့်ခေါင်းယမ်းလိုက်ကာ သူ့မျက်လုံးတို့ထဲ ရယ်သွမ်းရိပ်တို့ရှိနေလေ၏။
"ကောင်းပြီလေ ကိုယ်နေ့တိုင်းမင်းအတွက်ကျိန်းသေယူလာပေးမယ်။ဒါပေမယ့် မင်းကိုယ့်အပေါ်တစ်ကြိမ်အကြွေးတင်သွားပြီနော်"
"သဘောတူတယ်"
စူးယွင်သည် ပြန်ဖြေရင်း သူမပဲနို့အား ကျီစယ်ပြုံးလေးဖြင့်တစ်ငုံသောက်လိုက်၏။
သူမသိခဲ့သည်မှာ သူမသည်ဤသည်အား အပျော်ကစားနည်းတစ်ခုအဖြစ်ပြောင်းရန် နည်းလမ်းတစ်ခုရှာပြီးဖြစ်ကာ အဆုံး၌ ရှုံးနိမ့်မည့်သူမှာ သူသာဖြစ်ပေလိမ့်မည်။
"အမ်း"
နဉ်ကျင်းသည်ဖွဖွရယ်ကာ သူ့ကိုယ်ဟန်မှာလည်း စိတ်လက်ကြည်သာ၍ ပျင်းရိနေဟန်ပင်။
"ကိုယ်ထင်တာ မင်းအခြားတစ်ခုကိုမေးမှာလားလို့လေ"
သူမ၏လက်ရှိအမူအယာအားကြည့်ရသော် သူသည်သူမထံ၌အကြံတစ်ခုခုရှိနေသည်ဟု ထင်ခဲ့မိ၏။သူသည် ဤကဲ့သို့ရိုးရှင်းမှုမျိုးဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
စူးယွင်သည် ဘန်းမုန့်တစ်လုံးအားကိုက်ချကာ သူ့ထံမကျေမနပ်ကြည့်လိုက်၏။
"ကျွန်မကဘာပြောရမှာလဲ။ကျွန်မအတွက် အလကားစားစရာရှိရင် တော်ပြီပေါ့"
နဉ်ကျင်းသည် ရိသဲ့သဲ့ပြုံးကာ မှီလိုက်ပြီး
"မင်းကိုစိတ်ကျေနပ်စေဖို့က အဲ့လောက်လွယ်တယ်ပေါ့"
"အဲ့လိုလား"
စူးယွင်သည် ခဏတာမျှတွေးတောကာ
"နည်းနည်းတော့ဖြစ်နိုင်တယ်"
သူမသည် လက်ညှိုးအားဆန့်ထုတ်ကာသူ့ရင်ဘတ်အားထိုးလိုက်၏။
"ရှင်တော့ကံကောင်းတာပဲ"
နဉ်ကျင်းသည် သူမလက်အားအသာဆုပ်ကိုင်ကာ ညှစ်လိုက်ပြီး
"ကိုယ်ကကံကောင်းတဲ့လူဖြစ်ပုံပါပဲ"
စူးယွင်သည် သူမမေးအားဟန်ပါပါပင့်၍
"အဲ့လိုရှင်သိတာ ကောင်းတယ်"
မနက်စာစားပြီးနောက် စူးယွင်နှင့်နဉ်ကျင်းသည် ကျွန်ဈေးသို့သွားခဲ့ကြသည်။
ဝင်ပေါက်သို့ သူတို့ရောက်သည်နှင့် ဆိုင်ရှင်မှာချက်ချင်းထွက်လာကာ နှုတ်ဆက်လိုက်၏။
"လေးစားရတဲ့ဧည့်သည်တော်တို့ မင်းတို့မျက်စိကျတဲ့ ဘယ်ကျွန်မဆိုခေါ်သွားဖို့ အေးဆေးကြည့်လို့ရပါတယ်"
စူးယွင်သည် ခဏမျှတွေးကာမေးလိုက်၏။
"ရှင့်ဆီမှာ လက်ငြိမ်ပြီးသွက်တဲ့လူမျိုးရှိလား"
"ကျွန်တော့်တို့ဆီရှိပါတယ်"
ဆိုင်ရှင်သည်ပြန်ဖြေရင်း ရှေ့မှဦးဆောင်လမ်းပြသွား၏။
"ကျွန်တော့်နောက်ကလိုက်ခဲ့ကြပါ"
လူစုမှာ စင်္ကြံရှည်ကြီးတစ်လျှောက်,လျှောက်လာပြီးနောက် ဆိုင်ရှင်သည် သစ်သားတံခါးတစ်ချပ်ကို ဖွင့်လိုက်သည်။
အထဲတွင် အဖာအထေးတို့ဖြင့်အဝတ်များဝတ်ထားကြသည့် လူများရှိနေ၏။သူတို့သည် အုပ်စုအဖြစ်စုနေကြကာ တစ်ယောက်ယောက်ဝင်လာသည်ကို မြင်သည်နှင့် သူတို့သည်လျှောက်ကြည့်၍ တစ်စုံတစ်ဦးမှ သူတို့အားရွေးချယ်ကာဤနေရာမှခေါ်ထုတ်သွားမည်ကို မျှော်လင့်နေကြသည်။
စူးယွင်သည် သူမ၏အလိုလိုသိစိတ်အတိုင်းရွေးချယ်ရသည်ကို နှစ်ခြိုက်လေ၏။သူမအမြင်ကို ဖမ်းစားသွားသည့်ပထမလူမှာ နောက်ဆုံးတန်းထောင့်နားတွင်ထိုင်နေသည့် မိန်းကလေးဖြစ်ကာ နောက်တစ်ဦးမှာတော့ ဘယ်ဘက်မှဒုတိယမြောက်ကောင်လေးတစ်ဦးဖြစ်သည်။
သူတို့အကြည့်များမှာ ကြည်လင်၍ သူတို့အသားအရေမှာလည်း ကြွေလိုဖြူဝင်းတောက်ပနေလေ၏။
ဤသည်မှာစူးယွင်နှစ်သက်သော လူမျိုးပင်။
သူမသည် ထိုလူနှစ်ဦးအား လက်ညှိုးထိုး၍
"အဲ့နှစ်ယောက်"
"ဘယ်လောက်လဲ"
ဆိုင်ရှင်သည် သူတို့အားကြည့်ကာ ပြန်ဖြေလိုက်၏။
"တစ်ယောက်စီအတွက် ဆယ်တေး။စုစုပေါင်းတေးနှစ်ဆယ်"
"ကောင်းပြီ"
စူးယွင်သည်ငွေအားကမ်းပေးကာ လှည့်ထွက်သွားရန်ပြင်လိုက်စဉ် ကောင်လေးတစ်ယောက်အားသတိပြုမိလိုက်၏။
ထိုကောင်လေးမှာ သူ့နားပတ်လည်ရှိလူများနှင့် ကွဲပြားနေလေသည်။သူသည် လူကောင်ညှက်ကာ သူ့မျက်နှာသည်လည်း ဖယောင်းသားလိုဖြူဖျော့နေပြီး ကြံ့ခိုင်သန်မာမှုရှိပုံမရပေ။
"သူကရော"
စူးယွင်သည် ကောင်လေးထံလက်ညှိုးထိုးကာ မေးလိုက်၏။
"သူလား"
ဆိုင်ရှင်သည် နှုတ်ခမ်းအားတင်းတင်းစေ့ကာ ကောင်လေးထံအထင်သေးရိပ်တို့ဖြင့်ကြည့်ရင်း
"သခင်မလေး သေချာရဲ့လား"
ထိုကောင်လေးသည် သူ၏အစေခံများကြား ထင်ပေါ်မှုမရှိဆုံးပင်။
လူများစွာသည် အစေခံလာရွေးကြပြီး သူ့ထံတစ်ချက်ကြည့်ရုံနှင့်ပင် မှတ်ချက်တစ်ခုချရန်ထိန်းမထားနိုင်ကြပေ။
ဆိုင်ရှင်ပင်လျှင် သူ့အပေါ်လက်လျှော့ရန်ပြင်ထားပြီး နောက်ရက်အနည်းငယ်အတွင်းရောင်းထုတ်ရန်တွေးနေခဲ့၏။ငွေအချို့ဖြင့်လဲလှယ်နိုင်ရန် ကောင်လေးသည်နယ်စပ်၌ အလုပ်သမားတစ်ယောက်အဖြစ် ပို့ခံရပေမည်။
"သေချာပါတယ် ဘယ်လောက်လဲ"
စူးယွင်တွင်အာရုံစိုက်စရာကိစ္စအချို့ရှိနေရာ ဤနေရာ၌အချိန်ထပ်မဖြုန်းချင်တော့ပေ။
"သူက..."
ဆိုင်ရှင်သည် ခဏတွေးကာ ဈေးတစ်ခုခေါ်လိုက်၏။
"ငါးတေး"
ကောင်လေး၏အခြေအနေအရ ဆိုင်ရှင်သည်ဈေးအများကြီးမခေါ်ရဲဘဲ စူးယွင်မှခေါ်ဈေးကိုငြင်းလိုက်မည်အားစိုးထိတ်နေခဲ့သည်။
"ကောင်းပြီ"
စူးယွင်သည် တစ်ခါတည်းငွေချေကာ ပြန်ရန်ပြင်လိုက်၏။
စူးယွင်မှမည်မျှတည့်တိုးဆန်သည်ကိုမြင်ရသော် ဆိုင်ရှင်သည်အပြုံးကြီးပြုံး၍ သူတို့အားတံခါးထိရောက်အောင်လိုက်ပို့လာသည်။
"သူဌေး ရှင့်မှာလိုက်ပို့ပေးတဲ့ဝန်ဆောင်မှုရှိလား"
"ရှိပါတယ် ရှိပါတယ်"
ဆိုင်ရှင်သည် အစေခံတစ်ယောက်အားခေါ်ကာ ပြောလိုက်၏။
"ဒီသခင်မလေးကပေးတဲ့လိပ်စာဆီ ခေါ်သွားပေးလိုက်"
စူးယွင်သည် အစေခံများအတွက် အစောထဲမှ စီစဉ်ထားပြီးဖြစ်သောလိပ်စာကို ကမ်းပေးလိုက်၏။
"ကျေးဇူးပါပဲ"
ထို့နောက် စူးယွင်သည် နဉ်ကျင်းအား ချွတ်ခြုံကျနေသောနေရာဆီခေါ်သွားကာ ရှောင်းယွင်အားရှာ၍ သူတို့ဖွင့်ရန်စီစဉ်ထားသော ဆိုင်ခွဲသစ်အား စီမံပေးရန်ဆွေးနွေးခဲ့ကြသည်။
ရှောင်းယွင်သည် လုံးဝတွန့်ဆုတ်မနေဘဲ ချက်ချင်းလက်ခံလိုက်၏။
အလုပ်ကိစ္စများပြီးသော် သူတို့လည်း အချိန်ဆွဲမနေတော့ပေ။အိမ်ပြန်လမ်းတွင် နဉ်ကျင်းမှာ အတန်ငယ်မရေမရာဖြစ်နေပုံရသည်။
"သူကဆိုင်ကိုစီမံအုပ်ချုပ်နိုင်မယ်ဆိုတာ မင်းသေချာရဲ့လား"
"သူ့ရဲ့သင်ယူနိုင်စွမ်းက အတော်ကောင်းတယ်။သူသာရှင့်ရဲ့ အိမ်တော်ထိန်းနောက် တစ်ရက် နှစ်ရက်လောက်လိုက်ပြီးအချိန်ဖြုန်းခဲ့ရင် သူကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်မယုံတယ်"
နဉ်ကျင်းသည် သူ့ခြေလှမ်းများအားရုတ်ချည်းရပ်လိုက်၏။
"မိန်းကလေးစူး"
စူးယွင်သည် သူ့ရှေ့မှလျှောက်နေရာမှ လှည့်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
"မင်းကကိုယ့်ကိုအသုံးချတဲ့နေရာမှာ တစ်စထက်တစ်စကျွမ်းကျင်လာတာပဲနော်"
နဉ်ကျင်းသည် ရှေ့တိုးကာ သူမပုခုံးအားသိုင်းဖက်၍
"မင်းကိုယ့်ဆီတစ်ခုခုပြန်ပေးသင့်တယ်လို့ မထင်ဘူးလား"
စူးယွင်သည်ခေါင်းမော့ကာ သူမလက်အားသူ့ကျောထက်တင်၍ သူ့ဆံနွယ်များကြား လက်ချောင်းများဖြင့် အသာဆော့ကစားရင်းပြုံးကာ
"မထင်ပါဘူး ကျွန်မကဆင်းရဲပါတယ်"
"ကိုယ့်မှာပိုက်ဆံရှိတယ်။မင်းကိုယ့်ကိုအခြားတစ်ခုပေးလေ"
"ဒါဆိုရှင်ကဘာလိုချင်တာလဲ"
"ကိုယ်....."
နဉ်ကျင်း၏စကားစပြတ်သွားရာ စူးယွင်၏နှလုံးခုန်နှုန်းသည် တစ်ချက်လွှဲချော်သွားရပြီး သူမမျက်လုံးတို့မှာ သူ့ထံတစ်စိုက်မတ်မတ်ကြည့်နေလိုက်၏။
နဉ်ကျင်းသည် သူမအားပြန်လွှတ်ပေးကာ သူမခေါင်းလေးအားပွတ်၍
"နောက်တစ်ကြိမ်မှ ကိုယ်ပြောတော့မယ်။အခုတော့ ကိုယ်စိတ်ထဲပဲသိမ်းထားဦးမယ်"
ဝမ်ကောတွင်
စူးယွင်သည်ပြန်ရောက်သည်နှင့် ရှောင်ဟယ်ရွေးချယ်ထားသည့် မိန်းကလေးအားကြည့်ကာ ပြောလိုက်သည်။
"မင်းက မိန်းကလေးဟယ်နောက်လိုက်ပြီး ကောင်းကောင်းသင်ယူချေ။မင်းမှာနားမလည်တာတစ်ခုခုရှိလာတာနဲ့ တန်းမေးလို့ရတယ်"
"ကောင်းပါပြီ"
ထို့နောက်သူမသည် အသစ်ရောက်လာသောအစေခံများဘက်လှည့်ကာ ပြောလိုက်သည်။
"မင်းတို့သုံးယောက်က ဒီလူကြီးမင်းနဲ့ လိုက်သွားပြီး သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းဝတ္တရားတွေကို သင်ယူပြီးမှပြန်လာခဲ့ကြ"
"ကောင်းပါပြီ"
ယနေ့အဖို့လုပ်စရာများရှိသေးသောကြောင့် စူးယွင်သည်ဆိုင်ဖွင့်ရန် အစီအစဉ်မရှိတော့ချေ။သူမသည် ရှေ့သို့သွားပြီးတံခါးပိတ်ကာ ခုံပေါ်ထိုင်၍ အပ်နှင့် အပ်ချည်အားယူကာ ချုံဆမ်းတစ်ထည်ချုပ်ရန်ပြင်လိုက်၏။
ရုတ်တရက်ပင် တံခါးခေါက်သံတစ်ချက်ထွက်လာသည်။ဖွဖွခေါက်နေရာမှ ကျယ်လောင်လာပြီး တစ်ဖက်မှ ဒေါသတကြီးအော်သံအချို့နှင့် ကျိန်ဆဲသံရေးရေးကိုကြားလိုက်ရ၏။