အခန်း (၄၆)
Vol. 5 Ch. 46
စူးယွင်သည် အသံထွက်ရာဘက်လှည့်ကြည့်လိုက်ရာ တံခါးဘောင်၌ချိတ်ထားသည့် အသိပေးချက်ဆိုင်းဘုတ်မှာ ပြုတ်ကျနေကြောင်းတွေ့လိုက်ရသည်။
သူမသည်မတ်တပ်ရပ်၍ သွားပြီးစစ်ဆေးချိန်တွင် ရင်းနှီးနေသောအသံတစ်သံမှာ ထွက်လာလေ၏။
"ယွင်အာ တံခါးဖွင့်ပေးဦး"
တံခါးခေါက်သံနှင့်အော်ခေါ်သံမှာ အခန်းတွင်းပဲ့တင်ထပ်နေတော့သည်။
"အဒေါ်ပါ ယွင်အာ။တံခါးဖွင့်ပေးပါဦး"
စူးယွင်သည် မျက်မှောင်ကြုံ့လိုက်၏။
သူမကဘာလို့ဒီရောက်နေတာလဲ။
စူးယွင်သည်တံခါးအားသွားဖွင့်ကာ သူမထံသာမန်ကာလျှံကာကြည့်၍ မေးလိုက်သည်။
"ရှင်ကဘာလို့ဒီကိုရောက်နေရတာလဲ"
အမျိုးသမီးလျို့သည် သူမအားကယ်တင်ရှင်တစ်ဦးအားတွေ့လိုက်ရသည့်အလား မျက်ရည်အဝိုင်းသားဖြင့်ကြည့်လာ၏။
"ယွင်အာ မင်းနောက်ဆုံးတော့တံခါးဖွင့်ပေးလာပြီ။မင်းအဒေါ်က မင်းလျစ်လျူရှုပစ်လိုက်ပြီလို့ထင်ခဲ့တာ။ဒါပေမယ့် မင်းက သိတတ်တဲ့ကလေးဖြစ်နေတုန်းပဲ"
စူးယွင်မှပြန်ဖြေလိုက်သည်။
"ကျွန်မမှာရှင်နဲ့ဖြုန်းစရာအချိန်မရှိဘူး"
သူမ၏ဆက်တိုက်တံခါးခေါက်သံသာ ဝမ်ကော၏ပုံရိပ်အားသက်ရောက်မှုမရှိပါလျှင် စူးယွင်မှာ တံခါးကိုဖွင့်ရန်စိတ်ရှုပ်ခံနေမည်မဟုတ်ပေ။
ရှက်ရွံ့သွားရသောအမျိုးသမီးလျို့မှာ သူမပြောရန်ပြင်နေသည့်စကားတို့အား ပြန်မျိုချလိုက်ရ၏။
စူးယွင်သည် ဟထားသောတံခါးအား ပိတ်ရန်ပြင်ကာ
"အရေးတကြီးပြောစရာမရှိတော့ရင် ရှင်ပြန်ပါတော့။ကျွန်မအလုပ်ရှုပ်နေတယ်"
အမျိုးသမီးလျို့သည် တံခါးအားသူမကိုယ်နှင့်ကပ်တွယ်ကာ ပြောလာ၏။
"ယွင်အာ အဒေါ်.....အဒေါ့်မှာပြောစရာရှိပါတယ်"
စူးယွင်သည်မျက်ခုံးပင့်ကာ
"ကောင်းပြီလေ....ဒါဆို..."
အမျိုးသမီးလျို့သည် သူမစကပ်စအား ဂဏှာမငြိမ်ဟန်ဖြင့်ကိုင်ကာ အထစ်ထစ်အငေါ့ငေါ့ပြောလာ၏။
"အမ်.....အမ်း...."
"ကျွန်မတစ်ကယ်အလုပ်ရှုပ်နေတာ"
စူးယွင်သည် စိတ်မရှည်ဟန်ဖြင့်ပြောကာတံခါးအားပိတ်ရန် အားအချို့ထည့်လိုက်သည်။
"နေပါဦး"
အမျိုးသမီးလျို့သည် သူမကိုယ်ဖြင့် တံခါးအားပိတ်တားလိုက်ပြန်၏။
"ယွင်အာ အဒေါ့်မှာမင်းနဲ့တစ်ကယ်စကားပြောဖို့လိုနေတာပါ"
စူးယွင်သည် စကားပြောရန်ပြင်ကာ ပြောလိုက်၏။
"သုံးမိနစ်"
"ကောင်းပါပြီ"
အမျိုးသမီးလျို့သည် ခေါင်းငြိမ့်၍ အသက်ပြင်းပြင်းရှူကာ
"အဒေါ်တို့မိသားစုမှာ အခက်အခဲတစ်ချို့တွေ့နေလို့ အဒေါ်တို့ကိုငွေအချို့ချေးပေးဖို့မျှော်လင့်ပါတယ်"
စူးမိသားစုမှာ မြို့တော်အပြင်ဆယ်မိုင်အကွာရှိ မြို့ငယ်လေး၌ စီးပွားရေးလုပ်ကြသည်။သူတို့သည် ကုန်သည်မိသားစုတစ်စုအဖြစ် ဂုဏ်သတင်းအချို့ရှိလေ၏။
"ကျွန်မကပိုက်ဆံပေးရမယ်ပေါ့"
စူးယွင်သည်နှာမှုတ်ကာ သူမလက်ချောင်းများအား ဆော့ကစားရင်းခေါင်းငုံ့ကာ
"ရှင့်ခေါင်းကိုစစ်ဆေးဖို့ ဆေးခန်းမဆီသွားဖို့လိုနေတာလား"
အမျိုးသမီးလျို့မှာ သူမအားတစ်ပြားတစ်စိပင် မပေးဘဲနှင်ထုတ်ခဲ့ပြီး ယခုသူတို့ဒုက္ခရောက်ချိန်တွင်တော့ သူမအားပိုက်ဆံပေးရန်ပြောလာသည်။
သူတို့က သူမကိုကြွယ်ဝခြင်းနတ်ဘုရားလို့များထင်နေကြလား။
"ယွင်အာ တစ်မိသားစုလုံးက စားသောက်ဖို့စောင့်နေကြတာပါ။ကိစ္စကတစ်ကယ်ကို...."
အမျိုးသမီးလျို့သည် နှုတ်ခမ်းအားတင့်တင်းစေ့ကာ ဖိနှိပ်ခံရဟန်ဖြင့် သနားစရာကောင်းအောင်ကြည့်လာ၏။
"ယွင်အာ မင်းက မင်းအဒေါ်ကို သဘောမကျရင်တောင် မင်းရဲ့အဘိုး အဘွား အစ်ကိုတွေမောင်တွေ ညီတွေညီမတွေကို တွေးသင့်ပါတယ်။သူတို့က မင်းအပေါ်အမြဲစစ်မှန်ခဲ့ကြတာပါ"
စူးယွင်သည် တံခါးဘောင်အား ပျင်းတိပျင်းရွဲမှီကာ သူမ၏အရေးမပါသည့်စကားများအား တိတ်ဆိတ်စွာနားထောင်နေလိုက်၏။
"လူတိုင်းက မျိုးရိုးနာမည်တစ်ခုထဲကို သုံးနေကြပြီး တူညီတဲ့ အသွေးအသား အရိုးအဆစ်တွေရှိကြတဲ့ စူးမိသားစုဝင်တွေပါပဲ"
"အခုမိသားစုကဒုက္ခရောက်နေတာကို မင်းကဘာမှမလုပ်ဘဲရပ်ကြည့်နေလို့မရဘူးလေ"
စူးယွင်မှပြန်မလာသေး၍ နဉ်ကျင်းသည် သူမအားထွက်ကြည့်လိုက်၏။တံခါးဆီသူရောက်သည်နှင့် ထိုစကားအားကြားလိုက်ရသည်။
သူသည်မျက်လုံးအားဝင့်၍ သူ့ရှေ့ရှိလူထံကြည့်လိုက်၏။
သူမသည်ဈေးကြီးသည်မဟုတ်သော ချည်သားအဝတ်ကိုဝတ်ဆင်ထားပေသိ ဆင်းရဲဟန်မရပါပေ။
အနည်းဆုံးတော့ စူးယွင်အား သူပထမဆုံးမြင်ရသည်ထက်တော့ ပိုကောင်းနေပါသေးသည်။
နဉ်ကျင်းသည် စူးယွင်အားကြည့်ကာမေးလိုက်၏။
"မင်းမှာဒီလိုဆွေမျိုးတွေ ရှိသေးတယ်ပေါ့"
စူးယွင်မှာ ခေါင်းငြိမ့်၍
"ကျွန်မတို့နောက်မှပြောကြမယ်"
အမျိုးသမီးလျို့သည် ဝတ်ရုံဖြူဝတ်၍ ခေါက်ယပ်တောင်အားကိုင်ထားသည့် နဉ်ကျင်းကိုတွေ့လိုက်ရသည်။သူအမူအယာမှာ တည်ငြိမ်သိမ်မွေ့၍ မျက်လုံးများထဲတွင် အပြုံးစစရှိကာ လူတိုင်းအားဖော်ရွေဟန်ထင်စေ၏။
စူးယွင်မှပြောလိုက်သည်။
"ဒါပဲလား"
အမျိုးသမီးလျို့သည် သူမအကြည့်အားအောက်စိုက်ကာ သူမစကားများ၏ဆိုလိုရင်းကို စဉ်းစားနေလိုက်၏။
"ကျွန်မကို ကိုယ်ကျင့်တရားတွေ တာဝန်ဝတ္တရားတွေနဲ့ ဖိနှိပ်ဖို့လာမကြိုးစားနဲ့။ကျွန်မက အဲ့ဒါတွေကိုစိတ်ထဲကိုမထားတာ"
သူမသည် လူတိုင်းထက် သူမအပေါ်ထားသော သူမ၏အစ်ကိုမောင် ညီမအစ်မများ၏ သဘောထားကို နားလည်လေသည်။သူတို့သာ သူမအားအမှန်ဂရုစိုက်ကြပါက အမျိုးသမီးလျို့မှ သူမအားနှင်ထုတ်စဉ်တွင် သူတို့မှာအေးစက်စက်ဖြင့်ရပ်ကြည့်နေကြမည်မဟုတ်ပေ။
အနှစ်ချုပ်ဆိုရလျှင် မူလပိုင်ရှင်၏ပြိုလဲမှုမှာ စူးမိသားစုရှိလူတိုင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေလေသည်။
သူတို့သည် တရားခံများမဟုတ်ကြသည့်တိုင် ကျိန်းသေကိုလူကောင်းများမဟုတ်ကြချေ။
အမျိုးသမီးလျို့သည် မျက်ရည်ချူရန်လုပ်ကာ သူမလေသံအား ဝမ်းနည်းဟန်ပြု၍
"ယွင်အာ မင်းကတစ်ကယ်ပဲ စူးမိသားစုပြိုလဲသွားမှာကို ဒီအတိုင်းရပ်ကြည့်နေတော့မှာပေါ့"
စူးမိသားစုမှာ ချမ်းသာပြီးမျိုးရိုးမြင့်သည်မဟုတ်ပါသော်ငြား အမျိုးသမီးလျို့၏ပထမသက်တမ်းတစ်ဝက်အတွင်း မကြောင့်မကြဖြစ်အောင် ထောက်ပံ့ခဲ့ကြပါ၏။အမျိုးသမီးလျို့မှာ သူမနောက်ပိုင်းနှစ်များတွင် အသက်ရှင်နေထိုင်ရန် ရုန်းကန်ရမည့်အတွေးကို လက်မခံနိုင်သည်မှာအမှန်ပင်။
သူမသည် နဉ်ကျင်းဘက်အကြည့်ပို့ကာ သူမ၏ဆဌမအာရုံအရ ဤပုဂ္ဂိုလ်သည် စူးယွင်နှင့်နီးစပ်သော ဆက်ဆံရေးရှိကြောင်းသိနေလေ၏။
"ဒီသခင်လေးက ယွင်အာ့ကို မသိတတ်တဲ့လုပ်ရပ်တွေအတွက် အပြစ်မတင်ချင်လောက်မှန်းသေချာပါတယ် ဟုတ်တယ်မလား"
နဉ်ကျင်းသည် သုံးစက္ကန့်ကြာ တိတ်ဆိတ်မှုအားထိန်းထားပြီး
"ကျွန်တော်က အဲ့လိုဘယ်ဖြစ်စေချင်ပါ့မလဲ"
နဉ်ကျင်းပြောသည်ကို အမျိုးသမီးလျို့ကြားသော် သူမ၌အခွင့်အရေးတစ်ခုရှိသည်ဟု ထင်သွားလေ၏။သူမမှဆက်ဖြောင်းဖျရန်ပြင်လိုက်စဉ် သူမှဆက်ပြောလာသည်ကို ကြားလိုက်ရသည်။
"ဒါပေမယ့် ကျွန်တော်ကတော့ သူမအနေနဲ့ သူမစိတ်ရှိတဲ့အတိုင်းဆုံးဖြတ်စေချင်တယ်"
နဉ်ကျင်းသည် သိမ်မွေ့ကာ ညင်ညင်သာသာလေးပြောနေဆဲပင်။
"သူမရဲ့ဆွေမျိုးတစ်ယောက်အနေနဲ့ အဒေါ်ကလည်း ကျွန်တော်နဲ့အတွေးတူမယ်ထင်ပါတယ် ဟုတ်တယ်မလား"
အမျိုးသမီးလျို့၏ မျက်နှာကြွက်သားများမှာ တောင့်တင်းသွားပြီး မသက်မသာဖြင့်ပြုံးပြလာသည်။
"ဒါပေမယ့်...."
"အဒေါ် မင်းကတစ်ကယ်ကို အကျိုးအကြောင်းသင့်တဲ့လူပဲ"
နဉ်ကျင်းသည် ချီးကျူးကာ တံခါးအားအသာဖွင့်၍
"နောက်ကျနေပြီပဲ။ကျွန်တော်တို့နဲ့ ထမင်းအတူစားသွားမလား"
အမျိုးသမီးလျို့မှာ လက်ယမ်းကာ
"မလိုပါဘူး"
"ဒါဆို အဒေါ့်ကို ကျွန်တော်တို့ဆွဲမထားတော့ဘူးနော်"
နဉ်ကျင်းသည်ပြောပြီးသည်နှင့် စူးယွင်အားနောက်တစ်လှမ်းပြန်ဆွဲကာ သူတို့နောက်ရှိတံခါးအား ပိတ်လိုက်၏။
အမျိုးသမီးလျို့မှာ ပိတ်သွားသောတံခါးအားကြည့်ကာ လှည့်စားခံလိုက်ရကြောင်းသိလိုက်ရသည်။
သူမသည်နောင်တ,တကြီးခြေဆောင့်ကာ တွန့်ဆုတ်စွာပြန်သွားလေ၏။
"ရှင်ကဘာလို့ သူ့အတွက်ဆင်ခြေပေးစရာလမ်းကြောင်းပေးနေရတာလဲ"
စူးယွင်သည် သူ့ထံမျက်ခုံးပင့်ကာကြည့်လိုက်၏။
နဉ်ကျင်းမှ ရှင်းပြလာသည်။
"သူမလိုလူတွေက အတွေးတိမ်ကြတယ်။သူမနဲ့တိုက်ရိုက်ဖြေရှင်းတာက ပြဿနာပဲပိုရှုပ်လာမှာ"
"ဒါပေမယ့်ဒီလိုလုပ်လိုက်ရင်လဲ ပြဿနာကိုတစ်ကယ်မဖြေရှင်းနိုင်ဘူးလေ"
စူးယွင်သည် ခေါင်းယမ်းကာပြန်ပြောလိုက်၏။
သူမသည် အမျိုးသမီးလျို့မှာ လောဘကြီးပြီး အခွင့်အရေးသမားဖြစ်ကြောင်း ကောင်းကောင်းသိထားပြီး သူမမှာကျိန်းသေထပ်လာဦးမည်ဖြစ်သည်။
"အမှန်ပဲ"
နဉ်ကျင်းသည် ခေါင်းငြိမ့်ကာတွေးပြီး
"ကိုယ်တို့တွေ အဖြေတစ်ခုရှာဖို့လိုနေတုန်းပဲ"
"ဖြေရှင်းနည်းလား"
စူးယွင်သည် နှုတ်ခမ်းအားကိုက်ကာ တိတ်ဆိတ်သွားတော့၏။
"ထားလိုက်ပါတော့ သူမကဒုက္ခအများကြီးမရှာနိုင်ပါဘူး"
နဉ်ကျင်းသည် ရှုပ်ထွေးဟန်ဖြင့် မျက်ခုံးပင့်ကာ
"မင်းကသူမကို ဒီအတိုင်းလွှတ်ထားပေးမလို့လား"