အခန်း (၄၇)
Vol. 5 Ch. 47
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သူမသာပြဿနာထပ်ရှာရင် သူမကိုတရားရုံးဆီ တစ်ရက် နှစ်ရက်လောက်ပို့ထားပေးလိုက်မယ်"
အမျိုးသမီးလျို့သည် သုန်းကွေ့နှင့်ကွာခြားလေ၏။သူမလိုလူမျိုးသည် တရားရုံး၌အချိန်အချို့ကုန်ဆုံးပြီးသည်နှင့် ကျိန်းသေအမြီးကုပ်သွားပေလိမ့်မည်။
"မင်းမှာဘယ်လိုလုပ်ဒီလိုဆွေမျိုးတွေရှိနေရတာလဲ"
အမျိုးသမီးလျို့အား ပြောလိုက်ချိန်တွင်တော့ စူးယွင်မှာဆွံ့အသွားရပြီး နှုတ်ခမ်းအားတင်းတင်းစေ့ကာ
"ကံဆိုးတာပဲ"
"ဒါဆိုမင်း...."
နဉ်ကျင်းသည် သူမေးသင့် မမေးသင့်အား တွန့်ဆုတ်သွားရ၏။
"ပြဿနာကရိုးရိုးလေးပါပဲ"
စူးယွင်သည် မူလကိုယ်မဟုတ်၍ ထိုအကြောင်းနှင့်ပက်သက်ကာ စနိုးစနောင့်ဖြစ်မနေပါချေ။
သူမသည် အပိုဆားဒါးတစ်ခုမှမပါဘဲ အခြေအနေကိုရှင်းပြလိုက်၏။
နဉ်ကျင်းသည် မူလကသူမအားနှစ်သိမ့်ပေးလိုက်ချင်သော်လည်း ဇာတ်လမ်း၏ ဇာတ်လိုက်မှာ သူမ,မဟုတ်သည့်အလား သူမအကြည့်၌ မည်သည့်ဝမ်းနည်းမှုမှမရှိသည်ကို သူမြင်လိုက်ရရာ သူ့ရင်ဘတ်တွင်း တင်းကျပ်မှုအား ခံစားလိုက်ရသည်။သူ့မျက်ခွံများမှာ စင်းကျသွား၏။
သူမမှာ မထူးမခြားနားဟန်ဖြစ်သည်ထိ အတော်လေးနာကျင်ခံစားခဲ့ရ၍သာဖြစ်ပေမည်။
စူးယွင်သည်သူ၏အတွေးအားသတိမပြုမိသလို အေးဆေးထိုင်စကားပြောရန်အချိန်လဲ မရှိပေ။သူမသည်ခုံတွင်ဝင်ထိုင်ကာ သူမအလုပ်အား ဆက်လုပ်နေလိုက်၏။
နဉ်ကျင်းသည် သူမအားမနှောင့်ယှက်တော့ဘဲ တိတ်တိတ်လေးထွက်သွားတော့သည်။
ညရောက်လာ၍ မဟူရာကောင်းကင်ယံမှ အရာတိုင်းပေါ် လွှမ်းခြုံထားစဉ် လူပြတ်သောလမ်းကျဉ်းလေးထဲ၌ တုန့်စန်းသည် ဒူးတစ်ဖက်ထောက်ကာ လက်ခုပ်အုပ်၍ သူ့အားနောက်ကျောပေးထားသော လူထံကြည့်နေ၏။
"သခင် ကုန်သည်အသင်းက ကိစ္စတွေကို စုံစမ်းရခဲ့ပါပြီ"
နဉ်ကျင်းသည် ရှေ့သို့မျက်နှာမူကာ အဝေးရှိအလင်းများအားကြည့်၍ စကားတစ်ခွန်းကိုဖြည်းဖြည်းချင်းပြောလိုက်သည်။
"ပြော"
တုန့်စန်းသည် သူရှာတွေ့ခဲ့ရသမျှတိုင်းအား ဤသည်မရွေးပြန်ပြောပြလိုက်၏။
"သတ်ဖို့လုပ်တယ်ပေါ့လေ"
နဉ်ကျင်းသည် ခေါက်ယပ်တောင်အားလက်ဖဝါးပေါ်ပုတ်ရင်း နှာမှုတ်လိုက်သည်။
"ကြည့်ရတာ သူမကစကားနားမထောင်တဲ့ပုံပဲ"
"တုန့်စန်း"
လေသံမှာ တည်ငြိမ်နေပေသိ ငြင်းပယ်မရနိုင်သော အာဏာကိုသယ်ဆောင်ထားလေသည်။
တုန့်စန်းသည် ပြန်မဖြေခင် အချိန်ခဏတာတုံ့ဆိုင်းသွားရ၏။
"ရှိပါတယ်"
"ဒီကာလက အရမ်းပူပြင်းနေတာမလား။တစ်ကယ်လို့ မီးလောင်မှုကြီးကြီးမားမားတစ်ခု ဖြစ်လာခဲ့ရင် ဒါကသတိပေးချက်တစ်ခုဖြစ်လာမယ်လို့ မင်းမထင်ဘူးလား"
"နားလည်ပါပြီ သခင်။ကျွန်တော်တစ်ခါတည်းစီစဉ်လိုက်ပါ့မယ်"
တုန့်စန်းမှ ပြန်သွားရန်လှည့်လိုက်ရာ
"နေဦး"
နဉ်ကျင်းမှ ဆက်ပြောလာ၏။သူ့လေသံမှာ တည်ငြိမ်နေဆဲပင်။
"ငါဘယ်သူ့ကိုမှ မသေစေချင်ဘူး"
"နားလည်ပါပြီ သခင်"
တုန့်စန်းမှ ခေါင်းငြိမ့်ပြလိုက်၏။
နဉ်ကျင်းမှ လက်တစ်ဖက်အဝှေ့တွင် တုန့်စန်းမှာ ညအမှောင်ထုထဲ ပျောက်ကွယ်သွားပြန်သည်။
တစ်မိနစ်ကြာပြီးသော် နဉ်ကျင်းသည် လမ်းကျဉ်းလေးအဆုံးမှ လမ်းလျှောက်ထွက်လာကာ သူ့အဝတ်များမှ ဖုန်တို့အားအသာခါချလိုက်၏။သူ့မျက်နှာထက် အပြုံးတစ်ပွင့်နှင့်အတူ သူသည်ဇိမ်ပြေနပြေစိတ်လက်ကြည်သာစွာဖြင့် အိမ်တော်ဆီပြန်သွားတော့သည်။
---------
"မီးဗျို့!မီး"
ညကင်းလှည့်သမားသည် လမ်းမထက်မီးအိမ်တစ်လုံးအားကိုင်ကာ အသံကျယ်ကျယ်ဖြင့်အော်ဟစ်နေလေ၏။
စူးယွင်သည် အိပ်ရာထက်လှဲနေပြီပင်။သူမသည်အအိပ်ဆတ်သူဖြစ်ရာ ဆူညံသံသည် သူမအားချက်ချင်းနှိုးလိုက်၏။
သူမသည်အဝတ်အားလဲကာ တံခါးဖွင့်လိုက်သည်နှင့် ရှောင်ဟယ်လဲရပ်နေသည်ကိုတွေ့လိုက်ရသည်။
"ကြည့်ရတာ တာဝန်ခံသုန်းရဲ့အိမ်ထင်တယ်"
သုန်းကွေ့အိမ်မှန်းကြားလိုက်ရသော် ဝမ်ကောအား သက်ရောက်မှုရှိမည်မဟုတ်မှန်းသိလိုက်၍ စူးယွင်မှာစိတ်သက်သာရာရသွားခဲ့၏။
သူမသည်အတန်ငယ်ရှုပ်ထွေးသွားရ၍ မေးလိုက်သည်။
"သူမအိမ်ကဒီနေရာနဲ့ တော်တော်ဝေးတယ်မဟုတ်ဘူးလား။ဘာလို့ အချက်ပေးသံက အရမ်းကျယ်နေရတာလဲ"
"မီးကတော်တော်ကြီးတယ်ကြားတယ်။ခဏလေးနဲ့တင် တစ်အိမ်လုံးလောင်သွားပြီး ဘာမှမကျန်တော့ဘူးတဲ့"
"သူမအိမ်နီးချင်းတွေကလဲ မီးပြန့်လာမှာကြောက်ကြတော့ မီးငြိမ်းဖို့လူတွေအမြန်လိုက်ရှာနေကြတာလေ"
"ဪ"
စူးယွင်သည် ခြုံပုဝါတစ်ထည်အား ဆွဲကာသူမပုခုံးထက်ပတ်လိုက်၏။
"ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်"
ရှောင်ဟယ်သည်လည်း ခြုံပုဝါတစ်ထည်ဆွဲကာ ပြောလိုက်၏။
"ကျွန်မလဲ သခင်မလေးနဲ့လိုက်ခဲ့မယ်"
နှစ်ဦးသားမှာ ဝမ်ကောရှေ့ရပ်ကာ သုန်းကွေ့အိမ်ဆီ တစ်သုတ်ပြီးတစ်သုတ်ပြေးသွားကြသော လူတို့အားကြည့်နေလိုက်သည်။
စူးယွင်သည် အနီးတွင်ရပ်နေသော အဒေါ်လီဘက်လှည့်ကာ မေးလိုက်၏။
"မီးကဘယ်လိုလုပ် အဲ့နေရာမှာလောင်ရတာလဲ"
သုန်းကွေ့အိမ်ကဲ့သို့ အိမ်တော်တစ်ခုမှာ စီမံမှုကောင်းကောင်းရှိသင့်ပေသည်။
"ငါပြောပြမယ်"
အဒေါ်လီသည် နေကြာစေ့ခွာရင်းပြန်ဖြေလိုက်၏။
"ဆိုင်ရှင်သုန်းက ကုန်ကောင်းတစ်သုတ်ရခဲ့တော့ အနောက်ဝန်းထဲထား,ထားတာလေ။ငါကြားတာတော့ အဲ့တာတွေကဈေးကြီးပြီး ရဖို့အရမ်းခက်တယ်တဲ့။သူမကအဲ့ပစ္စည်းတွေကို စောင့်ကြည့်ဖို့ ညမှာတောင်လူစောင့်ထားတယ်တဲ့လေ"
"ဒါပေမယ့် ကံကဒီလောက်ဆိုးမယ်လို့ ဘယ်သူထင်မှာလဲ။ညဘက်ကင်းလှည့်တုန်း ကင်းသမားက မတော်တဆခလုတ်တိုက်ပြီး အထည်စပေါ်မီးအိမ်က တည့်တည့်ကျသွားရောတဲ့"
"ဒါက...."
စူးယွင်သည် ဤအဖြစ်မှာ ယုံကြည်ဖွယ်ရာမရှိဟု ခံစားရလေ၏။
"မယုံမရှိနဲ့နော် ဒီသတင်းက သုန်းကွေ့အိမ်ကနေထွက်လာတာဆိုတော့ မှန်တယ်ဆိုတာ အာမခံတယ်"
အဒေါ်လီသည် နေကြာစေ့ခွံအား ထွေးထုတ်လိုက်၏။အနားတွင် လူအများကြီးရှိမနေကြောင်းတွေ့ရသော် သူမသည်အသံတိုး၍ စူးယွင်နား,နားကပ်ကာ
"ဆိုင်ရှင်သုန်းက မကောင်းတဲ့ အောက်လမ်းအစီအရင်တွေအများကြီးလုပ်ခဲ့တာဆိုပြီး ကောလဟလတွေပြန့်နေပြီ။ဒါတွေကြောင့်မလို့ ဆိုင်ရှင်သုန်းတစ်ယောက် ဒီနှစ်တွေထဲ ကံဆိုးနေတာတဲ့"
ပထမဆုံး သူမဝမ်းကွဲအိမ် အသိမ်းခံရပြီး သူမမောင်မှာ မြောင်းတစ်ခုထဲကျကာ အကြောသေသွားခဲ့၏။ယခုတွင်တော့ သူမအိမ်မီးလောင်လေပြီ။
ဖြစ်ရပ်အတွဲလိုက်မှာ ကောင်းကင်ဘုံမှ ပြစ်ဒဏ်များပင်။
စူးယွင်သည် ပြုံးလိုက်ပေသိ ဖြစ်ရပ်အမှန်တရားကို ထပ်စပ်စုမနေချင်ပေ။
သူမသည်သမ်းဝေလိုက်ကာ ငိုက်မျည်းမှုမှ သူမအားတိုက်ခိုက်လာပြန်၏။
"အဒေါ်လီ ကျွန်မအခုသွားအနားယူတော့မယ်"
"သွားလေ သွား"
အဒေါ်လီမှာတော့ မီးလုံးလုံးမငြိမ်းခင်ထိ ကြည့်ရန်ဆုံးဖြတ်ကာ စိတ်လှုပ်ရှားနေလေ၏။
နောက်တစ်နေ့မနက်တွင်တော့ သုန်းကွေ့အိမ်မီးလောင်သည့်သတင်းမှာ တောမီးအလားပျံ့နှံ့သွားလေ၏။သုန်းကွေ့အိမ်မှာ တော်တော်များများလောင်ကျွမ်းခံခဲ့ရပြီး သုန်းရှို့တို့ကိုလဲ ရှာမတွေ့ကြသေးရာ သူတို့သေသည် ရှင်သည်ကို မည်သူမှမသိကြပေ။သုန်းမိသားစုခေါင်းဆောင်အမယ်အိုမှာတော့ ကျေးလက်ဘက်တွင် ရှိနေ၍ပျက်စီးမှုမှ လွတ်မြောက်ခဲ့ကာ သုန်းအိမ်တော်အစေခံများမှာလည်း ထိခိုက်မှုမရှိလွတ်မြောက်ခဲ့ကြ၏။
ပထမတော့ လူတိုင်းမှာ ထိုဖြစ်ရပ်သည် ရက်စက်လွန်းသည်ဟု ထင်ခဲ့ကြပေသိ တရားရုံးမှ သတင်းများထွက်လာချိန်တွင်တော့ ပျံ့နှံ့နေသောကောလဟလများအား လူတိုင်းယုံကြည်စပြုလာကြသည်။
စူးယွင်သည် ချုံဆမ်းအားပြင်ဆင်နေ၏။
"မကောင်းတာလုပ်ထားရင် ပြန်ခံရမှာက အနှေးနဲ့အမြန်ပဲ"
သူမမှာ ထိုစကားအားမယုံကြည်ခဲ့ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သုန်းကွေ့က တအားစက်ဆုပ်စရာကောင်းလွန်းတော့ ကောင်းကင်ဘုံကသူမကို အပြစ်ပေးမှာပဲလေ"
ရှောင်ဟယ်သည် မည်သည့်ပညာမှမသင်ကြားဖူးခဲ့သည့်အလား နတ်ဆိုးအားနှိမ်နင်းသည့်အကြံကို အခိုင်အမာယုံကြည်၍ ပြောလိုက်၏။
စူးယွင်သည် ယုံကြည်မှုနှင့်ပက်သက်၍ သူမနှင့်မငြင်းခုံချင်တော့ရာ အသာငြိမ်နေလိုက်သည်။
သူမသည် ပြီးသွားသောချုံဆမ်းအား ရှောင်ဟယ်ထံကမ်းပေးလိုက်၏။
"ဒါကို သခင်မလျို့ဆီသွားပို့ပေးလိုက်"
"ကောင်းပါပြီ"
ရှောင်ဟယ်မှ ထွက်သွားပြီးခဏအကြာတွင် ဖိတ်ခေါ်မထားသည့် ဧည့်သည်များရောက်ရှိလာလေသည်။