← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

လူအုပ်ကြီးမှာ ဆိုင်ထဲဝင်လာကာ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့၏။ဟိုဟိုဒီဒီကြည့်နေသည့် ဝယ်သူအချို့မှာ ထိတ်လန့်သွားပြီး ခပ်သွက်သွက်ပြေးသွားကြသည်။

အခြေအနေအားမြင်သော် စူးယွင်သည်မြန်မြန်ထရပ်၍ လူတိုင်းအားစိတ်အေးစေရန်လုပ်ရတော့၏။

"လူတိုင်းပဲ စိတ်အေးအေးထားကြပါ။ဒီနေ့ဝမ်ကောမှာ ကိုယ်ရေးကိုယ်တာကိစ္စအချို့ရှိနေလို့ ကျွန်မတို့ဝယ်သူတွေကို ဧည့်ဝတ်မပြုနိုင်တော့ပါဘူး။အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်နော်"

စူးယွင်သည် တံခါး၌ရပ်ကာ ဦးညွှတ်၍ တောင်းပန်လိုက်၏။

"မနက်ဖြန်ကျရင် သခင်မတို့ကိုစိတ်ကျေနပ်စေဖို့ လက်ဆောင်မွန်အချို့ ကျွန်မပြင်ဆင်ပေးပါ့မယ်"

ဤသည်အားကြားသော် ဝယ်သူတို့မှာစိတ်ကျေနပ်သွားကြ၏။သူတို့သည်အပြင်ဘက်ရှိ အုပ်စုအားကြည့်ကာ ထပ်မနေတော့ဖို့ဆုံးဖြတ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြတော့သည်။

စူးယွင်သည် နောက်ဆုံးဧည့်သည်ပြန်မသွားမချင်း တောင်းပန်နေခဲ့၏။

သူမသည်တံခါးအားပိတ်ကာ အုပ်စုထံသူမအာရုံမပြောင်းခင် *ယနေ့ဆိုင်ပိတ်သည်*ဆိုသည့် ဆိုင်းဘုတ်အား ချိတ်ဆွဲထားလိုက်သည်။

လူအုပ်တွင် လေးငါးယောက်ပါကာ လက်ထပ်ပြီး အမျိုးသမီးကြီးများ၊သူမအသက်ပတ်လည် လူပျိုလေးများနှင့် လက်မထပ်ရသေးသည့် အပျိုလေးများပါဝင်လေ၏။

စူးယွင်သည် ထိုပုဂ္ဂိုလ်တို့အားရင်းနှီးသလို ခံစားရပေသိ ထိုအချိန်တွင် ရှင်းရှင်းလင်းလင်းမမှတ်မိခဲ့ပေ။သူမသည် သူမအကြည့်အား မှတ်မိနေသည့်လူထံပြောင်းလိုက်၏။

"အမျိုးသမီးလျို့ ဒါကဘာသဘောလဲ"

"အာ...."

အမျိုးသမီးလျို့သည် သက်ပြင်းချကာ ရှေ့တိုး၍သူမလက်အားအသာကိုင်လိုက်သည်။

"မိသားစုက တစ်ကယ်ခက်ခဲနေပြီး ဒီ‌လူတွေက.....အဒေါ်တို့တစ်ကယ်လိုနေတာ......"

သူမအသံမှာဆို့နင့်နေပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြတ်‌တောင်းပြတ်တောင်းဖြစ်‌နေ၍ သူမဘာပြောသည်ကိုနားလည်ရန်ခက်ခဲသွားစေ၏။

စူးယွင်သည် သူမလက်အားပြန်ဆွဲယူကာ ပြောလိုက်သည်။

"ကျွန်မကရှင်နဲ့ ဘာမှမတော်ဘူးလေ။ပျက်စီးဆုံးရှုံးမှုကနေ ရှင်လွတ်ချင်ရင် ခိုကပ်လို့ရမယ့်နေရာတစ်ခုသာ သွားရှာချေ။ကျွန်မကတော့ ဒီလိုအရေးကြီးပုဂ္ဂိုလ်တွေကို တာဝန်မယူနိုင်ပါဘူး"

"ဝမ်းကွဲယွင်အာ နင်အရမ်းစိမ်းကားနေလို့မရဘူးလေ"

လူအုပ်တွင်းမှ‌နေ မျက်ရည်စတို့ရစ်သိုင်း‌နေပြီး လတ်တလောခက်ခဲသည့်ကာလ‌ကြောင့်ဖြစ်ဟန်တူသော လက္ခဏာရပ်အချို့ပေါ်လွင်‌နေသည့် မျက်နှာတစ်ခုထွက်လာလေသည်။

"နင်ကဘယ်သူလဲ"

စူးယွင်မှာ ခဏတာမျှတွေးတောကာ မေးလိုက်၏။

"ငါကနင့်အစ်မ စူးမြောင်လေ"

စူးမြောင်သည် မျက်ရည်စတို့ဖြင့် ပြည့်နေသော မျက်ဝန်းများဖြင့် သူမအားဆွဲကာ

"အိမ်တော်မှာတုန်းကဆို ငါတို့နှစ်ယောက်က အရင်းနှီးဆုံးပဲ မဟုတ်ဘူး‌လား"

"နင်ထွက်သွားတုန်းက ငါ.....ဒါပေမယ့်..."

စူးမြောင်သည် သူမမျက်ဝန်းများထဲရှိ ဝမ်းနည်းမှုအားဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သည်။

သူမစကားအားကြားသော် စူးယွင်သည် စူးအိမ်တော်ရှိ မူလကိုယ်ဘဝအကြောင်းအနည်းငယ်ကို ဝေဝေဝါးဝါးမှတ်မိလိုက်၏။

သူမရှေ့ရှိလူသည် အမှန်ကိုသူမနှင့်ရင်းနှီးပေသိ သူမမှာပြဿနာဖြစ်ရန်ကြောက်ရွံ့တွန့်ဆုတ်တတ်သူဖြစ်ရာ ကြားနေအဖြစ်နေထိုင်ခဲ့သည်။

မူလကိုယ်အိမ်တော်မှနှင်ထုတ်ခံရချိန်တွင် စူးမြောင်မှာ သူမထံပါပြဿနာသက်ရောက်လာမည်စိုး၍ အမြန်ဘေးထွက်ကာ မူလကိုယ်နှင့်သူမကြား အကွာအဝေးထား၍ အမျိုးသမီးလျို့မှ မူလကိုယ်အား ဆူဆဲနှိပ်စက်သည်ကို ငြိမ်ကြည့်နေခဲ့၏။

မူလကိုယ်၏မိဘများသေဆုံးပြီးသော် အမျိုးသမီးလျို့သည် အကြီးများ၏နှစ်သက်မှုကို အရယူနိုင်ခဲ့ပြီး အိမ်တော်သခင်မအသစ်ဖြစ်လာချိန်တွင် စူးမြောင်မိသားစုသည်တော့ အိမ်တော်တွင့် နိမ့်ကျသောတည်ရှိမှုဖြစ်ကာ အခြားလူများအပေါ် မှီခိုနေထိုင်ခဲ့ကြသည်။စူးယွင်သည် ထိုအချိန်မှစူးမြောင်၏ရည်ရွယ်ချက်ကို နားလည်နိုင်ပေသိ ဤကဲ့သို့လူစားမျိုးနှင့် ဆက်လက်၍စိတ်ပိုင်းဆိုင်ရာခံစားမှုတွင်း ရှိနေရန်ရည်ရွယ်ချက်မရှိပေ။

စူးယွင်သည် သူတို့အား အေးစက်စက်ကြည့်ကာပြောလိုက်သည်။

"ကျွန်မနဲ့အမျိုးတော်မတော်ငြင်းခုန်နေလဲ အလကားပဲ။ဘာပဲဖြစ်ဖြစ် ရှင်တို့ကျွန်မကိုအိမ်ပေါ်က နှင်ချခဲ့တယ်ဆိုတဲ့အချက်က ပြောင်းသွားမှာမဟုတ်လို့လေ"

"အဲ့အချိန်ကအမျိုးသမီးလျို့ ကျွန်မကိုပြောခဲ့တဲ့စကားတွေမှတ်မိနေဦးမယ်လို့ ထင်ပါတယ်"

အမျိုးသမီးလျို့မှာ အပြုံးတစ်ခုဖြစ်ပေါ်ရန် အတင်းအကြပ်လုပ်လိုက်ပေသိ ခွန်းတုံ့ပြန်ရန်စကားရှာမတွေ့တော့ပေ။

"အချိန်က အရမ်းကြာခဲ့ပြီဆို‌တော့ ရှင်တို့မေ့သွားလောက်ပါပြီ။အဲ့တော့ ရှင်တို့ဒီမှာရှိနေတုန်း အမျိုးသမီးလျို့ရဲ့စကားတွေကို ပြန်အသိပေးလိုက်ပါ့မယ်"

စူးယွင်သည် အုပ်စုကြားရပ်ကာ အမျိုးသမီးလျို့အားစိုက်ကြည့်လိုက်၏။

သူမသည် ဘာသိဘာသာဟန်ဖြင့်ပြောလိုက်သည်။

"စူးယွင် ငါကနင့်ကိုအလုပ်တစ်ချို့လုပ်ဖို့ပြောပေမယ့် နင်ကကောင်းကောင်းမလုပ်နိုင်ဘူး။နင်က ဒီနားနာတယ် ဟိုနားကအဆင်မပြေဘူးဆိုတာတွေချည်းပဲ။နေ့ရှိသရွေ့ နင်ဟာလေ အလုပ်မလုပ်ရဖို့ ဆင်ခြေတွေအမြဲရှာပြီး မိသားစုထဲအချောင်ခိုချင်နေတော့တာနော်"

"ငါတို့စူးမိသားစုက ချမ်းသာနေတာမဟုတ်သလို ကြွယ်ဝတဲ့အိမ်တော်တစ်ခုလဲ ကျိန်းသေဟုတ်မနေဘူး။အဲ့တော့ ငါတို့အတွက် နင့်လို့အသုံးမဝင်တဲ့လူတစ်ယောက်ကို ထောက်ပံ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒီနေ့ကစပြီး နင်ကစူးမိသားစုဝင်မဟုတ်တော့ဘူး။အခုချက်ချင်း နင်ထွက်သွားတော့"

စကားလုံးတိုင်းမှာ အမျိုးသမီးလျို့မျက်နှာအား ဖြူဖျော့သွားစေ၏။

စူးယွင်အမူအယာမှာ တည်ငြိမ်နေပေသိ သူမအကြည့်မှာ သူတို့အကုန်လုံးပေါ် ဖြတ်သွားလေသည်။

"အဲ့အချိန်ကရှင့်သဘောထားကို ကျွန်မမှတ်မိနေတယ်လေ ဟုတ်တယ်မလား"

"ဘာလဲ အခုရှင်ကပြောပြီးသားစကားတွေကို ကြမ်းပြင်ပေါ်ကနေပြန်ကောက်ပြီး မြိုချချင်နေတာလား"

"ယွင်အာ အဒေါ်တို့ကအဲ့လိုမဟုတ်ခဲ့ပါဘူး"

စူးယွင်မှအသံလာရာဆီလှည့်ကြည့်လိုက်ရာ ဆံပင်မြင့်မြင့်ထုံးထားသည့် အမျိုးသမီးတစ်ဦးရှေ့ထွက်လာသည်ကို တွေ့လိုက်ရသည်။သူမမှာ ရှင်းပြလာ၏။

"မင်းအဒေါ်ကအိမ်တော်ထဲမှာ အာဏာရှိတယ်လေ။အဒေါ်တို့က သူမဆန္ဒတွေကို ဘယ်လိုလုပ်ဆန့်ကျင်ဝံ့ပါ့မလဲ"

"မင်းဒုတိယအဒေါ်နဲ့ဦးလေး၊မင်းအဘိုးအဘွားတွေ၊မင်းမောင်နှမ ညီအစ်မတွေရဲ့စိတ်ထဲမှာ မင်းရှိနေပါတယ်"

ပြောလိုက်သူမှာ စူးမြောင်၏မိခင်ကျန်းရှီဖြစ်၏။

သူမမှဆက်၍

"အရမ်းတွန့်ဆုတ်ပြီး ပြဿနာကိုရှောင်ခဲ့မိတဲ့ အဒေါ်တို့အမှားတွေပါ။မင်းအဒေါ်တို့ကို အလိုအပ်ဆုံးဖြစ်ခဲ့တဲ့အချိန်မှာ အဒေါ်တို့ကဘေးထွက်ရပ်ဖို့ ရွေးချယ်ခဲ့ကြတယ်။အခု မင်းကအဒေါ်တို့ကို ပြန်ပေးဆပ်ချင်တယ်ဆိုလဲ အဒေါ်တို့တွေ ကျေကျေနပ်နပ်ကြီးလက်ခံနိုင်ပါတယ်"

ကျန်းရှီသည် ခေါင်းအားငုံ့ကာ လက်ကိုင်ပုဝါဖြင့် သူမမျက်လုံးထောင့်အားသုတ်၍ တိတ်တိတ်လေးငိုကြွေးနေပြီး သူမအမူအယာအလုံးစုံမှာ ဝမ်းနည်းမှုအားပေါ်လွင်နေလေသည်။

စူးယွင်သည် အထင်သေးဟန်ဖြင့်ပြုံးလိုက်၏။

ဒုတိယအိမ်တော်သည် ပထမအိမ်တော်၏စောင့်ကြည့်နေသော မျက်လုံးအောက်တွင်ပင် ရှင်သန်ရန် အမှန်အရည်အချင်းရှိလေသည်။သူမစကားများမှာ ထက်မြိပါးနပ်လှ၏။

ချက်ချင်းဆိုသလို ကျန်းရှီသည် သူမတို့၏အကူအညီမဲ့မှုအားဟန်လုပ်ပြကာ ပထမအိမ်တော်မှ နိုင်ထက်စီးနင်းလုပ်သည့်အတွက် စွပ်စွဲလာသည်။

အချိန်မှန်ရောက်ပြီကိုတွေ့သော် ကျန်းရှီမှဆက်ပြောလာ၏။

"မင်းမိဘတွေ သက်ရှိထင်ရှားရှိတုန်းက တတိယအိမ်တော်က ပထမအိမ်တော်နဲ့ အစေးမကပ်ခဲ့ကြဘူးလေ။အဲ့တော့ အဒေါ်တို့ ဒုတိယအိမ်တော်လဲ တတိယအိမ်တော်ရဲ့ အရိပ်အောက်မှာ ရှင်သန်ဖို့ပဲရှိတော့တယ်"

"ဒါပေမယ့် မင်းမိဘတွေ တိမ်းပါးသွားတာကတော့ အဒေါ်တို့ ဘယ်တုန်းကမှထင်မထားခဲ့ဖူးတာပဲ။အဒေါ်တို့တွေ ဝမ်းနည်းရပေမယ့် အိမ်တော်ထဲရှင်သန်ဖို့လုပ်ရဦးမယ်လေ။ဒီတော့ ရွေးချယ်စရာမရှိတော့ဘဲ အဲ့လမ်းကိုလျှောက်ဖို့ပဲ လုပ်ရတော့တာပေါ့"

"ဒါပေမယ့် မင်းထွက်သွားချိန်ထဲက အဒေါ်တို့တွေ အေးအေးချမ်းချမ်းမအိပ်ခဲ့ရပါဘူး။ညတိုင်း အိပ်မက်ဆိုးတွေကနေ လန့်နိုးခဲ့ရပြီး စိတ်နှလုံးထဲကကို တစ်ကယ်နောင်တရခဲ့ကြပါတယ်"

ကျန်းရှီ၏မျက်ရည်များမှာ စကားပြောနေစဉ် ဒလဟောကျစီးနေပြီး သူမနှာခေါင်းမှာလည်း ဝမ်းနည်းမှုနှင့် နောင်တတရားကြောင့် နီမြန်းနေတော့၏။

သူမသည် သက်ပြင်းချကာ

"အခုတော့ ဒါတွေကအရေးမပါတော့ပါဘူး။အဆုံးမှာတော့ မင်းကို ပထမအိမ်တော်ရဲ့အနိုင်ကျင့်တာခံစေခဲ့တဲ့ ဒုတိယအိမ်တော်ရဲ့အမှားတွေပါပဲ"

"အဒေါ်တို့သေသွားပြီးရင်တော့ မင်းမိဘတွေကိုရင်ဆိုင်ဖို့ မျက်နှာမရှိတော့ပါဘူး"

စူးယွင်သည် သူမ၏စကားများအား နားထောင်ရင်း ဖြည်းညှင်းစွာပင် သူမစိတ်ထဲပြန့်ကျဲနေသော မှတ်ဉာဏ်တို့မှာပြန်လည်ဆက်စပ်သွားလေ၏။

စူးမိသားစုလူကြီးများတွင် သားသုံးဦးရှိပြီး မူလကိုယ်မိသားစုမှာ ကျန်းရှီပြောခဲ့သည့် *တတိယအိမ်တော်* ဆိုသည့် အငယ်ဆုံးမိသားစုဖြစ်သည်။

အငယ်ဆုံးသားမှာ ငယ်ရွယ်ပေသိ အထူးချွန်ဆုံးဖြစ်၏။လူကြီးပိုင်းများမှာ မိသားစုလုပ်ငန်းအား သူ့ထံပေးအပ်ရန်အမြဲရည်ရွယ်ခဲ့ကြသည်။

ပထမအိမ်တော်မှာ သားအကြီးဆုံးဖြစ်ပြီး မနာလိုပေသိ လက်သိပ်ထိုးမည့်လှည့်ကွက်များမလုပ်ခဲ့ပေ။ပြောရလျှင် သူတို့အမြင်တွင်တော့ မိသားစုမှာငွေရှာနိုင်ပြီး သူတို့ကျန်သက်တမ်းတွင် သက်တောင့်သက်သာနေနိုင်သ၍ ရွေးချယ်မှုကောင်းဖြစ်ပေသည်။

သို့သော် ကံတရားမှစီရင်လာရာ ပုလိပ်ရောဂါသည် အငယ်ဆုံးသားနှင့်ဇနီးသည်၏အသက်အားယူသွားကာ မူလကိုယ်ဖြစ်သည့် တစ်ဦးတည်းသောသမီးကိုသာ ချန်ထားရစ်ခဲ့လေ၏။

All Chapters