အခန်း (၄၉)
Vol. 5 Ch. 49
ကျန်းရှီပြောသလိုပင် မိသားစုမှာမည်မျှဝမ်းနည်းနေစေကာမူ ကျွေးစရာပါးစပ်ပေါက်များရှိနေသေး၍ ဘဝမှာဆက်သွားရပေမည်။
ဒုတိယအိမ်တော်ရှိ ဒုတိယသားမှာ ပျော့ညံ့သောကိုယ်ရည်ကိုယ်သွေးရှိပြီး အလွယ်တကူယိမ်းယိုင်တတ်သောကြောင့် မိသားစုအမွေအား ကိစ္စတို့ကိုကိုင်တွယ်ရာတွင် ပိုပါးနပ်သည့်အကြီးဆုံးသားသည်သာ ဧကန်မုချစီမံခွင့်ရသွားလေသည်။
အချိန်ကာလမှာ ခပ်မြန်မြန်ကုန်ဆုံးသွားပြီး ပထမအိမ်တော်သည်လဲ အိမ်တော်ကိုဖြည်းဖြည်းချင်းထိန်းချုပ်နိုင်ခဲ့လေ၏။လျို့ရှီသည် လိမ္မာပါးနပ်ကာ အပြောချို၍ စူးမိသားစုလူကြီးများကို အလွယ်လေးလွှမ်းမိုးနိုင်ခဲ့ပြီး သူတို့အား မည်သည်ကမှားသည် မှန်သည်မခွဲခြားနိုင်သည်ထိဖြစ်အောင် လုပ်ခဲ့သည်။
အတိတ်၌ တတိယအိမ်တော်၏ဖိနှိပ်ခဲ့ရချိန်တွင် သူမမှာ သိုသိုသိပ်သိပ်ဖုံးကွယ်ခဲ့၏။ယခုတတိယအိမ်တော်၌ မည်သူမျှမကျန်ရစ်တော့ရာ သူမဒေါသအလုံးစုံသည် မူလကိုယ်ထံတွင်သာ စုပုံကျသွားတော့သည်။
ဒုက္ခရောက်နေစဉ်တွင် လူတိုင်းမှာမီးစာထည့်သူသာရှိပြီး ဝင်ရောက်ကူညီမည့်သူမရှိခဲ့ချေ။မိဘများ၏ ကာကွယ်မှုကိုသာခံခဲ့ရသော မိဘမဲ့မိန်းမငယ်လေးမှာ ချက်ချင်းဆိုသလို ခုခံရန်အာဏာမဲ့သွားပြီး အဆုံးတွင်တော့ မူလကိုယ်မှာနှင်ထုတ်ခံရကာ လမ်းပေါ်တွင်ငတ်ပြတ်သေဆုံးခဲ့ရ၏။
စူးယွင်သည် မူလကိုယ်မဟုတ်ရာ ခွင့်လွှတ်ဖို့ရော လက်စားချေဖို့ပါ အခွင့်မရှိပေ။သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့အားရှောင်ဖယ်ခြင်းဖြစ်ပြီး သူတို့နှင့်မပက်သက်ပဲ ကိုယ်စီဘဝနှင့်သာ ရှင်သန်ကြရန်ဖြစ်၏။
သို့သော် ယခုတွင်တော့ တစ်စုံတစ်ဦးမှာ အတိတ်အားပြန်သယ်လာပြန်သည်။
စူးယွင်သည် သူမမျက်လုံးများအားမှေးကျဉ်းကာ တစ်ကယ်တမ်း၌ သူတို့ဘာလိုချင်သည်အားသိရန်လုပ်လိုက်၏။
"ဒါပဲလား"
စူးယွင်သည် ပုခုံးတွန့်၍ ပြောလိုက်သည်။
"ဒါတွေကိုပြောတော့ရော ကျွန်မကဘာလုပ်ရမှာလဲ"
ကျန်းရှီသည် တောင့်တင်းသွားကာ အောက်ငုံ့ဖို့ရန်ပင်မေ့သွားပြီး မျက်လုံးပြူးပြူးဖြင့်ကြည့်နေလိုက်၏။
သို့သော်မကြာခင်မှာပင် ကျန်းရှီသည် သနားစရာကောင်းသော အမူအယာကိုပြန်လုပ်လိုက်သည်။
"မင်းကစူးမိသားစုမဟုတ်တော့ဘူးဆိုတော့ ငါတို့နဲ့ဆက်သွယ်စရာမရှိတော့ဘူးပေ့ါလေ"
စူးမြောင်သည် အံ့သြတကြီးပြောလာ၏။
"အမေ ဘာတွေပြောနေတာလဲ"
ကျန်းရှီသည် သူမအားလျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် မင်းမိဘတွေက စူးမိသားစုဝင်တွေဖြစ်နေတုန်းပဲ အဲ့တော့ သူတို့ကစူးမိသားစုကို ပြိုလဲစေချင်ကြမှာမဟုတ်ဘူး"
"ဒါ့အပြင် မင်းအဘိုးအဘွားက အသက်ကြီးလှပြီ။သူတို့က အငယ်တွေပင်ပင်ပန်းပန်းလုပ်နေတာကို သည်းခံကြည့်နေရတာလေ။သူတို့စိတ်ထဲ ဝမ်းနည်းမှုတွေပြည့်နေမှာပဲ"
စူးယွင်မျက်လုံးများမှာ မှေးကျဉ်းသွားကာ နှုတ်ခမ်းအားကိုက်၍ အတွေးနယ်ချဲ့သွားရသည်။
သူမသည်စူးမိသားစုပြဿနာများထဲ ဝင်မပါချင်ပေသိ မူလကိုယ်သည်တော့ ထိုသို့တွေးမည်မှာ မဟုတ်နိုင်ချေ။
သားသမီးကျင့်ဝတ်မှာ အရင်လာပြီး တတိယအိမ်တော်သည် စူးမိသားစုလူကြီးများအပေါ် အမှန်ပင် တာဝန်ကျေပွန်သိတတ်ခဲ့ကြ၏။
လူကြီးများမှာ မူလကိုယ်အားခွဲခြားဆက်ဆံ၍ မိသားစုမှဖယ်ပစ်ခဲ့လျှင်ပင် သူတို့သည် သက်ကြီးရွယ်အိုနှစ်ယောက်မှ အိုးမဲ့အိမ်မဲ့ဖြင့် အစာအတွက်တောင်းရမ်းနေသည်ကို မျက်ကွယ်ပြုထားမည်မဟုတ်ဟု သူမထင်လေသည်။
စူးယွင်ယိမ်းယိုင်သွားသည်ကို ကျန်းရှီလဲသတိပြုမိ၏။သူမသည် လှည့်ကြည့်ကာငိုကြွေးရင်းပြောလိုက်၏။
"ငါတို့က ငယ်ရွယ်ပြီးသန်မာကြသေးလို့ အလုပ်ပင်ပန်းမှာကို မကြောက်ကြပေမယ့် မင်းအဘိုးအဘွားတွေရဲ့ ကျန်းမာရေးကတော့ ဒီလိုခံစားမှုမျိုးကို မခံနိုင်ဘူးလေ"
"သူတို့ဆီသာ တစ်ခုခုဖြစ်ခဲ့ရင် အဒေါ်တို့..."
"ရပြီ"
စူးယွင်သည် စကားဖြတ်ပြောကာ သူမစိတ်အားပြင်ဆင်၍
"ကျွန်မပိုက်ဆံအချို့ပေးလို့ရပေမယ့် တတိယအိမ်တော်က ထောက်ပံ့သင့်တဲ့ပမာဏကိုပဲပေးမယ်။အဲ့ထက်ပိုမပေးနိုင်ဘူး"
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်"
ကျန်းရှီ၏ဆို့နင့်နေသောလေသံမှာ ချက်ချင်းပျောက်သွားပြီး ပျော်မြူးသောအပြုံးတစ်ပွင့်နှင့်အစားထိုးလိုက်သည်။
"မင်းက နားအလည်နိုင်ဆုံးဆိုတာ အဒေါ်သိပြီးသားပါ ယွင်အာ"
စူးယွင်သည် သူမအားလျစ်လျူရှုကာ ပိုက်ဆံယူရန်ဗီရိုဆီသွားလိုက်၏။
သူမသည်လက်ထဲရှိ ငွေအိတ်အားချိန်ဆလိုက်သည်။
ဤသည်မှာ သူမခန္ဓာကိုယ်အား မူလကိုယ်ထံမှငှားရမ်းခြင်းအတွက် ကျေးဇူးဆပ်သည့်ပုံစံတစ်ခုဟု ယူဆနိုင်ပေမည်။
စူးယွင်သည်ငွေအား ကျန်းရှီထံကမ်းပေးကာ ပြောလိုက်သည်။
"ဒီမှာတေးသုံးဆယ်။အခုတော့ဒါယူသွားလိုက် နောက်ပြီး သုံးရက်ကြာရင်ဝမ်ကောဆီပြန်လာခဲ့။အဲ့ကျမှ ကျွန်မတို့စာရင်းရှင်းကြမယ်"
"ကောင်းပါပြီ ကောင်းပါပြီ"
ကျန်းရှီသည် ပိုက်ဆံအိတ်အားလှုပ်ရင်းပြောလိုက်၏။သူမအကြည့်မှာ အမျိုးသမီးလျို့ထံရောက်သွားချိန်တွင် စိတ်ကြီးဝင်မှုနှင့် ပမာမခန့်ဟန်အပြည့်ပင်။
သူတို့ဤနေရာဆီမလာခင် အလောင်းအစားလုပ်ခဲ့ခြင်းဖြစ်နိုင်သလို မိသားစုအိမ်တော်နှစ်ခုကြား ပဋိပက္ခလဲဖြစ်နိုင်သည်။
စူးယွင်သည် သူတို့အားကြည့်လိုက်ပေသိ ဂရုမစိုက်ခဲ့ပေ။သူမသည် မူလကိုယ်မဟုတ်၍ သူမထံတွင် စိုးရိမ်စရာဘာမှရှိမနေချေ။
လူအုပ်မှာ ခမ်းခမ်းနားနားဝင်လာသလို ကြွကြွရွရွဖြင့်ပြန်ထွက်သွားကြ၏။သူတို့ထွက်သွားသည်နှင့် ဝမ်ကောရှိလေထုမှာ ချက်ချင်းသန့်စင်ကာ ဆိုင်တွင်းအားလန်းဆန်းသွားစေသည်။
စူးယွင်သည် သက်ပြင်းချကာ အလုပ်လဲဆက်လုပ်ချင်စိတ်မရှိတော့ပေ။သူမသည် မှတ်စုတစ်စောင်ရေးကာ ရေနွေးခွက်အောက်ဖိထားပြီး နဉ်ကျင်းအားရှာရန် ဝမ်ကောမှထွက်လာလိုက်၏။
ထိုအချိန်တွင် နဉ်ကျင်းမှာ သူ့စာကြည့်ခန်းထဲရှိ လျှို့ဝှက်ခန်းထဲတွင်ဖြစ်သည်။
သွေးစွန်းနေသည့် မှောင်မိုက်မိုက်အချုပ်ခန်းထဲတွင် လူနှစ်ဦးမှာသံကြိုးများဖြင့် ချိတ်ဆွဲခံထားရ၏။တစ်ဦးမှာ အလောင်းကောင်ပမာ လုံးဝချည့်နဲ့နေပြီး ကျန်တစ်ဦးမှာ ရုပ်ပျက်ဆင်းပျက်မျက်နှာဖြင့် သူမအဝတ်တို့သည်လဲ စုတ်ပြဲနေကာ ဖရိုဖရဲဆံပင်တို့ဖြင့် သူမအားမမှတ်မိနိုင်တော့အောင် ဖြစ်စေခဲ့သည်။
နဉ်ကျင်းသည် သူ၏ရေနွေးအား ဇိမ်ပြေနပြေသောက်ကာ အလျင်မလိုဟန်ဖြင့်ခြေချိတ်ထိုင်နေ၏။
"ကျန်းနန်ကလာတာလေ။မင်းတို့မြည်းကြည့်ချင်လား"
သုန်းကွေ့သည် အထင်သေးဟန်ဖြင့် တံထွေးထွေးကာ ဆဲဆိုတော့သည်။
"နဉ်ကျင်း အရူးကောင် လူယုတ်မာ။နင်က နင့်မျက်နှာအစစ်ကို လောကထဲတောင်ထုတ်မပြရဲဘူးပဲ"
"စူးယွင်က ဒါကိုသိထားလား"
သုန်းကွေ့သည် နှာမှုတ်၍
"သူမကျိန်းသေသိမှာမဟုတ်ဘူး။နင်က အမြဲတမ်းလူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်ပြီး နင့်စိတ်ထဲက မကောင်းဆိုးဝါးကို ဖုံးကွယ်ထားတာလေ"
"ဟ"
နဉ်ကျင်းသည် ခေါက်ယပ်တောင်အားဖြန့်ကာ သူ့မျက်နှာထက်တွင် ဆော့ကစားလိုဟန်ဖြင့်ပြုံးနေ၏။
"သူမကိုမထိဖို့ ငါသတိပေးခဲ့သားပဲ"
တစ်ကြိမ်နှိပ်စက်ခံရဖူးသော သုန်းရှို့မှာ ထပ်သည်းမခံနိုင်တော့၍ စိတ်ဓာတ်ကျကာအော်ပြောလိုက်သည်။
"ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး။ကျွန်တော့်ကို ဘာလို့ဖမ်းရတာလဲ"
"မင်းရဲ့မျိုးရိုးနာမည်ကို ငါမကြိုက်လို့"
နဉ်ကျင်းသည် နှုတ်ခမ်းတစ်ဖက်အားပင့်ကာပြုံး၍ ပြောလိုက်သည့်တိုင် သိမ်မွေ့သောကိုယ်ဟန်အားထိန်းထားဆဲပင်။
"မင်းတစ်မိသားစုလုံးကို ငါဖျက်ဆီးမပစ်တာကိုက ကြင်နာမှုပေးထားပြီးပြီ"
"မင်းမကျေနပ်ရင်လဲ အခုချက်ချင်းကျေးလက်ဘက်က အမျိုးတစ်ယောက်ကိုခေါ်ဖို့ ငါတစ်ယောက်ယောက်ပို့လိုက်မယ်လေ"
သုန်းကွေ့မှာ အော်လာ၏။
"မဟုတ်ဘူး မလုပ်ပါနဲ့"
နဉ်ကျင်းသည် သူ့ထံဂရုမစိုက်ဟန်ဖြင့်ကြည့်၍
"ဟမ့်"
"အရှင့်သား"
တုန့်စန်းသည် လက်ခုပ်အုပ်ကာ ပြောလာ၏။
"ပြော"
တုန့်စန်းသည် နဉ်ကျင်းနားထဲ တီးတိုးဆိုလိုက်ရာ ချက်ချင်းပင် နဉ်ကျင်းကိုယ်မှာ တောင့်တင်းသွားလေသည်။သူသည် ခပ်သွက်သွက်ထရပ်ကာ တံခါးဆီလျှောက်သွားလိုက်၏။
စူးယွင်မှနဉ်ကျင်းစာကြည့်ခန်းတံခါးအား ဖွင့်လိုက်ရာ ခုံပေါ်ထိုင်နေသည့်သူ့အားတွေ့လိုက်ရသည်။သူမသည်ရှေ့သို့လျှောက်လာလိုက်၏။
နောက်ခဏတွင်တော့ စူးယွင်သည်မျက်မှောင်ကြုံ့ကာ အနံ့ခံဖို့မှီချလိုက်သည်။
"ရှင့်ဆီကနေဘာလို့သွေးနံ့ရနေရတာလဲ"