အခန်း (၅၀)
Vol. 5 Ch. 50
နဉ်ကျင်းသည် မတုန်မလှုပ်ဖြင့်ပြန်ဖြေလာ၏။
"ဒီနေရာမှာလား"
စူးယွင်မှာ အတန်ငယ်သံသယဝင်သွားမိသည်။သူမသည်ခြေချိတ်ထိုင်ကာ သူမလက်အားစားပွဲပေါ်ထောက်၍ အနံ့ခံရန်မှီလိုက်၏။
သွေးနံ့မှာမပြင်းထန်ဘဲ ခပ်ဖျော့ဖျော့သာရခြင်းပင်။သူမသာအဝေး၌ရှိနေပါလျှင် သတိပြုမည်မဟုတ်ပေ။သို့သော် ကံဆိုးသည်မှာ ပြတင်းပေါက်သည် တင်းတင်းပိတ်မထား၍ လေနုအေးလေးများမှ သူတို့ဆံနွယ်များအား ဝှေ့တိုက်သွားကာ နဉ်ကျင်းကိုယ်ထက်မှသွေးနံ့ကို သယ်ဆောင်လာလေ၏။
"နဉ်ကျင်း"
စူးယွင်သည် သူ့ထံ မကျေမနပ်ဟန်ဖြင့် ခေါင်းစောင်းကြည့်ကာ
"ကျွန်မကနေမကောင်းဖြစ်မနေဘူး"
အဲ့တော့ ဖုံးကွယ်ထားလို့မရဘူးလေ။
သူမသည် မတ်မတ်ထိုင်ကာ သူ့အားတိတ်တဆိတ်ကြည့်နေလိုက်၏။
နဉ်ကျင်းသည် ခေါင်းယမ်းကာ နောက်ဆုံးတွင်တော့ ကူကယ်ရာမဲ့ဟန်ဖြင့်ပြုံး၍ သူ့အင်္ကျီလက်ကိုပင့်တင်လိုက်သည်။
"အနံ့ခံကောင်းလိုက်တဲ့နှာခေါင်းပဲ"
သူ၏ဖြူဖျော့ဖျော့ လက်မောင်းထက်တွင် ငါးစင်တီ ခြောက်စင်တီမျှရှည်သောဒဏ်ရာတစ်ခုရှိနေ၏။လရောင်ဖြူအင်္ကျီလက်မှာ သွေးစွန်းနေပြီး ဒဏ်ရာမှသွေးစိမ့်နေသေးပုံအရ လတ်တလောမှရခဲ့သောဒဏ်ရာဖြစ်ကြောင်းပြောပြနေသည်။
"ဒါကဘယ်လိုလုပ်ရလာတာလဲ"
စူးယွင်သည်မျက်မှောင်ကြုတ်ကာ စိုးရိမ်မှုအပြည့်ဖြင့်မေးလိုက်၏။
"မတော်တဆခြစ်မိရုံပါပဲ။စိတ်ပူစရာမရှိပါဘူး"
သူသည်ပြောရင်း ဒဏ်ရာအားဖုံးရန် အင်္ကျီလက်အား ပြန်ဆွဲချဖို့လုပ်လိုက်၏။
"ဒါကဘယ်လိုလုပ် စိုးရိမ်စရာမရှိရမှာလဲ"
စူးယွင်၏မျက်ခုံးများမှာ တင်းတင်းကြုံ့ထားဆဲဖြစ်ကာ သူ့လက်အားဆုပ်ကိုင်၍ ဒဏ်ရာကိုစူးစိုက်ကြည့်နေသည်။
"ရှင့်မှာဆီမွှေးတစ်မျိုးမျိုးရှိလား။ကျွန်မကူလိမ်းပေးမယ်"
နဉ်ကျင်းသည် ဖွဖွရယ်ကာ သူ့လက်အားဆန့်၍ သူမမျက်ခုံးနှစ်ဖက်ကြားရှိ ကြုံ့နေသည်တို့ကို အသာပွတ်ပေးလိုက်၏။
"မစိုးရိမ်ပါနဲ့ တစ်ကယ်ဘာမှမဟုတ်ပါဘူးဆို"
စူးယွင်သည် သူမမျက်ခုံးနှစ်ဖက်ကြားပျံ့နှံ့နေသည့်အနွေးဓာတ်ကို လျစ်လျူရှု၍ သူ့အားကြည့်လိုက်သည်။
"ဘယ်သူကစိုးရိမ်နေလို့လဲ။ကျွန်မကရှင့်ရဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ လက်မောင်းပေါ် အမာရွတ်တွေကျန်မနေခဲ့စေချင်လို့ ပြောနေရုံပဲ"
သုံးစက္ကန့်ကြာ တိတ်ဆိတ်သွားပြီး သူ့ထံမှ ပြန်တုံ့ပြန်လာသည်ကိုမတွေ့ရသေးပေ။
စူးယွင်လေသံမှာ တစ်စထက်တစ်စ စိတ်မရှည်ဟန်ပေါ်လာ၏။
"ရှင်ကဒီလိုပဲနေချင်တာဆိုလဲ ကောင်းပြီလေ။ကျွန်မရှင့်ကိစ္စတွေထဲ ဝင်မရှုပ်တော့ဘူး"
သူမသည်သူ့လက်အားလွှတ်ချကာ သူ့အားထပ်ပြောရန်ငြင်းဆိုလိုက်တော့၏။
နဉ်ကျင်းသည် သူမလက်ကောက်ဝတ်အားဆွဲကာ သူ့အကြည့်သည်သူမပေါ်စူးစိုက်နေပြီး မကျေချမ်းမှုအရိပ်အယောင်တို့ဖြင့်ပြည့်နှက်နေလေသည်။
စူးယွင်သည် လှုပ်ရှားမှုအားခံစားလိုက်ရပြီး သူမမှာသူ့အားစိုက်ကြည့်လိုက်၏။
နှစ်ဦးသားမှာ စကားတစ်ခွန်းမဆိုဘဲ အချင်းချင်းစိုက်ကြည့်နေကြသည်။
နဉ်ကျင်းသည် သူမလက်အားအသာနှိပ်နယ်ပေးပြီး သူ့လက်အား ဖြည်းဖြည်းချင်းလျှောဆင်းကာ သူမလက်ချောင်းများအား တစ်ချောင်းချင်းစီဖြန့်စေပြီး သူ့လက်ချောင်းများကို သူမလက်ချောင်းများကြား ထည့်လိုက်၏။သူတို့လက်ချောင်းများမှာ ခွဲခြားမရနိုင်တော့အောင် ယှက်နွှယ်သွားပြီပင်။
စူးယွင်သည် သူ့လုပ်ရပ်အားဘာမှပြန်မတုံ့ပြန်ဘဲ ကြည့်နေလိုက်၏။
နဉ်ကျင်းသည် ဖွဖွရယ်ကာ သူ့လက်မှအားကိုတိုး၍ သူမလက်အားတင်းတင်းဆုပ်ကိုင်လိုက်သည်။
"နာတယ်"
စူးယွင်သည် သူ့အားမကျေမနပ်ဟန်ဖြင့် ကြည့်ကာပြောလိုက်၏။သူမလက်အားဆွဲထုတ်ဖို့လုပ်လိုက်ပေသိ တွယ်ယှက်နေဆဲပင်။
နဉ်ကျင်းသည် ဆုပ်ကိုင်အားကိုရပ်လိုက်ပေသိ သူမလက်အားပြန်ထုတ်ခွင့်မပေးဘဲ ကိုင်ထားဆဲဖြစ်၏။
"မင်းကိုယ့်လက်ကိုဖယ်လိုက်ရုံပဲလေ"
"ကိုယ်မှားတာပါ"
နဉ်ကျင်းသည် ခေါင်းငုံ့ကာတိုးလျလျပြောလာ၏။
"ကိုယ့်ကိုခွင့်လွှတ်ပါနော်"
သူသည်သူမလက်အားလွှတ်ပေးကာ သူမလက်ချောင်းများအား ကိုင်ထားမည့်အစား သူ့လက်မဖြင့် နီရဲသွားသည့် သူမလက်ချောင်းတို့ကို အသာပွတ်သပ်လိုက်သည်။
စူးယွင်၏ဒေါသမှာ ချက်ချင်းလွှင့်ပြယ်သွားရ၏။သူမသည် လက်အားလှည့်ကာ သူ့လက်အားပြန်ကိုင်၍ ညှစ်လိုက်သည်။
"ဆေးကဘယ်မှာလဲ"
"ကိုယ်တစ်ယောက်ယောက်ကို ယူလာခိုင်းလိုက်မယ်"
သူမှပြန်ဖြေ၍
"ဦးလေးလျှို့"
အိမ်တော်ထိန်းဦးလေးလျှို့မှာ တံခါးအားခေါက်ပြီးမှ ဝင်လာကာ လက်ခုပ်အုပ်၍ အရိုအသေပေးလာ၏။
"သခင်လေး သခင်မလေးစူး"
နဉ်ကျင်းသည် သူမလက်အားကိုင်ထားဆဲဖြစ်ကာ အိမ်တော်ထိန်းထံမကြည့်ခဲ့ပေ။
"ဒဏ်ရာအတွက် ဆေးသွားယူခဲ့"
ဦးလေးလျှို့မှာ ခေါင်းအားအသာမော့၍ နဉ်ကျင်းကိုယ်ထက်ရှိ ပေါ်နေသောဒဏ်ရာကိုခဏတာကြည့်ရှုမိရာ အံ့အားသင့်မှု အရိပ်အယောင်တစ်ချက်မှ သူ့မျက်ဝန်းများထဲ ဖြတ်သွားလေ၏။အလျင်အမြန်ပင် သူ့ခေါင်းအားပြန်ငုံ့ကာ ထပ်ကြာကြာမကြည့်ရဲတော့ပေ။
သူမှပြန်ဖြေလိုက်၏။
"နားလည်ပါပြီ"
စူးယွင်သည် လှည့်၍ပြန်ထွက်မသွားခင် ခြေလှမ်းအချို့နောက်ပြန်ဆုတ်သွားသည့် အိမ်တော်ထိန်းအားကြည့်လိုက်၏။သူမမှပြောလိုက်သည်။
"ရှင့်အိမ်တော်က တစ်ကယ်ကိုစနစ်ကျတဲ့အပြုအမူတွေနဲ့ လည်ပတ်နေတာပဲ"
"ဒီကလစာကအတော်ကောင်းတယ်လေ။အဲ့တော့ သူတို့ကလဲတော်ရမှာပေါ့"
နဉ်ကျင်းသည် သူမလက်ချောင်းတို့ဖြင့်ဆော့ရင်းပြောလာ၏။
"မင်းကြိုက်ရင် သူ့ကိုမင်းဆီပေးလိုက်မယ်လေ"
"မလိုပါဘူး သခင်လေးနဉ်ရယ်။သူ့ကို ရှင့်ဘာသာပဲ သိမ်းထားလိုက်ပါ"
သုံးမိနစ်ကြာပြီးသော် ဦးလေးလျှို့သည် ဆေးခရားတစ်လုံးနှင့်ပြန်လာကာ ခရားအား စားပွဲပေါ်တင်လိုက်၏။
"သခင်လေးကို ဆေးလိမ်းပေးပါရစေ"
"မလိုဘူး"
နဉ်ကျင်းသည် ဆေးခရားအားဖိချကာ သူ့ထံမခြားနားဟန်ဖြင့်ကြည့်လိုက်သည်။
"မင်းအခုသွားလို့ရပြီ"
ဦးလေးလျှို့သည် သူ့စိတ်ထဲမည်သည်တို့ဖြစ်နေသည်ကို မှန်းဆမိသော်ငြား အစေခံတစ်ဦးအနေဖြင့် သူသည်အလွန်အလိုက်သိရာ စကားတစ်ခွန်းမဆိုဘဲ ထွက်သွားတော့၏။
နဉ်ကျင်းသည် စူးယွင်ထံ ဆေးခရားအားကမ်းပေး၍
"ဒီမှာ မင်းအတွက်"
"ဒီလိုဒဏ်ရာလေးလောက်ကတော့ ရှင့်ဘာသာရှင်တောင် လိမ်းလို့ရနေတာကို ဘာလို့ကျွန်မဆီလာပေးနေတာလဲ"
စူးယွင်သည် ပါးစပ်ကသာပြောနေပေသိ သူမလက်များမှာတော့ လှုပ်ရှားနေပြီပင်။
သူမသည်အဖြူရောင်ဆေးအဆီအချို့အား သစ်နံကိုင်းနှင့်ယူကာ သူ့ဒဏ်ရာပေါ်ထူထူလေးလိမ်းပေးလိုက်၏။
နဉ်ကျင်းသည် သူမအားရှုပ်ထွေးဟန်ဖြင့်ကြည့်လာသည်။
စူးယွင်မှရှင်းပြလာ၏။
"ဆေးပိုသုံးလေ မြန်မြန်အနာကျက်လေပဲ"
နဉ်ကျင်းသည် ရယ်လိုက်မိကာ လေးနက်သောအမူအယာဖြင့် ပြောလာ၏။
"သခင်မလေးစူး ကျွန်တော်ဒီနေ့နည်းလမ်းတစ်ခုသင်ယူခဲ့ရပါတယ်"
"ကျစ်"
စူးယွင်သည် မျက်လုံးလှိမ့်လိုက်၏။
သူ့လေသံထဲက ရိသဲ့သဲ့သံကို သူမ,မကြားဖူးလို့မထင်နဲ့။
"ပြီးရင်မင်းဘာလုပ်မှာလဲ"
စူးယွင်သည် အဖုံးပြန်ပိတ်ရင်းပြောလိုက်၏။
"ကျွန်မရှောင်းယွင်လေ့လာတာကိုကြည့်ပြီး ဝမ်ကောဆီပြန်မယ်"
"အဲ့လိုလား"
နဉ်ကျင်းသည် သူမလက်အား ပြန်ဆွဲကာ သနားစရာကောင်းသောအမူအယာဖြင့်ကြည့်လာ၏။
"ကိုယ်ကဒဏ်ရာရထားတာကိုတောင် မင်းကကိုယ်နဲ့အတူနေပြီးအဖော်ပြုမပေးဘူးနော်"
စူးယွင်မှ ပြန်ချေပလိုက်၏။
"ကျွန်မအခုရှင့်ကို အဖော်ပြုပေးနေတာမဟုတ်ဘူးလား"
"မတူဘူးလေ"
သူမသည် ရှောင်းယွင်အား စစ်ဆေးရန်သာလာခြင်းဖြစ်၏။ဆေးလိမ်းပေးခြင်းမှာ မတော်တဆပင်။
နဉ်ကျင်းသည် သူ့စိတ်ထဲဘက်လိုက်မှုကို ခံစားလိုက်ရပြီး ညှိုးငယ်သောအသွင်ဖြင့် သူမအားကြည့်လိုက်သည်။
သို့သော်ငြား စူးယွင်မှာအများကြီးတွေးမနေခဲ့ပေ။
သူမသည်သူ့အားဆေးလိမ်းပေးပြီး ယခုအတူထိုင်၍ စကားပြောပေးနေသည်မှာလည်း သူမမှသူ့အားအဖော်ပြုပေးနေခြင်းပင်ဖြစ်သည်။
စူးယွင်မှအချိန်အတော်ကြာသည်ထိ တုံ့ပြန်မလာသည်ကိုတွေ့သော် နဉ်ကျင်း၏စိတ်အလိုမကျမှုမှာ ပို၍ပင်တိုးလာလေ၏။
သူသည်မတ်တပ်ထရပ်၍ သူမဘေးဝင်ထိုင်ကာ သူ့လက်အားသူမပုခုံးပေါ်တင်၍ ကျန်တစ်ဖက်မှာ သူမခါးအားသိုင်းဖက်လိုက်လေသည်။ယခုတွင်တော့ သူ့လက်မောင်းထက်ရှိ ဒဏ်ရာမှာ လုံးဝဖော်ပြထားလေ၏။
သူမ,မမြင်မည်စိုး၍ သူသည်လက်မောင်းအား လှုပ်ယမ်းကာ
"အရမ်း အရမ်းနာတာပဲ"
နဉ်ကျင်းသည် နှုတ်ခမ်းစူ၍ သူ့ခေါင်းအားအသာစောင်းကာ သူ့မျက်လုံးများသည် စူးယွင်လည်တိုင်အားစိုက်ကြည့်နေလေ၏။
"မိန်းကလေးစူး မင်းကကိုယ့်ကိုစွန့်ပစ်သွားမှာတော့ မဟုတ်ဘူးမလား"
သူ၏နွေးထွေးသောအသက်ရှူသံမှာ သူမလည်တိုင်အားပွတ်သပ်သွား၍ ကလိထိုးနေသလိုခံစားရစေကာ စူးယွင်သည် သူမလည်ပင်းအား ကုတ်မိလုနီးနီးပင်။
စူးယွင်သည် ခေါင်းအားငုံ့၍ အမြဲတစေ တည်ငြိမ်အေးဆေးနေသူမှာ ယခုအချိန်၌သူမပုခုံးထက်မှီကာ သနားစရာကောင်းအောင်လုပ်ပြနေသည်ကိုကြည့်ပြီး ရယ်စရာကောင်းသည်ဟု မထင်ဘဲမနေနိုင်တော့ပေ။
သူမသည်သူ့ပါးအားဆွဲကာပြုံး၍
"အရင်က စည်းကမ်းကြီးပြီးယဉ်ကျေးပျူငှာတဲ့ ဣန္ဒြေရှင်သခင်လေးက အခုအရမ်းမျက်နှာပြောင်သလိုလုပ်ပြနေတယ်ပေါ့လေ"
နဉ်ကျင်းသည် မငြင်းခဲ့ပေ။
သူမသဘောတူလိုက်ပြီကို သူသိ၏။
နဉ်ကျင်းသည် ခေါင်းမော့ကာ သူမနားကပ်မှီလိုက်သည်။သူသည် ဖြည်းဖြည်းချင်းချဉ်းကပ်ကာ သူ့နှာတံမှာသူမပါးပြင်နား ပွတ်သပ်သွားလုနီးနီးပင်။
"နောက်ဆုံးအခေါက်က မင်းနေခဲ့တဲ့အခန်းကို ကိုယ်ပြန်ပြင်ထားတယ်။မင်းသွားကြည့်ချင်လား"