အခန်း (၄၄)
Vol. 5 Ch. 44
စူးယွင်သည် ကိုယ်ခံပညာအချို့သင်ခဲ့ဖူး၏။လျင်မြန်သောလှုပ်ရှားမှုနှင့်အတူ သူမသည်လက်အားလှည့်လိုက်ကာ သုန်းကွေ့၏ဆံထိုးအား သူ့လက်ဖမိုးပေါ်ကိုသာ ပြန်ထိုးစိုက်ပစ်လိုက်သည်။
ကြမ်းပြင်ပေါ် စွန်းထင်းသွားသည့် သွေးစက်တို့အား မျက်မှောင်ကြုံ့၍ကြည့်ကာ စူးယွင်သည် မကျေနပ်သည့်လေသံဖြင့်
"သုန်းကွေ့ နင်ကသေလမ်းရှာနေတယ်ဆိုရင်လဲ ငါကနင့်အတွက်ကူရှာပေးလိုက်မယ်"
သုန်းကွေ့သည် သူမလက်ဖမိုးပေါ်ရှိ ဆံထိုး၏ငွေအပ်(ဆံပင်ထဲထိုးထည့်ရတဲ့ ဆံထိုးအပိုင်းကို ပြောတာပါ။ကိုယ်ကဘယ်လိုပြောရမလဲမသိလို့)ဖြင့် ထိုးစိုက်ခံလိုက်ရသည့် ဒဏ်ရာမှနေ ကြမ်းပြင်တစ်လျှောက် အဆက်မပြတ်စီးကျသွားသည့် သွေးစီးကြောင်းအား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေလိုက်၏။
နာကျင်မှုမှာ မခံမရပ်နိုင်ဖြစ်ရကာ ချွေးစေးများသည်လည်း သူမနဖူးထက်မှနေကျလာပြီး သွေးများနှင့်ရောစပ်သွားလေသည်။သူမသွေးကြောများပင် ဖောင်းတက်လာရပြီး ဒေါသတကြီးကြိမ်းဝါးလိုက်၏။
"စူးယွင် ငါနင့်ကိုတရားစွဲမယ်။နင်ငါ့လက်အတွက် ပြန်ပေးဆပ်ရမယ်မှတ်"
"ဟာသပဲ"
စူးယွင်မှ ချေပလာ၏။
"နင်ကသာငါ့ကို လာတိုက်ခိုက်တဲ့သူလေ။ငါက ကိုယ့်ကိုကိုယ်ခုခံလိုက်ရုံပါပဲ"
သူမသည် ကျန်းကျင်းယွင်ဘက်လှည့်ကာ
"တရားရုံးတော် အရာရှိတစ်ယောက်အနေနဲ့အကြီးအကဲကျန်းက အကုန်လုံးကို မျက်မြင်တွေ့ခဲ့မှာပါ။ဒီကိစ္စကို မျှမျှတတနဲ့ရှင်ကိုင်တွယ်ပေးမယ်လို့ ကျွန်မယုံကြည်ပါတယ်"
"ကျိန်းသေတာပေါ့ ကိုယ်ကဒီလိုလူစားမျိုးကို လွှတ်ပေးလိုက်မှာမဟုတ်ပါဘူး"
အကြီးအကဲကျန်းမှ လှမ်းခေါ်လိုက်ရာ တံခါးပေါက်၌လူနှစ်ဦးပေါ်လာလေ၏။
"သူမကိုခေါ်ထုတ်သွားပြီး ကောင်းကောင်းဂရုစိုက်ပေးလိုက်ကြ"
"ဟုတ်ကဲ့"
စူးယွင်သည် မတ်တပ်ထရပ်ကာပြောလိုက်သည်။
"ကျွန်မဒီကိစ္စကို အကြီးအကဲကျန်းလက်ထဲအပ်ခဲ့လိုက်ပါတော့မယ်။ကျွန်မမှာ အာရုံစိုက်စရာအလုပ်အချို့ရှိသေးလို့ အခုပြန်လိုက်ပါဦးမယ်"
ကျန်းကျင်းယွင်မှပြန်ဖြေလိုက်သည်။
"မိန်းကလေးစူး ဂရုစိုက်သွားပါ"
ကုန်သည်အသင်းမှထွက်လာပြီးနောက် စူးယွင်သည် ဝမ်ကောထံတန်းပြန်လာခဲ့၏။
သူမသည် ပစ္စည်းများအား ရှောင်ဟယ့်ထံကမ်းပေးကာ ပြောလိုက်သည်။
"ငါရေအရင်ချိုးမယ်"
ရှောင်ဟယ်သည် စူးယွင်အတွက်ရေပူပြင်ဆင်ပြီးသည်နှင့် စကားပြောရန်ပြင်လိုက်စဉ် စူးယွင်စကပ်အနားရှိ သွေးစက်တို့အားသတိပြုမိလိုက်၏။
သူမမျက်လုံးတို့မှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရပြီး
"သခင်မလေး ဘာတွေဖြစ်ခဲ့တာလဲ"
ရှောင်ဟယ်သည် သူမလက်ထဲရှိ ပစ္စည်းများအားချကာ စူးယွင်ထံအပြေးသွား၍ သူမလက်အားဆွဲကာစူးစူးစိုက်စိုက် စစ်ဆေးကြည့်လိုက်သည်။မြင်နိုင်သောဒဏ်ရာများမရှိသည်ကို တွေ့လိုက်ရာသူမသည် ဖုံးကွယ်ထားသည့်ဒဏ်ရာများရှိမရှိစစ်ဆေးရန် သူမစကပ်အားမ,ရန်လုပ်လိုက်၏။
စူးယွင်သည် သူမလက်အားဆွဲကာတားလိုက်ရသည်။
"ငါအဆင်ပြေပါတယ်။အဲ့ဒါငါ့သွေးတွေမဟုတ်ပါဘူး"
ရှောင်ဟယ်အား စိတ်အေးစေရန် သူမသည်နောက်သို့ခြေတစ်လှမ်းဆုတ်၍ အကြိမ်အနည်းငယ်ကန်ကျောက်ပြလိုက်၏။
"တွေ့လား ဘယ်မှာနာတာတွေ့လို့လဲ။ငါကမျက်နှာတစ်ချက်မပျက်ဘဲတောင် လျှောက်ခုန်ပြနိုင်တယ်"
ရှောင်ဟယ်မှာ သံသယရှိနေဆဲပင်။သူမသည် စူးယွင်၏ခေါင်းမာသောအမူအကျင့်အား သိပြီးဖြစ်ကာ သူမဒုက္ခရောက်နေသည်မှာသေချာသည်ကိုပင် မည်သူ့ကိုမှမဝေမျှဘဲ တိတ်တိတ်လေးတောင့်ခံနေမည်ဖြစ်သည်။
ရှောင်ဟယ်မှပြောလိုက်၏။
"ဒါပေမယ့် သခင်မလေးက အဆင်ပြေသလိုဟန်ဆောင်နေရင် ဘယ်လိုလုပ်မလဲ"
စူးယွင်သည် အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်ကာ
"အတွေးတွေလွန်မနေနဲ့တော့ ငါကလုံးဝကိုအဆင်ပြေပါတယ်ဆို"
"အဆင်မပြေဘူးနော် သခင်မလေး။ဒဏ်ရာရတာက ဂရုစိုက်ရမယ့်ကိစ္စလေ။မင်းအမှုမဲ့ အမှတ်မဲ့နေ,နေလို့မရဘူး"
ရှောင်ဟယ်သည် တံခါးပေါက်ဆီသွား၍ *ဆိုင်ပိတ်သည်*ဆိုသည့် ဆိုင်းဘုတ်အားချိတ်ပြီးသူမတို့နောက်ရှိ တံခါးအားပိတ်ကာ စူးယွင်အားအတွင်းခန်းထဲ ခေါ်သွားလေ၏။
"သခင်မလေး ကျွန်မစစ်ဆေးကြည့်ပါရစေ"
စူးယွင်သည် ရှောင်တိမ်းမနေနိုင်တော့၍ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်သာ စောဒကတက်နိုင်တော့သည်။
သေချာစစ်ဆေးပြီး မည်သည့်ဒဏ်ရာကိုမှမတွေ့မှသာ ရှောင်ဟယ်သည် စိတ်အေးသွားရပြီး စူးယွင်ရေချိုးရန် ရေပြင်ပေးဖို့ ထွက်သွားတော့၏။
စူးယွင်ရေချိုးရန်ဝင်သွားချိန်တွင် ရှောင်ဟယ်သည် ဆိုင်အားပြန်ဖွင့်၍ လုပ်ငန်းအားပြန်စလိုက်သည်။
သူမသည် ရှေ့စားပွဲဆီပြန်သွားကာ သူမထံစူးယွင်ပေးသွားသည့် ပစ္စည်းများအား ဘာသိဘာသာဖွင့်ကြည့်လိုက်၏။
နောက်ခဏတွင်ပင် သူမပါးစပ်မှာ မယုံကြည်နိုင်မှုကြောင့် ပွင့်ဟသွားခဲ့ရပြီး သူမနှလုံးခုန်နှုန်းမှာ နှစ်စက္ကန့်လောက်နှေးကွေးသွားရသည်။
သူမသည် ဆုတံဆိပ်အား တစ်ကြိမ်မှားကိုင်လိုက်လျှင်ပင် ပျက်စီးသွားတော့မည့်အလား
ဂရုတစိုက်ထုတ်လိုက်၏။
အစောပိုင်း လက်ရာအပြီးသတ်စဉ်တွင် ပြိုင်ပွဲဝင်ချုံဆမ်းဝတ်စုံအား မြင်ခဲ့ဖူးပြီး စူးယွင်အနိုင်ရလိမ့်မည်ဆိုသော ခံစားချက်အား ရခဲ့သည်။သို့သော်ယခုတွင်တော့ သူမသည်ဆုတံဆိပ်အားကိုင်ကာ ထိတ်လန့်ဝမ်းသာမဖြစ်ဘဲ မနေနိုင်တော့ပေ။
ရှောင်ဟယ်သည် ပစ္စည်းများအား အမြန်ဘေးဖယ်ကာ ကောင်းကောင်းကာကွယ်ထားနိုင်ရန်အလို့ငှာ ရည်ရွယ်၍ ဗီရိုအောက်ခြေတွင် သိမ်းထားလိုက်သည်။
"ဟ"
ခပ်ဖွဖွရယ်သံတစ်ချက်မှာ ခေါင်းထက်မှထွက်ပေါ်လာလေ၏။
ရှောင်ဟယ်မှမော့ကြည့်လိုက်ရာ ခေါက်ယပ်တောင်တစ်ချောင်းအားကိုင်၍ သူမထံရယ်စားဟန်ဖြင့် ကြည့်နေသော နဉ်ကျင်းကိုတွေ့လိုက်ရသည်။
ရှောင်ဟယ်မှာ အနည်းငယ်ရှက်ရွံ့သွားမိရာ လည်ချောင်းရှင်း၍ မေးလိုက်၏။
"သခင်လေးနဉ် ဒီကိုဘာကိစ္စနဲ့များရောက်လာတာလဲ"
နဉ်ကျင်းသည်ပြုံး၍ပြန်ဖြေလိုက်သည်။
"မင်းရဲ့သခင်မလေးစူးကိုလာတွေ့တာ"
သူ့အကြည့်သည် အတွင်းခန်းထဲ လှည့်ပတ်နေ၏။
"သူမဘယ်မှာလဲ"
သူမကသူ့ကို ဝမ်ကောမှာစောင့်နေတာမဟုတ်ဘူးလား။အချိန်တွက်ကြည့်ရရင် အခုဆိုသူမပြန်ရောက်သင့်နေပြီလေ။သူမက ကုန်သည်အသင်းထဲရှိနေတုန်းလား။
နဉ်ကျင်းသည် မျက်လုံးများအားမှေးကျဉ်းကာ သူ့အတွေးသည် ကျန်းကျင်းယွင်ထံရောက်သွားလေ၏။
အဲ့လူကတော့ ဘာကောင်းကျိုးမှမပေးဘူးပဲ။
နဉ်ကျင်းမှ စူးယွင်အား ကုန်သည်အသင်းဆီ ပြန်သွားရှာရန်ပြင်လိုက်စဉ် အသံတစ်သံအားကြားလိုက်ရ၏။
"သခင်မလေးက ရေချိုးနေပါတယ်။သခင်လေးနဉ် အေးဆေးထိုင်စောင့်ပါဦး"
*ကာယကံရှင်ထက် ဘေးလူတွေကပိုသိတယ်*ဆိုသည့် ဆိုရိုးအတိုင်းပင်။
ရှောင်ဟယ်သည် နဉ်ကျင်းနှင့်စူးယွင်ကြား မည်သည်တို့ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေ၏။
နဉ်ကျင်းသည် မျက်ခုံးပင့်လိုက်မိသည်။ရေချိုးတာလား?ဒီအချိန်ကြီးကိုလေ?ဒါမှမဟုတ် အဲ့မှာတစ်ခုခုဖြစ်ခဲ့လို့လား?
သူသည်ထိုင်ရန်နေရာတစ်ခုရှာကာ ရှောင်ဟယ်သည်လည်း သူ့အားနှောင့်ယှက်မနေတော့ပေ။
မကြာခင် စူးယွင်ထွက်လာလေ၏။
သူမဆံပင်ဖျားတို့မှာ စိုစွတ်ဆဲဖြစ်ပြီး နောက်သို့ချထားသောဆံပင်များတွင် တွဲခိုနေသောရေစက်တို့သည် အစိုဓာတ်ဖြင့် သူမအဝတ်အစားအရောင်အား အရောင်ပိုထင်းသွားစေသည်။
သူမသည် နဉ်ကျင်းဘေးဝင်ထိုင်ကာ သူ၏ခေါက်ယပ်တောင်အားယူ၍ သူမဘာသာယပ်ခတ်နေလိုက်၏။
"ရှင်က ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီပေါ့"
နဉ်ကျင်းသည် သူမအားကြည့်ကာ ရေချိုးပြီး၍ စွဲကျန်နေဆဲဖြစ်သည့် သူမအသားအရည်၏ နီသွေးကြွယ်မှုကို သတိပြုမိလိုက်သည်။သူသည် တိတ်တဆိတ်အကြည့်လွှဲလိုက်ကာ ပြန်ဖြေပေးလာ၏။
"ကိစ္စသေးသေးလေးပါပဲ"
တုန့်စန်း၏အမူအယာအား ပြန်တွေးကြည့်သော် ထိုသည်မှာ ပမွှားလေးမဟုတ်သည့်ပုံပါပင်။
စူးယွင်သည် နှုတ်ခမ်းအားတင်းတင်းစေ့လိုက်၏။စာကြည့်ခန်းထဲရှိ မတော်တဆမှုကတည်းမှ သူမသည် နဉ်ကျင်းမှာ ကိစ္စတော်တော်များများအား ဖုံးကွယ်ထားသည်ကို သတိပြုမိခဲ့သည်။
သူမသည် စပ်စုလိုစိတ်ရှိသူမဟုတ်ရာ သူသာပြောမပြချင်ပါက သူမသည်လည်း ဖိအားပေးပြောခိုင်းမည်မဟုတ်ပေ။
နဉ်ကျင်းမှမေးလာ၏။
"မင်းကဘာလို့ပြန်လာလာချင်း ရေတန်းချိုးလိုက်တာလဲ"
စူးယွင်သည် ကုန်သည်အသင်း၌ဖြစ်ပျက်ခဲ့သည်တို့အား ပြန်မပြောပြချင်ရာ ဆင်ခြေတစ်ခုသုံးလိုက်ရ၏။
"ကျွန်မဝတ်စုံက နည်းနည်းပေလာလို့ပါ"
နဉ်ကျင်းသည် စားပွဲထက်လက်ညှိုးဖြင့်ဖွဖွတောက်နေကာ သိပြီဖြစ်ကြောင်းခေါင်းငြိမ့်ပြလိုက်သည်။
စူးယွင်သည် ထိုအကြောင်းအရာအား ဆက်ပြောမနေချင်ရာ အခြားအကြောင်းအရာဆီပြောင်းလိုက်၏။
"စကားမစပ် ကျွန်မရှင်နဲ့ ဆွေးနွေးကြည့်ချင်တာလေးတစ်ခုရှိနေတယ်"
နဉ်ကျင်းသည် မျက်ခုံးပင့်ကာ
"မင်းကဆိုင်ခွဲတစ်ခုဖွင့်ဖို့လုပ်နေတာလား"
"ဟုတ်တယ် ကျွန်မအဲ့အကြောင်းတွေးနေတာ။အရင်ဆုံး နေရာကောင်းတစ်ခုရှာဖို့လိုနေရုံပဲ"
စူးယွင်မှပြန်ဖြေလာ၏။
"ရှင့်ဆီမှာ ဆိုင်နေရာလွတ်တွေ ရှိနေသေးလား"
"ဆိုင်နေရာလွတ်လား"
နဉ်ကျင်းသည် ခဏတာမျှတွေးတောကာ
"လက်ရှိ ကိုယ့်လက်ထဲရှိမနေပေမယ့် မင်းနဲ့လုပ်ငန်းတူတဲ့ သူငယ်ချင်းတစ်ယောက် ကိုယ့်မှာရှိတယ်။ကိုယ်မင်းအစား သူ့ဆီမေးပေးမယ်"
"အဲ့လိုဆိုကောင်းတာပေါ့"
စူးယွင်မှပြုံးကာ
"ဒါပေမယ့် အလျင်မလိုပါဘူး။ကျွန်မဝန်ထမ်းအချို့ အရင်ခန့်ရဦးမယ်။ကျွန်မအဲ့ကိစ္စကို ဖြေရှင်းပြီးမှပဲ ဆိုင်ကိုငှားဖို့တွေးရမှာ"
"ကောင်းပြီလေ ကိုယ်မင်းအတွက် ကူကြည့်ပေးထားမယ်"
နဉ်ကျင်းမှပြောလိုက်သည်။
အလုပ်သမားများ ခန့်အပ်ရန်အတွက် စူးယွင်မှာ သူမစိတ်အားပြင်ဆင်ပြီးဖြစ်သော်လည်း သူမလိုအပ်သည့် လူမျိုးကိုသူနားမလည်မည်စိုး၍ ယဉ်ကျေးစွာပင်ငြင်းဆန်လိုက်၏။
"မလိုပါဘူး ကျွန်မဘာသာဂရုစိုက်လိုက်ပါ့မယ်"
"သိပြီ"
နဉ်ကျင်းသည် ခေါင်းငြိမ့်လိုက်၏။ထို့နောက် မေးလာပြန်သည်။
"မင်းဘယ်အချိန်သွားဖို့ လုပ်ထားလဲ"
စူးယွင်သည် ပြတင်းပေါက်အပြင်အားကြည့်လိုက်ရာ မှောင်နေပြီကို သတိပြုမိလိုက်၍
"မနက်ဖြန်လောက်ပေါ့"
"ကိုယ်မင်းကိုရှာဖို့ ဒီကိုလာခဲ့ရဦးမလား"
နဉ်ကျင်းသည် ရိသဲ့သဲ့ဟန်ဖြင့်ပြုံးကာမေးလာ၏။
စူးယွင်သည် မေးခွန်းကြောင့် သတိလက်လွတ်ဖြစ်ကာ တန့်သွားပြီး
"......ရှင်ဆန္ဒရှိရင်ပေါ့"
"ကျိန်းသေပေါက်ကို ကိုယ်ဆန္ဒရှိတာပေါ့"
သူသည် ပြန်ဖြေရင်း အပြုံးမှာပိုပေါ်လွင်လာ၏။