အခန်း (၄၂)
Vol. 5 Ch. 42
အတင်းအဖျင်းအနံ့ရသွားသည့် လူအုပ်ကြီးမှာ အဖြေအားသိချင်စိတ်ပြင်းပြနေကြပြီး သူတို့သည် အသေးစိတ်အကြောင်းအရာတစ်ချက်ပင် လွဲမသွားအောင် စင်မြင့်ထက်သို့ မျက်တောင်မခတ်စတမ်းကြည့်နေကြ၏။
ရုန်စာမှပြောလိုက်သည်။
"သူ့ကိုကြည့်ရတာ ရင်းနှီးနေတယ်မဟုတ်လား"
သုန်းကွေ့သည် စားပွဲစွန်းအား တင်းတင်းဆုပ်ကိုင်ကာ စကားမပြောခင် သူမကိုယ်ကို အရင်တည်ငြိမ်အောင်လုပ်လိုက်ရ၏။
"ရှင်ဘာတွေပြောနေတာလဲ ကျွန်မ,မသိပါဘူး"
သို့သော်သူမအကြည့်တို့မှာ စိုးတထိတ်ထိတ်ဖြင့် ဂဏှာမငြိမ်ဖြစ်နေသည်။
"အကြီးအကဲရုန် သူကဘယ်သူမလို့လဲ"
သုန်းကွေ့မှမေးလာ၏။
ရုန်စာသည် အေးစက်စက်ဖြင့်သာနှာမှုတ်လိုက်သည်။
မသိချင်ယောင်ဆောင်နေတယ်ပေါ့လေ။
"အဲ့လူကိုဒီခေါ်ခဲ့"
ရုန်စာမှအမိန့်ပေးလိုက်၏။
သူမမှာအဝတ်အထည်အသင်း၏အကြီးအကဲအဖြစ် သူမ၏ထူးခြားသော ကျွမ်းကျင်မှုစွမ်းရည်များကြောင့်သာမက ပြင်းထန်ပြတ်သားသောနည်းလမ်းများဖြင့်ပါ သူမရာထူးကိုလုံခြုံစေခဲ့ခြင်းဖြစ်သည်။
သုန်းကွေ့ရှေ့၌ရပ်နေသော အမျိုးသားမှာ သုန်းကွေ့အား အကူအညီတောင်းလိုဟန်ဖြင့်ကြည့်နေ၏။
"တာဝန်ခံသုန်း ကျွန်တော့်ကိုကယ်ပါဦး"
သုန်းကွေ့သည်နောက်တစ်လှမ်းဆုတ်လိုက်သည်။
"ကျွန်မကရှင့်ကို သိတောင်မသိတဲ့ဟာ"
အမျိုးသားမှပြန်ဖြေလာ၏။
"တာဝန်ခံသုန်း မင်း...."
သူတို့နှစ်ဦးကြားရှိ စကားဖလှယ်မှုကို လျစ်လျူရှုကာ ရုန်စာသည် သုန်းကွေ့ရှေ့ကြမ်းပြင်ထက်သို့ ငွေဒင်္ဂါးများဖြင့်ပြည့်နေသောပိုက်ဆံအိတ်တစ်လုံးအား တိုက်ရိုက်ပစ်ချလိုက်သည်။သူမသည် ထက်မြိသောလေသံဖြင့် ရှုံ့ချလာ၏။
"သုန်းကွေ့ မင်းနည်းနည်းစိုးရိမ်လာပြီလား"
သူမခြေထောက်နားကျလာသော ပိုက်ဆံအိတ်မှ တချွမ်ချွမ်မြည်သံသည် ပွဲခန်းမတွင်း၌ ကြည်ကြည်လင်လင်ပဲ့တင်ထွက်သွားသည်။
သုန်းကွေ့သည် ပိုက်ဆံအိတ်အားကြည့်၍ သူမမျက်နှာမှာဖြူဖျော့သွားတော့၏။သူမမျက်လုံးတို့မှာ ပြူးကျယ်လာပြီး သူမပါးစပ်သည်လည်း ရှင်းပြချင်နေသည့်အလား လှုပ်စိလှုပ်စိဖြစ်နေလေသည်။
သုန်းကွေ့မှာအထစ်ထစ်အငေါ့ငေါ့ဖြင့်
"ကျွန်မ......ကျွန်မ....."
"မင်းမှာဘာဆင်ခြေရှိသေးတာလဲ"
ရုန်စာမှာအေးစက်လှသည့်အသံဖြင့်ဖြတ်ပြောလိုက်၏။
"မင်းက တာဝန်ခံစူးကို လူသိရှင်ကြားမေးခွန်းထုတ်တယ်၊ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲရဲ့ မူလဇစ်မြစ်ကို မေးခွန်းထုတ်တယ်၊အဖွဲ့အစည်းကို မေးခွန်းထုတ်တယ်။အဲ့တော့ အမှန်တရားက ဘာတဲ့လဲ"
ရုန်စာမှာ သုန်းကွေ့အားအထင်သေးဟန်ဖြင့်ကြည့်ကာ နှာမှုတ်လိုက်သည်။
"မင်းက တာဝန်ခံစူးကိုရှုံးမှာကြောက်တာနဲ့ ပိုက်ဆံပေးခိုင်းလို့ရတဲ့လူတွေဆီ တိတ်တိတ်လေးလာဘ်ထိုးပြီး ခန်းမထဲကလူတွေကို အချင်းများအောင်ရန်တိုက်ပေးတယ်"
"ရှင်...."
သုန်းကွေ့သည် ရုန်စာအား မယုံကြည်နိုင်ဟန်ဖြင့်ကြည့်ကာ ဆွံ့အသွားရ၏။
ရုန်စာ၏စကားများအားကြားလိုက်ရသော လူအုပ်ကြီးသည် စွပ်စွဲမှုစလုပ်ခဲ့သောလူထံကြည့်လိုက်ကြသည်။
ထိုလူမှာ ပိုက်ဆံအတွက်သာလုပ်သည်ဖြစ်၍ ရုတ်ချည်းသလို စောင့်ကြည့်နေသောအကြည့်များအောက်၌ ကိုယ်ကိုကျုံ့လိုက်မိသွား၏။
အထိတ်ထိတ်အလန့်လန့်ဖြင့် သူ့လက်အားယမ်းကာ နီမြန်းလာသောမျက်နှာထားဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလာသည်။
"မ....မဟုတ်ပါဘူး....ကျွန်တော်နဲ့တစ်ကယ်မဆိုင်ပါဘူး"
"အဲ့ဒါသူမပဲ"
သူသည်စင်မြင့်ပေါ်တွင် ပျာယာခတ်နေဟန်ဖြင့်ရပ်နေသည့် သုန်းကွေ့ထံရုတ်ချည်းလက်ညှိုးထိုးကာ အော်ချလိုက်၏။
"ဆိုင်ရှင်သုန်းကငါ့ဆီသီးသန့်လာတွေ့ခဲ့တာလေ။အဲ့ဒါကြောင့်ပဲ ငါဒီလိုလုပ်ခဲ့တာ"
"ဟုတ်တယ် အဲ့ဒါအကုန်သူမအမှားတွေပဲ ငါ့အမှားမပါဘူး။ငါကဘယ်တုန်းကမှအဲ့လိုမလုပ်ချင်ခဲ့ဘူး"
စူးယွင်သည်အသံလာရာနောက်လိုက်ကြည့်လိုက်ရာ လူအုပ်အလယ်မကျတကျနေရာ၌ရပ်နေသည့်လူအားတွေ့လိုက်ရသည်။
ဤအချိန်တွင်ထိုလူမှာရှက်ရွံ့နေပြီဖြစ်၍ ကျယ်ကျယ်အော်ပြောလိုက်၏။
"သုန်းကွေ့ကငါ့ကိုပိုက်ဆံပေးခဲ့တာ။ငါကသူပေးတဲ့ပိုက်ဆံအတွက် သူခိုင်းတာလုပ်ပေးရုံပဲ"
"ပြီးတော့ ဆိုင်ရှင်စူးလည်း ဆုံးရှုံးတာဘာမှမရှိဘူးပဲလေ။သူမကပထမနေရာရနေသေးတာပဲမလား"
လူအုပ်ကြီးမှာ သူ၏အရှက်မဲ့သောအနှစ်မရှိသည့်စကားကြောင့် ကြောင်အမ်းကုန်ကြရသည်။
စင်မြင့်ထက်ရပ်နေသော စူးယွင်မှာ လှောင်ပြုံးဖြင့်ကျေကျေနပ်နပ်ကြီး ကြည့်နေလိုက်၏။
သုန်းကွေ့လိုလူကတော့ ထင်တဲ့အတိုင်းပဲ သူ့လိုကလိမ်ကကျစ်ကျတဲ့လူကိုမှ အလုပ်ခိုင်းမိတယ်။
သုန်းကွေ့သည် သူမပေါင်အားလက်သည်းဖြင့်ဆိတ်ဆွဲကာ သူမ၏ဂဏှာမငြိမ်သော စိတ်အားတည်ငြိမ်အောင်လုပ်လိုက်သည်။
"နင်ကလျှောက်ပြောနေတာပဲ။ရိုးသားဖြောင့်မတ်မှုနဲ့အမြဲနေထိုင်ခဲ့တဲ့ ဆိုင်ရှင်တစ်ယောက်အနေနဲ့ငါက ဒီလိုကိစ္စမျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး"
ရုန်စာသည် သူမအားအသာကြည့်လိုက်၏။
"အဲ့တော့ ကျွန်မကရှင့်ကိုမှားပြီးစွပ်စွဲတယ်လို့ ပြောနေတာလား"
"ကျွန်မအဲ့ဒါမလုပ်ခဲ့ဖူး"
သုန်းကွေ့သည် သူမနှုတ်ခမ်းအားကိုက်ကာ ခေါင်းယမ်း၍ ပြန်ခံပြောလိုက်သည်။
"ဟမ့်"
ရုန်စာသည် နှာမှုတ်၍သူမလက်ဖြင့်အချက်ပြလိုက်၏။
သူမနောက်တွင် အင်္ကျီလက်ဝကျဉ်းဖြင့်ဝတ်ရုံနက်ဝတ်ထားသောလူတစ်ယောက်ပေါ်လာခဲ့သည်။
ထိုလူသည် စာတစ်စောင်တင်ထားသည့် ဗန်းအားသယ်လာလေ၏။
ရုန်စာသည် စာအားယူ၍ဖွင့်ကာ သုန်းကွေ့မျက်နှာရှေ့ဖြန့်ပြလိုက်သည်။
"ကိုယ့်ဘာသာကြည့်လိုက်ပါဦး"
သုန်းကွေ့သည် ယူလိုက်ပြီးစာရွက်ပေါ်ရေးထားသည်တို့အားကြည့်လိုက်၏။
သူမဖတ်လေလေ စာရွက်မှာသူမလက်ထဲတွင် တွန့်ကြေလာလေလေဖြစ်ကာသူမသည်စာရွက်အား ဆုပ်ခြေရင်း လက်ချောင်းတို့မှာတုန်ယင်နေတော့သည်။
"ဆိုင်ရှင်စူး ပြိုင်ပွဲမှာဝင်ပြိုင်မယ်ဆိုတာသိကတည်းက တိတ်တိတ်လေးလက်သိပ်ထိုးမယ့်ဗျူဟာကို ရှင်စီစဉ်ထားပြီးသားလေ။အခုကျ ရှင်ကအဖွဲ့အစည်းရဲ့ဂုဏ်သတင်းကိုတောင် ကောလဟလဖြန့်ဖို့ထိ အခြားလူတွေကိုလာဘ်ထိုးဖို့လုပ်နေတယ်။ဒီလုပ်ရပ်က လုံးဝခွင့်မလွှတ်နိုင်စရာပဲ"
ရုန်စာသည်ရှေ့တက်၍ လူအုပ်အားမျက်နှာမူကာ ကြေညာလိုက်သည်။
"ကုန်သည်အဖွဲ့အစည်းရဲ့ကိုယ်စား ကျွန်မကပဲ ယီယန်းကျူရဲ့သုန်းကွေ့ကို နောက်ဆက်တွဲပြစ်ဒဏ်ချလိုက်ပါ့မယ်။ဒီနေ့ကစပြီး ကုန်သည်ကြီးများအဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ဘယ်ပွဲမှာမဆို သူမကိုပိတ်ပင်လိုက်ပါပြီ။ထပ်ပေါင်းပြစ်ဒဏ်အနေနဲ့ သူမကဒဏ်ကြေးငွေ တစ်ရာတေးပေးဆောင်ရပါမယ်"
"ကုန်သည်ကြီးများအသင်းက တစ်ရာတေးလုံးကို ဒုက္ခသည်တွေအတွက် သက်သာချောင်ချိဖို့နဲ့ အစားအသောက်ထောက်ပံ့ဖို့လှူဒါန်းသွားမှာပါ"
အတိတ်မှ သုန်းကွေ့ဖိနှိပ်သည်ကို ခံခဲ့ရသောသူတို့မှာ သူတို့စိတ်ထဲ ကျေနပ်သွားကြတော့သည်။သူတို့သည် စိတ်အားထက်သန်စွာ လက်ခုပ်တီးကြပြီး ထောက်ခံကြောင်းအော်ဟစ်နေကြ၏။
သုန်းကွေ့ခြေထောက်များမှာ ပျော့ခွေသွားပြီး စင်မြင့်ထက်ခွေယိုင်လဲကျသွားတော့သည်။
သူမသည်နောင်တနှင့်စိတ်ပျက်မှုတို့ဖြင့် လှည့်ပတ်ကြည့်လိုက်၏။
ရုန်စာသည် သူမထံအကြည့်တစ်ချက်ပင် ပေးမလာပေသိ အနီးရှိရပ်နေသူတို့မှာ သူမရည်ရွယ်ချက်အားနားလည်၍ သုန်းကွေ့အားဖမ်းကိုင်ကာဆွဲထုတ်ဖို့လုပ်လိုက်ကြသည်။
ထိုအချိန်မှ သုန်းကွေ့မှာတုံ့ပြန်လာနိုင်ပြီးအော်ပြောလိုက်၏။
"ကျွန်မမှားပါတယ်။ကျွန်မမှားမှန်းတစ်ကယ်သိပါပြီ"
"အကြီးအကဲကျန်း အကြီးအကဲရုန် ကျွန်မကိုနောက်ထပ်အခွင့်အရေးလေးပေးကြပါ"
သူမသည်အသနားခံရင်း ခပ်ကြမ်းကြမ်းရုန်းကာ သူတို့ထံပြေးလာဖို့လုပ်လိုက်သည်။
သို့သော် ကုန်သည်ကြီးများအသင်းရှိလူများမှာ အချဉ်များမဟုတ်ကြပေ။သူတို့သည် သူမလက်မောင်းအား ဆတ်ကနဲဆွဲကာ သူမအား,အားဖြင့်ဆွဲထုတ်သွားကြ၏။
ရုန်စာသည် စူးယွင်ဘက်လှည့်ကာပြုံးပြရင်း အစောမှဖိတ်ကြားချက်ကို ပြန်ပြောလာသည်။
"ဆိုင်ရှင်စူး မင်းကျွန်မတို့နဲ့ပူးပေါင်းချင်လားဆိုတာ ထပ်မေးပါရစေ"
"စဉ်းစားကြည့်ဖို့ အချိန်အချို့ရနိုင်မလား"
စူးယွင်သည် အဖွဲ့အစည်းနှင့်ပူးပေါင်းဖို့အမှန်စိတ်ဝင်စားသော်လည်း သူမတွင်ပူးပေါင်းဖို့အချိန်နှင့်လုပ်အားရှိမရှိမသေချာပေ။သူမသည် အသေးစိတ်ကျသူဖြစ်ရာ တစ်ခုခုအားလုပ်မည်ဆုံးဖြတ်လိုက်သည်နှင့် စိတ်မပါလက်မပါဖြင့်ဘယ်တော့မှလုပ်မည်မဟုတ်ပေ။
သူမတုံ့ပြန်မှုအား ခန့်မှန်းထားပြီးဖြစ်သည့် ရုန်စာသည် ပြုံး၍ပြောလိုက်သည်။
"ရတာပေါ့ အဖွဲ့အစည်းတံခါးက ဆိုင်ရှင်စူးအတွက်အမြဲဖွင့်ပေးထားမှာပါ"
"ကျေးဇူးတင်ပါတယ်"
စူးယွင်သည် ယဥ်ကျေးမှုအရအရိုအသေပေးကာ
"ဒါဆိုကျွန်မသွားတော့မယ်နော်"
ပွက်လောရိုက်မှုပြီးသွားသည်နှင့် သူတို့အဖို့စိတ်ဝင်စားစရာမရှိတော့သောကြောင့် လူအုပ်ကြီးလည်း တစ်ယောက်ပြီးတစ်ယောက်လူစုခွဲလိုက်ကြသည်။
အဖွဲ့အစည်းမှတိုကင်တစ်ခုအား ယုံကြည်ရသောပို့ဆောင်သူတစ်ဦးထံမှတစ်ဆင့် စူးယွင်ရလိုက်ရာ ဂရုတစိုက်သိမ်းထားလိုက်၏။ထို့နောက်နဉ်ကျင်းနှင့်အတူပြန်ရန်လုပ်လိုက်သည်။
သို့သော်ငြား အဖွဲ့အစည်း၏တံခါးသို့ခြေချလိုက်သည်နှင့် ညာဘက်လက်မောင်းထက်တွင် ဖဲကြိုးနီပတ်ထားသော လူတစ်ယောက်မှာ သူမတို့ရှေ့ပေါ်လာလေ၏။
စူးယွင်သည် ထိုလူအားမသိသော်လည်း လက်မောင်းထက်ရှိဖဲကြိုးနီ၏သင်္ကေတကိုတော့ သဘောပေါက်လေသည်။ထိုသည်မှာ အသင်းအဖွဲ့ဝင်များ၏အထူးသင်္ကေတတစ်ခုဖြစ်၏။
ထိုလူမှအရင်စကားစလာသည်။
"ဆိုင်ရှင်စူး အကြီးအကဲက မင်းနဲ့သီးသန့်စကားပြောချင်နေပါတယ်"
အရေးကြီးကိစ္စတစ်ခုခုဖြစ်နိုင်သည်ဟု တွေးကာစူးယွင်သည် ခေါင်းငြိမ့်၍
"ကောင်းပါပြီ"
သူမဘေးတွင်ရပ်ကာ သုမနှင့်အတူအကြီးအကဲအားတွေ့ရန်လုပ်နေသော နဉ်ကျင်းမှာ စူးယွင်၏စကားကြောင့် တန့်သွားရသည်။
"ရှင်အရင်ပြန်သွားလိုက်ပါ"
နဉ်ကျင်းသည် မျက်မှောင်ကြုံ့၍
"ဒါပေမယ့်......"
သူမအားတစ်ယောက်တည်း လွှတ်လိုက်ရမည်ကို သူစိတ်မချပါပေ။
"ကျွန်မအဆင်ပြေပါတယ်"
စူးယွင်သည် သူ့အားနှစ်သိမ့်သည့်အနေဖြင့် လက်မောင်းအားပုတ်ပေးကာပြောလိုက်၏။
"ရှင့်မှာအရေးတကြီးဖြေရှင်းရမယ့်ကိစ္စတွေရှိနေတာမလား။ရှင်အမြန်ပြန်သွားသင့်တယ်"