အခန်း (၄၃)
Vol. 5 Ch. 43
ပေထန်မိသားစု၏စာကြည့်ခန်းတွင် ယခင်ကလို ပေထန်ယောင် ပင်မနေရာတွင်မထိုင်ဘဲ သခင်ကြီးပေထန်နေရာယူထားသည်။
အသက် ၈၀ အရွယ်ဖြစ်သည့် သခင်ကြီးပေထန်မှာ သားသမီး၊ မြေးမြစ်များ ဝိုင်းရံကာ အနားယူသင့်သော်လည်း ယခုအခါ သူ၏တစ်ချိန်က ကြင်နာတတ်သော မျက်နှာအား မှိုင်းညို့ခြင်းကဖုံးလွှမ်းနေသည်။
ပေထန်ယောင်မှာ ကြောက်ရွံ့နေပြီး ခေါင်းငုံ့ကာစကားမပြောနိုင်ဖြစ်နေသည်။
ပေထန်မိသားစုတွင် သခင်ကြီးပေထန်မှာ အကြွင်းမဲ့ အာဏာရှိပြီး နောက်ဆုံး ဆုံးဖြတ်ချက်အားချမှတ်သူဖြစ်သည်။ လက်ရှိ မိသားစုခေါင်းဆောင်မဆိုထားနှင့်၊ သူ့ကိုယ်ပိုင်သားများပင် သူ့အား မနာခံရဲပါက စက္ကန့်ပိုင်းအတွင်း ရာထူးမှနုတ်ထွက်ရလိမ့်မည်။
"ဒီအကြံကို ဘယ်သူပေးခဲ့တာလဲ ?"
သခင်ကြီးပေထန်၏ အသံနှင့် မျက်နှာအမူအရာမှာ ဆန့်ကျင် ဘက်ဖြစ်နေပြီး ထူးဆန်းစွာတည်ငြိမ်နေသည်။
"ကျွန်တော်ပါ"
ပေထန်ယောင် တုန်တုန်ရီရီဖြင့် ဝန်ခံလိုက်သည်။ အမှန်တကယ်တွင် အပြစ်ကို လွှဲချနိုင်ပါက သူ လွှဲချပြီးသားဖြစ်မည်။ ယခုမူ သူကိုယ်တိုင် စီစဉ်ခဲ့သောကြောင့် အပြစ်အား ဝန်ခံလိုက်ရသည်။
ကံမကောင်းစွာဖြင့် လွှဲချစရာ လူမရှိခဲ့ချေ။
အကြောင်းတစ်ခုခုကြောင့် ပေထန်မိသားစုမှာ နန်ယုနှင့် ဖေးယွင်ကျင်းတို့အားစောင့်ကြည့်နေခဲ့သည်။ ၎င်းတို့ မြောက်ပိုင်းသို့ နွေရာသီခရီးထွက်မည့်အကြောင်း ပထမဆုံးသိသောအခါ ပေထန်ယောင် နှင့် သူ့ယုံကြည်ရသူများက မှတ်ချက်အနည်းငယ် ပေးခဲ့ကြသည်။
နောက်ပိုင်းတွင် မြောက်ပိုင်း၌ ဖြစ်ခဲ့သည်များကို သိရှိရသော အခါ ပိုစိုးရိမ်ခဲ့သည်။ ဖေးယွင်ကျင်းမှာ သခင်ကြီးပေထန်၏ ကြာရှည်စွာ စီစဉ်ထားသော အစီအစဉ်အတွက် အရေးကြီးသောကြောင့် သူ ဘာမှဖြစ်လို့မရပေ။
"သူမ အိမ်မှာပဲနေတာ ပိုမကောင်းဘူးလား? ဘာလို့ အပြင်ထွက်ပြီး ပျော်ပါးနေရတာလဲ ?"
"နန်ယုက ဖေးယွင်ကျင်းကိုသတ်ဖို့ ကြိုးစားနေတာလား?"
ထိုပေါ့ပေါ့ပါးပါး ပြောဆိုမှုများမှာ ပေထန်ယောင်အား ရုတ် တရက် အကြံဉာဏ်ကောင်းတစ်ခု ရစေခဲ့သည်။
သူတို့သည် နန်ယု ဖေးယွင်ကျင်းအား ထိခိုက်စေချင်တာလား မထိခိုက်စေချင်တာလားဆိုသည်ကို ဂရုမစိုက်ခဲ့ပေ။ တိုက် ဆိုင်မှုများကို အခွင့်ကောင်းယူ၍ နန်မိသားစုအား ကြီးမား သော ထိခိုက်မှုများပေးနိုင်သည်ဟု ယူဆခဲ့သည်။
နောက်ဆုံးတွင် နန်မိသားစု သူတို့အား ဖိနှိပ်ချေမှုန်းခဲ့လျှင်ပင် ပေထန်မိသားစုအနေဖြင့် ကြော်ငြာအကောင့်များနှင့်အွန်လိုင်းဩဇာလွှမ်းမိုးသူများအတွက် ပိုက်ဆံအနည်းငယ်သာ ဆုံးရှုံးမည်ဖြစ်သောကြောင့် ဘာမှမဟုတ်ဟု သဘောထားခဲ့ကြသည်။
၎င်းမှာ ဘာမှ မဟုတ်ခဲ့ပေ။
သို့သော် ပေထန်ယောင်လုံးဝမမျှော်လင့်ခဲ့သည်မှာ နန်မိသားစု ထိုအခွင့်အရေးအား အသုံးချကာ အခြေအနေကိုပြောင်းပြန်လှန်နိုင်ခဲ့ရုံမက ပေထန်မိသားစုကိုပါ တကယ်တမ်းဒုက္ခပေးခဲ့ခြင်းဖြစ်သည်။ စတော့ရှယ်ယာဈေးတက်လာသည်ကို ဖယ် ထားလျှင် အဓိကအချက်မှာ နန်ယုသည်အင်တာနက်အသုံးပြုသူ လူငယ်များ၏စိတ်ထဲတွင် နက်ရှိုင်းပြီးကောင်းမွန်သည့် အထင်အမြင်တစ်ခုအားထားခဲ့ခြင်းဖြစ်သည်။
မနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုမှစ၍ ယနေ့အထိတွင် ခေတ်စားနေသော ရှာဖွေမှု ၂၀ ထဲမှ ၄ ခုမှာ နန်ယုအကြောင်းဖြစ်နေခဲ့သည်။
#နန်ယု၏ဗာဆေးလ်
#လူချမ်းသာတစ်ဦး၏ဘဝနှင့်ပိုမိုနီးစပ်လာခြင်း
#နန်ယု၏ကောလာဟလများကိုချေပသည့်တိုက်ရိုက်ထုတ်လွှင့်မှု
#နန်ယုကဥပဒေကိုလိုက်နာသောနိုင်ငံသားတစ်ဦး
ဤသို့သော ကြော်ငြာမှုမျိုးမှာ နန်ယု အကောင့်အားတစ်ရက်တည်းမှာပင် ဖော်လိုဝါတစ်သန်းရရှိစေခဲ့ပြီး၊ ၎င်းအရေအ တွက်မှာ ဆက်လက်၍ လျင်မြန်စွာ တိုးတက်နေသည်။
ထိုအခြေအနေမှာ နန်မိသားစုအပေါ် အွန်လိုင်းစိတ်ဝင်စားမှုအား ထပ်မံ မြင့်တက်စေခဲ့ပြီး မကြာမီတွင် "ကမ္ဘာတစ်ဝန်းလုံးရှိသခင်မလေး၏မိဘများနှင့် ဆုံဆည်းခြင်း" ဆိုသည့် ခေတ်စားမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အင်တာနက်အသုံးပြုသူ အများအပြားမှာ နန်ယု၏မိဘစုံတွဲနှင့် တွေ့ဆုံခဲ့ဖူးကြောင်းဖော်ပြခဲ့ပြီး၊ ၎င်းတို့မှာ စကားပြောရလွယ်ကူသူများနှင့် ကြင်နာတတ်သူများဖြစ်ကြောင်း ပြောဆိုကြသည်။ နန်ယုဖခင်မှာ သန့်ရှင်းပြီး ခန့်ညားသောအမျိုးသားတစ်ဦးဖြစ်ကာ၊ မိခင်မှာ ပညာတတ်ပြီး လှပသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။
နန်ယုကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးမျိုးနှင့် ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းမှာ နန်မိသားစု၏ရိုးသားဖြောင့်မတ်မှုအား ရှင်းရှင်းလင်းလင်းပြသလို့နေသည်။
ထို့အပြင်၊ ဤမျှ ကြီးမားသော မိသားစုဖြစ်သော်လည်း ကိုယ် ပိုင်ဘဝများတွင် ကောလာဟလများလုံးဝမရှိခြင်း၊ ဖခင်နှင့် မိခင်တို့ အိမ်ထောင်ကျကာ သစ္စာရှိစွာ ပေါင်းသင်းခြင်းမှာ တကယ်ကို သီလရှိသော မိသားစုဖြစ်ကြောင်း သက်သေပြသည်။ (တစ်ချိန်တည်းတွင် ဇနီးများစွာ ထားရှိသော ချမ်းသာသည့် အမျိုးသားများနှင့် မတူကြောင်းလည်း နှိုင်းယှဉ်ဖော်ပြခဲ့ကြသည်။)
ဤပုံရိပ်မှာ အမျိုးသမီးစားသုံးသူများကြားတွင် မဖော်ပြနိုင်သော အပေါင်းလက္ခဏာဆောင်သည့် အမြင်များကို ရရှိစေခဲ့သည်မှာ မုချပင်။ ထိုသက်ရောက်မှုမှာ ချက်ချင်းမသိသာနိုင်သော်လည်း နန်မိသားစုမှ ၎င်းတို့၏ ပုံရိပ်ကို ဆက်လက်ထိန်း သိမ်းနေသမျှ၊ ၎င်းမှရရှိလာမည့် အမြတ်အစွန်းများမှာ ကြီး မားလာလိမ့်မည်။
(T/N - ဒီမှာသုံးတဲ့ စားသုံးသူ(primary consumer) ဆိုတာ ပစ်မှတ်ထားရမည့် အဓိက ဖောက်သည် အုပ်စုကိုပြောချင်တာပါ)
ဒါဆို ဒါက ပေထန်မိသားစုနဲ့ ဘာဆိုင်သလဲ?
ဆိုင်တာပေါ့!
ပေထန်မိသားစုနှင့် နန်မိသားစုတို့မှာ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများအား ၄၀% ခန့် ခွဲဝေ၍လုပ်ကိုင်နေကြပြီး လူငယ်များမှာ အဓိကစားသုံးသူအုပ်စုဖြစ်သည်။
ဥပမာအားဖြင့်၊ ပေထန်နှင့် နန်နှစ်ဦးလုံးမှ ဈေးနှုန်းနှင့် ပုံစံဆင်တူသော အိမ်သုံးပစ္စည်းတစ်ခုအား ရောင်းချသည်ဆိုပါစို့။ အင်တာနက်အသုံးပြုသူ လူငယ်များမှာ နန်မိသားစုမှ တစ်စုံ တစ်ဦး (နန်ယု) အား သဘောကျနှစ်သက်သောကြောင့် နန်၏ ထုတ်ကုန်ကို ရွေးချယ်ရန်အလားအလာများသည်။
၎င်းမှာ ပေထန်မိသားစုအတွက် ဆုံးရှုံးမှုဖြစ်လာသည်။ ဈေး ကွက်မှာ အကန့်အသတ် ရှိသောကြောင့် နန်မိသားစုအမြတ်ရရှိပါက အခြားသူများ (ပေထန်) အရှုံးပေါ်ခြင်း သို့မဟုတ် ဝင်ငွေလျော့နည်းခြင်းဖြစ်လာနိုင်သည်။
ထို့ကြောင့် သခင်ကြီးပေထန် အလွန်ဒေါသထွက်နေခြင်းဖြစ် သည်။
"ငါ ပြောထားတယ် မဟုတ်လား၊ နန်နဲ့ ဖေးမိသားစုကြားက ကိစ္စတိုင်းကို ငါ့ကို အရင်တိုင်ပင်ပါလို့၊ ကိုယ့်ဘာသာ ကိုယ် မလုပ်နဲ့!"
သခင်ကြီးပေထန်၏ဖိနှိပ်သည့် အကြည့်မှာ ပေထန်ယောင်အားလန့်သွားစေခဲ့သည်။ သူ ထိုင်ခုံပေါ်မှလိမ့်ကျကာ ဒူးထောက်လိုက်သည်။ သူ၏အကျင့်ပါနေသော လှုပ်ရှားမှုများမှာ ဤအခြေအနေသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း ထင်ရှားစေသည်။
"အဖေ၊ ကျွန်တော် မှားသွားပါတယ်ဗျာ၊ ဒီတစ်ခါတော့ ခွင့် လွှတ်ပေးပါ"
တကယ်လို့ လုပ်နိုင်ခဲ့ပါက သခင်ကြီးပေထန်၏ပေါင်ကိုဖက်ချင်သော်လည်း စားပွဲမှာ သူ့လမ်းအားပိတ်ဆို့ထားသည်။
ပေထန်ယောင် မသိလိုက်သည်မှာ သူ့တုံ့ပြန်မှုသည် သခင်ကြီးပေထန်အား ပိုစိတ်ပျက်စေခဲ့ခြင်းပင်။
အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သခင်ကြီးပေထန်သည် သူ့သားနှစ်ဦးစလုံး လူမိုက်များဖြစ်နေခြင်းကိုသာ နောင် တရနေသည်။ တစ်ဦးမှာ ရည်မှန်းချက်ကြီးသော်လည်း အရည် အချင်းမရှိဘဲ၊ ကျန်တစ်ဦးမှာ ရည်မှန်းချက်လွန်ကဲသော်လည်း သူ့ မျိုးရိုးကောင်းများကို တစ်ခုမှအမွေမဆက်ခံခဲ့ရချေ။
သူ အသက်ရှင်နေစဉ်တွင် အဆင်ပြေမည်ဖြစ်သော်လည်း သူ သေဆုံးပြီးနောက်တွင် ဤသို့သောသူများ၏လက်အောက်၌ ပေထန်မိသားစုမှာ နှစ်ဆက်အတွင်းကျိန်းသေကျဆင်းသွားမည်။
ကံကောင်းစွာဖြင့် သူ့မြေးနှစ်ယောက်မှာအလားအလာရှိသူများဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ်လမ်းညွှန်မှုပေးနိုင်သော ကျန်းမာရေးအခြေအနေရှိနေသည်။
ပေထန်ယောင် အတွက်မူ သခင်ကြီးပေထန် လာမည့်နှစ်များတွင် မည်သို့ ကိုင်တွယ်ရမည်ကို အစီအစဉ်ချထားပြီးဖြစ် သည်။ ၎င်းမှာ သူ့ မြေးထီးနန်းတက်မည့် အစီအစဉ်အားမနှောင့်ယှက်စေရန် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့သားဖြစ်သော ကြောင့် သက်သောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။
"ငါ လုပ်ခိုင်းထားတဲ့ တခြားကိစ္စတွေက ဘယ်လိုလဲ?"
သခင်ကြီးပေထန်မှာ ပေထန်ယောင်အပေါ် ဒေါသထွက်နေခြင်းအား ရပ်လိုက်ပြီး မေးမြန်းခဲ့သည်။ သူ အစီအစဉ်ပြီး မြောက်နိုင်လျှင် လက်ရှိဆုံးရှုံးမှုများအား အလွယ်တကူ ပြန်လည်ရယူနိုင်သည်ဟု ယူဆသည်။
"ဖေးယီကျန့် တစ်ခုခု သတိထားမိနေပုံပဲ အဖေ၊ ရှေ့ဆက်သွားသင့်လား ?"
ပေထန်ယောင် မေးမြန်းရင်း လက်ဖြင့် လည်ပင်းအားဓားဖြင့်ဖြတ်သကဲ့သို့ အမူအရာပြခဲ့သည်။ သူ့အဓိပ္ပာယ်မှာ ဖေးယီကျန့်အားလုပ်ကြံသင့်ပြီဟု ရှင်းရှင်းလင်းလင်းဖော်ပြနေခြင်း ဖြစ်သည်။
သခင်ကြီးပေထန် ချက်ချင်းမတုံ့ပြန်ခဲ့ချေ။ ဖေးယီကျန့်သေ ဆုံးခြင်းသည် သူ့အစီအစဉ်အတွက် အရေးကြီးသောအပိုင်းဖြစ်သော်လည်း ဖေးယွင်ကျင်းအား သူတို့ဘက်သို့စည်းရုံးမှုမအောင်မြင်သေးချေ။
ယခင်က စေလွှတ်ခဲ့သောလူမှာအောင်မြင်သည်ဟုဆိုခဲ့သော် လည်း အတုအယောင်ဖြစ်ခဲ့သဖြင့် စီမံကိန်းတစ်ခုလုံးအား နှောင့်နှေးစေခဲ့သည်။
မကြာသေးခင်က ကံမကောင်းမှုများနှင့် စီမံကိန်းများမအောင် မြင်မှုများကြောင့် သခင်ကြီးပေထန်တွင် အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။
အကယ်၍ ဖေးမိသားစုမှ လျှို့ဝှက်အစီအစဉ်အား သိရှိသွားပါက အရာအားလုံးအချည်းနှီးဖြစ်သွားမည်ကို စိုးရိမ်လျက် အဆုံးသတ်ရန်စဉ်းစားနေသည်။
"နှစ်လ" သခင်ကြီးပေထန် ပေထန်ယောင်အား စိုက်ကြည့်လိုက်သည်။
"ဒီနှစ်လအတွင်း ဘာကိုမှ စိတ်မပူနဲ့၊ ငါ ကိုင်တွယ်လိုက်မယ်"
နှစ်လကြာပြီးနောက်တွင် ဖေးယွင်ကျင်းအား စည်းရုံးနိုင်သည်ဖြစ်စေ၊ မစည်းရုံးနိုင်သည်ဖြစ်စေ ဖေးယီကျန့် သေကို သေရမည်။ ဖေးမိသားစုသည်လည်း ရှုပ်ထွေးနေရမည်။
ထိုအခါမှသာ ပေထန်မိသားစုတွင် အခွင့်အရေးရှိမည်ဖြစ် သည်။
နန်ယု၏စိတ်ခံစားမှုမှာ ပေထန်မိသားစုနှင့် လုံးဝကွဲပြားနေ သည်။ သူမ ပေထန်မိသားစုအား လုံးဝမဖြိုချနိုင်လျှင်ပင် သူတို့ကို အကျိုးဆက်များခံစားရပါက ပျော်ရွှင်ရလိမ့်မည်။
သူမ ပိုက်ဆံရနေသည်ကို မဆိုထားနှင့်။
နန်အုပ်စုတွင် သူမ ရှယ်ယာများ ပိုင်ဆိုင်ထားသောကြောင့် နန် Group စတော့ဈေးတက်ခြင်းမှာ သူ ပိုင်ဆိုင်မှုအားပိုကြွယ်ဝစေခဲ့သည်။
ဘာမှမလုပ်ဘဲ ပိုက်ဆံရသည့် ခံစားမှုမှာ အလွန်ကောင်းလွန်းသောကြောင့် သူမ ချက်ချင်းပင် ဇိမ်ခံပစ္စည်းများအများအပြားကို မှာယူခဲ့သည်။ ၎င်းတို့အားလုံးကို ဘယ်တော့မှ မသုံးနိုင်ရင်တောင်မှ ဝယ်လိုက်ရခြင်းကို သူမ အရမ်းကြိုက်သည်။ ပိုက်ဆံသုံးရခြင်းရဲ့ရည်ရွယ်ချက်က ပျော်ရွှင်ဖို့မဟုတ်ဘူးလား ?
နန်ယု အလွန်ပျော်ရွှင်နေသဖြင့် တုကျောင်းကျောင်းနှင့် ရှူယွီဝေတို့ထံမှ ရောက်လာသည့် စာများကိုဘလော့လိုက်သည်။ ယခင်တစ်ခါကလို သူတို့အား လှည့်စားရန်ကြိုးစားမည့်အစား ရိုးရိုးရှင်းရှင်း ပိတ်လိုက်ခြင်းမှာ ပိုကောင်းသည်။
ဤလူနှစ်ဦး နန်ယု၏နာမည်ကြီးမှုတွင် ဝင်ပါရန်ကြိုးစားနေ သည်ကို မြင်ရခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်း သောကြောင့် ဖြစ်သည်။
ထို့နောက်တွင် ဖေးရှင်းလင်ဆီမှ ဖုန်းခေါ်ဆိုမှုရောက်လာခဲ့သည်။ ဖေးရှင်းလင် ဖေးမိသားစု၏သခင်မလေးအနေဖြင့် အင်တာနက်နာမည်ကြီးများကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ခြင်းမှာ ကိုယ်ကျင့်တရားမဲ့ကြောင်း စတင်ပြောဆိုခဲ့သည်။
ဘုန်း—
နန်ယု ဖုန်းအားချပစ်ပြီး တိုက်ရိုက် ပိတ်ဆို့လိုက်သည်။ ဖေးရှင်းလင် သတ္တိရှိပါက သူမအား လာရောက်ရိုက်နှက်နိုင်သော် လည်း ဘယ်သူက အနိုင်ရမည်ကိုမရှင်းလင်းသေးပေ။
"အန်တီ~"
ထိုအချိန်တွင် ဖေးယွင်ကျင်း မျက်နှာရဲရဲနီနေပြီး နန်ယုကို ကျော်ဖြတ်ကာ ပြေးလာခဲ့သည်။ နန်ယု တုံ့ပြန်ရန် အချိန်မရမီမှာပင် သူသည် မျက်တောင်တစ်ခတ်အတွင်းပျောက်ကွယ်သွားခဲ့သည်။
၎င်းမှာ ရိုးရှင်းသော ယဉ်ကျေးသည့် နှုတ်ဆက်မှုတစ်ခုမျှသာ ဖြစ်ပုံရသည်။
နန်ယု လီရီပိုင် လာရောက်ကစားသည်ကို ဂရုမစိုက်သော် လည်း၊ ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်နေသော သူမအား မြင် သည်နှင့် လီရီပိုင် လက်များကိုကျောနောက်သို့ ဖွက်ထားလိုက်ပြီး ပုဇွန်တစ်ကောင်လို ကမန်းကတန်းကွေ့ပတ်ထွက်ခွာသွားသည်။
"မင်္ဂလာ ညနေခင်းပါ၊ နန်ကျဲ"
သူသည် သူ့လက်ထဲမှအရာအား နန်ယု မမြင်စေရန် ဖုံးကွယ်လိုနေခြင်းမှာထင်ရှားသည်။
နန်ယု သူ လဲကျသွားမည်ကို စိတ်ပူမိသော်လည်း စကားမပြောရမီမှာပင် လီရီပိုင် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
"ကောင်းပြီ၊ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိနေတယ်"
နန်ယု ခန့်မှန်းလိုက်သည်။
"သခင်မလေး၊ ခုနက ရောက်လာတာ သခင်လေးရီပိုင် မဟုတ်လား ?"
ဦးလေးကျိုး လတ်ဆတ်သော သစ်သီးဖျော်ရည်နှင့် သစ်သီးလှီးထားသော ဗန်းအားကိုင်လာသည်။
"ဟုတ်တယ်၊ ကလေးနှစ်ယောက်က လျှို့ဝှက်ချက်တစ်ခုခုရှိနေတဲ့ပုံပဲ၊ ကျွန်မဆီကနေ ဖုံးကွယ်ထားတာ"
နန်ယု ဖျော်ရည်တစ်ငုံသောက်ရင်း ပြန်ဖြေသည်။ သူတို့ ဘာလုပ်နေလဲဆိုတာကို သူမ တကယ်သိချင်သော်လည်း ကလေးများ၏ကိုယ်ပိုင်အခွင့်အရေးအား လေးစားရန်လိုအပ်သည်ဟု ယူဆသည်။
ဦးလေးကျိုးကမူ ပိုမိုပြဇာတ်ဆန်စွာတုံ့ပြန်ပြီး စိတ်ခံစားမှုအပြည့်ရှိသော အကြည့်ဖြင့်ပြောလာသည်။
"သခင်လေးတွေ ကြီးလာကြပြီ၊ သူတို့ရဲ့သူပုန်စိတ်က စောပြီး ရောက်လာတာများလား?"
သူပုန်စိတ်လား ?
( သူပုန်စိတ် - မိဘများအားဆန့်ကျင်သောအဆင့်" ဒါမှမဟုတ် "ပုန်ကန်တတ်သော သဘောထားများရှိလာသည့်အချိန်)
နန်ယုကမူ အသက်လေးနှစ်အရွယ်တွင် သူပုန်စိတ်စော၍ ရောက်လာမည်ကို မယုံနိုင်ဘဲ စကားမပြောနိုင်ဖြစ်သွားသည်။
နန်ယု ဦးလေးကျိုး စိတ်ပူနေကြောင်းနားလည်သောကြောင့် သူ့အား စိတ်အနှောင့်အယှက်မဖြစ်စေရန် ထိုအကြောင်းအရာကို ဆက်လက်မပြောဆိုတော့ဘဲ ရှောင်ကွင်းလိုက်သည်။
ရက်အနည်းငယ်ကြာသည့်တိုင် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ ၏ထူးဆန်းသော အပြုအမူများမှာမရပ်တန့်ခဲ့ချေ။ ၎င်းတို့ သည် တွေ့ဆုံသည်နှင့် ဖေးယွင်ကျင်းအခန်းထဲသို့ အကြောင်း ရင်းမသိဘဲပုန်းအောင်းနေကြသည်။ နန်ယုအား မြင်လျှင် အဆင်ပြေလျှင်ပင် အော်ဟစ်၍ပြေးထွက်သွားကြသဖြင့် မသိသူဆိုလျှင် နန်ယုကို လူဆိုးဟုထင်မှတ်ဖွယ်ရှိသည်။
ဘာတွေဖြစ်နေတာလဲ ?
နန်ယု မေးမြန်းရန်ဆုံးဖြတ်လိုက်သည်။ ကလေးနှစ်ဦး အခန်းထဲ ထပ်ပုန်းနေချိန်တွင် သူမ တံခါးအား ခေါက်လိုက်သည်။
"ရှောင်ကျင်း၊ ရီပိုင်၊ အောက်ဆင်းပြီး သစ်သီးစားကြဦး"
ထိုအခါ နန်ယု ကွဲအက်သံတစ်ခုကြားလိုက်ရသည်။ ခဏအကြာတွင် တံခါးအနည်းငယ်ပွင့်လာပြီး ဖေးယွင်ကျင်း ခေါင်းပြူထွက်လာသည်။ ဖေးယွင်ကျင်း တံခါးအပြင်ဘက်သို့ ခေါင်းကိုသာ ထုတ်ကြည့်ပြီး၊ နန်ယုအား မကြည့်ဘဲ မျက်လွှာချထားသည်။
"အန်တီ၊ ရှောင်ပိုင်နဲ့ ကျွန်တော် ဗိုက်မဆာဘူး၊ သစ်သီးလည်း မစားချင်ဘူး အန်တီ၊ ကျေးဇူးတင်ပါတယ်"
"မင်းတို့ အထဲမှာ ဘာလုပ်နေကြတာလဲ ? ခုနက တစ်ခုခုပြုတ်ကျတဲ့ အသံကြားလိုက်ရသလိုပဲ"
နန်ယု မေးလိုက်သည်။ တံခါးအပေါက်မှ အခန်းထောင့်ကိုမြင်ရသည်မှာ ပုံမှန်ပင်။
နန်ယု တံခါးအား ချက်ချင်းမတွန်းဖွင့်ဘဲ ဖေးယွင်ကျင်း စကား ပြောရန် စောင့်နေသော်လည်း ဖေးယွင်ကျင်းကမူ “မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ဘာမှ မရှိပါဘူး!” ဟု လျင်မြန်စွာ ငြင်းဆိုလိုက်သည်။ သူအမူအရာမှာ သူ တစ်ခါမှ မလိမ်ဖူးကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
နန်ယု ယုံကြည်ဟန်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ သူမ အနည်းငယ် လှမ်းသွားသည်နှင့် သက်ပြင်းချလိုက်သော အသံသေးသေးလေးကို ကြားလိုက်ရပြီးနောက် တံခါးပိတ်သံအားကြားလိုက်ရသည်။
မိဘပညာပေးစာအုပ်တွေ ဝယ်သင့်လား ?
သူမ ကလေး၏အတွေးအခေါ်များကို ဉာဏ်မမီတော့ဟု ခံစားနေရသည်။
မိဘပညာပေးစာအုပ် မရောက်လာမီတွင် နန်ယု မားမားနန်ဆီမှ ဖုန်းခေါ်ဆိုမှုရောက်လာသည်။
"သမီးလေး၊ ဒီနှစ် မွေးနေ့ကို ဘယ်လို ကျင်းပမလဲ ?"
"အရင်နှစ်တွေကလို မွေးနေ့ပွဲလုပ်မှာလား ?"
မိခင်၏သတိပေးမှုကြောင့် သူ့ မွေးနေ့ရောက်တော့မည်ဖြစ် ကြောင်း နန်ယု သတိရသွားသည်။
ဇူလိုင်လ ၂၅ ရက်၊ အဲဒါက တစ်ပတ်လောက် လိုသေးတယ်။
"မလုပ်တော့ဘူး၊ အဲ့ဒီလူတွေကိုမြင်ရတာ စိတ်ရှုပ်တယ်"
နန်ယု ချက်ချင်း ငြင်းဆိုခဲ့သည်။ ထိုသို့သော ပါတီပွဲများမှာ အချိန်နှင့်ဘဝကို ဖြုန်းတီးခြင်းသာဖြစ်ပြီး သူ လုံးဝမလိုချင်ပေ။
သူမ မွေးနေ့အား မည်သို့ ကျင်းပရမည်ကို မစဉ်းစားနိုင်မီတွင် နန်ယု ရုတ်တရက် အသိဉာဏ်ပွင့်သွားသကဲ့သို့ ဖေးယွင်ကျင်းနှင့်လီရီပိုင်တို့၏ပုံမှန်မဟုတ်သော အပြုအမူများ၏ အကြောင်းရင်းကို ရုတ်တရက် သိလိုက်သည်။
ဒီကလေးနှစ်ယောက် သူ့အတွက် မွေးနေ့လက်ဆောင်ပြင်ဆင်နေကြတာလား ?