အခန်း (၄၄)
Vol. 5 Ch. 44
နန်ယုမိခင်ထံမှ ဖုန်းခေါ်ဆိုမှုအပြီးတွင် နန်ကျီထံမှ သူ့ မွေးနေ့အကြောင်း ထပ်မံဖုန်းလက်ခံရရှိခဲ့သည်။
သဘောတူထားသလိုပင်၊ နန်ယု မိခင်နှင့် နန်ကျီတို့နှစ်ဦးမှာ တစ်ယောက်ပြီးတစ်ယောက် သူမဆီ ဖုန်းဆက်ခဲ့ကြသည်။
နန်မိသားစုတွင် နန်ယု မွေးနေ့မှာ လူတိုင်းတန်ဖိုးထားသည့် နေ့တစ်နေ့ ဖြစ်သည်။ ၎င်းမှာ အသက်ပြည့်သည့်နှစ် သို့မဟုတ် အရွယ်ရောက်သည့်နှစ် မဟုတ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မမေ့မလျော့ဘဲ သတိရနေကြသည်။
"ညီမလေး နင့်ကောက ချမ်းသာတယ်၊ နင် ဘာလုပ်ချင်လဲ ကြိုက်တာလုပ်လို့ရတယ်"
ဖုန်းထဲမှ နန်ကျီ၏အသံနေအထားမှာ ရုတ်တရက်ကြီးပွားချမ်း သာလာသူ တစ်ဦးကဲ့သို့သော မောက်မာဝင့်ကြွားမှုဖြင့်ပြည့်နှက်နေသည်။ နန်ယု ထိုအခိုက်အတန့်တွင် အန်းနင်၏ရယ်သံသဲ့သဲ့ကိုပင် ကြားလိုက်ရသယောင်ထင်မှတ်မိသည်။
သူတို့ မောင်နှမနှစ်ယောက် အတူတူအချိန်ပိုမိုကုန်ဆုံးလာသည်နှင့်အမျှ နန်ယု နန်ကျီ၏ပေါ့ပေါ့ဆဆနိုင်သော သဘော ထားနှင့် တည်ငြိမ်မှုမရှိသော အမူအရာအားပိုသတိထားမိလာသည်။
"ငါ လဆီ သွားချင်တယ်ဆိုရင်ရော ?"
နန်ယု၏စနောက်မေးမြန်းမှုအား နန်ကျီ ချက်ချင်းပင်ပြန်လည် တုံ့ပြန်လိုက်သည်။
"ဘာပြဿနာမှ မရှိဘူး!"
"လပေါ် ဆင်းသက်ဖို့နေရာကျန်သေးလားဆိုတာ မေးကြည့်လိုက်မယ်လေ ပြီးရင် အကုန်လုံးကိုဘ်ုကင်တင်လိုက်မယ်!"
"ဒါမှမဟုတ် လပေါ်သွားမယ့် ဒုံးပျံဘယ်လောက်ကုန်ကျမလဲ ဆိုတာ စုံစမ်းလိုက်မယ်! ငါတို့ မိသားစုလိုက်သွားလို့ရတယ်"
နန်ယု: "...ဟက်~"
"တော်ပြီ၊ ရယ်စရာတွေ မပြောနဲ့တော့၊ ဒီနှစ်တော့ ငါ ပါတီမလုပ်ချင်ဘူး၊ လူအများကြီးလည်းမဖိတ်ချင်ဘူး၊ အရမ်းလည်း မပင်ပန်းချင်ဘူး"
နန်ယု မွေးနေ့အားမျှော်လင့်ရသည့် အရွယ်တော့ မဟုတ်တော့သဖြင့် ဖြစ်နိုင်လျှင် မွေးနေ့ပွဲ လုံးဝမလုပ်ချင်တော့ဟုပင်ပြောချင်နေခဲ့သည်။
သို့သော် နန်ယု (မူလ နန်ယု)၏ စိတ်ရင်းအစစ်မှာမူ မတူပေ။ သူမသည် နှစ်စဉ် မွေးနေ့အားအလေးအနက်ထား ကျင်းပလေ့ရှိသည်။ အကြောင်းမှာ ထိုနေ့သည် သူမ ဖေးယီကျန့်အားမြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့ရသည့်နေ့ ဖြစ်သောကြောင့် သူမအ တွက် အမှတ်တရများစွာရှိသော နေ့တစ်နေ့ ဖြစ်နေသော ကြောင့်ပင်။
နန်ယု မိခင်ဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်သည်။ မားမားနန်ဂရုတစိုက် ပြင်ဆင်ထားပုံရသည့် ရွေးချယ်စရာအချို့အား စိတ်လှုပ်ရှားစွာတင်ပြခဲ့သော်လည်း သူ မငြင်းဆိုဘဲ စဉ်းစားကြည့်ဦးမည်ဟုသာပြောခဲ့သည်။
သို့သော် နန်ကျီနှင့် စကားပြောသည့်အခါတွင်မူ စိုးရိမ်ပူပန်မှုများကင်းမဲ့စွာဖြင့် မိမိလိုချင်သော တောင်းဆိုမှုများကိုတိုက် ရိုက် ပြုလုပ်ခဲ့သည်။ ဤကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ ပြောဆိုဆက်ဆံနိုင်ခြင်းကပင် သူမ နန်ကျီအား အစ်ကိုဟုခေါ်ဆိုရခြင်း အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။
“ပါတီ မလုပ်ဘူးတဲ့လား...”
နန်ကျီ စဉ်းစားခန်းဝင်သွားသည်။ သူ့ ကိုယ်တိုင်မွေးနေ့ကိုပင် ဤမျှ အလေးအနက်မထားခဲ့ဖူးပေ။ သို့သော် နန်ယုကား သူ့မိသားစုမှ အငယ်ဆုံးသခင်မလေးဖြစ်နေသောကြောင့် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးရမည်သာ။
ဧည့်သည်များ မဖိတ်ကြားရုံဖြင့် လူနည်းနည်းဟူသောအချက်မှာ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သောအရာဖြစ်သည်။
"ငါ့ကို တစ်ရက်အချိန်ပေး၊ နင့်အတွက် ပြီးပြည့်စုံတဲ့ အစီအ စဉ်တစ်ခုကို သေချာပေါက် စီစဉ်ပေးမယ်!"
"ကောင်းပါပြီ၊ ဥက္ကဌနန်၊ ရှင်နဲ့ ရှင်ရဲ့ကျွမ်းကျင်အဖွဲ့ကို ကျွန်မ ယုံကြည်ပါတယ်"
မောင်နှမနှစ်ယောက် သူတို့၏စကားပြောသရုပ်ဆောင်မှုပြီး ဆုံးသွားသည့်နောက် နန်ယု ဖုန်းချလိုက်ပြီး ဖေးယွင်ကျင်း အခန်းအား လှမ်းကြည့်လိုက်သည်။
နန်ယု ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ပြုလုပ်နေကြသော လက် ဆောင်လေးများ မည်သို့မည်ပုံဖြစ်နေမည်ကို စိတ်ဝင်တစား သိချင်နေခဲ့သည်။
နန်ကျီ မွေးနေ့စီစဉ်ရန်အတွက် ကျွမ်းကျင်သူများကိုအမှန်တကယ် ငှားရမ်းခဲ့သလောဟု သူမ တွေးတောနေစဉ်မှာပင်၊ ထိုညနေတွင် မတူညီသော အစီအစဉ် (၈) ခုအား လက်ခံရရှိခဲ့လေသည်။
လျှိုလုကျယ် ကိုယ်တိုင်အစီရင်ခံစာကို လာရောက်တင်ပြခဲ့ရာ ၎င်းမှာ ပရောဂျက်တစ်ခုနှင့်တူနေသည်ဟု ခံစားရသည်။
"ကျွန်မ ကောက အမြဲတမ်း ရှင့်ကိုဒုက္ခပေးနေတော့တာပဲ"
နန်ယု နဖူးကိုလက်ဖြင့် အုပ်ကာပြောလိုက်သည်။ လျှိုလုကျယ် အစီအစဉ်များအား အလေးအနက်ရှင်းပြရန် ပြင်ဆင်နေသည်ကို သူမ မြင်လိုက်ရသည်။
"ရတယ်၊ ရတယ်၊ ဒါတွေကို ဒီမှာ ထားခဲ့လိုက်ပါ၊ ကျွန်မ ကိုယ် တိုင် ကြည့်လိုက်ပါ့မယ်"
လျှိုလုကျယ် ပြုံးလိုက်ပြီး "သခင်မလေး၊ ဒါကျွန်တော့်အလုပ်ပါ၊ အားနာစရာမလိုပါဘူး"
နန်ယု: "...ကျွန်မကော ရှင့်ကို တစ်လ ဘယ်လောက်ပေးထားလဲဆိုတာ မေးလို့ရမလား? သူ့နဲ့ ပူးပေါင်းပါဝင်ပြီး အလုပ်လုပ်ရတာ အရမ်းပျော်နေတဲ့ပုံပဲ”
လက်ထောက်လျှိုလုကျယ် အဓိပ္ပာယ်ရှိရှိပြုံးလိုက်ပြီး "သခင်မလေး၊ ကျွန်တော် Nan Gp မှာ ရှယ်ယာတစ်ချို့ပိုင်ဆိုင်ထားပါတယ်"
နန်ယု: "...ကျွန်မ သဘောပေါက်ပြီ"
ဤသည်မှာ လုံလောက်သောပိုက်ဆံပေးနိုင်လျှင် ကုမ္ပဏီကိုပင် ဦးစီးနိုင်သည့် ဒဏ္ဍာရီလာပါရမီရှင်ဖြစ်သည်။
နန်ယု သူ့အား ဆက်လက်အနှောင့်အယှက် မပေးတော့ဘဲ လျှိုလုကျယ်အား အစီအစဉ်အချို့၏အကြောင်းအရာများကို အကျဉ်းချုပ် ရှင်းပြခိုင်းပြီးနောက် ဦးလေးကျိုးကိုလိုက်ပို့ခိုင်းခဲ့သည်။
သို့သော် သူ ထွက်သွားပြီဟု သေချာသည်နှင့် နန်ယု နန်ကျီအား တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်သည်။
"ဟေး၊ ဘာဖြစ်လို့လဲ ညီမလေး ? ငါ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားတာလား ?"
နန်ကျီ ဖုန်းအား လျင်မြန်စွာကိုင်လိုက်ပြီး သူ့ လေသံမှာပေါ့ပေါ့ပါးပါးပင်။
"လုကျယ်ရဲ့ အစီရင်ခံစာ ဘယ်လိုနေလဲ ?"
နန်ယု လှောင်ပြုံးပြကာ “အမှန်အတိုင်းပြော၊ ကော ဘာလုပ်ချင်နေတာလဲ ?”
"ဘာကို ဘာလုပ်ချင်နေတာလဲ ?" နန်ကျီ လေသံမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
— သူ ယုံလောက်အောင် သရုပ်ဆောင်နိုင်ခဲ့သည်။
နန်ယု စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
"ဟန်ဆောင်မနေပါနဲ့တော့ ဘာလို့ လျှိုလုကျယ်ကို ဒီကိုလွှတ် လိုက်တာလဲ ? အစီအစဉ်တင်ပြဖို့လို့ မပြောနဲ့!"
နန်ယု ပထမတော့ အများကြီးမတွေးခဲ့သော်လည်း ဦးလေးကျိုး လျှိုလုကျယ်အား စူးစမ်းသလို၊ သနားသလိုအကြည့်ဖြင့် ကြည့်နေသည်ကိုမြင်လိုက်သောအခါ သူ ရုတ်တရက် အသိ ဉာဏ်ပွင့်သွားခဲ့သည်။
ဦးလေးကျိုးသည် နန်ယု ကွာရှင်းရန် စီစဉ်နေသည်ကိုမသိသောကြောင့် လျှိုလုကျယ်အားလက်ထပ်ရန် ကောင်းသောလူဟု ထင်ကာ ထိုသို့သနားသည့် အကြည့်ဖြင့် ကြည့်ခဲ့ခြင်းဖြစ်နိုင်သည်။
သို့သော် နန်ကျီကမူ သိရှိခဲ့သည်။
နန်ကျီတွင် လျှိုလုကျယ်ထက် အခြားသောလက်ထောက်များ ရှိနေပြီး၊ ဤမျှ ကိစ္စသေးသေးလေးအတွက် အလုပ်များသော လက်ထောက်အားစေလွှတ်ရန်မလိုအပ်ပေ။
၎င်းမှာ မောင်နှမများကြား နောက်ပြောင်မှုသာဆိုပါက နန်ကျီ ဤမျှ အရည်အချင်းရှိသူအား အချိန်ဖြုန်းမည်မဟုတ်ချေ။
သို့ဖြစ်လျှင်...
"ဟီး ဟီး ဟီး၊ လုကျယ်ကို ဘယ်လိုထင်လဲ ?"
နန်ယု မေးခွန်းထုတ်လိုက်သည်နှင့် နန်ကျီ သူ့ရည်ရွယ်ချက်အစစ်အမှန်အား ဆက်လက်မဖုံးကွယ်တော့ပေ။
နန်ယု: "..."
"ဘယ်တုန်းက ယွဲ့လောင် ဖြစ်သွားတာလဲ ?"
[ ယွဲ့လောင် - ဖူးစာရေးနတ် ]
နန်အုပ်စုရဲ့သူဌေးက ဒီလို အတင်းအဖျင်းစကားပြောနေတာကို ဝန်ထမ်းတွေ သိကြရဲ့လား ?!
နန်ကျီ သူ့ညီမ ကောင်းကျိုးကိုသာ အာရုံစိုက်နေသောကြောင့် ထိုသို့သော စနောက်ပြောင်လှောင်မှုများကို လုံးဝဂရုမစိုက်ပေ။
"ဒါက စည်းစိမ်ဥစ္စာကို မိသားစုအတွင်းမှာပဲ ထိန်းထားတာလို့ ခေါ်တယ်၊ သိလား ? ညီမလေး စိတ်မပူပါနဲ့၊ နင့် အတွက် ငါ အကုန်ဆန်းစစ်ပြီးသား၊ လုကျယ်က စိတ်ကောင်းရှိတယ်၊ ဂရုစိုက်တတ်တယ်၊ ပြီးတော့ အကျင့်ဆိုးလည်း လုံးဝမရှိဘူး။ သူက နင်နဲ့ အံကိုက်ပါပဲ!"
နန်ကျီ သူ့ညီမ၏ စရိုက်လက္ခဏာအား ကောင်းကောင်းသိရှိထားသူဖြစ်သည်။
နန်ယုအတွက် သူ့အား သည်းခံနားလည်ပေးပြီး အလိုဆန္ဒအ လျောက် ဂရုစိုက်စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်လို အပ်သည်ကို နန်ကျီ သိသည်။ အဲ့ဒီစကားလုံးက ဘာလဲ ? အော်... သိပြီ!
အမျိုးသားမိခင်!
(T/N- အမျိုးသားမိခင်ဆိုတာက ကိုယ့်ချစ်သူ၊ ဒါမှမဟုတ် မိသားစုဝင်ကို ကလေးတစ်ယောက်လို ဂရုစိုက်ပေးတတ်ပါတယ်။ အသေးအဖွဲကိစ္စလေးတွေကအစ အားလုံးကို မမေ့မလျော့ဘဲ စီစဉ်ပေးတတ်တဲ့သူမျိုးလို့ပြောလို့ရတယ်)
နန်ကျီ လူများအား ရမ်းသမ်း၍မိတ်ဆက်ပေးရုံမျှသာ မဟုတ်ပေ။ နန်ယုအပေါ် ၌ လျိုလုကျယ် ခံစားချက်အချို့တော့ရှိရမည်ဟု သူ ခိုင်မြဲစွာယုံကြည်ထားသည်။
ထို့ကြောင့် သူ လျိုလုကျယ်၏ စိတ်ခံစားမှုအား လျှို့ဝှက်စမ်း သပ်ကြည့်ခဲ့ဖူးသည်။ သူတို့ နှစ်ယောက်တည်းရှိသည့်အချိန်တွင် နန်ယု ဖေးယီကျန့်နှင့်ကွာရှင်းချင်ပုံရကြောင်း နန်ကျီ တမင်တကာ စကားချီခဲ့ပြီး လျိုလုကျယ်၏သဘောထားအား မေးမြန်းခဲ့သည်။
လျှိုလုကျယ်မှ သခင်မလေး၏ဆုံးဖြတ်ချက်များကို ထောက်ခံကြောင်း လေးလေးနက်နက် ပြောဆိုခဲ့သော်လည်း၊ တကယ် တမ်းတွင်မူ သူ့ နှုတ်ခမ်းထောင့်များမှာ ပျော်ရွှင်မှုကြောင့် 0.5 ဒီဂရီခန့် မြင့်တက်နေသည်မှာ သေချာသည်။
နန်ကျီ ထိုသည်အား ရဲရဲကြီးအာမခံပြီးကျိန်ဆိုရဲသည်။
"အစ်ကို၊ ညီမ အခုလက်ထပ်ပြီးသားဆိုတာ ထပ်ပြီးသတိပေးပါရစေ!”
ဒီလူ့စိတ်ထဲ တစ်နေကုန် ဘာတွေရှိနေတာလဲ ? နန်အုပ်စုက သူ့လက်ထဲမှာ တကယ်ဒေဝါလီခံရတော့မှာ မဟုတ်ဘူးလား?
မမျှော်လင့်ဘဲ နန်ကျီ ကိုယ်ကျင့်တရားမဲ့စွာဖြင့် ယုံကြည်မှုရှိစွာ ပြောခဲ့သည်။
"အခု လုကျယ်နဲ့တွဲခိုင်းနေတာ မဟုတ်ဘူးလေ၊ မင်းတို့ ဆက် ဆံရေးကို အရင်မွေးမြူထားပေါ့၊ မင်း ကွာရှင်းတဲ့အချိန်ကျရင် အားလုံးနီးပါး အဆင်သင့်ဖြစ်နေလိမ့်မယ်လေ"
နန်ယု: "...အခုတော့ ကျွန်မ အမျိုးသားတစ်ယောက်မလိုအပ်သေးဘူး"
နန်ကျီ: "ညီမလေး၊ ဆုံးရှုံးသွားတဲ့ ဆက်ဆံရေးတစ်ခုကိုကျော် လွှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက အသစ်တစ်ခုစတင်ဖို့ပဲ၊ မင်း ငါ့ကို ယုံရမယ်"
နန်ယု: "... လျှိုလုကျယ်ကို စိတ်မဝင်စားပါဘူးဆို"
နန်ကျီ: "တကယ်လား ? ဒါဆို နင် ဖေးယီကျန့်လို နတ်ဘုရားဆန်တဲ့ ပုံစံမျိုးကိုကြိုက်တာလား? ငါ အဲ့လို လူတစ်ယောက်ကို သိတယ်၊ နင် အချိန်ရရင် မကြာခင် ညစာစားဖို့သွားလို့ရတယ်"
နန်ယု: "...လစ်~!"
သူ နန်ကျီနှင့် စကားဆက်မပြောလိုတော့သဖြင့် ဖုန်းချလိုက်သည်။
နန်ကျီ သူမအား ပျက်ပြားနေသည့် ဆက်ဆံရေးတွင် ဆက် လက်နစ်မွန်းနေမည်ကို စိုးရိမ်နေကြောင်းနားလည်သည်။ သို့ သော်! သူမသည် မူလ နန်ယုမဟုတ်တော့ပေ။
ဖေးယီကျန့်အပေါ် မည်သည့် ခံစားချက်မှမရှိသလို၊ ကွာရှင်းပြီးနောက်တွင်လည်း စိတ်မကောင်းဖြစ်စရာအကြောင်းမရှိပေ။ နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် ပြဿနာများနှင့် ပတ်သက်၍မူ...
နန်ယု နောင်တစ်ချိန်တွင် လက်ထပ်ခြင်း သို့မဟုတ် ကလေးယူခြင်းအား လုံးဝမတွေးတော့ပေ။ သင့်လျော်သော အမျိုးသားတစ်ဦးကို တွေ့ရှိပါက အတူနေထိုင်ကြမည်။ မဟုတ်ပါကလည်း တစ်ကိုယ်တည်းနေလိုက်မည်။
ထိုကဲ့သို့သော အမျိုးသားမျိုး ဘယ်တော့မှမပေါ်လာလျှင်လည်း သူမ ဂရုမစိုက်ပေ။ ငွေရှိပါက ပျင်းရိမည်ကို အဘယ့်ကြောင့် စိုးရိမ်နေရမည်နည်း ?
သို့သော် နန်ကျီ၏ ပုံစံမျိုးမြင်ရသောအခါ ပါးပါးနန်နှင့် မားမားနန်တ်ု့လည်း စိတ်ပူနေကြလိမ့်မည်။ သူမ ၎င်းတို့၏စိုးရိမ်ပူပန်မှုများအား ဖြေရှင်းပေးရန် မိမိ၏အတွေးအခေါ်များကို အလေးအနက်ထားဖော်ပြဖို့ အခွင့်အရေးတစ်ခုရှာဖွေရမည်ဖြစ်သည်။
ထိုသူများသည် နန်ယုအား သူတို့၏နှလုံးသားအပြည့်ဖြင့် တကယ်ချစ်ကြသည်ဖြစ်ရာ သူမ ဆုံးဖြတ်ချက်ကိုနားလည်ပေးလိမ့်မည်ဟု နန်ယု ယုံကြည်သည်။
ဤသို့ စဉ်းစားပြီးနောက် နန်ယု ဖုန်းချပြီး အပေါ်ထပ်ကိုတက်ရန် ပြင်ဆင်နေစဉ် သူ့ နောက်တွင် ဖေးယွင်ကျင်းရပ်နေသည်ကို မြင်လိုက်ရသည်။
"ဟင် ? ငါ့ဆီက မပုန်းတော့ဘူးလား ?"
နန်ယု နောက်ပြောင်လိုက်သော်လည်း ဖေးယွင်ကျင်း သူမအား လေးလေးနက်နက်ကြည့်လိုက်သည်။
"အန်တီ၊ အန်တီ ကြိုက်တဲ့သူရှိရင် ရှောင်ကျင်းအတွက်ကြောင့် လက်လွှတ်မခံပါနဲ့"
နန်ယု: "...မင်း ဘယ်လို TV Series တွေ ကြည့်နေတာလဲ ?"
ဖေးယွင်ကျင်း ခေါင်းအားစောင်းပြီး စဉ်းစားဟန်ဖြင့်ပြောလာသည်။
"အများကြီးပဲ၊ အထဲမှာ လူဆိုးတစ်ယောက်ထားခဲ့တဲ့ ကလေးကိုပြုစုစောင့်ရှောက်ရတဲ့ ကျဲ တစ်ယောက်ရှိတယ်၊ အရမ်းခက်ခဲပြီး ပင်ပန်းတယ်၊ ရှောင်ကျင်း မကြိုက်ဘူး!"
ထိုသည်မှာ “အမျိုးသမီးသီလ”အားမြှင့်တင်သည့် နောက်ထပ် TV ဇာတ်လမ်းတွဲ တစ်ခုဖြစ်ရမည်။ နန်ယု မကြည့်ဘဲနှင့်ဇာတ် လမ်းအား အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။ သူ ဖေးယွင်ကျင်းအားပွေ့ချီလိုက်ပြီး အပေါ်ထပ်သို့တက်သွားခဲ့သည်။
"စိတ်မပူနဲ့၊ အန်တီ အဲ့လိုလုပ်မှာ မဟုတ်ဘူး၊ ငါ တကယ်ကြိုက်တဲ့သူ ရှိရင် သူ့ကို ရှောင်ကျင်းဆီကို သေချာပေါက်ခေါ်လာမှာပါ"
ဖေးယွင်ကျင်း ချက်ချင်းဆိုသလို စိတ်သက်သာရာရဟန်ဖြင့် ပြုံးလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် ကူစစ်ဆေးပေးပါ့မယ်၊ သူက လူဆိုးဆိုရင် ကျွန်တော်မောင်းထုတ်လိုက်မယ်!"
နန်ယု ထိုအကြောင်းအရာကို ဆက်မဆွေးနွေးလိုတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"မင်းနဲ့ ရီပိုင်တို့ လတ်တလော ဘာတွေလုပ်နေကြတာလဲ ?"
ဖေးယွင်ကျင်း မျက်နှာအမူအရာတောင့်တင်းသွားခဲ့သည်။ သူ နန်ယု၏ လက်မောင်းထဲမှ ငါးရံ့လေးတစ်ကောင်လိုလျှောထွက်သွားပြီး ပြေးရင်းဖြင့်လက်ပြခဲ့သည်။
"အန်တီ၊ ကျွန်တော် ရုတ်တရက် တစ်ခုခုသတိရသွားလို့ပါ၊ နှုတ်ဆက်ပါတယ် အန်တီ"
နန်ယု: "..."
မဟုတ်ဘူး၊ ငါ ထိန်းထားရမယ်၊ ငါ မရယ်ရဘူး!
မကြာခင် နန်ယု မွေးနေ့ရောက်လာခဲ့သည်။ နန်မိဘများမှာ ခရီးစဉ်မှ စောစောပြန်ရောက်လာခဲ့ပြီး၊ သခင်ကြီးနန်လည်း ကြီးမားခမ်းနားသော “လက်ဆောင်” တစ်ခုအားပေးရန်ပြင် ဆင်ထားခဲ့သည်။
နန်ကျီ၏အကြံပြုချက်အတိုင်း နန်ယု ရိုးရှင်းပြီးစိတ်အပန်းဖြေနိုင်သည့် ညစာစားပွဲကို ရွေးချယ်ခဲ့သည်။
နာမည်ကြီး ဖျော်ဖြေပွဲများမပါဝင်ရ၊ ဈေးကြီးလွန်းသော စားသောက်ဆိုင်များ မဟုတ်ရ၊ App စခရင်အဖွင့် ကြော်ငြာများလည်း မပါရဟု သူ မှာကြားခဲ့သည်။ ပါလာလျှင် နန်ကျီအား သူမ ရိုက်ထုတ်ရလိမ့်မည်။
မိသားစုဝင်များ အတူတကွထိုင်ကာ ရိုးရှင်းပြီးပျော်ရွှင်ဖွယ် ညစာကိုသုံးဆောင်ခဲ့ကြသည်။
ပွဲကျင်းပရာနေရာမှာ နန်မိသားစု၏ဘိုးဘွားအိမ်တော်ဖြစ်သည်။ နန်မိဘများ၊ နန်ကျီ၏မိသားစုတို့အပြင် နန်ယု လီရီပိုင်နှင့် လီယွမ်မိုကိုလည်း ဖိတ်ကြားခဲ့သည်။ သို့သော် လီယွမ်မိုမှာ လွန်ခဲ့သည့် နှစ်ရက်က လုပ်ငန်းကိစ္စဖြင့် ခရီးထွက်နေခဲ့ရသော ကြောင့် မလာနိုင်ခဲ့ပေ။ ထို့ကြောင့် သူ ကြိုတင်လက်ဆောင်ပို့ကာ တောင်းပန်ခဲ့သည်။
"နန်ကျဲ၊ ကျဲရဲ့အိမ်က အရမ်းကြီးတာပဲ!"
ကားထဲတွင် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ ပြတင်းပေါက်ကို မှီကာ လျင်မြန်စွာ ပြေးလွှားနေသည့် ရှုခင်းများအားကြည့်နေကြသည်။
ဤနေရာသည် နန်မိသားစုပိုင်ဖြစ်ကြောင်း သိလိုက်ရသော အခါ လီရီပိုင် သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။
"နန်ကျဲကို ထောက်ပံ့ဖို့ ပိုက်ဆံပိုရှာဖို့ လိုအပ်မယ်ထင်တယ်!"
ဒီကလေး အခုထိ အရှုံးမပေးသေးဘူးလား ?
နန်ယု သူတို့အား ခေါင်းများကိုအပြင်သို့ အလွန်အမင်း မထုတ်ဖို့နောက်ပြောင်သတိပေးရင်း ဖေးယွင်ကျင်း လက်မောင်းထဲရှိ လက်ဆောင်ပုံးကို တစ်ချက်ကြည့်လိုက်သည်။ ဤမျှ မရေမ ရာအခြေအနေတွင်ပင် သူ ထိုလက်ဆောင်အားလက်မလွှတ်ဘဲ နောက်မှ နန်ယုကိုကိုယ်တိုင်ပေးမည်ဟုပြောခဲ့သည်။
ဖေးယွင်ကျင်း ဦးလေးကျိုးအား ပုံးရှာခိုင်းခဲ့ပြီး သူ့အကူအညီကိုမတောင်းခံဘဲ ကိုယ်တိုင်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ လီရီပိုင်မှလွဲ၍ အတွင်းထဲ ဘာရှိသည်ကို မည်သူမျှမသိပေ။
“မင်္ဂလာပါ အဘွားနဲ့ အဘိုး၊ မင်္ဂလာပါ ဘိုးဘိုးကြီး”
နန်ကျီ၏မင်္ဂလာဆောင်ကြောင့် ဤသည်မှာ ဖေးယွင်ကျင်း နန်ယုမိသားစုနှင့် ပထမဆုံးတွေ့ဆုံခြင်းမဟုတ်ပေ။လီရီပိုင်လည်း ရွှင်ရွှင်လန်းလန်းရှိပြီး အန်းရီရန်လည်း အနီးအနားတွင်ရှိနေသောကြောင့် ခဏတာမတွေ့ခဲ့ကြသည့် ကလေးသုံးယောက်မှာ ချက်ချင်းခင်မင်ရင်းနှီးသွားကြသည်။
သူတို့သည် ယနေ့ နန်ယု၏မွေးနေ့ဖြစ်ကြောင်း သတိရကြသည်။ အန်းရီရန် နန်ယုအားမြင်သည်နှင့် ပထမဆုံးပြောလိုက်သည့် စကားမှာ မွေးနေ့ဆုတောင်းပင်။
၎င်းမှာ ကြည့်နေသော နန်ကျီအား အနည်းငယ်မနာလိုဖြစ်စေခဲ့သည်။ ဒီကလေးငယ်မှာ သူတို့အား အန်တီနှင့်အဘိုး၊ အဘွားဟုခေါ်နေပြီဖြစ်သော်လည်း သူ့ကိုတော့ အဖေဟုပင် မခေါ်သေးပေ။ တကယ်ပဲ သူ နောက်ထပ် ကလေးတစ်ယောက်ထပ်ယူသင့်ပြီ။
အိမ်တွင် ညစာစားပွဲသည် ဇိမ်ခံပြီး ခမ်းနားခြင်းမရှိဘဲ ဖျော် ဖြေဧည့်ခံရန် ဧည့်သည်များလည်းမရှိပေ။ ဆယ်ထပ်ကိတ် ထွက်လာပြီးနောက် နန်ယု ဆုတောင်းပေးသူများ၏အကြည့်များအောက်တွင် ဆုတောင်းခဲ့သည်။
[နှစ်သစ်မှာ လူတိုင်းဘေးကင်းပြီးကျန်းမာကြပါစေ]
မကြာမီ လူအများမျှော်လင့်နေသည့် လက်ဆောင်ပေးသည့်အချိန်ရောက်လာခဲ့သည်။ ပထမဆုံးမှာတော့ သခင်ကြီးနန် ဖြစ်သည်။
အဘိုး သူ့ဘေးက အိမ်တော်ထိန်းဆီကနေလက်ဆောင်စာရင်း ယူလိုက်တာလား ?
ထို့နောက် သူပြုံးရယ်လျက် နန်ယုအားကြည့်လိုက်ပြီး “ကွိုက်ပေါင် (ချစ်ရသောကလေး)က ဒီနှစ်ထဲ လက်ထပ်တော့မှာဆိုတော့ ကိုယ်ပိုင်ငွေစာရင်းလေး တစ်ခုလိုအပ်လာလိမ့်မယ်၊ အဲ့တော့ အဘိုးက နည်းနည်းပါးပါးစပွန်ဆာပေးမယ်”
— အဲ့ဒါကြည့်ရတာ လုံးဝနည်းနည်းပါးပါးနဲ့တူမနေဘူးနော်။
နန်ယု၏ခန်းမှန်းမှုမှာ ချက်ချင်းအမှန်ဖြစ်လာခဲ့သည်။
သူ လက်ဆောင်စာရင်းအားယူပြီး အပေါ်ဆုံးကိုလျင်မြန်စွာ ကြည့်လိုက်သောအခါ ဟိုနား ဒီနားရှိအိမ်များ... အတော်များများကိုတွေ့လိုက်ရသည်။ ကားအချို့လည်း ပါဝင်သည်။ ထို့ပြင် Nan Gp ၏ကုမ္ပဏီခွဲအချို့ရှိ ရှယ်ယာများ... အတော်များများလည်းစာရင်းတွင်ပါဝင်သည်။
အခြားသော လက်ဝတ်ရတနာများကိုတော့ ခဏဘေးဖယ်ထားလိုက်သည်။
“အဘိုး၊ ဘာလို့... သတ္တုတွင်းနှစ်ခုပါနေတာလဲ ?”
ထိုစကားလုံးများအား မြင်လိုက်ရသည့်အခါ နန်ယု မျက်လုံး များအနည်းငယ် ပြူးကျယ်သွားခဲ့သည်။
အဘိုးနန် အပြုံးမှာ မပြောင်းလဲဘဲ အရင်ကလိုပင် ချစ်ခင်အလိုလိုက်သည့်အသွင်ရှိနေခဲ့သည်။
"အိုး၊ တစ်ခုက ရွှေတွင်း၊ နောက်တစ်ခုက ကျောက်စိမ်းတွင်း၊ နောင်အနာဂတ်မှာ ကွိုက်ပေါင် လက်ဝတ်ရတနာတွေလုပ်ဖို့ ပိုပြီး အဆင်ပြေအောင်လို့ပါ”
— ကုန်ကြမ်းတွေကို ရင်းမြစ်ကနေတိုက်ရိုက်ယူဖို့လား ?
နန်ယု တိတ်ဆိတ်သွားခဲ့သည်။ သူ့ စိတ်ကူးစိတ်သန်းများမှာ အလွန်အကန့်အသတ်ရှိခဲ့ပြီး နန်မိသားစုခွန်အားကို များစွာ လျှော့တွက်ခဲ့မိကြောင်း ရုတ်တရက်သဘောပေါက်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် အဘိုး!"
၎င်းမှာ သူမ ဘဝ၌ ပြောခဲ့ဖူးသမျှထဲ အစစ်အမှန်ဆုံးကျေးဇူး တင်စကားဖြစ်သည်ဟုကျိန်ဆိုခဲ့သည်။