← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

"အဖေက၊ ဒီလိုဆိုရင် ကျွန်တော်တို့က ဘယ်လိုလက်ဆောင်တွေ တတ်နိုင်ပါတော့မလဲ"

ပါးပါးနန် ရှည်လျားလှသော လက်ဆောင်စာရင်းကိုကြည့်ရင်း ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ဤစာရင်းထဲမှ လက်ဆောင်များ အားလုံးကို တစ်ပြိုင်နက်တည်းရွေးထုတ်ဖို့ သူ့အတွက်ပင် ခက်ခဲသည်။ အိမ်နှင့်ကားများမှာ အဆင်ပြေသည်။ သို့သော် ထိုသတ္တုတွင်းကား တကယ့်ကိုရှားပါးလှသည်။

အဘိုးနန်၏မျိုးဆက်တွင်သာ ဤပိုင်ဆိုင်မှုကို ပထမဆုံးသိမ်း ပိုက်နိုင်သူ ရှိခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် သူကိုယ်တိုင်ပင် သတ္တုတွင်းအား ပိုင်ဆိုင်ထားခြင်းမရှိတော့ချေ။

မားမားနန်၌မူ တစ်ခုပိုင်ဆိုင်ထားသည်။ ၎င်းတို့ လက်ထပ်သောအခါ အဘိုးနန်မှပေးခဲ့ခြင်းဖြစ်သည်။

ဤမိသားစုထဲတွင် သူကိုယ်တိုင် အဆင်းရဲဆုံးဖြစ်နေသလားဟုပင် ထင်မှတ်မိသည်။

"ဟမ့်!"

အဘိုးနန် မာနကြီးစွာဖြင့် နှာမှုတ်လိုက်သည်။

"မင်း အဖေတစ်ယောက်အနေနဲ့ ဒီလောက်တောင်မတတ်နိုင်ဘူးလား!” မိမိဖခင်ထံမှ လှောင်ပြောင်မှုကိုခံလိုက်ရသော ပါးပါးနန်...

"အဖေ၊ ဘာလို့ နောက်ထပ် နှစ်အနည်းငယ်လောက် အလုပ်ပြန်မလုပ်တာလဲ" နန်ကျီ အခွင့်အရေးယူပြီး ပြောလိုက်သည်။

"နန်နန်အတွက် လာမယ့်နှစ်အနည်းငယ်အတွက် လက်ဆောင်တွေ ပြင်ဆင်ဖို့ပိုက်ဆံပိုရှာပေါ့"

ထိုအခါ သူတို့ နှစ်ယောက်စလုံးငယ်ရွယ်နေသေးချိန်တွင် သူ့ချစ်ဇနီးနှင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်လိမ့်မည်။

နန်ကျီ အမြင်အရ လူငယ်များသည် ဘဝကို ပျော်ရွှင်စွာခံစားသင့်သည်။ မဟုတ်လျှင် အရမ်းအိုသွားသည်အထိ ပျော်ရွှင်မှုများ မခံစားနိုင်ဘဲ စောင့်နေရတော့မည်လား ?

နန်အုပ်စု၏ ဥက္ကဋ္ဌရာထူးသည် အပြင်လူတိုင်း အားကျနေကြသည့် ရာထူးဖြစ်သော်လည်း နန်မိသားစုလက်ထဲတွင်မူ ပူလောင်လှသည့် အာလူးပူပူတစ်လုံးသဖွယ်ဖြစ်သည်။ ဥပမာအားဖြင့် ပါးပါးနန်သည် နန်ကျီကိုယ်တိုင်ဦးဆောင်နိုင်သည့် အရည်အချင်းကိုမြင်သောအခါ သူ့ ရာထူးအားလိုလိုလား လားစွန့်လွှတ်ခဲ့သည်။ ပြီးနောက် သူနှင့် ဇနီးသည်တို့မှာ ပျော်ရွှင်စွာ အနားယူနေခဲ့ကြသည်။

"သားက အဖေအတွက် ပိုက်ဆံရှာပေးရမှာ မဟုတ်ဘူးလား?”

နန်ကျီ၏ဆိုးရွားသော အကြံပေးချက်ကို တုံ့ပြန်ရန် ပါးပါးနန်သည် အဆိပ်ဖြင့် အဆိပ်အားပြန်တိုက်ခိုက်ဖို့ရွေးချယ်ခဲ့သည်။ သူ လေးလေးနက်နက် ကြည့်နေသော်လည်း၊ နန်ကျီကဲ့သို့ လူမျိုးကို ပြုစုပျိုးထောင်ပေးနိုင်သူမှာ အမြဲတမ်းလေးနက်သူ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် စကားလုံးထက်မြက်သူတစ်ဦးလည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ နန်ကျီကား ရှုံးနိမ့်သွားခဲ့ပြီ။

နန်ကျီ သူ့ဖခင်အား မစော်ကားရဲပေ။

တစ်ချိန်တည်းမှာပင် ပါးပါးနန်နှင့် မားမားနန် ကျွန်းငယ်လေးတစ်ခုအား လက်ဆောင်ပေးခဲ့သည်။

“ချစ်သမီးလေး၊ ဒီကျွန်းက အီကွေတာနဲ့ နီးတယ်၊ နွေရာသီမှာ ကြည့်စရာသိပ်မရှိဘူး ဒါပေမယ့် ဆောင်းရာသီမှာတော့ အရမ်းကောင်းတယ်၊ ဒီမြို့တော်မှာ ခြောက်သွေ့ပြီး အေးတယ် ဒါကြောင့် ဒီကျွန်းက ပြီးပြည့်စုံတယ်”

မားမားနန်ပြုံးလျက် ကျွန်း၏အခြေအနေအချို့ကို နန်ယုအား မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် ဆွဲဆောင်မှုရှိပြီး ဆောင်းရာ သီတွင် သွားရောက်ရန် တကယ်ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်သည်။

သို့သော် နန်ယု နည်းနည်းလေးရှုပ်ထွေးနေသည်။ ဒီနေ့တွင် လူတိုင်းသည် ရင်းနှီးသောသူများသာဖြစ်သောကြောင့် သူ တိုက် ရိုက်ပင် မေးမြန်းလိုက်သည်။

“ဒီနှစ်လက်ဆောင်တွေက အရမ်းများနေတယ် မဟုတ်လား? ဒါက အထူးနှစ်လည်း မဟုတ်ဘူးလေ”

ယခုကျင်းပသည့် နန်ယု၏ ၂၅ နှစ်မြောက် မွေးနေ့မှာ ထူးခြားသည့် အထူးနှစ် မဟုတ်သော်လည်း၊ လွန်ခဲ့သောနှစ်များက သူမ၏ ၁၈ နှစ်မြောက် မွေးနေ့မှလွဲ၍ ၂၀ နှစ်မြောက် မွေးနေ့ပင်လျှင် ယခုကဲ့သို့ ခမ်းနားမှုမျိုးမရှိခဲ့ပေ။

၎င်းမှာ အပြင်ပန်း ခမ်းနားမှုထက် ရိုးရှင်းသောလက်ဆောင်များ၏တန်ဖိုးကြောင့်ဖြစ်သည်။ ဤမျှ ကြီးမားသော ပိုင်ဆိုင်မှုများကို နှစ်စဉ် ပေးအပ်ပါက နန်မိသားစု၏ဥစ္စာပင်လျှင် ကုန်သွားနိုင်ပေသည်။

နန်ယု တွေးမိသည်မှာ ဤနှစ်၏တစ်ခုတည်းသော ကွဲပြားချက်မှာ သူမ လက်ထပ်လိုက်ခြင်းပေလား ?

သို့သော် သူမ ယခင်ဘဝတွင် မွေးနေ့၌ ဤမျှ ကြီးကျယ်ခမ်း နားသော လက်ဆောင်မျိုးကိုမရခဲ့ဖူးပေ။

နန်ကျီ ဤအကြောင်းကို ကြားသောအခါ ပထမဆုံးရှင်းပြခဲ့သည်။

“ဒီနှစ်မှာ အမေ၊ အဖေနဲ့ အဘိုးက နင် တကယ်အရွယ်ရောက်လာပြီဆိုတာမြင်လို့ပါ၊ သူတို့က နင့် ဒီဟာတွေကိုပေါ့ပေါ့တန် တန် သုံးစွဲတော့မှာမဟုတ်ဘူးဆိုတာသိလို့၊ မဟုတ်ရင် အကုန် လုံးက နင့်ရဲ့ အကောင်းဆုံးသူငယ်ချင်းနှစ်ယောက်ဆီရောက်သွားကြမှာလေ၊ ဟွန်း”

"မင်းက ဘာလို့ အဲလိုပြောရတာလဲ"

မားမားနန် နန်ကျီအား စိုက်ကြည့်လိုက်ပြီး ပိုမိုနူးညံ့သော နည်းလမ်းဖြင့် ပြောရန်ရွေးချယ်ခဲ့သော်လည်း အဓိပ္ပာယ်ကတော့ အတူတူပင်။

တကယ်တမ်း ၎င်းမှာ လက်ထပ်တာ၊ လက်မထပ်တာနှင့် ဘာမှမဆိုင်ပေ။ နန်မိသားစု၏ပိုင်ဆိုင်မှုတွေဟာ ဒီနှစ်မှာ ရုတ်တ ရက် တိုးလာခဲ့ခြင်းမဟုတ်ချေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်က နန်ယုဟာ နည်းနည်း... မှားယွင်းနေပုံရသည်။

အဘိုး၊ ပါးပါးနန်နှင့် မားမားနန်တို့မှာ နန်ယုအား တစ်စုံတစ် ယောက်က လှည့်စားမည်ကိုကြောက်သောကြောင့် သိပ်အများကြီးမပေးရဲခဲ့ကြချေ။ ဘာပဲဖြစ်ဖြစ် နန်ယုမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိနှင့်ပြီးသားဖြစ်သည်။ တကယ်လို့ ပြဿနာတစ် ခုခု ကြုံလာရင် သူတို့ သူမအားကူညီလိမ့်မည်။

နန်ယု နားလည်သွားခဲ့သည်။

တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့မှာ နန်ယု၏ “အကောင်းဆုံးသူငယ်ချင်းများ” ဖြစ်ပြီး သူတို့ တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးခဲ့ကြသည်။ နန်ယု ယွမ် ၁၀ သန်းကျော်သုံးစွဲခဲ့ပြီးဖြစ်ကာ တခြားရိုးရိုးရှင်းရှင်း သူငယ်ချင်းအချို့လည်းရှိသည်။ နန်ယု ပိုက်ဆံအား မတွန့်တိုခဲ့ပေ။

နန်ကျီ ထိုသူငယ်ချင်းများမှာ စိတ်မချရသူများဖြစ်ကြောင်း အရင်က သတိပေးခဲ့ဖူးသော်လည်း နန်ယု ထိုအချိန်ကနားမဝင်ခဲ့ချေ။

ပထမဦးစွာ နန်ယု ဤ "ငွေပမာဏလေး" ကို တကယ်တမ်းဂရုမစိုက်ပါ။ ဒုတိယအနေဖြင့် သူမနှင့် ထိုနှစ်ဦးသည် တကယ့်သူငယ်ချင်းများဖြစ်ပြီး သူမအားမည်သည့်အရာမှ မှားယွင်းစွာ မလုပ်ခဲ့ဟု သူမ ခံစားခဲ့ရသောကြောင့်၊ သူတို့၏ ခင်မင်ရင်းနှီးမှုကို သံသယဝင်ရန်အကြောင်းမရှိပေ။

နန်ကျီ ဘာလုပ်နိုင်မှာလဲ ?

သူသည်လည်း ထိုသူငယ်ချင်းများမှာ လက်ဆောင်သေးသေးလေးများကိုသာတောင်းဆိုခဲ့ပြီး နန်ယုအား တကယ်ထိခိုက်အောင် မလုပ်ခဲ့ကြောင်းသဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူ ၎င်းအား ခင်မင်မှုကို ဝယ်ယူခြင်းသာဖြစ်သည်ဟု ယူဆခဲ့သည်။

မမျှော်လင့်ဘဲ လက်ထပ်ပြီးနောက်တွင် နန်ယု သတိပြန်လည်ရရှိလာဟန်ရှိပြီး သူမ အကောင်းဆုံးသူငယ်ချင်းနှစ်ဦး၏ စစ်မှန်သော သဘောသဘာဝများကိုသိရှိကာ ထိုပေါ့ပေါ့တန်တန် သူငယ်ချင်းများနှင့် အလျင်အမြန်ခွာခဲ့သည်။ နန်ကျီ သူတို့အား သူ့မင်္ဂလာဆောင်သို့ပင်မဖိတ်ခဲ့ဘဲ၊ ၎င်းသည် ပျော်ရွှင်စရာ တစ်ခုဖြစ်ခဲ့သည်။

နန်မိသားစု မည်မျှပင် ချမ်းသာစေကာမူ ပေါ့ပေါ့တန်တန်သုံး စွဲခြင်းမျိုးမလုပ်ပေ။ ထို့အပြင် ထိုပိုက်ဆံအား နန်ယု၏ သူငယ်ချင်းများကိုပေးမည့်အစား ပရဟိတလုပ်ငန်းအတွက် သုံးစွဲခြင်းမှာ ပိုကောင်းပါသည် မဟုတ်ပါလား?

နန်ယု တကယ်ပင် "အရွယ်ရောက်လာပြီ" ဆိုသည်အား ပြသသည့် အခြားအရာများလည်းရှိသေးသည်။

သူမ ဘာကြောင့် အရွယ်ရောက်လာရသည်အား စဉ်းစားသော အခါ အဘိုးနန်နှင့် အခြားသူများမှာ စိတ်မကောင်းဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဒီနှစ်လက်ဆောင်များမှာ ပိုမိုကြီးကျယ်ခမ်းနားခဲ့သည်။

ထို့နောက် နန်ကျီ၏လက်ဆောင်ဖြစ်သည်။ ၎င်းမှာ နန်ယု အကြိုက်ဆုံးအမှတ်တံဆိပ်မှ အကန့်အသတ် ထုတ်လုပ်ထားသည့် လက်ဝတ်ရတနာတစ်စုံဖြစ်သည်။ ၎င်းအား ရရှိရန်လပေါင်းများစွာ ကြိုတင်မှာထားရမည်ဖြစ်သည်။

ပြီးနောက် အန်းနင်၏လက်ဖြင့်ရေးထားသော သန္တိသုတ္တန် (Peace Sutra) နှင့် အန်းရီရန်၏လက်ဖြင့်ဆွဲထားသော မိသားစုပုံတူပန်းချီတို့ ဖြစ်သည်။ နှစ်ခုလုံးအား ဂရုတစိုက် ဖန်တီးထားခြင်းဖြစ်ပြီး နန်ယု ပျော်ရွှင်စွာလက်ခံခဲ့သည်။

ထို့နောက်တွင် လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့ လျှို့ဝှက်စွာရက်အတော်ကြာပြင်ဆင်ထားခဲ့သည့် လက်ဆောင်များရောက်လာသည်။

ကလေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် သူတို့၏ကုလားထိုင်များမှ ခုန်ဆင်းကာ နန်ယုထံ ချဉ်းကပ်လာခဲ့သည်။ လက်သေးသေးလေး လေးခုဖြင့် လက်ဆောင်များကို မြှောက်ထားရင်း သူမအား ရှက်ရွံ့စွာ ကြည့်နေကြသည်။

“အန်တီ၊ ဒါက ကျွန်တော်တို့ရဲ့လက်ဆောင်ပါ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ထိုသို့ပြောပြီးနောက် သူတို့လက်ဆောင်များအား နန်ယု ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။ ပြီးနောက် ချက်ချင်းပင် နောက် ဆုတ်ကာ သူမ၏တုံ့ပြန်မှုကိုမျှော်လင့်နေသလိုမျိုး တစ်တန်းတည်း ရပ်နေကြသည်။

“ဒါဆို ငါ အခု ဖွင့်သင့်လား ?”

နန်ယု လက်ဆောင်များ၏အလေးချိန်ကို ခံစားမိလိုက်တော့ နည်းနည်းလေး လေးနေသည်ကိုတွေ့ရှိခဲ့သည်။ သူမအတွက်တော့ အရေးမကြီးပေ။ သို့သော် ကလေးနှစ်ယောက် ဤအရာများအားသယ်လာရန် မည်မျှပင်ပန်းခဲ့ရမည်ကို စဉ်းစားမိသော အခါ အတော်လေး ရုန်းကန်ခဲ့ရမည်ကိုသတိပြုမိသည်။

“အင်း”

"ဘာတွေ ထူးခြားနေလို့လဲ ?"

နန်ကျီတောင်မှ သူ့လည်ပင်းအားဆန့်ပြီး ကြည့်လိုက်မိသည်။ ပါးပါးနန်နှင့် မားမားနန်တို့သည် အရမ်းကြီး စိတ်အားထက် သန်ခြင်းမရှိသော်လည်း သူတို့၏အကြည့်များမှာ လက်ဆောင် ပေါ်တွင် စွဲမြဲနေပြီးသိချင်နေပုံရသည်။

လူတိုင်းရှေ့တွင် နန်ယု အရောင်ပါသော စက္ကူအပြင်ဘက်ဆုံး အလွှာအား ဂရုတစိုက် ခွာလိုက်ပြီးပျက်စီးမှုမရှိစေရန်ကြိုးစား ခဲ့သည်။ ပြီးနောက် သူမ လက်ဆောင်ပုံးကိုထုတ်လိုက်ပြီး အပေါ်ဖုံးအား ဖွင့်လိုက်သည်။

အတွင်းထဲမှာ ကျောက်တုံးရုပ် သုံးခု...

လှပသည့် ကျောက်တုံးများစွာကို တစ်ပိုင်းချင်းစီ ကော်ကပ်ကာ လူရုပ်များပြုလုပ်ထားသည်။ တစ်ခုက အကြီး၊ နှစ်ခုက အသေး။ အကြီးက အလယ်မှာ၊ အသေးနှစ်ခုက ဘေးနှစ်ဖက်မှာဖြစ်သည်။ ၎င်းတို့သည် နန်ယု၊ ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ဖြစ်နေသည်။

အသက်လေးနှစ်အရွယ် ကလေးနှစ်ယောက်အတွက် ကျောက်တုံးများအား တစ်ပိုင်းချင်းစီကပ်ကာ လူရုပ်ပုံစံဖော်ခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။

ထို့အပြင် သူတို့ကော်ကိုသာ သုံးရသည်။ ကော်မှာ သူတို့လက်များပေါ်တွင် အလွယ်တကူကပ်နိုင်သည်။ ထို့ကြောင့် ဒီလို လက်တွေ့ဆန်သည့် အရုပ်သုံးခုအား ဖန်တီးဖို့ သူတို့ အချိန်အကြာကြီးယူခဲ့ရပြီး အကြိမ်ရေမရေမတွက်နိုင်အောင် ကျရှုံးခဲ့ရသည်မှာ အံ့သြစရာမလိုချေ။

ထို့ပြင် ဤကျောက်တုံးများ စုဆောင်းခြင်းသည်လည်း သေးငယ်သည့်ကိစ္စ မဟုတ်ပေ။ ၎င်းတို့သည် လမ်းဘေးမှကျောက် စရစ်ခဲများ မဟုတ်ဘဲ တစ်ခုစီမှာ အရောင်အသွေးစုံလင်၊ လုံးဝန်းချောမွေ့ကာ မိုးရေစက်ကျောက်တုံးများနှင့်ပင် ဆင်တူနေသည်။ ၎င်းတို့အား ဘယ်နေရာမှ ရခဲ့သည်ကိုမူ မည်သူမျှမသိပေ။

ဒါ တကယ်ကို အရေးပါပြီး တန်ဖိုးရှိလှသည့် လက်ဆောင်တစ်ခုဖြစ်သည်။

"အန်တီ၊ အန်တီ ကြိုက်လား ?"

ဖေးယွင်ကျင်း နန်ယု၏ တုံ့ပြန်မှုအား ဂရုတစိုက်စောင့်ကြည့်နေသည်။ သူ အရမ်းရှက်သွားပြီလား? ဘာလုပ်ရမလဲ? ခုချိန် ပြန်ယူဖို့ နောက်ကျသွားပြီလား?

လီရီပိုင်ကလည်း စိုးရိမ်တကြီးဖြင့် “နန်ကျဲ၊ တကယ်လို့ ကျဲ မကြိုက်ရင်...”

သူ့စကားပင် မဆုံးလိုက်ရ။ နန်ယု သူတို့နှစ်ဦးထံလျှောက်သွားပြီး လက်နှစ်ဖက်ကိုဖွင့်ကာ နူးညံ့စွာပွေ့ဖက်လိုက်သည်။

“အရမ်းကြိုက်တယ်၊ မင်းတို့ရဲ့လက်ဆောင်ကိုအရမ်းသဘော ကျတယ်၊ ငါတို့ အိမ်ပြန်ရောက်တဲ့အခါ အခန်းထဲကအထင်ရှားဆုံးနေရာမှာထားမယ်၊ ဒါဆို နေ့တိုင်းမြင်နိုင်တာပေါ့ အဆင်ပြေလား”

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့မျက်နှာများမှာ နီရဲတက်လာသည်။ သူတို့ ခန္ဓာကိုယ်များမှာ ကြမ်းပြင်ပေါ်တွင် တောင့်တင်းနေပြီး စကားလုံးများပင် မထွက်နိုင်ဘဲ သူတို့ရှေ့ရှိကုလားထိုင်ကိုသာ စိုက်ကြည့်နေကြသည်။

ပါးပါးနန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအားကြည့်ရင်း နားလည်ဟန်ဖြင့်ပြုံးလိုက်ကြသည်။ သူတို့ အမြင်တွင် လက် ဆောင်တစ်ခု၏အရေးအကြီးဆုံးတန်ဖိုးမှာ ၎င်း၏နောက် ကွယ်မှ စေတနာဖြစ်သည်။ ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ စေတနာစိတ်အား သူတို့ အပြည့်အဝ ခံစားမိခဲ့ကြသည်။

မိသားစုသည် ထိုသို့ဖြင့် ပျော်ရွှင်စွာအရသာရှိသော အစားအ စာများကို သုံးဆောင်ခဲ့ကြရာ နန်ယု၏ မွေးနေ့မှာ စိတ်အပန်း ပြေ၍ ပျော်ရွှင်ချမ်းမြေ့စရာဖြစ်ခဲ့သည်။

သို့သော် ထိုညနေတွင် သူတို့၏ဗီလာသို့ ပြန်ရောက်သောအခါ ဦးလေးကျိုး နှုတ်ဆက်လာခဲ့သည်။

“သခင်မလေး၊ ဖေးမိသားစုရဲ့ ခေါင်းဆောင်က ပန်းချီကားတစ်ချပ်ပို့လိုက်ပါတယ်၊ ဒါက သခင်မလေးအတွက် မွေးနေ့လက်ဆောင်ပါတဲ့”

နန်ယု သူမ မွေးနေ့ကို ဖေးယီကျန့်အား တစ်ခါမျှ မပြောခဲ့ဖူးသော်လည်း၊ သူ့အနေဖြင့် စုံစမ်းရန် မခက်ခဲသည်မှာ သေချာသည်။

"ဘယ်ပန်းချီလဲ ?"

နန်ယု မရေမရာ သံသယတစ်ခု ဝင်သွားခဲ့သည်။ ဦးလေးကျိုး ဂရုတစိုက် ယူဆောင်ကာ စစ်ဆေးကြည့်သောအခါ ၎င်းမှာ တကယ်တမ်း "A Thousand Miles of Spring Scenery" ဟူသည့် ပန်းချီကားဖြစ်နေသည်ကို တွေ့ရှိရသည်။ ဖေးယီကျန့် တကယ့်ကိုရက်ရောလှသည်။ ယွမ်သန်းရာပေါင်းများစွာ တန်သည့် ပန်းချီကားအား မတွန့်တိုဘဲ ပေးလိုက်သည်။

ဖေးရှင်းလင် သိသွားသည့်အခါ မည်သို့တုံ့ပြန်မည်ကို သိချင်လှသည်။

"ဒီမှာပဲ ထားလိုက်ပါ၊ ဦးလေးကျိုး၊ ဖေးယီကျန့်မွေးနေ့ကျ တန်ဖိုးတူညီလောက်တဲ့ လက်ဆောင်တစ်ခုရွေးပေးပါ”

နန်ယု "A Thousand Miles of Spring Scenery" အား လက် ညှိုးထိုးပြလိုက်သည်။

သူမကလည်း သူမ စုဆောင်းမှုတွင် လက်ရာကောင်းများစွာရှိသည်။ ထို့ကြောင့် ဤပန်းချီကားအားလက်ခံရခြင်းမှာ အံ့သြစရာလည်း မဟုတ်သလို စိတ်လှုပ်ရှားစရာလည်း မဟုတ်ချေ။ အခြားအရာ မရှိလျှင်ပင် အဆင့်အတန်းတူညီသည့် လက်ထပ် ထိမ်းမြားမှုမှာ နန်ယုအား ယုံကြည်မှုပေးခဲ့သည်။

မင်း ချမ်းသာတယ်၊ ငါလည်း ချမ်းသာတယ်။ မင်းက ငါ့ကို ကြီးမားတဲ့လက်ဆောင်ပေးရင် ငါက နောက်တစ်ကြိမ်ပြန်ပေးမည်။

ပူပြင်းသော နွေရာသီမှာကုန်ဆုံးသွားသည်။ သြဂုတ်လတွင် နန်ယုအတွက် အဓိကအဖြစ်အပျက်ကြီးမရှိခဲ့ပေ။ သူမ ပုံမှန်အတိုင်းစားသောက်ပြီး ရာသီဥတု အေးလာသည်အထိ စောင့်ရန် စီစဉ်ကာ အပြင်သိပ်မထွက်ခဲ့ချေ။

သို့သော် အပြင်ဘက်တွင်မူ ရှုပ်ထွေးမှုများရှိနေသည်။ ဖေးနှင့် နန် မိသားစုများသည် ပေထန်မိသားစု၏ စီးပွားရေးအားတိုက် ရိုက် ပူးပေါင်းပြီး ဖိအားပေးခဲ့ကြသည်။ တစ်လတည်းမှာပင် အချက်အလက် မပြည့်စုံသည့် ကိန်းဂဏန်းများအရ ပေထန်မိသားစု၏စည်းစိမ်ဥစ္စာများသည် အနည်းဆုံး ၃၀% လျော့ကျသွားခဲ့သည်။

ဤသို့ဖြင့် မိသားစုကြီးလေးခုထဲမှ နှစ်ခုပူးပေါင်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခဲ့သည်။ ထိုလှုပ်ရှားမှုမှာ လူအများ ခန့်မှန်းထားသည့်အတိုင်းဖြစ်သည်။ နန်ယု ဖေးယီကျန့်နှင့် လက်ထပ်ချိန်ကတည်းက ဖေးနှင့် နန် မိသားစုများ ပူးပေါင်းလာမည်ဟု ယူဆခဲ့ကြပြီး ပေထန်မိသားစုသည် ပထမဆုံး ပစ်မှတ်ဖြစ်လာခဲ့သည်။

ကျန်ရှိနေသော မိသားစုကြီးလေးခုထဲမှ တစ်ခုသည် အာဏာလျော့ပါးနေပြီ ဖြစ်သည်။ ပေထန်မိသားစုကိုပါ ဖယ်ရှားနိုင်ပါက ဖေးနှင့် နန် မိသားစုများမှာ နှစ်ပေါင်းများစွာ ကမ္ဘာအား လွှမ်းမိုးထားနိုင်လိမ့်မည်။ သဘာဝအားဖြင့် ဤအခြေအနေကို မလိုလားသူများ ရှိကြသော်လည်း သူတို့၏ အာဏာကြောင့် မည်သည့် ကန့်ကွက်မှုကိုမှ ထုတ်ဖော်ခွင့်မရှိကြပေ။

သူတို့သည် ပေထန်မိသားစု နောက်ထပ် နည်းနည်းလေးပိုမိုရပ်တည်နိုင်ပါစေဟုသာ ဆုတောင်းနေကြရသည်။

နန်ယု နန်ကျီနှင့် ဖေးယီကျန့်တို့၏အစီအစဉ်များအား လုံးဝ မသိခဲ့ပေ။ ယခင်က လျှို့ဝှက် လုပ်ဆောင်မှုများကို ရုတ်တရက် ထုတ်ဖော်လိုက်ခြင်းဖြင့် သူတို့၏ ရည်ရွယ်ချက်မှာ ဘာလဲ ? ပေထန်မိသားစု အစွန်းရောက်သွားမှာကို သူတို့ မကြောက်ကြဘူးလား? ထိုမိသားစုမှာ ယဉ်ကျေးသောပြိုင်ဆိုင်မှုကိုလေးစား မှုမရှိဘဲ၊ အခြေအနေအစွန်းရောက်သည့်အခါ မည်သည့်နည်းလမ်းကိုမဆိုသုံးကြလိမ့်မည်။

နန်ယု သတိပေးစကား အနည်းငယ် ပြောကြားခဲ့သော်လည်း နန်ကျီ၌ သူ့ကိုယ်ပိုင် အစီအစဉ်များရှိသည်ကို သိလိုက်သော အခါ သူမ ဆက်မပြောတော့ပေ။ နန်ကျီ စီးပွားရေးလောကကို သူမထက် ပိုမိုနားလည်သည်မှာ ရှင်းနေသည်။

စက်တင်ဘာလသည် လျင်မြန်စွာ ရောက်ရှိလာပြီး၊ ဤလ၏ ပထမဆုံး အဓိက အဖြစ်အပျက်မှာ ဖေးယွင်ကျင်း စိတ်အားထက်သန်စွာ စောင့်မျှော်နေသည့် Ultraman အရုပ်၏အကန့် အသတ် ထုတ်လုပ်မှု ဖြစ်သည်။

ဖေးယွင်ကျင်း ကော်ဇောပေါ်တွင် ထိုင်နေပြီး သူ့လက်ထဲမှ ယွမ်တစ်ဆယ်တန် ငွေစက္ကူများအား တစ်ရွက်ချင်းစီ ဂရုတ စိုက်ရေတွက်နေသည်။ သူ့အချိန်ပိုင်းအလုပ်ကို ပိုစိတ်ဝင်စား စရာဖြစ်စေရန် နန်ယု သူ့အားအလုပ်ပြီးသည်နှင့် ချက်ချင်း ပေးချေလေ့ရှိသည်။

ထို့ကြောင့် ဖေးယွင်ကျင်း လေ့ကျင့်မှုပြီးတိုင်း ယွမ်တစ်ဆယ် ရရှိပြီး ဦးလေးကျိုးပေးထားသော ငွေစုပုံးထဲတွင် ထိန်းသိမ်းထားသည်။ ဦးလေးကျိုးပြောပုံအရ ဖေးယွင်ကျင်း တစ်ခါ တစ်ရံ တစ်နေ့ကိုအကြိမ်များစွာ ထိုငွေများအာ ရေတွက်တတ် သည်ဟု ဆိုသည်။ ယခုလည်း နန်ယုရှေ့တွင် သူ ထပ်မံရေတွက်နေခြင်း ဖြစ်သည်။

“တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ်... ခြောက်ရာ့ကိုးဆယ်၊ ခုနစ်ရာ...”

“ထောင့်တစ်ဆယ်!”

ဖေးယွင်ကျင်း နောက်ဆုံးဂဏန်းကို ပြုံးရွှင်စွာပြောလိုက်သည်။ Ultraman မှာ ယွမ် ၉၉၉ သာတန်သောကြောင့် သူ့တွင် လုံလောက်သော ပိုက်ဆံရှိနေပြီဖြစ်သည်။

“အန်တီ၊ မနက်ဖြန် သွားဝယ်ကြမလား?”

ဤတစ်ကြိမ် Ultraman ရောင်းချမှုတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း(ဆိုင်) ဝယ်ယူနိုင်သည့် နည်းလမ်းများ ကွဲပြားသည်။ လီရီပိုင်သည် အွန်လိုင်းမှ ဝယ်ယူရန် လက်ထောက်ရှူအားရွေး ချယ်ခိုင်းခဲ့သော်လည်း၊ နန်ယု ဖေးယွင်ကျင်းအား ဆိုင်မှတိုက် ရိုက် ဝယ်ယူရန် အကြံပြုခဲ့သည်။ ထိုသို့မှသာ သူ Ultraman အား ပိုမြန်မြန် ရနိုင်ပြီး ငွေပေးချေမှု၏ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ဖေးယွင်ကျင်းလည်း သဘောတူလိုက်သည်။

မြို့တော်တွင် ၎င်းအား ရောင်းသည့် ဆိုင်နှစ်ဆိုင်ရှိသည်။ သူ မနက်ဖြန် မနက်စောစောကတည်းမှ တန်းစီဖို့ စီစဉ်ထားသည်။ နန်ယု သူမရှေ့မှ ပိုက်ဆံအပုံအားကြည့်လိုက်ပြီး “လိမ္မာပါးနပ်သည်” ဟု ထင်ရသော အပြုံးတစ်ခု ပြုံးပြခဲ့သည်။

“ကောင်းပြီ၊ မနက်ဖြန် အတူတူသွားကြမယ်”

All Chapters