← Chapters

အတွေးများ 

Vol. 161 Ch. 2289

အတွေးများ 

Vol. 161 Ch. 2289

နတ်ဆိုးတိမ်လွှာကလန် မဟာအကြီးအကဲက အားနည်းခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက ရှန်ချင်းနယ်မြေအတွင်းတွင် အားအကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်​ယောက်ဖြစ်သည်။ သူက သူ၏ မျိုးဆက်များအတွင်း လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

သို့သော် ထိုအခိုက်အတန့်တွင် မျက်မမြင်ထျယ်က အဆင့်ကိုး ရန်ဟောင်တစ်ပါးအဖြစ်သို့ ယခုမှ ချိုးဖျက်လာနိုင်သော သူတစ်​ယောက်နှင့် လားလားမှ မတူပေ။ သူက နှစ်ပေါင်းများစွာအကြာက အဆင့်တက်ခဲ့ပြီး အချိန်ကြာမြင့်စွာ အစွမ်းထက်ခဲ့သော ကျင့်ကြံသူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

သူ ဆက်ခံခဲ့ရသော အင်ပါယာကြယ်၏ အမွေအနှစ်က သူ့ကို မည်သို့သော စွမ်းအားမျိုး ပေးခဲ့သနည်း။

ဘုန်း...

လောင်ကျွမ်းနေသော နတ်အလင်းတန်းတို့က လေထဲရှိ စစ်နတ်ဘုရားများ ပုံရိပ်တို့မှ ဖြန့်ကျက်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းကာ ကျယ်ပြောသည့် နေရာအား ဖုံးလွှမ်းထားသည်။ လေထဲတွင် လက်များစွာ ပေါ်ပေါက်လာသည်။ ၎င်းတို့က နတ်ဘုရားများ၏ လက်များ ဖြစ်လေသည်။

စောင့်ရှောက်သူ၏ နတ်ဘုရားတူက ထွက်ပေါ်လာပြီးနောက်တွင် ထိုလက်များ အားလုံးတွင်လည်း နတ်ဘုရားတူ ပုံရိပ်များ ပေါ်ထွက်လာသည်။ ထိုနတ်ဘုရားတူတစ်လက်ချင်းစီ၌ မှန်းဆ၍ မရနိုင်သော စွမ်းအားများ ပါဝင်နေသည်။ ယင်းတို့က နတ်အလင်းများနှင့်အတူ ကျဆင်းလာသည်။ နတ်ဆိုးတိမ်လွှာကလန်၏ ထိပ်သီးအဆင့် ဖြစ်သော မဟာအကြီးအကဲက သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားမိနိုင်သည်။

သူက ထူးဆန်းသော ခံစားချက်ကို ခံစားနေရပြီး သူသည် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်နေသည့် မျက်မမြင်ထျယ်ကို ရင်မဆိုင်နိုင်ပုံရလေသည်။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက သူ့ရှေ့မှ လူများအား ကြည့်လိုက်သည်။ သူသည် ယခင်က ထိုကဲ့သို့သော အခြေအနေမျိုးနှင့် မည်သည့်အခါကမှ ရင်မဆိုင်ခဲ့ရဖူးပေ။ သူ့ထက် ငယ်ရွယ်သော တစ်စုံတစ်ယောက်က သူ့အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုသူက ယခုမှ ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း သူ့ကို အနိုင်ယူနိုင်နေဆဲ ဖြစ်၏။ ထိုသူက သူ့ကို ခေါင်းမှ ​ခြေဆုံး ရိုက်နှက်နေပြီး သူက ကိုယ်ပိုင်စွမ်းအားကိုပင် ထုတ်ဖော်ရန် အခွင့်မသာခဲ့ပေ။ ထိုသည်မှာ မည်သို့သော အနိုင်ကျင့်စော်ကားမှုနည်း။

သို့သော် လက်ရှိတွင် အနိုင်ကျင့်စော်ကားခြင်းက အရေးမပါပေ။ ယခုအချိန်၌ သူ၏ အသက်က အန္တရာယ်တောထဲ ရောက်နေခဲ့သည်။ ထိုနေရာက ချိပ်ပိတ်ခံထားရသည့်အတွက် သူက ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိချေ။ သူသည် ဤနေရာ၌ မျက်မမြင်ထျယ်၏ တူနှင့် သေအောင် ရိုက်သတ်ခံရမည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။

ဘုန်း...

တူများက အောက်သို့ ကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးက လှုပ်ခါသွားပေသည်။ ကြည့်ရသည်မှာ အရာအားလုံး ဖျက်ဆီးခံလိုက်ရသလိုပင် ဖြစ်သည်။ နတ်ဆိုးတိမ်လွှာကလန် မဟာအကြီးအကဲ၏ ခန္ဓာကိုယ်မှ အော်မြည်နေသော အသံတို့ ထွက်ပေါ်လာပြီး နတ်မိစ္ဆာတစ်ကောင်၏ ပုံရိပ်က သူ့နောက်တွင် ပေါ်ပေါက်လာ၏။ ၎င်း၏ များပြားလှသော နတ်ဆိုးလက်များက ကောင်းကင်သို့ ရောက်ရှိသွားသည်။ နတ်ဆိုးလက်အရိပ်များက နှိုင်းယှဥ်မရအောင် အစွမ်းထက်လှပြီး ထိုလက်များတွင် ကြီးမားသည့် နတ်ဘုရားတူများကို ကိုင်ထားခဲ့သည်။ ယင်းတို့က သူ့ထံမှ အဝေးသို့ ထွက်သွားပြီး လေထဲ၌ ထိုးခွင်းကာ အနက်ရောင်အလင်းများ ပေါ်ထွက်လာစေသည်။

ရွှေရောင်တူများ ကျဆင်းလာပြီး စွမ်းအားနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ၎င်းတို့ ထိပ်တိုက်တွေ့သွားသည့်အခါ အဆုံးမဲ့ နတ်အလင်းတို့က အပြင်ဘက်သို့ ဖြန့်ကျက်ထွက်လာခဲ့သည်။ ကြည့်ရသည်မှာ ကောင်းကင်နှင့် မြေကြီးက ပွင့်ဟသွားသလို ထင်မှတ်ရသည်။ နတ်ဆိုးလက်များက ပျက်စီးသွားကာ ကြီးမားသည့် တူများက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဘန်း...

ထိုတိုက်ခိုက်မှုများက ကျဆင်းလာသည်နှင့် ၎င်းက အရာအားလုံးကို ပြားပြားဝပ်သွားစေသည်။ နတ်ဆိုးတိမ်လွှာကလန် မဟာအကြီးအကဲက တစ်ဖန် လွင့်ထွက်သွားပြန်သည်။ သူ၏ အရှိန်အဝါက လှုပ်ခတ်သွားပြီး သူ့မျက်နှာက ဖြူဖျော့လာသည်။ သူ၏ မဟာလမ်းစဥ် အရှိန်အဝါက ကျစ်လျစ်သိပ်သည်းနေခြင်း မရှိတော့ပေ။

သို့သော် နတ်ဘုရားတူများ၏ ပုံရိပ်တို့က လေထဲတွင် ပို၍များပြားစွာ ထွက်ပေါ်လာပြီး ကောင်းကင်တွင် နေရာပေါင်းစုံမှ ဖုံးလွှမ်းသွားသည်။

နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲနေသည့် မျက်မမြင်ထျယ်က အကန့်အသတ်မဲ့ စွမ်းအားတို့နှင့် ပြည့်နှက်နေခဲ့သည်။ မဟာအင်ပါယာ၏ စွမ်းအားကဲ့သို့ သူ့ ခွန်အားများက မကုန်ခမ်းနိုင်အောင် ရှိနေသည်။ သူက ဤနယ်မြေ၏ အရှင်သခင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။

သူက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ တူများက တစ်ဖန် ကခုန်လာသည်။ သူ၏ လှုပ်ရှားမှုများက ရိုးရှင်းစွာ ကျက်သရေရှိနေဆဲ ဖြစ်သော်လည်း လေထဲတွင် ပေါက်ကွဲထွက်လာသည့် နတ်စွမ်းအားများက ထိပ်သီးပုဂ္ဂိုလ်များကိုပင် ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်​ပေသည်။

မရေတွက်နိုင်အောင် များပြားလှသည့် အလင်းတန်းများက တစ်နေရာတည်းသို့ စုပုံကျဆင်းလာသည်။ နတ်မိစ္ဆာပုံရိပ်က ၎င်းတို့ကို တားဆီးရန် ကြိုးစားလိုက်သော်လည်း အလင်းများ ကျဆင်းလာသည်နှင့် တူများလည်း တပါတည်း ကျဆင်းလာပေသည်။ ရုတ်တရက် နတ်ဆိုးပုံရိပ်က ကျိုးပဲ့ပျက်စီးသွားခဲ့လေသည်။ တူများက အောက်သို့ ဆက်လက်ကျဆင်းလာပြီး နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်မိသွားသည်။

သူက အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကာ သူ၏ အသွေးအသားများက လမ်းစဥ် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ထိုတူများမှ တိုက်ရိုက်တိုက်ခိုက်လာသည့် ထိခိုက်မှုက သူ့ကို ချက်ချင်းသတ်ဖြတ်ရန် မလုံလောက်ခဲ့ပေ။ သို့သော် သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေခဲ့ပြီး တူများက အဆက်မပြတ် ကျဆင်းလာကာ သူ့ကို တစ်ခါပြီးတစ်ခါ ရိုက်နှက်နေသည်။

သူ့အမူအရာက အဆက်မပြတ် ပြောင်းလဲနေ၏။ သူက နောင်တအပြည့်အဝ ရနေခဲ့ပြီ ဖြစ်သည်။

ထို့နောက် နတ်အလင်းက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ မရေတွက်နိုင်သော အလင်းတန်းများက သူ့ကို ​ဖြတ်သန်းသွားသည်နှင့် မဟာအကြီးအကဲ၏ ခန္ဓာကိုယ်က စတင် ယိုယွင်းလာကာ ပျက်စီးသွားတော့သည်။ သူက နေရာ၌ပင် အသတ်ခံလိုက်ရပေသည်။

မဟာအကြီးအကဲ အသတ်ခံလိုက်ရပြီးနောက် အရာအားလုံးက တည်ငြိမ်အေးချမ်းသွားပုံရသည်။ ပြင်းထန်စွာ ဖိနှိပ်ထားသော လေထုက ပျောက်ကွယ်သွားပြီး အရာအားလုံးက ယခင်ကအတိုင်း ဖြစ်သွားခဲ့သည်။

မျက်မမြင်ထျယ်က ကောင်းကင်ထက်၌ တည်ငြိမ်စွာ ရပ်နေခဲ့ပြီး သူသည် ရန်ငြိုးကို လက်စားချေလိုက်ရသည့်အတွက် မည်သည့် စိတ်ကျေနပ်နေသော ခံစားချက်မှ ရှိမနေခဲ့ပေ။ အပြင်ဘက်မှ သူ၏ အမူအရာက အလွန် တည်ငြိမ်နေခဲ့သည်။

တိတ်ဆိတ်နေပြီးနောက် သူက မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သလို ပြန်လှည့်ကာ ရီဖူရှင်းဘေးသို့ တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။

"ဂုဏ်ပြုပါတယ် ဦးလေးထျယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ယခု မျက်မမြင်ထျယ်က နှလုံးသားထဲမှ အချုပ်အနှောင်ကို လွှတ်ချလိုက်နိုင်ပြီ ဖြစ်၏။

သူ၊ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် လေးမျက်နှာကျေးရွာမှ လူများသည်။ ဤတိုက်ပွဲကို စောင့်ကြည့်နေရုံသာ ဖြစ်ပြီး ဝင်မစွက်ဖက်ခဲ့ကြပေ။ သူတို့က မျက်မမြင်ထျယ်အား ကိုယ့်ရန်ငြိုးကိုယ် ဖြေရှင်းနိုင်ရန် လွှတ်ထားခဲ့ကြသည်။ ထို့နောက် သူက အောင်မြင်ခဲ့သည်။ သူသည် သူ၏ လွှမ်းမိုးနိုင်စွမ်း ရှိလှသော ခွန်အားတို့ကို အသုံးပြု၍ နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲ၊ မော့ခယ်နှင့် အခြားလူများကို သတ်ဖြတ်ခဲ့ပြီး နှစ်ပေါင်းများစွာအကြာက သူ၏ ရန်ငြိုးအား ဖြေရှင်းခဲ့သည်။

အဘိုးမာနှင့် အခြားလူများက ရောက်လာပြီး မျက်မမြင်ထျယ်၏ ပခုံးကို ပုတ်ပေးလိုက်ကြသည်။ သူတို့သည်လည်း ထိုတိုက်ပွဲကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။ အဘိုးမာသည်ပင် နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲနှင့် ရင်ဆိုင်နိုင်စွမ်း မရှိခဲ့သော်လည်း မျက်မမြင်ထျယ်က ကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲသည် သူ့ကို ခုခံရန် စွမ်းအားပင် မရှိိခဲ့ပေ။ သူက အနိုင်ယူကာ ဖျက်ဆီးပစ်ခဲ့သည်။

နတ်ဆိုးတိမ်လွှာကလန်သည် ရှန်ချင်းနယ်မြေ၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သော်လည်း ယခုကဲ့သို့ ဖျက်ဆီးခံလိုက်ရသည်။ ထိုထိတ်လန့်မှုက သူတို့အတွက် အလွန် ပြင်းထန်လှသည်။ ထို့ပြင် သူတို့အား ဖျက်ဆီးပစ်ခဲ့သူမှာ လေးမျက်နှာကျေးရွာမှ မျက်မမြင်ထျယ် ဖြစ်ပြီး ရှန်ချင်းနယ်မြေမှ အင်အားစုများက လေးမျက်နှာကျေးရွာနှင့် ပဋိပက္ခ ရှိခဲ့ကြသည်။ သူတို့သည် တစ်ချိန်က လေးမျက်နှာကျေးရွာအား ဖိအားပေးရန် သွားခဲ့ကြပြီး ဆရာသခင်ကြောင့် ပြန်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

နန်ဟိုင်မိသားစုမှ ကျင့်ကြံသူများက ပို၍ပင် ဒွိဟဖြစ်နေကြသည်။ ယခု ရီဖူရှင်းက မျက်မမြင်ထျယ်နှင့် အခြားလူများကို ခေါ်ကာ နတ်ဆိုးတိမ်လွှာကလန်အား ဖျက်ဆီးခဲ့သည်။ နောက်တစ်ခါ သူက သူတို့ကိုပါ ဖျက်ဆီးပစ်လိမ့်မည်လား။

မုယွင်မိသားစုမှ လူများလည်း ထိုနေရာ၌ ရှိနေခဲ့သည်။ သူတို့က မျက်မမြင်ထျယ် ပို၍ အစွမ်းထက်လာပြီး နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲကိုပင် သတ်ဖြတ်လိုက်သည်အား မြင်တွေ့လိုက်ကြရသည်။ သူတို့က မည်သို့ ခံစားနေရမည်မှာ သိသာလှသည်။ မုယွင်လန်သည် တစ်ချိန်က ရှန်ချင်းနယ်မြေ၌ မျက်မမြင်ထျယ်နှင့် တိုက်ခိုက်ဖူးခဲ့ပြီး သူတို့၏ စွမ်းအားများက တူညီနေခဲ့သည်။ သို့သော် ယခု မုယွင်လန်က မျက်မမြင်ထျယ်၏ ရှေ့၌ ရပ်နေလျှင် သူက တူ၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။

All Chapters