ကမ္ဘာကူးပြောင်းသွားတဲ့လိုလီငယ်လေး
Vol. 1 Ch. 2
တက္ကစီ ပေါက်ကွဲသွားသည့် အချိန်တွင် ယွင်ရှန်း သတိမလစ်သွားပေ။ သူမ၏ ခန္ဓာကိုယ် ချက်ချင်း စုတ်ပြတ်သွားသလို ခံစားရပြီး သူမ၏ အသိစိတ်က အရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးစွာ လွင့်မျောထွက်သွားသည်။ ထို့နောက်တွင်မူ ခန္ဓာကိုယ် ချေမွခံရသလိုမျိုး ပြင်းထန်သော နာကျင်မှုဖြင့် မြေပြင်ပေါ်သို့ ထိုးကျသွားသည်။
ပတ်ဝန်းကျင်မှ ရိုင်းစိုင်းစွာ ရယ်မောသံများ ထွက်ပေါ်လာသည်။
"ဒီ မျိုးရိုးကို ချေမှုန်းသတ်ပစ်။ ယန်ခန်းဟိုင်မင်းက နှစ်ပေါင်းတစ်ရာမှာ တစ်ခါပေါ်တဲ့ ထူးခြားတဲ့ စုန်းပညာရှင်တစ်ယောက် ဖြစ်နေရင်တောင် မင်းရဲ့ ဇနီးနဲ့ သားသမီးတွေကို မကယ်နိုင်ဘူး"
အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသည့် လူဒါဇင်ပေါင်းများစွာက ရူးသွပ်စွာ ရယ်မောနေကြသည်။
သူမ၏ ခန္ဓာကိုယ် မြေပြင်နှင့် ထိခိုက်မိသည့်အချိန်တွင် နာကျင်မှုက ပြင်းထန်လွန်းလှသည်။ ယွင်ရှန်းသည် သူမက ကလေးငယ်တစ်ဦး ဖြစ်နေပြီးတော့ မြေပေါ်ပစ်ချခံလိုက်ရသော ကလေးငယ်တစ်ဦး ဖြစ်နေပြီဆိုသည်ကို သဘောပေါက်လိုက်သည်။
ဒါက ဝတ္ထုတွေထဲမှာ မကြာခဏ ပြောလေ့ရှိတဲ့ ဘဝကူးပြောင်းခြင်းပဲ။
ထိုကလေးငယ်လေးသည် မွေးဖွားပြီးကာစဖြစ်ပြီး ကြမ်းတမ်းစွာ ပစ်ချခံရသဖြင့် ချက်ချင်းပင် အသက်ရှူရပ်သွားသည်။
ထိုအခိုက်အတန့်တွင် ယွင်ရှန်း၏ ဝိညာဉ်သည် ကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ အခွင့်ကောင်းယူ၍ ဝင်ရောက်လိုက်သည်။
ကလေးငယ်၏ ခန္ဓာကိုယ်က နူးညံ့လွန်းပြီး ကျိုးလွယ်ကာ ကုသမှု မခံယူပါက အသက်ရှင်နိုင်ဦးတော့ ခါးကျိုးသောသူ တစ်ဦးသာ ဖြစ်သွားလိမ့်မည်ပင်။
ယွင်ရှန်းသည် ထိုကလေးငယ်လေးက သူမ ခေတ်သစ်လောကတွင် ဝတ်ဆင်ခဲ့သော ကျောက်လက်ကောက်နှင့် တစ်ထပ်တည်းတူသော လက်ကောက်တစ်ခုကို ဝတ်ဆင်ထားသည်ကို သတိပြုမိလိုက်သည်။ သူမ၏ မိသားစု အမွေအနှစ် ကျောက်လက်ကောက်နှင့်အတူ ဘဝကူးလာခဲ့ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် ကျောက်လက်ကောက် ပါလာသောကြောင့် ယွင်ရှန်း၏ နတ်ဘုရားစိတ်စွမ်းအား ဖြင့် လှုပ်ရှားလိုက်သည်။ သူမလက်ကောက်မှ ဖျော့တော့သောအလင်းရောင် ထွက်ပေါ်လာပြီး ကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
လက်ကောက်အတွင်းရှိ ကျန်ရှိနေသော နတ်စွမ်းအင်သည် ကလေးငယ်၏ နှလုံးသွေးကြောကို လျင်မြန်စွာ ပြန်လည် ပြုပြင်ပေးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူဒါဇင်ပေါင်းများစွာသည် ကလေးငယ်တွင် ဖြစ်ပျက်နေသော ပြောင်းလဲမှုများကို အာရုံမစိုက်မိကြပေ။
"ငါ့ကလေးကို လွှတ်ပေး"
ဒေါသထွက်နေသော အမျိုးသားတစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာပြီး သူ၏လက်တွင် ဆန်းကြယ်သော အရိုးလှံတံကို ကိုင်ဆောင်ထားသည်။
ယွင်ရှန်းသည် ထိုသို့သော အရိုးလှံတံမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ ထို နန်းတော်
လက်ဝါးကပ်တိုင်ပေါ်တွင် ကြောင်မျက်လုံးအရွယ် ကျောက်စိမ်းငါးခုသည် သွေးထွက်နေသော ပတ္တမြားကဲ့သို့ တောက်ပနေသည်။
တစ်စက္ကန့်အတွင်းမှာပင် မှောင်ရီနေသော မိုးကောင်းကင်က မီးလျှံများကဲ့သို့ နီရဲလာပြီး ဧရာမ သံမဏိဖိုကဲ့သို့ ဖြစ်ကာ ဆူပွက်နေသော သံရည်ကဲ့သို့ မီးလျှံများ ပလုံစီနေသည်။
ထိုအမျိုးသားသည် အရိုးလှံတံကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များသည် နေရာတိုင်းတွင် ဖြစ်ပေါ်လာပြီး မီးလုံးများ ရေလွှမ်းမိုးသကဲ့သို့ မိုးသီးမိုးပေါက်များလို ကျဆင်းလာသည်။
ကမ္ဘာလောကသည် ငရဲပြည်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး မီးလျှံများ တဝုန်းဝုန်း တောက်လောင်နေသည်။
ကောင်းကင်မှ လွင့်ကျလာသော မီးလုံးများသည် ရန်သူများကို ထိမှန်သွားရာ လူဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
မီးတောက်က အလွန်ပြင်းထန်သည်။ အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော ထိုလူများသည် သနားခံရန် အခွင့်အရေးပင် မရလိုက်ဘဲ မီးလောင်ကျွမ်းကာ ကျောက်မီးသွေးအပုံသာ ကျန်ရစ်တော့သည်။
အရိုးလှံတံကို ကိုင်ဆောင်ထားသော ထိုအမျိုးသားသည် နာကျင်စွာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်
လိုက်သည်။ သူ၏ မျက်လုံးများက အလင်းရောင်မဲ့နေသည်။ သူသည် အရိုးလှံတံကို အပေါ်သို့ မြှောက်ကာ သူ၏ ဦးခေါင်းထိပ်ကို အားကုန်ရိုက်ချရန် ရွယ်လိုက်သည်။
သူ၏ ဇနီးနှင့် သမီးငယ်တို့ နှစ်ဦးစလုံး သေဆုံးသွားပြီဖြစ်ရာ သူ အသက်ရှင်နေခြင်းက အဓိပ္ပာယ်မဲ့နေပြီဖြစ်သည်။
ဖျော့တော့သောအသက်ရှူသံတစ်ခုက ထိုအမျိုးသား၏ လုပ်ရပ်ကို ဟန့်တားလိုက်သည်။
သူသည် တောင့်တင်းစွာ လှည့်ကြည့်ကာ သေလုမြောပါး ကလေးငယ်လေးကို တုန်ယင်စွာ ကောက်ယူလိုက်သည်။
ယွင်ရှန်းသည် သူ၏ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်ရာ သူမ၏ အနက်ရောင်မျက်ဝန်းများထဲတွင် ထိုအမျိုးသား၏ ပုံပန်းသဏ္ဌာန်က ထင်ဟပ်နေသည်။
သူသည် ဖခင်ဖြစ်ကာစ လူငယ်တစ်ဦး ဖြစ်သည်။
သူသည် ပျော်ရွှင်နေသင့်သော်လည်း သူမရှေ့မှ အမျိုးသား၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး သူ့မျက်နှာတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း ထိုသို့ဖြစ်နေသည့်တိုင် သူ၏ တစ်ချိန်က ခန့်ညားသော ရုပ်ရည်နှင့် ထက်မြက်မှုကို ဖုံးကွယ်ထားလို့ မရပေ။
ထိုအမျိုးသားသည် ကြီးမားသော ဒုက္ခကို ရင်ဆိုင်ခဲ့ရမည်ဖြစ်ပြီး၊ သူ၏ မှိုင်းညို့နေသော မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းပူဆွေးမှုသာ ကျန်ရှိနေသည်။ မကုသနိုင်သော ရောဂါခံစားနေရသူတစ်ဦးကဲ့သို့သော ထိုဝမ်းနည်းမှုက ဆရာဝန်တစ်ဦးဖြစ်သည့် ယွင်ရှန်းကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ခံစားစေသည်။
သူသည် အသက်ရှင်လိုစိတ်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
သူမသည် သူ့ကို ကယ်တင်လိုသည်။ သူ့ကို ရှင်သန်လိုစိတ် ပြန်လည်ရှာဖွေတွေ့ရှိရန် ကူညီလိုသည်။
ယွင်ရှန်းသည် သူမ၏ နောက်ဆုံးအားအင်ကို အသုံးပြုကာ သူမလက်ကို ဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။
"ဝါးးး"
ထို အော်သံကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ ဖြူဖျော့သော မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာပြီး သူ၏ အကြည့်က တဖြည်းဖြည်း ပြန်တောက်ပလာသည်။ ထို့နောက် ကလေးငယ်လေးကို ပွေ့ပိုက်ကာ ရှေ့ရှိ ရွာငယ်လေးဆီသို့ ယိုင်ထိုး၍ သွားတော့သည်။
ထိုအမျိုးသား၏ နောက်ကွယ်တွင် မှောင်မိုက်သော မိုးသောက်ယံက တိတ်ဆိတ်စွာ ပြီးဆုံးသွားပြီး ထွက်ပေါ်လာသော နေမင်းက မြေပြင်တစ်ခုလုံးကို လင်းထိန်စေခဲ့သည်။
အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားသည်။ ခြောက်နှစ် ကြာသွားခဲ့သည်။ ငှက်ပျောဖက်ရွာရှိ ဆေးပင်စိုက်ခင်း တစ်လျှောက်တွင် မီးနီရောင် သွေးတိတ်ပန်းများဖူးပွင့်နေချိန်တွင် ရွာ၏ မှော်ဘုရားကျောင်း၌ မှော်ပညာ ထွန်းလင်းပွဲကို ကျင်းပနေသည်။
"မှော်ဒြပ်စင် ခံစားမှုစွမ်းအား လုံးဝမရှိ"
ဆံပင်ဖြူနေသော မှော်ဆရာသည် အနက်ရောင်စတီးကဲ့သို့သော မှော်စမ်းသပ်ကျောက်ကို လှမ်းကြည့်ကာ ခေါင်းခါလိုက်သည်။
ယခုဆိုလျှင် ဒါက တတိယအကြိမ် ဖြစ်သည်။ ယွင်ရှန်းသည် သုံးနှစ်သမီးအရွယ်ကတည်းက ငှက်ပျောဖက်ရွာ၏ မှော်ပညာ ထွန်းလင်းပွဲတွင် ပါဝင်ခဲ့ဖူးပြီး တစ်ခါမျှ မှော်ဒြပ်စင်ကို မခံစားဖူးခဲ့ပေ။
"ကျေးဇူးတင်ပါတယ် မှော်ဘိုးဘိုးကြီးနောက်နှစ်ကျရင် ကျွန်မ ထပ်ကြိုးစားပါ့မယ်"
ယွင်ရှန်း ခေါင်းမော့လိုက်သည်။ သူမသည် ငါးနှစ်မှ ခြောက်နှစ် အရွယ်သာ ရှိသေးပြီး ဘဲဥပုံမျက်နှာနှင့် မျက်လုံးကြီးများ ပိုင်ဆိုင်ထားသည်။ အဝတ်အစားများမှာ ဟောင်းနွမ်းသော်လည်း သန့်ရှင်းသည်။ ဆင်းရဲနွမ်းပါးမှုနှင့် အာဟာရချို့တဲ့မှုကြောင့် သူမသည် သူမ၏ ရွယ်တူများထက် ပိန်၍ အရပ်ပုသည်။
မှော်ပညာ ထွန်းလင်းပွဲ၏ ရလဒ်ကို သိလိုက်ရသော်လည်း ယွင်ရှန်း၏ နုနယ်သောမျက်နှာတွင် သူမ၏ အသက်နှင့် လုံးဝမလိုက်ဖက်သည့် လျစ်လျူရှုမှု အရိပ်အယောင်ကို ပြသနေသည်။
"ရှက်ဖွယ်ကောင်းတဲ့ သတ္တဝါလေး လိမ်လည်လှည့်ဖြားတတ်တဲ့ မှော်ဆရာရဲ့ သမီးက မှော်
ဘုရားကျောင်းကို လာရဲသေးတာလား။ မှော်ဘုရားရဲ့ အပြစ်ပေးခြင်းကို မကြောက်ဘူးလား"
သူမ မှော်ဘုရားကျောင်းမှ ထွက်ခွာလာစဉ်၊ မှော်ပညာ ထွန်းလင်းပွဲသို့ ပါဝင်ရန် လာရောက်သည့် ကလေးများထဲမှ တစ်ဦးက သူမအား တံတွေးထွေးလိုက်သည်။
ယွင်ရှန်းက ဖျတ်လတ်စွာ ရှောင်တိမ်းလိုက်သည်။
သူမ၏ အကြည့်က အေးစက်နေပြီး ရန်လိုသော တောကြောင်လေးတစ်ကောင်ကဲ့သို့ ပြဿနာရှာသည့် ကလေးကို စိုက်ကြည့်လိုက်သည်။
ယွင်ရှန်း၏ မျက်လုံးများတွင် မှော်စွမ်းအင် ပါဝင်နေသကဲ့သို့ ဖြစ်သည်။ သူမ စိုက်ကြည့်လိုက်
သည်နှင့် တံတွေးထွေးသည့် ကလေးငယ်က သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ဖမ်းစားခံလိုက်ရပြီး အောက်ခြေမသိသော ကြယ်တာရာကောင်းကင်ကဲ့သို့ မည်းနက်နေသော မျက်လုံးများက သူ၏ သတိစိတ်ကို လုံးဝ မျိုချတော့မလို ဖြစ်နေသည်။
ထိုကလေးငယ်သည် ရုတ်တရက် ခေါင်းထဲတွင် အူသွားသလို ခံစားရပြီး ခြေထောက်များ အားပျော့ကာ ဖင်ထိုင်လဲရင်း မြေပြင်ပေါ်သို့ လဲကျပြီး သတိလစ်သွားသည်။
ကလေး၏ ပုံမှန်မဟုတ်သော အခြေအနေကြောင့် ပတ်ဝန်းကျင်ရှိ ရွာသားများ ထိတ်လန့်ကာ ချက်ချင်း ဝိုင်းအုံလာကြသည်။
ယွင်ရှန်းသည် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မှော်ဘုရားကျောင်းမှ ထွက်သွားရန် အခွင့်ကောင်းယူလိုက်သည်။
သူမသည် ရွာ၏ အမြင့်ဆုံး တောင်ကုန်းဆီသို့ ဦးတည်သော လမ်းကြောင်းကို လိုက်သွားသည်။
ငှက်ပျောဖက်ရွာ၏ ရှုခင်းက လှပသည်။ တောက်ပသော နွေဦးနေရောင်နှင့် တောင်ကုန်းပေါ်ရှိ မြေခွေးအမြီးမြက်များကို တိုးဝှေ့နေသော လေညင်းနုတို့ကြောင့် ပိုမိုလှပနေသည်။ အမြီးနီ နဂါးငွေ့တန်းအနည်းငယ်က မြက်ဖျားများပေါ်တွင် နားခိုနေကြပြီး တောင်ကုန်းအောက်တွင် ကျောက်စိမ်းဖဲကြိုးကဲ့သို့ ချောင်းငယ်လေး စီးဆင်းနေသည်။
ယွင်ရှန်းသည် လှဲချလိုက်ပြီး သူမပါးစပ်တွင် မြေခွေးအမြီးမြက်တစ်ရွက်ကို ကိုက်ရင်း ကောင်းကင်ပြာကြီးကို ငေးမောကြည့်နေသည်။
ယန်ယွင်ရှန်းသည် ခေတ်သစ်ဝိညာဉ်ပိုင်ဆိုင်သော အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပြီး မှော်ပညာနှင့် ကိုယ်ခံပညာကို လေးစားသော ဝူကျိတိုက်ကြီးသို့ ဘဝကူးလာခဲ့သည်မှာ ခြောက်နှစ် ကြာပြီဖြစ်သည်။
မိဘမဲ့ကလေးဘဝမှ အရက်သမားဖခင်နှင့် တောင်ပေါ်တွင် နေထိုင်သော ရွာသူတစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သူမ၏ အမည်မှာ မျိုးရိုးနာမည်မှလွဲ၍ အတူတူပင်ဖြစ်သော်လည်း အရည်အချင်းမှာ ကမ္ဘာမြေနှင့်ကောင်းကင်ကဲ့သို့ ကွာခြားသည်။
မွေးဖွားစဉ်က ကပ်ဘေးကြောင့် ယွင်ရှန်း၏ သွေးကြောများက ငယ်စဉ်ကတည်းက ပျက်စီးနေပြီး ကိုယ်ခံပညာ လေ့ကျင့်ရန် မဖြစ်နိုင်သလို မှော်ဒြပ်စင်များကို ခံစားနိုင်စွမ်းမရှိသောကြောင့် မှော်ပညာလည်း လေ့ကျင့်၍မရနိုင်ပေ။
မြေအောက်ကမ္ဘာနှင့် ဥပဒေစိုးမိုးရေး နှစ်ခုစလုံးကို ကြောက်ရွံ့စေခဲ့သော အမျိုးသမီးတစ်ဦးမှ မှော်ပညာရော ကိုယ်ခံပညာပါ မလေ့ကျင့်နိုင်သည့် အသုံးမကျသူတစ်ဦး ဖြစ်သွားရခြင်းလား။
ယွင်ရှန်း ထထိုင်လိုက်သည်။ သူမ၏ ပါးစပ်ထောင့်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
"အသုံးမကျဘူး။ ဟာသပဲ"
သူမသည် ဘယ်တော့မှ အသုံးမကျသူ မဖြစ်နိုင်ပေ။ သူမတွင် ရှန်းနုန်ဆေးပညာလက်ကောက်ရှိနေသမျှ ကာလပတ်လုံး တစ်နေ့နေ့မှာ တိုက်ကြီး၏ အထွတ်အထိပ်မှာ ပြန်လည်ရပ်တည်နိုင်ရမည်။
ယွင်ရှန်းသည် သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ကျောက်လက်ကောက်ကို ထိကိုင်လိုက်သည်။ ၎င်းသည် သူမနှင့်အတူ ဘဝကူးလာသော အမွေအနှစ်တစ်ခုဖြစ်သည်။ မွေးဖွားကတည်းက သူမနှင့်အတူ ရှိနေပြီး သူမ၏ အတိတ်ဘဝနှင့် ဆက်သွယ်ပေးထားသည့် နောက်ဆုံးပစ္စည်းလည်း ဖြစ်သည်။
ယွင်ရှန်း၏ အရက်သမားဖခင်သည်လည်း ခဏတာ အံ့အားသင့်ခဲ့သော်လည်း ၎င်းကို ဖယ်ရှားရန် ကြိုးစားမှု အကြိမ်များစွာ မအောင်မြင်ခဲ့သောကြောင့် ထိုလက်ကောက်သည် အရက်ဖိုးအတွက် ပေါင်နှံခံရမည့် ကံကြမ္မာမှ လွတ်မြောက်ခဲ့သည်။
နေ့လယ် ဆယ့်နှစ်နာရီ ကောင်းကင်နှင့် မြေကြီးကြားရှိ ယန်စွမ်းအင် အပြည့်အဝရှိနေချိန်ဖြစ်သည်။
ယွင်ရှန်းသည် တင်ပျဉ်ခွေထိုင်ပြီး သူမလက်ချောင်းများကို တံဆိပ်ခတ်၍ စံသတ်မှတ်ထားသော တာအိုထိုင် တရားထိုင်နည်း ပုံစံဖြင့် ထိုင်လိုက်သည်။
နေရောင်ခြည်သည် ကွဲထွက်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး များပြားလှသော ရောင်စုံအလင်းအစက်အပြောက်များက လက်ကောက်ထဲသို့ စုပ်ယူခံလိုက်ရသောအခါ ကျောက်လက်ကောက်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
လက်ကောက်သည် အလင်းကို ပိုမိုစုပ်ယူလေလေ ယွင်ရှန်း၏ ခန္ဓာကိုယ်မျက်နှာပြင်က ပုလဲခွံကဲ့သို့ သက်တံရောင် တလက်လက် တောက်ပလာသည်။ ထိုအလင်းရောင်အောက်တွင် သူမ၏ မျက်နှာသွင်ပြင်က ပိုမို နူးညံ့သိမ်မွေ့လာပြီး သူမ၏ ခန္ဓာကိုယ်သည် မိုးမခပင်ကဲ့သို့ ဆန့်ထွက်လာသည်။
သူမ၏ နဖူးပေါ်တွင် ချွေးစေးများ စို့လာသည်။
ငယ်စဉ်ကတည်းက ပျက်စီးခဲ့သော နူးညံ့သည့် ရိုးတွင်းခြင်ဆီများအတွင်းမှ စွမ်းအင်စီးကြောင်းများက လှိုင်းထန်လာပြီး ပိုမို ကြွယ်ဝလာသည်။
ထိုစီးကြောင်းများ ကြီးထွားလာကာ စုစည်းသွားပြီး ရွှေရောင်သွေးကြောကို ဖြစ်ပေါ်စေသည်။
မိုးခြိမ်းသံကဲ့သို့သော ဒုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး သူမ ခြောက်နှစ်ကြာအောင် လေ့ကျင့်ခဲ့သော အတွင်းအားသည် ဆည်ကျိုးရေလွှမ်းသကဲ့သို့ ပေါက်ကွဲထွက်လာသည်။
ခန္ဓာကိုယ်၏ အထူးသွေးကြောကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သော ယန်ဝေသွေးကြောကို ဖြတ်ကျော်လိုက်ပြီဖြစ်သည်။
သုံးနှစ်လျှင် အတားအဆီးတစ်ခု ဖြစ်ပြီး သုံးနှစ်အရွယ်တွင် ရိုးတွင်းကျောက်စိမ်းပညာကို စတင်ခဲ့ပြီးနောက် သူမသည် သူမ၏ အတွင်းအားဖြင့် သွေးကြောများထဲမှ ပထမဆုံးတစ်ခုကို နောက်ဆုံးတွင် အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့သည်။
ယွင်ရှန်းသည် သူမ၏ ကျင့်ကြံမှုတွင် နှစ်မြုပ်နေပြီး ဤအချိန်တွင် ထိုတောင်ကုန်းပေါ်ရှိ အရွက်ထူထပ်သော ရှေးဟောင်း ဘုရားကြီးပင်ပေါ်တွင် နက်နဲသော မျက်လုံးတစ်စုံက အရာအားလုံးကို မြင်နေသည်ကို သူမ သတိမထားမိပေ။
ထိုလူငယ်လေးသည် သစ်ပင်စည်ပေါ်တွင် ပေါ့ပေါ့ပါးပါး လဲလျောင်းနေပြီး ငှက်ပျောဖက်ရွာ၏ ရိုးရှင်းသော လေထုနှင့် ထူးထူးခြားခြား မလိုက်ဖက် ဖြစ်နေသည်။
ထိုလူငယ်လေးသည် အသက်အရွယ် သိပ်မကြီးသေးဘဲ ဆယ်နှစ်ခန့်သာ ရှိသေးသည်။ ရိုးရှင်းသော ကြမ်းတမ်းသည့်အဝတ်ကို ဝတ်ဆင်ထားသော်လည်း သူ၏ ဂျုံရောင်အသားနှင့် သန်မာသော ခန္ဓာကိုယ်သည် စစ်မြေပြင်မှ အတွေ့အကြုံရင့်သော စစ်သည်တော်တစ်ဦးထက် မနိမ့်သည့် ဩဇာအရှိန်အဝါကို ထုတ်လွှတ်နေသည်။
"နေစွမ်းအင်ကို စုပ်ယူနေတာလား။ စိတ်ဝင်စားစရာပဲ ဒီလို ရွာငယ်လေးမှာ ဒီလို အဆင့်မြင့်တဲ့ ပညာကို ကျင့်ကြံတဲ့သူ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ထိုကောင်လေးက စိတ်ဝင်တစား လေ့လာနေသည်။
ရုတ်တရက် ယွင်ရှန်းသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
Note: ဇာတ်လမ်းကအလယ်ခေတ်မလို့ ရှန်းရှဝတ္ထုတွေလိုမဟုတ်ဘဲ ကိုယ်ခံပညာစွမ်းရည်အဆင့်နာမည်တွေကွဲပြားမယ်နော်။ ဒီဇာတ်လမ်းမှာပါမဲ့ မှော်ပညာအဆင့်နဲ့ ကိုယ်ခံပညာ၊ ဆင့်ခေါ်သူစွမ်းရည်အဆင့်ဆင့်ကိုဖော်ပြထားပါမယ်။
မှော်ဆရာ အဆင့်များ။ မှော်သင်တန်းသား၊ မှော်ဆရာ၊ အကြီးစားမှော်ညွှန်ကြားရေးမှူး၊ မှော်
ဆရာကြီး၊ မြင့်မြတ်သော မှော်ဆရာကြီး၊ ကောင်းကင်မှော်ဆရာ၊ မြင့်မြတ်နန်းတော် မှော်ဘုရင်၊ မှော်ဧကရာဇ်၊ နတ်ဒေဝီပညတ် မှော်နတ်ဘုရား။
ဆင့်ခေါ်သူ အဆင့်များ။ သားရဲဘာသာစကား အသုံးပြုသူ၊ စစ်သားရဲ ဆင့်ခေါ်သူ၊ လှံတံ ဆင့်ခေါ်သူ၊ စုန်းသားရဲ သခင်၊ မြင့်မြတ်သားရဲ သခင်၊ အကြီးစား ဆင့်ခေါ်သူ ဆယ့်သုံးဦး၊ အနီရောင်ဝတ် ဆင့်ခေါ်သူ ဧကရာဇ်။
ကိုယ်ခံပညာရှင် အဆင့်များ: ကိုယ်ခံပညာရှင်၊ ဆာမူရိုင်း၊ ကိုယ်ခံပညာ သခင်၊ ကိုယ်ခံပညာ ရိုသေကိုးကွယ်သူ၊ မာကွီ၊ ကိုယ်ခံပညာ ဂိုဏ်းခေါင်းဆောင်၊ ကိုယ်ခံပညာ သူတော်စင်၊ ကိုယ်ခံပညာ ဧကရာဇ်၊ ကိုယ်ခံပညာ နတ်ဘုရား။