အခြေခံဓားနည်းစနစ်
Vol. 1 Ch. 2
ရှန်းယွီသည် အိမ်ငယ်လေး၏ အပြင်ဘက်ရှိ ချောမွေ့သော ကျောက်တုံးပေါ်တွင် ထိုင်နေသည်။ တောင်ပေါ်လေညှင်းက သူ၏ ဆံပင်များကို တိုက်ခတ်နေချိန်တွင် ကျယ်ပြန့်သော အဇူရာတိမ်တိုက်ဂိုဏ်းကို ဖြတ်၍ ငေးကြည့်နေမိသည်။ ဖျားနာသောကြောင့် တစ်ကိုယ်တည်း နေရန် လိုအပ်သည်ဟု အကြောင်းပြကာ လီယောင်းကို ထွက်ခွာသွားရန် သူ နောက်ဆုံးတွင် ပြောဆိုစည်းရုံးနိုင်ခဲ့သည်။ သူမ၏ စိုးရိမ်သော မျက်လုံးများနှင့် မထွက်သွားချင်သော ပုံစံတို့က သူ၏စိတ်ထဲတွင် စွဲကျန်နေဆဲပင်။
“စိတ်မကောင်းပါဘူး ဂျူနီယာညီမလေး”
ရှန်းယွီက တီးတိုးလေး ရေရွတ်လိုက်သည်။ သူမကဆွဲဆောင်မှုမရှိတော့သောကြောင့် မဟုတ်ပေ။ အမှန်တကယ်ပင် မည်သည့် စံနှုန်းနှင့် ကြည့်သည်ဖြစ်စေ သူမက အလွန်အမင်း လှပလွန်းသည်။ သို့သော် ရှန်းယွီတွင် အချစ်ရေးထက် ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။ ၎င်းမှာ အသက်ရှင်ရပ်တည်ရေးပင်။ ကျင့်ကြံခြင်းဆိုင်ရာ ဝတ္ထုများတွင် ဇာတ်လိုက်မင်းသားဖြစ်မည့် သူ၏မိန်းမနှင့် ပတ်သက်မိခြင်းက မိမိကိုယ်ကို သေဒဏ်ပေးစာချုပ် ချုပ်ဆိုသကဲ့သို့ပင်။ သူ ဖတ်ဖူးသမျှ သိုင်းပညာ ဝတ္ထုတိုင်းတွင် ယင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဇာတ်လိုက်မင်းသား၏ ချစ်သူကို ထိပါက ကြေကွဲဖွယ် အသေဆိုးဖြင့် သေရမည်ပင်။
“မနက်ဖြန်မှာ ပုံဆိုးပန်းဆိုးနဲ့ သေရမယ့်အစား ပျင်းစရာကောင်းပြီးတော့ နှစ်ပေါင်း ဘီလီယံချီတိုင်အောင် အသက်ရှင်ချင်တယ်”
ရှန်းယွီသည် သက်ပြင်းချရင်း သူ၏ ရှေ့တွင် ဝဲပျံနေသော အပြာရောင် ဖန်သားပြင်ကို အာရုံစိုက်လိုက်သည်။
သူသည် ဤကမ္ဘာသို့ ရုတ်တရက် ရောက်ရှိလာပြီးနောက် သူ၏ စနစ်ကို သေသေချာချာ မစူးစမ်းရသေးပေ။ စူးစမ်းစရာ များများစားစား မရှိသောကြောင့် မဟုတ်ပေ။ မျက်နှာပြင်က ယခင်အခြေအနေ၌ ရှိနေဆဲပင်။
လုပ်ဆောင်ချက်တစ်ခုလုပ်တိုင်း အတွေ့အကြုံ နှစ်ဆဖြစ်မည်ဖြစ်ကာ ၂၄ နာရီတစ်ကြိမ် အသက်ဝင်သည်။ ကံမကောင်းစွာဖြင့် ထိုအချိန်တိုင်းစက်က မည်သည့်အချိန်တွင် စတင်ခဲ့သည်ကို သူ မသိခဲ့ပေ။ သုညနာရီတွင် ပြန်လည်သတ်မှတ်မည်ဟု စနစ်က အကြံပြုထားရာ ဆိုလိုသည်မှာ သူသည် တန်ဖိုးရှိသော နှစ်ဆတိုးချိန်ကို အလဟဿ ဖြစ်နေစေနိုင်သည်။
“သုညကို နှစ်ဆတိုးရင်လည်း သုညပဲ ရှိနေမှာ”
သူ၏ ဗလာဖြစ်နေသော စာရင်းအင်း ဖန်သားပြင်ကို လျှောက်ကြည့်ရင်း တီးတိုးပြောလိုက်
သည်။
“ဒီနေ့ မကုန်ခင် ကျင့်ကြံဖို့အတွက်…. ဘာပဲဖြစ်ဖြစ်…ရှာဖို့ လိုတယ်”
ရှန်းယွီသည် ထရပ်ပြီး သူ၏ ဝတ်ရုံကို ဖုန်ခါလိုက်သည်။ ကျမ်းစာခန်းမသည် သူ၏ ပထမဆုံး ဦးတည်ရာပင်။ ၎င်းသည် အဇူရာတိမ်တိုက်ဂိုဏ်း၏ အဓိက အဆောက်အအုံဆယ်ခုအနက်မှ တစ်ခုဖြစ်သည်။ အဆောင်တစ်ခုစီသည် အကြီးအကဲတစ်ဦး၏ ဩဇာအောက်တွင် လည်ပတ်နေပြီး သူ၏ကိုယ်ပိုင် တောင်နှလုံးသားခန်းမက ကောင်းရှန်ထျန်းအမည်ရှိ အကြီးအကဲ၏ စီမံပိုင်ခွင့်အောက်တွင် ရှိသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ညဏ်အရ အကြီးအကဲကောင်းသည် ကပ်ဆိုးကျရောက်ခဲ့သော တိုက်ပွဲတစ်ခုအပြီးတွင် အလွန်သေးငယ်သော မြို့ငယ်တစ်ခု၌ သူ့ကို တွေ့ရှိခဲ့ကြောင်း ပြောပြသည်။ တစ်ကိုယ်တည်းနေသော မိဘမဲ့ကလေးဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော ပဋိပက္ခတစ်ခုမှ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦးဖြစ်သည်။
“ပြီးပြည့်စုံတဲ့ ဇာတ်လိုက်မင်းသားတစ်ယောက်ရဲ့ နောက်ခံသမိုင်းပဲ”
ရှန်းယွီသည် ကျမ်းစာခန်းမဆီသို့ ကွေ့ကောက်နေသော လမ်းမမှ လျှောက်ရင်း နှာခေါင်းရှုံ့လိုက်သည်။
“ငါက ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေတဲ့ မင်းသား ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ နဂါးတစ်ကောင် မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်တယ်။ ရှေးဟောင်းရန်သူတွေ ဒါမှမဟုတ် တော်ဝင်တာဝန်တွေကို ငါ မလိုအပ်ဘူး။ ငါ အသက်ပေါင်း ဘီလီယံအနည်းငယ်ပဲ ထပ်ပြီးရှင်သန်ချင်တာ။ ကျေးဇူးပြုပြီး….”
ကျမ်းစာခန်းမသည် ရှေ့တွင် ခမ်းနားထည်ဝါစွာ ပေါ်ထွက်နေပြီး ထွင်းထုထားသော ကျောက်တုံးများနှင့် အရောင်တင်ထားသော သစ်သားများဖြင့် ပြုလုပ်ထားသည့် အထပ်ပေါင်းများစွာ မြင့်မားကောအထင်ကြီးစရာကောင်းသည့် အဆောက်အအုံဖြစ်သည်။ ရှန်းယွီသည် သူ၏ ကိုယ်ဟန်ကို ဖြောင့်မတ်လိုက်ပြီး ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် လူဆယ်ဂဏန်းများစွာ၏ စိုက်ကြည့်မှုဒဏ်ကို ခံစားလိုက်ရသည်။
“အဲ့ဒါ တောင်နှလုံးသားခန်းမက အသုံးမကျတဲ့ စီနီယာအစ်ကိုလား” ဟူသော တီးတိုးသံတစ်ခုက သူကြားနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“သူ့မှာ စိတ်ဝိညာဉ်အမြစ်လုံးဝ မရှိဘူးလို့ ငါ ကြားတယ်”
နောက်ထပ် အသံတစ်သံက ဖုံးကွယ်မထားသော လှောင်ပြောင်မှုဖြင့် ထပ်ပြောသည်။
“ရှူး…သူ ကြားသွားဦးမယ်”
တတိယလူက သတိပေးလိုက်ပြီး ထို့နောက် အားမလိုအားမရဟန်ဖြင့် ဖုံးကွယ်ထားသည့် ရယ်သံများ ထွက်ပေါ်လာသည်။
ရှန်းယွီသည် သူ၏ မျက်နှာထားကို သာမန်အတိုင်း ထားလိုက်သည်။
သူတို့ အခုတော့ ရယ်ထားဦးပေါ့။
ဤမာနကြီးသော လူငယ်ကျင့်ကြံသူများ၏ မျက်နှာကိုရိုက်ချဖို့ စိတ်ကူးယဉ် အစီအစဉ်များ သူဆီမှာ မရှိပေ။ ၎င်းက ပြဿနာဖြစ်စေမည့် ဇာတ်လိုက်မင်းသားများ၏ အမူအကျင့်များသာ။ သူတို့ သူ့ကို လှောင်ပြောင်ခြင်းက သူ့ကို မှတ်မိနေခြင်းထက် ပိုကောင်းသည်။ ပုန်းကွယ်နေနိုင်ခြင်းက သူ၏ အကြီးမားဆုံး အကာအကွယ်ဖြစ်သည်။
ရှန်းယွီသည် ရှေ့ဆုံးစားပွဲသို့ ချဉ်းကပ်ကာ ရိုးရာနှုတ်ဆက်ခြင်းအရ သူ့လက်နှစ်ဖက်ကို ယဉ်ကျေးစွာ ယှက်ထားလိုက်သည်။
“ရှန်းယွီက ကျမ်းစာတစ်ခုလောက် တောင်းခံဖို့ ရောက်လာတာပါ”
ထိုသို့ ပြောစဉ်တွင် သူ၏ အသံနေအထားကို အာဏာပြခြင်း ဒါမှမဟုတ် အောက်ကျို့ခြင်း မဖြစ်စေရန် ဂရုတစိုက် ထိန်းချုပ်လိုက်သည်။
သူ လိုအပ်သည့် နောက်ဆုံးအရာမှာ တံခါးစောင့်ကို ရန်လိုစေခြင်းပင်။
ကျမ်းစာခန်းမမှူးသည် မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အသိအမှတ်ပြုမှု ရောင်ခြည်သန်းလာသည်။
“အိုး ဒါ တောင်နှလုံးသားခန်းမက စီနီယာအစ်ကို မဟုတ်ဘူးလား”
သူ၏ အသံထဲမှ လှောင်ပြောင်သံအား ပါးလွှာစွာ ဖုံးကွယ်ထားသော်လည်း မောက်မာမှုတို့ဖြင့် စိမ့်ထွက်နေသည်။
ရှန်းယွီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော်လည်း သူသည် သူ၏ ယဉ်ကျေးသော ပုံစံကို ထိန်းသိမ်းထားသည်။
“ဟုတ်ပါတယ် ကျွန်တော်ပါ”
“စိတ်မကောင်းပါဘူး”
ကျမ်းစာခန်းမမှူးက သူ၏ ကုလားထိုင်ပေါ်တွင် နောက်သို့ မှီရင်း ပြုံးစိစိလုပ်သည်။
“ကျင့်ကြံနိုင်ခြင်း မရှိတဲ့သူတွေအတွက် ကျမ်းဂန်တွေ ငါတို့မှာ မရှိဘူး”
စိတ်ထဲတွင် ရှန်းယွီသည် သူ၏ ကံကြမ္မာကို ကျိန်ဆဲမိသည်။ ကျင့်ကြံခြင်းကမ္ဘာသို့ ရောက်စ ပထမနေ့မှာပင် သူသည် အခြေခံအကျဆုံး ကျင့်ကြံနည်းလမ်းညွှန်ကိုပင် မရနိုင်သေးချေ။
...
ရှန်းယွီသည် ငြိမ်သက်စွာ ရပ်နေရင်း ကျမ်းစာခန်းမမှူး၏ ငြင်းဆိုမှုကို စိတ်ပျက်အားလျှော့စွာဖြင့်သာ လက်ခံလိုက်သည်။ ထိုလူ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သော အပြုံးက သူ သိလိုသည့်အရာအားလုံးကို ပြောပြနေသည်။ ထိုလူက စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသက်သက် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အားအရှက်ရအောင် လုပ်ခြင်းပင်။ အသိအမှတ်ပြုသည့်အနေဖြင့် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီးနောက် ရှန်းယွီသည် လှည့်ထွက်သွားရာ သူ၏ ခြေသံတို့သည် ရုတ်တရက် တိတ်ဆိတ်သွားသော ခန်းမထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ငါဘာကို မျှော်လင့်မိတာလဲ။
ရှန်းယွီသည် သူ့ရင်ဘတ်ကို ထုပြီး “လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ဟေတုန်းနဲ့ဟေရှီးလို ဆင်းရဲတဲ့ လူငယ်ကို မစော်ကားနဲ့” လို့ ဇာတ်လိုက်မင်းသား ခပ်ညံ့ညံ့တစ်ယောက်လို ကြေညာမယ်လို့လား။
တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားကြည့်ရအောင်။
ဒီလို ပေါက်ကွဲမှုမျိုးက ငါ့အတွက် တရားမျှတတဲ့ အနိုင်ဆိုတာကို ယူလာပေးမှာ မဟုတ်ဘူး။ မြန်မြန်ဆန်ဆန်နဲ့ ရက်စက်တဲ့ သေခြင်းပဲ ရမှာ။ ကံကြမ္မာရဲ့ ပြန်ပေးဆပ်မှုကို နှစ်သုံးဆယ်လောက် ထိုင်စောင့်နေဖို့ မလိုပါဘူး။ အခုလောလောဆယ် ကျန်းဂန်ဆောင်မှူးက သူ့လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါးလေး ချိန်ပစ်လိုက်ရုံနဲ့ ငါ့ဘဝကို ချုပ်ငြိမ်းပစ်လို့ မရနိုင်ပါဘူး။
ရှန်းယွီသည် ဤကမ္ဘာ၏ စည်းမျဉ်းများကို ဤကမ္ဘာရှိ နေထိုင်သူများထက် ပိုသိသည်။ ဇာတ်လိုက်များက မခံမရပ်နိုင်စွာ အော်ဟစ်လေ့ရှိသည်။ ဇာတ်ရံများက သူတို့၏ ခေါင်းများကို ငုံ့ထားသည်။ အမြောက်စာများက လေထဲတွင် ခြိမ်းခြောက်ပြောဆိုသည်။ ထို အခန်းကဏ္ဍများထဲမှ တစ်ခုခုကို ဖြည့်ဆည်းရန် သူ လုံးဝ ရည်ရွယ်ချက်မရှိပေ။
အလှဆင်ထားသော ဝင်ပေါက်တံခါးဝသို့ သူ မရောက်သေးခင်မှာပင် တင်းမာသော လေထုကို ဖြတ်၍ အမိန့်ပေးသော အသံတစ်ခုက မြည်ဟီးလာသည်။
“နေဦး…”
သူ နာခံစွာ လှည့်လိုက်ချိန်တွင် ရှန်းယွီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ခန်းမ၏ အလယ်ဗဟိုတွင် ရပ်နေသည်မှာ အရပ်မြင့်မားပြီး ခန့်ညားထည်ဝါသော ပုံပန်းသဏ္ဍာန်ရှိသူတစ်ဦးဖြစ်သည်။ သူ၏ သန်းခေါင်ယံကဲ့သို့ အပြာရောင်ဝတ်ရုံက သူတို့ပတ်ဝန်းကျင်ရှိ အလင်းရောင်ကို စုပ်ယူထားသယောင် ရှိသည်။ ထိုသူ၏ တည်ရှိမှုက အခန်းထဲတွင် ပြည့်နှက်နေပြီး သူ၏ ဩဇာမှာ ရှန်းယွီလို ဝိညာဉ်စွမ်းအင် ချို့ယွင်းနေသော သူများပင် ခံစားသိရှိနိုင်စွမ်း ရှိသည်။
အကြီးအကဲကောင်းရှန်ထျန်း….ငါ့ရဲ့ ဆရာပဲ။
“ရှန်းယွီက ငါ့ရဲ့ တပည့်တစ်ဦးပဲ”
အကြီးအကဲက တောင်ကျောက်တုံး၏ အလေးချိန်ကို သယ်ဆောင်ထားသည့် သူ၏အသံဖြင့် ပြောကြားလိုက်သည်။
“သူ့မှာ ကျမ်းဂန်ရယူပိုင်ခွင့် ဘာကြောင့် မရှိရမှာလဲ”
“မဖြစ်နိုင်ဘူး..”
ရှန်းယွီ စိတ်ပျက်စွာ တွေးလိုက်သည်။
ဆရာရဲ့ထောက်ခံမှုကို ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဒရာမာတွေ မဖန်တီးလိုက်ပါနဲ့။ ကျွန်တော် တစ်ယောက်တည်း ရှိနေတဲ့အချိန်အထိ ဒီကျမ်းစာခန်းမမှူး အငြိုးအတေးထားတာကို ကျွန်တော် လုံးဝ မလိုချင်ပါဘူးဗျ….
အကြီးအကဲ၏ ဩဇာက ပို၍ တောက်လောင်လာရာ ပတ်ဝန်းကျင်မှ တပည့်များစွာကို နောက်သို့ ယိမ်းယိုင်လဲကျစေသည့် မမြင်ရသော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။
“မင်းက ငါ့ရဲ့ တောင်နှလုံးသားခန်းမကို အနိုင်ကျင့်နေတာလား”
ကျမ်းစာခန်းမမှူး၏ မျက်နှာက ချက်ခြင်းပြာနှမ်းသွားပြီး သု့နဖူးတွင် ချွေးစများ စို့လာသည်။ သူသည် လျင်မြန်စွာပင် ချော့မော့သော အပြုံးကို ဖန်တီးကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ “အကြီးအကဲ ကျွန်တော် ငြင်းဆန်တာ မဟုတ်ပါဘူး”
ထိုလူသည် စောနက ရှန်းယွီအားပြောဆိုခဲ့သော လေသံနှင့်မတူဘဲ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသောအသံဖြင့် ရှင်းပြသည်။
“တစ်စုံတစ်ဦးက ကျမ်းဂန်ရရှိဖို့အတွက် သူတို့ဟာ ပြင်ပနည်းစနစ်တစ်ခုခုကို အသေးစားအောင်မြင်မှု အဆင့်အထိ အနည်းဆုံး ကျင့်ကြံထားရမှာပါ”
အကြီးအကဲကောင်း၏ ထိုးဖောက်နိုင်စွမ်းရှိသော အကြည့်က ရှန်းယွီထံသို့ ရွေ့သွားပြီး ရာစုနှစ်များစွာ သိုင်းပညာ ပြောင်းလဲတိုးတက်မှုကို မြင်တွေ့ခဲ့ရသော မျက်လုံးများဖြင့် သူ့ကို အကဲဖြတ်လိုက်သည်။ ရှန်းယွီသည် အနည်းငယ်သော နာကျင်မှုဖြင့် သဘောပေါက်လိုက်သည်။
ထိုအကြည့်တွင် စိတ်ပျက်အားလျော့မှု တစ်ချိူ့ရှိနေခြင်းပင်။ အကြီးအကဲသည် သူ့ထံမှ ပိုမိုများပြားစွာ မျှော်လင့်ခဲ့ပုံရသည်။
“မင်း ကြားတဲ့အတိုင်းပဲ”
အကြီးအကဲကောင်းက ရှန်းယွီကို တိုက်ရိုက်ပြောသည်။
“မင်း အခုထိ ကျမ်းဂန်တွေကို မကျင့်ကြံနိုင်သေးဘူး”
သူသည် သူ၏ မုတ်ဆိတ်ကို စဉ်းစားဟန်ဖြင့် ပွတ်သပ်လိုက်သည်။
“ပြင်ပနည်းစနစ်ကို ကျင့်ကြံဖို့ ကြိုးစားချင်လား။ အသေးစားအောင်မြင်မှုကို ရောက်ပြီးမှသာ မင်း ကျမ်းဂန်ရနိုင်မယ်”
ရှန်းယွီသည် လေးစားစွာ ပြုံးပြပြီး ပြီးပြည့်စုံသော ပုံစံဖြင့် ဦးညွှတ်လိုက်သည်။
“တပည့်တော် ဆရာကို ကျေးဇူးတင်ပါတယ်”
“ဒီလောက် ယဉ်ကျေးဖို့ မလိုပါဘူး”
အကြီးအကဲကောင်းက လျစ်လျူရှုဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
“နည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူပါ”
သူ၏ အပြင်ပန်းပုံသဏ္ဌန်က သံမဏိသဖွယ်တည်ကြည်မှုရှိသော်လည်း အကြီးအကဲသည် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဤကောင်လေး၏ ကြောက်ရွံ့သော စိတ်နေသဘောထားကို ပြောင်းလဲရန် မဖြစ်နိုင်ပုံရသည်။ ကျင့်ကြံခြင်းကမ္ဘာတွင် ရှင်သန်ရန် တပည့်တိုင်း လိုအပ်သော ပြင်းထန်သော စိတ်ပိုင်းဖြတ်မှုက သူ့ဆီမှာမှ ဘာလို့ပျေက်ကွယ်နေရတာလဲ။
“မင်း ဘယ်အဆင့်ကို လိုချင်သလဲ”
အကြီးအကဲက မေးသည်။
ရှန်းယွီသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များထဲမှ အဆင့်ခွဲခြားမှုကို ကောင်းစွာ သိသည်။ ဤသိုင်းကမ္ဘာတွင် နည်းစနစ်များကို သီးခြား အဆင့်များအဖြစ် ပိုင်းခြားထားသည်။
အခြေခံအဆင့်၊ အနိမ့်ဆုံးအဆင့်၊ အလယ်အလတ်အဆင့်၊ အမြင့်ဆုံးအဆင့်၊ အသာလွန်ဆုံးအဆင့်၊ နက်နဲသောအဆင့်နှင့် ဒဏ္ဍာရီဆန်သော နတ်ဘုရားအဆင့်တို့ဖြစ်သည်။ ပိုမိုမြင့်မားသောအဆင့်များသည် ပို၍ကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်သော်လည်း ထူးခြားသော အရည်အချင်းနှင့် ဇွဲလုံ့လရှိရန်လိုအပ်သည်။
ကျင့်ကြံသူအများအပြားသည် သူတို့၏ စွမ်းရည်ထက် ကျော်လွန်သော နည်းစနစ်များကို ကြိုးစားရာတွင် သူတို့၏ အုတ်မြစ်ကို ဖျက်ဆီးခဲ့ကြသည်။
တွန့်ဆုတ်မနေဘဲ ရှန်းယွီက “ကျွန်တော် အခြေခံကို ယူပါ့မယ်” ဟု ပြန်ဖြေလိုက်သည်။
သူသည် ကောင်းကင်ဘုံမှ ပါလာသော အရည်အချင်းရှိသည်ဟု ယူဆပြီး ပိုမိုမြင့်မားသော အဆင့် နည်းစနစ်များကို ကျင့်ကြံနိုင်သည်ဟု ထင်မြင်လောက်အောင် စွဲလမ်းနေသူမဟုတ်ပေ။
အကြီးအကဲသည် ဤ အစွဲအလမ်းမကြီးသော ရွေးချယ်မှုကို အံ့သြခြင်းမပြပေ။ သူသည် သူ၏ သိုလှောင်အိတ်ထဲသို့ လက်လှမ်းကာ မျက်စိဖြင့်မမြင်နိုင်သော ပစ္စည်းစာရင်းထဲမှ မွှေနှောက်ရှာဖွေပြီးနောက် ပါးလွှာကာ သားရေဖုံးထားသည့် လမ်းညွှန်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
“ဒါက အခြေခံ ဓားခုတ်နည်းစနစ်ပဲ”
ဤသို့ပြောကာ ထိုစာအုပ်ကို ရှန်းယွီထံသို့ ပစ်ပေါက်လိုက်ပြီး ရှန်းယွီက ရိုသေလေးစားမှုအပြည့်ပြကာ သူ၏လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။
ရှန်းယွီ၏ လက်ထဲတွင် ညိုမှိုင်းနေသော အဖုံးကို စစ်ဆေးကြည့်လိုက်ရာ လမ်းညွှန်စာအုပ်သည် အံ့သြစရာကောင်းလောက်အောင် လေးလံနေသည်။ သားရေပေါ်တွင် ထွင်းထုထားသော စာလုံးများသည် သူ့ရှေ့မှ ရေတွက်မရသော လက်များကြောင့် အရောင်မှိန်နေခဲ့သည်။
“ဒါကို သေချာလေ့လာပါ”
အကြီးအကဲကောင်းက ညွှန်ကြားသည်။
“အသေးစားအောင်မြင်မှုကို ရောက်တဲ့အခါ ကျမ်းဂန်အတွက် ငါ့ဆီ လာခဲ့”
ရှန်းယွီသည် လေးစားစွာ ခေါင်းညိတ်ပြီးနောက် ထွက်ခွာသွားရာ ထိုလမ်းညွှန်စာအုပ်ကို တန်ဖိုးရှိသော ရတနာတစ်ခုပမာ သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ကျမ်းဂန် မရရှိခဲ့သော်လည်း သူသည် ထိုသို့သေးငယ်သော ကျေနပ်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
မည်သည့်နည်းစနစ်မဆို ဘာမှမရှိခြင်းထက် ပိုကောင်းသည်။ ဤအခြေခံအဆင့်ကိုပင် တစ်ညတည်းနှင့် ကျွမ်းကျင်နိုင်မည်ဟု သူ ထင်ယောင်ထင်မှား မရှိသော်လည်း သူ၏ နှစ်ဆတိုးစနစ်ဖြင့် သေးငယ်သော တိုးတက်မှုပင် နောက်ဆုံးတွင် အဓိပ္ပာယ်ရှိသော အရာတစ်ခုအဖြစ် စုစည်းသွားမည်ဖြစ်သည်။
“ပြန်လည်သတ်မှတ်ချိန်မတိုင်ခင် အစပြုသူအဆင့်ကို ရောက်ဖို့ ငါ ကံကောင်းနိုင်မလား မသိဘူး”
ရှန်းယွီသည် ကျန်ရှိသော နာရီများအတွင်း သူ မည်မျှ အတွေ့အကြုံ စုဆောင်းနိုင်မည်ကို တွေးတောနေခဲ့သည်။ ထိုအတွေ့အကြုံသည် မည်မျှပင် နည်းပါးပါစေ သေးငယ်သော ဂဏန်းကိုပင် နှစ်ဆတိုးခြင်းက နောက်ဆုံးတွင် ရလဒ်ကို ရရှိစေမည်ဖြစ်သည်။