အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း ၅၂၆ - ပထမဆုံးအောင်ပွဲ
ဤတိုက်ပွဲတွင် မဟာမှော်ဆရာများ၊ဧကရာဇ်အစောင့်တပ်များနှင့် အခြားသောအထူးတပ်ဖွဲ့များသည် ပြီးပြည့်စုံသောပေါင်းစပ်မှုကို ဖန်တီးခဲ့သည်။
ထိုပေါင်းစပ်မှုသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီတပ်ဖွဲ့၏ လျှပ်တပြက်စစ်ဆင်ရေးကဲ့သို့ ကြီးမားသောအောင်ပွဲကိုရရှိစေခဲ့သည်။ထိုစဉ်ကဂျာမန်တို့သည် စတုကာဗုံးကြဲ တိုက်လေယာဉ်များနှင့်အတူ မြေပြင်တပ်များ၏ပြီးပြည့်စုံသောပေါင်းစပ်မှုဖြင့် အောင်မြင်သောတိုက်ပွဲဗျူဟာတစ်ခုကို ဆင်နွဲနိုင်ခဲ့သည်။
ယခုအချိန်တွင်လည်း ဧကရာဇ်ကျားတပ်ဖွဲ့၊ဧကရာဇ်အစောင့်တပ်များနှင့်ရှောင်ယု၏တပ်များသည် သူတို့၏စွမ်းအားကို အဆုံးစွန်ထိထုတ်ဖော်နိုင်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ဝေဟင်၌ရှိနေသော မှော်ဆရာကြီးသုံးဦးက မြေပြင်တပ်များ၏အနှောင့်အယှက်မှန်သမျှကို ဖယ်ရှားရှင်းလင်းပေးနေ၍ဖြစ်သည်။
ထိုသို့မဟုတ်ပါက ဇတ်ဂ်များ၏ပိတ်ဆို့မှုကြောင့် သူတို့သည်ရှေ့ဆက်တိုး၍ ရတော့မည်မဟုတ်ပေ။
အကယ်၍ မှော်ဆရာကြီးသုံးယောက်သည် သူတို့၏ကိုယ်ပိုင်စွမ်းအားကိုအသုံးပြုကာ မှော်ပညာ၏စွမ်းအားဖြင့် ဇတ်ဂ်များကိုအမြောက်အများသတ်ဖြတ်ခဲ့မည်ဆိုလျှင်ပင် ယခုလိုကြီးမားသောထိရောက်မှုမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။
ဝုန်း...ဘုံး
မရေမတွက်နိုင်သော မှော်မန္တန်များသည် ကောင်းကင်ပေါ်မှကျဆင်းလာခဲ့ကာ ဇတ်ဂ်များသည်လုံးဝခုခံနိုင်စွမ်းမရှိဘဲ တစ်ကောင်ပြီးတစ်ကောင်သေဆုံးသွားခဲ့ရသည်။သူတို့သည် အဆုံးမရှိသောဖြစ်စဉ်တစ်ခုအတွင်း ကြိမ်ဖန်တလဲလဲကျရောက်နေခဲ့သည်။သူတို့သည် ဧကရာဇ်ကျားတပ်ဖွဲ့အားပိတ်ဆို့လိုပါက သူတို့အားတားဆီးရန်အတွက် ကြီးမားသည့်ဇတ်ဂ်တပ်ဖွဲ့အားစုစည်းရမည်ဖြစ်သည်။သို့သော်လည်း သူတို့သည် ထိုသို့သောတပ်ဖွဲ့ကြီးတစ်ခုကိုစုစည်းလိုက်ပါက မှော်ဆရာကြီးသုံးယောက်အပြင် ကဲလ်သက်၊လင်းမူရွယ်နှင့်အခြားသောမှော်ဆရာများ၏ ပစ်မှတ်ဖြစ်လာမှာသေချာပေသည်။
ယခုအခါ တိုက်ပွဲအခြေအနေတစ်ခုလုံးသည် ရှောင်ယုဆီသို့လုံးလုံးလျားလျားကျရောက်လာခဲ့ပြီဖြစ်သည်။ဒဏ်ရာရရှိနေသောဇတ်ဂ်များသည် တိုက်ပွဲကိုဂရုမစိုက်ဘဲ လှည့်ပတ်ထွက်ပြေးနေကြသည်။
ရှောင်ယုသည် ဇတ်ဂ်တပ်ဖွဲ့များကို လမ်းတလျှောက်တိုက်ထုတ်လာရင်း မိုင်ပေါင်းများစွာအဝေးသို့မောင်းထုတ်ခဲ့သည်။သို့မှသာသူတို့သည် ပြန်လည်ဆုတ်ခွာနိုင်ပြီး နောက်တစ်နေ့တိုက်ပွဲအတွက် စစ်သားအသစ်များကိုစုဆောင်းနိုင်မည်ဖြစ်သည်။
လက်ရွေးစင်စစ်သားများသည် အစွမ်းထက်သော်လည်း သူတို့၏ကြံ့ခိုင်မှုနှင့်ခံနိုင်ရည်မှာ အကန့်အသတ်ရှိပေသည်။တစ်ရက်လုံးနီးပါးတိုက်ခိုက်အပြီးတွင် လူတိုင်း၏ကိုယ်ခံအားသည်လုံးဝကုန်ခမ်းလုနီးပါးဖြစ်နေသော်လည်း ယနေ့အောင်ပွဲကြောင့် လူတိုင်းသည်အလွန်ပင်စိတ်ဓာတ်ပြင်းထန်နေကြဆဲဖြစ်သည်။
ရှောင်ယုသည် နဂါးလေးပေါ်မှနေ၍ လူတိုင်းအားဆုတ်ခွာရန်အချက်ပြလိုက်သည်။လူတိုင်းသည် သူတို့၏လက်နှစ်ဖက်ကိုမြှောက်လိုက်ကြပြီး သူတို့၏ကြီးကျယ်ခမ်းနားသောအောင်ပွဲအတွက် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
ထို့နေ့တွင် သူတို့သည်သန်းပေါင်းများစွာသော ဇတ်ဂ်များကိုသတ်ဖြတ်ခဲ့ကြပြီး သူတို့လုံးဝမျှော်လင့်ထားခြင်းမရှိသော ကြီးမားသည့်အောင်ပွဲတစ်ခုကို ရရှိခဲ့သည်။ဇတ်ဂ်များသည် အမြောက်အများအသက်ရှင်နေသေးသော်လည်း ယခုကဲ့သို့သတ်ဖြတ်မှုနှုန်းဖြင့်ဆိုပါက ဇတ်ဂ်များသည်လုံးဝပျောက်ကွယ်သွားမှာ သေချာသလောက်ရှိပေသည်။
အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံးကို ပျော်ရွှင်ဖွယ်ခံစားချက်များက လွှမ်းခြုံထားခဲ့ပေသည်။ဇတ်ဂ်များကို အနိုင်ယူသောသတင်းကိုဖြန့်ကျက်ရန်အတွက် လူအင်အားများစွာလိုအပ်သော်လည်း ကင်းထောက်အသီးသီးက ဘက်ပေါင်းစုံသို့လျင်မြန်စွာသတင်းပို့ခဲ့ကြသည်။သူတို့သည် ဤကြီးကျယ်သောအောင်ပွဲသတင်းကို ဆွေမျိုးသားချင်းများထံပို့ဆောင်ကာ အောင်ပွဲခံနေခဲ့ကြသည်။
ထိုစစ်ပွဲအား သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်တွေ့မြင်လိုက်ရသူများက ဧကရာဇ်ကျားအစောင့်တပ်ဖွဲ့၏စွမ်းအားကြောင့် လွန်စွာတုန်လှုပ်သွားကြသလို အနောက်တိမ်တိုက်အင်ပါယာအတွက်လည်း ဂုဏ်ယူမိခဲ့ကြသည်။လက်ရှိအချိန်တွင် သူတို့သည်ဧကရာဇ်အစောင့်တပ်များ၏ တန်ဖိုးနှင့်ကြီးမြတ်မှုကို အမှန်တကယ်သက်သေပြနိုင်ခဲ့သည်။
ဤအရာသည် ခမ်းနားကြီးကျယ်သောတိုက်ပွဲကြီးပင်ဖြစ်သည်။
ယခုတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော ဧကရာဇ်အစောင့်တပ်နှင့်အခြားသောတပ်ဖွဲ့များမှ တပ်သားများသည် သူတို့၏ခေါင်းကိုမော့ကာ မြို့တွင်း၌ဂုဏ်ယူဝင့်ကြွားစွာသွားလာနိုင်ကြပြီဖြစ်သည်။သူတို့သည် လူအများ၏သံသယဖြစ်ဖွယ်အကြည့်နှင့် မထီမဲ့မြင်လှောင်ပြောင်မှုများကို လဝက်ခန့်ရင်ဆိုင်ခဲ့ရပြီးနောက် သူတို့၏သတ္တိနှင့်စွမ်းအားကို သက်သေပြနိုင်ခဲ့သည်။
ဧကရာဇ်ကျားတပ်ဖွဲ့နှင့်အခြားသောတပ်ဖွဲ့များက သူတို့သည်အင်ပါယာ၏အုပ်ထိန်းသူများဖြစ်ကြောင်း သက်သေပြခဲ့ကြသည်။သူတို့တည်ရှိနေသရွေ့ အနောက်တိမ်တိုက်အင်ပါယာသည် ထာဝစဉ်တည်မြဲနေမည်ဖြစ်သည်။
စစ်ချီတပ်များပြန်လည်ရောက်ရှိလာသောအခါတွင် လူတိုင်းသည်ကျယ်လောင်စွာအော်ဟစ်လိုက်ကြကာ ဧကရာဇ်ကျားတပ်ဖွဲ့နှင့်အခြားသောတပ်သားများကို လေးစားစွာနှုတ်ခွန်းဆက်သခဲ့ကြသည်။ထိုအချိန်တွင် လူတိုင်းထံ၌တူညီသော အတွေးတစ်ခုဝင်လာကြသည်။ဤအရာသည် သူတို့၏အင်ပါယာအစောင့်တပ်များပင်ဖြစ်သည်။
ထို့ပါဟောင်ကိုယ်တိုင်ကလည်း ဤကိစ္စနှင့်ပတ်သက်၍ အလွန်ဂုဏ်ယူနေခဲ့ကာ သူ၏မျက်နှာ၌ဂုဏ်ယူနေသောအပြုံးတစ်ခုကို တပ်ဆင်ထားခဲ့သည်။ယခုတစ်ကြိမ်တွင် သူသည်ဖိအားများအောက်မှ ရုန်းထွက်နိုင်ခဲ့ကာ သူ၏စွမ်းဆောင်ရည်ကို သက်သေပြနိုင်ခဲ့သည်။
ဤအောင်ပွဲတွင် အခြားသောအကြောင်းရင်းများစွာပါဝင်သော်လည်း ရှောင်ယု၏ပါဝင်မှုသည် အကုန်လုံး၏ထက်ဝက်ကျော်ခန့်ရှိပေသည်။ထို့ပြင် မှော်ဆရာကြီး၃ယောက်၏ အခန်းကဏ္ဍမှာလည်းသံသယဖြစ်စရာမလိုခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲ၏အဓိကစွမ်းဆောင်နိုင်မှုကို သူ၏ဧကရာဇ်ကျားတပ်ဖွဲ့က ရရှိသွားခဲ့သည်။တိုက်ပွဲဗျူဟာတစ်ခုလုံးသည် ဧကရာဇ်ကျားတပ်ဖွဲ့၏ စွမ်းဆောင်နိုင်ရည်အပေါ် လုံးဝမူတည်နေခဲ့သည်။
ယခုတိုက်ပွဲတွင် သူတို့သည်ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်ခဲ့သည့်အတွက်ကြောင့် သူတို့၏ပါဝင်မှုကို ခြွင်းချက်မရှိထောက်ခံရမည်ဖြစ်သည်။
ရှေ့တန်းတွင် ထောက်ပံ့ရေးပစ္စည်းများ အလွန်ရှားပါးနေသော်လည်း ထို့ပါဟောင်သည်ကြီးမားသော အောင်ပွဲကြီးကိုဂုဏ်ပြုပေးရန်အတွက် ပါတီပွဲတစ်ခုကျင်းပရန် အမိန့်ပေးခဲ့သည်။ယနေ့တိုက်ပွဲသည် ဇတ်ဂ်များနှင့်တိုက်ပွဲစတင်စဉ်ကတည်းက ကြီးမားသောအလှည့်အပြောင်းတစ်ခုဖြစ်သည်။နောက်ဆုံးတွင် သူတို့သည်တလျှောက်လုံးခုခံကာကွယ်နေရာမှ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည်။
မူလက သူတို့၏အမြင်၌ လုံးဝတွန်းလှန်နိုင်စွမ်းမရှိသည့် ဇတ်ဂ်များသည် ယခုလိုအကြွင်းမဲ့စွမ်းအား၏ဖိနှိပ်မှုအောက်တွင် လုံးဝဖယ်ရှားပစ်နိုင်ခဲ့သည်။
လူတိုင်းသည် သူတို့၏နှလုံးသားထဲတွင် ယုံကြည်မှုများ ပွက်ပွက်ဆူလာသလိုခံစားလိုက်ရသည်။အဆုံးသတ်တွင် သူတို့သည်စိတ်ပျက်အားငယ်နေသောအခြေအနေမှ ယခုလိုတိုက်ခိုက်လိုစိတ်ပြင်းထန်သောအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။စစ်သားတိုင်းသည် သောက်စားမူးယစ်ကာ ပျော်ရွှင်စွာကခုန်နေကြသည်။
ယခုအချိန်တွင် အရေးကြီးပုဂ္လိုလ်အားလုံးက ဤအောင်ပွဲကြီးအတွက်ဂုဏ်ပြုပေးခဲ့ကြသည်။ထိုအတွက်ကြောင့် ထို့ပါဟောင်သည် ရှောင်ယုထံမှနေ၍ ဝိုင်ပုလင်းကောင်းများစွာကိုတောင်းခံခဲ့သောကြောင့် ရှောင်ယုစိတ်မကောင်းဖြစ်ခဲ့ရသည်။
မှော်ဆရာ၃ယောက်လုံး၏မျက်နှာသည် နီမြန်းနေခဲ့ကာ သူတို့၏စိတ်အခြေအနေ ကောင်းမွန်ကြောင်းပြသနေခဲ့သည်။အမှန်တော့ သူတို့အားလုံးသည်ယနေ့တိုက်ပွဲကြောင့် များစွာပင်ပန်းကြခြင်းမရှိဘဲ ဟိုနားသည်နားမှော်မန္တန်များကိုသာ အသုံးပြုပေးခဲ့ရသည်။
အကယ်၍ မြို့အားကာကွယ်ကာ မရေမတွက်နိုင်သော ဇတ်ဂ်များကို ခုခံကာကွယ်ရမည်ဆိုပါက မှော်မန္တန်များကိုအလွန်အကျွံသုံးစွဲရခြင်းကြောင်း သူတို့အလွန်ပင်ပန်းရမည်ဖြစ်သည်။
သို့ရာတွင် ဧကရာဇ်ကျားများ၏ခွန်အားကြောင့် သူတို့သည်၎င်းတို့၏ရှေ့၌ပိတ်ဆို့နေသော အတားအဆီးများကိုရှင်းထုတ်ပေးရန်သာ လိုအပ်ခဲ့သည်။ထို့ကြောင့် သူတို့၏မှော်စွမ်းအင်သုံးစွဲမှုပမာဏသည် အလွန်နည်းပါးခဲ့သည်။အထူးသဖြင့် သူတို့သည်အခြေခံအဆင့် မှော်မန္တန်အချို့ကိုသာ အသုံးပြုခဲ့ရသည်။
သူတို့သည် ရှောင်ယုပေးအပ်ထားသည့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများအနက် တစ်ပုလင်းကိုသာသုံးစွဲရသေးသည်။
သူတို့ထံတွင် မှော်စွမ်းအင်လုံလုံလောက်လောက်ရှိနေလျှင်ပင် စွမ်းအားကြီးမှော်မန္တန်များကို အသုံးပြုရခြင်းက သူတို့၏ခန္ဓာကိုယ်အား ကြီးကြီးမားမားထိခိုက်စေခဲ့သည်။မှော်ဆရာများကို တန်ခိုးရှင်များဟုမယူဆသင့်ပေ။သူတို့သည်မှော်ဒြပ်စင်များအပေါ် အလွန်အကျွံမှီခိုခဲ့ကြသည်။သူတို့သည် မှော်ဒြပ်စင်များကို အလွန်အကျွံအသုံးပြုမိပါက သူတို့၏ခန္ဓာကိုယ်သည် အလွန်အားနည်းသွားမည်ဖြစ်သည်။
အခန်း ၅၂၇ - ထို့ပါဟောင်ကိုယ်တိုင်ဦးဆောင်ခြင်း
နောက်တစ်နေ့ နေမထွက်မှီအချိန်တွင် စစ်တပ်တစ်ခုလုံး၌ စစ်ချီဗုံသံများ ကျယ်လောင်စွာမြည်ဟိန်းလာခဲ့သည်။
ထို့ပါဟောင်သည် မြို့ရိုးပေါ်၌ရပ်နေကာ ထူထပ်စွာပြည့်ကျပ်နေသောစစ်သည်များကိုကြည့်၍ မိန့်ခွန်းစကားဆိုလိုက်သည်။
"အနောက်တိမ်တိုက်အင်ပါယာကို ကာကွယ်ဖို့အတွက်...ငါတို့ရဲ့မွေးရပ်မြေကို ရန်သူတွေတိုက်ခိုက်လာတာကနေ ကာကွယ်ဖို့အတွက် အနောက်တိမ်တိုက်အင်ပါယာရဲ့စစ်သည်တွေပြည်သူလူထုတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခွင့်ရတဲ့အတွက် ငါတကယ်ကိုဂုဏ်ယူမိတယ်...မနေ့ကရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ပြီးတော့ လူတိုင်းအောင်ပွဲကိုအရယူနိုင်ခဲ့တယ်...အဲ့အောင်ပွဲကြောင့်ပဲ ငါတို့ဟာဆိုးညစ်တဲ့ပိုးကောင်တွေကိုအနိုင်ယူနိုင်စွမ်းရှိတာ သိမြင်လာကြတယ်...ပြီးတော့ငါတို့ဆီမှာ တိုက်ကြီးတစ်ခုလုံးရဲ့အားအကောင်းဆုံးမြင်းတပ်ဖြစ်တဲ့ (ဧကရာဇ်ကျားတပ်ဖွဲ့)ကိုပိုင်ဆိုင်ထားရတဲ့အတွက် တကယ်ဂုဏ်ယူမိတယ်"
"ခုလည်း ဧကရာဇ်ကျားတပ်ဖွဲ့က ငါတို့နဲ့အတူရှိနေခဲ့တယ်...ဒါကြောင့်ငါတို့ဟာလုံးဝကြောက်ရွံ့မှုမရှိဘဲ ရှေ့တိုးပြီးတော့ဆက်လက်တိုက်ခိုက်ရမယ်...ဒီနေ့ငါတို့ဟာကြီးကျယ်တဲ့တိုက်ပွဲတစ်ခုကို အစပြုရမယ်...ငါတို့ရဲ့ဧကရာဇ်ကျားတပ်ဖွဲ့ဟာ ရှေ့ဆုံးကနေပြီးတော့ငါတို့အတွက် လမ်းဖွင့်ပေးဖို့ အတားအဆီးမှန်သမျှကိုဖယ်ရှားလိမ့်မယ်...တပ်သားတို့မင်းတို့ရဲ့လက်နက်တွေကိုကောက်ကိုင်ပြီးတော့ ကြောက်ရွှံမှုကိုဘေးဖယ်ထားပြီး တိုက်ခိုက်ဖို့အသင့်ပြင်ကြတော့ ငါတို့ရဲ့လူတွေကိုသတ်ဖြတ်ခဲ့တဲ့ပိုးကောင်တွေအားလုံးကို ငရဲပို့ဖို့လုပ်ကြ"
အောက်ဘက်မှစစ်သည်များသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး သူတို့၏သွေးများပွက်ပွက်ဆူလာခဲ့သည်။
မနေ့ကစစ်ပွဲအပြီးတွင် ဧကရာဇ်ကျားတပ်ဖွဲ့သည် သူတို့နှင့်အတူရှိနေသရွေ့ သူတို့လုံးဝမရှုံးနိမ့်နိုင်ဟု လူတိုင်းကယုံကြည်ထားကြသည်။
ဤသို့အရေးကြီးသောစစ်ပွဲကာလတွင် စစ်တပ်သည် တပ်သားများအပေါ်၌ ထိုကဲ့သို့ယုံကြည်မှုမျိုးကို တည်ဆောက်ပေးရန်လိုအပ်ပေသည်။
ဤဖြစ်ရပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက မြောက်အာဖရိကရှိ ဂျာမန်စစ်သားများကဲ့သို့ဖြစ်သည်။ဂျာမန်စစ်သားများသည် သူတို့ရှုံးနိမ့်မည်မဟုတ်ကြောင်း အမြဲယုံကြည်ခဲ့ကြသည်။သူတို့သည် အဆုံးစွန်ထိဖိအားပေးခံနေသည်တောင်မှ သူတို့၏တပ်မှူးဖြစ်သူရွန်းမဲလ်ကြောင့် လုံးဝအရှုံးပေးခြင်းမရှိကြပေ။တပ်မှူးရွန်းမဲလ်ရှိနေသရွေ့ သူတို့သည်နိုင်ပွဲဆက်ကာ တိုက်ပွဲတိုင်းကိုအောင်နိုင်မှာဖြစ်သည်။
ယခုအခါ ထို့ပါဟောင်သည် ဧကရာဇ်ကျားတပ်ဖွဲ့ကို လူတိုင်း၏စံနမူနာအဖြစ်သတ်မှတ်စေလိုခဲ့သည့်အတွက် လူတိုင်း၏စိတ်နှလုံးတွင် မျှော်လင့်ချက်များနှင့်ပြည့်ဝနေခဲ့သည်။တပ်ဖွဲ့များ၏တိုက်ခိုက်မှုကိုမြင့်တင်ရန်အတွက် ဤနည်းလမ်းသည်အလွန်ပင်အရေးကြီးပေသည်။စစ်လက်နက်ကောင်းများနှင့်ယှည်လိုက်လျှင်ပင် တပ်ဖွဲ့ဝင်များ၏အရေအတွက်နှင့်စိတ်ဓာတ်ပိုင်းက ပိုမိုအရေးကြီးပေသည်။
လူတိုင်း၏တိုက်ပွဲဝင်လိုစိတ်က အဆုံးစွန်ထိမြင့်မားနေသည့်အတွက် ထို့ပါဟောင်ကရှေ့ထွက်၍ ကြွေးကြော်လိုက်သည်။
"ဒီနေ့ဟာ ငါတို့အနောက်တိမ်တိုက်အင်ပါယာအတွက် ဂုဏ်ယူစရာကောင်းတဲ့တိုက်ပွဲတစ်ခုဆိုတာသေချာတယ်...ဒါကြောင့်ငါကိုယ်တိုင်ဦးဆောင်ပြီးတော့ တိုက်ပွဲမှာပါဝင်မယ်...ငါကိုယ်တိုင်ရှေ့ဆုံးကနေပြီးတော့တိုက်ခိုက်မယ်...မင်းတို့အကုန်လုံးငါနဲ့အတူပူးပေါင်းပြီးတော့ အနောက်တိမ်တိုက်အင်ပါယာရဲ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောင်ဖို့မျှော်လင့်ပါတယ်"
လူတိုင်းသည် ထို့ပါဟောင်၏အသံကိုကြားလိုက်ရသောအခါတွင် ပို၍စိတ်လှုပ်ရှားသွားခဲ့ကြသည်။ထို့ပါဟောင်သည် အင်ပါယာ၏ဧကရာဇ်ဖြစ်သော်လည်း ယခုတိုက်ပွဲ၌ရှေ့ဆုံးမှနေ၍ စိတ်အားထက်သန်စွာဖြင့် ဦးဆောင်တိုက်ခိုက်ရန်ပြင်ဆင်နေခဲ့သည်။
ထို့ပါဟောင်သည် ယခင်စစ်ပွဲများကိုမြို့ရိုးပေါ်မှနေ၍ ကြီးကြပ်ရန်အမြဲရှိနေခဲ့သော်လည်း အဆုံးသတ်တွင်သူသည် နောက်တန်းမှသာနေ၍ တိုက်ပွဲအားကြီးကြပ်နေခဲ့ခြင်းဖြစ်သည်။ယခုအခါ ထို့ပါဟောင်သည် တိုက်ပွဲ၌ကိုယ်တိုင်ပါဝင်တော့မည်ဖြစ်သည်။
ယခုအချိန်တွင် အရည်အချင်းပြည့်မှီသော တပ်သားတစ်ယောက်သည် မည်သည့်အခြေအနေတွင်ဖြစ်စေ သူတို့၏ဧကရာဇ်အားထိခိုက်နာကျင်စေမည်ကို ခွင့်ပြုမည်မဟုတ်ပေ။သူတို့၏ကာကွယ်မှုအောက်တွင် ဧကရာဇ်မင်းသာထိခိုက်သွားခဲ့ပါက လွန်စွာရှက်စရာကောင်းပေလိမ့်မည်။သို့ဖြစ်ရာတပ်သားအားလုံးသည် ဧကရာဇ်မင်းအားအသေခံ၍ကာကွယ်သွားရန် စိတ်ထဲ၌ကတိကဝတ်ပြုထားကြသည်။
ထို့ပါဟောင်သည် ဧကရာဇ်ဖြစ်လာခဲ့သည့်အချိန်တွင် အရည်အချင်းရှိသော လက်အောက်ငယ်သားများကို စုဆောင်းနိုင်ခဲ့ပြီး ထို့ပါဟူသည်လည်း ထိုအထဲမှတစ်ယောက်ဖြစ်သည်။
ထို့ပါဟူသည် ထို့ပါဟောင်၏စကားကိုကြားသောအခါ လွန်စွာထိတ်လန့်သွားခဲ့သည်။ထို့ပါဟောင်သည် ထိုသို့လုပ်ဝံ့လိမ့်မည်ဟု သူအမှန်တကယ်မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ဤအရာသည် သေးသေးမွှားမွှားကိစ္စတစ်ခုမဟုတ်ပေ။ယခုအခါ ထို့ပါဟောင်သည် အင်ပါယာ၏ဧကရာဇ်ဖြစ်ပေသည်။အင်ပါယာ၏အနာဂတ်တစ်ခုလုံးက ထို့ပါဟောင်နှင့်ဆက်စပ်နေသည်ဆိုလျှင် ငြင်းမရပေ။
ဤတိုက်ပွဲသည် ယခင်တိုက်ပွဲများနှင့်လုံးဝကွဲပြားပေသည်။ဤသို့သော တိုက်ပွဲမျိုးတွင်ရန်သူအားတိုက်ခိုက်ရာ၌ပါဝင်ခြင်းသည် အသေအပျောက်ဒဏ်ရာရနိုင်ခြေ အလွန်ပင်မြင့်မားပေသည်။ဧကရာဇ်တစ်ပါးသည် စစ်တပ်ကိုကိုယ်တိုင်ကြီးကြပ်ရန်သူလိုအပ်ပြီး ကိုယ်တိုင်ကိုယ်ကျဦးဆောင်တိုက်ခိုက်ရန် မလိုအပ်ပေ။
ထို့ကြောင့်ထို့ပါဟူသည် ထို့ပါဟောင်အားဖျောင်းဖြရန်ပြင်ဆင်လိုက်သည်။
"ဧကရာဇ်..."
သို့သော်လည်း သူစကားပြောရန်ဟန်ပြင်လိုက်သည်နှင့် ထို့ပါဟောင်က သူ့အားချက်ချင်းတားဆီးလိုက်သည်။
"ငါ့စိတ်ကိုဆုံးဖြတ်ပြီးသွားခဲ့ပြီ...ငါကိုယ်တိုင်ကအင်ပါယာရဲ့သူရဲကောင်းတစ်ယောက်ဖြစ်တယ်...ဒီအချိန်မှာငါနောက်ကျကျန်နေလို့မရတော့ဘူး"
ထိုသို့ပြောပြီးနောက် ထို့ပါဟောင်ကလှည့်ထွက်သွားခဲ့သည်။ထို့ပါဟူသည် အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့သော်လည်း ခဏအကြာတွင်သူသည် မြို့ရိုးအောက်တွင်ရပ်နေသော အောင်းတူထံသို့အလျင်အမြန် ချည်းကပ်သွားခဲ့သည်။
"ဧကရာဇ်မင်းရဲ့လုံခြုံရေးကို မင်းလက်ထဲထည့်ပေးလိုက်မယ်...တကယ်လို့သူသာတစ်ခုခုဖြစ်ရင် မင်းတာဝန်ယူရလိမ့်မယ်"
အောင်းတူကနှာမှုတ်၍ ပြန်အော်လိုက်သည်။
"မင်းဆိုလုပ်နိုင်မယ်ထင်လား..."
အရာအားလုံးဆုံးဖြတ်ပြီးသွားချိန်တွင် စစ်သားများ၏စိတ်ဓာတ်သည် အမြင့်ဆုံးထိရောက်ရှိနေခဲ့သည်။နောက်ထပ်သူတို့လုပ်ဆောင်ရမည့်အရာမှာ ရှေ့တက်တိုက်ခိုက်ရန်ဖြစ်သည်။ယခုတစ်ကြိမ်တွင် သူတို့သည်ဇတ်ဂ်များကို အင်ကာရက်ဂ်ဘုရားကျောင်းထိ ပြန်လည်တွန်းထုတ်ရမည်ဖြစ်သည်။ထိုသို့သောအခြေအနေမျိုးတွင် အနောက်တိမ်တိုက်အင်ပါယာ၏အကျပ်အတည်းသည် အမှန်တကယ်အဆုံးသတ်သွားမည်ဖြစ်သည်။
ပထမဆုံးအာရုဏ်ဦးအလင်းရောင်ခြည်သည် ကမ္ဘာမြေကြီးကို လင်းထိန်စပြုလာသည့်အခါတွင် ဧကရာဇ်ကျားအစောင့်တပ်ဖွဲ့သည် မြို့တံခါးကိုအားမာန်အပြည့်ဖြင့် ဖွင့်လှစ်လိုက်ကြပြီး အခြားတပ်ဖွဲ့များက သူတို့၏နောက်မှလိုက်ပါလာခဲ့ကြသည်။ရှောင်ယုသည် နဂါးလေးပေါ်သို့တက်ကာ ကောင်းကင်ပေါ်သို့တဖန်တက်သွားခဲ့ပြီး မြေပြင်တပ်များကိုထောက်ပံ့ပေးရန် လေကြောင်းတပ်ကိုဦးဆောင်ခဲ့သည်။
မနေ့ကတိုက်ပွဲတွင် ယခုလိုကြီးကျယ်သောအောင်ပွဲအား ရရှိရသည့်အဓိကအကြောင်းရင်းမှာ လေကြောင်းတပ်၏ခိုင်မာသောပံ့ပိုးကူညီမှုကြောင့်ဖြစ်ပေသည်။ယခုအခါတွင် သူတို့သည်ဇတ်ဂ်များကို အင်ကာရက်ဂ်ဘုရားကျောင်းထိ ပြန်လည်မောင်းထုတ်နိုင်ရန်အတွက် ဤအားသာချက်ကိုအပြည့်အဝအသုံးချရတော့မည်ဖြစ်သည်။
"မြောက်ဘက်ဆယ်နာရီမှာ ဧရာမဇတ်ဂ်တပ်ဖွဲ့ကြီးတစ်ခုချီတက်လာနေတယ်...ဧကရာဇ်ကျားတပ်ဖွဲ့က အဲ့ဒီလမ်းကြောင်းကိုဦးတည်သင့်တယ်လို့ အကြုံပြုချင်တယ်"
ရှောင်ယုသည် ကောင်းကင်ပေါ်မှနေ၍ အခြေအနေကိုစောင့်ကြည့်ရင်း ထို့ပါဟောင်ကိုလှမ်းပြောလိုက်သည်။
ယခုအခါ သူတို့သည်နာရီလက်တံများ၏ ဦးတည်ရာကိုခွဲခြားသိမြင်လာကြသည့်အတွက် စစ်တပ်အားကွပ်ကဲရသည်မှာ အလွန်အဆင်ပြေလာသည်ဟု မြင်ယောင်လာကြသည်။
"ဧကရာဇ်ကျားအစောင့်တပ်တွေနဲ့အခြားတပ်ကစစ်သားတွေ...မင်းတို့ရဲ့ရဲစွမ်းသတ္တိကိုပြသပြီးတော့ ငါတို့ရဲ့အမိမြေကိုကာကွယ်ဖို့အချိန်ကျရောက်လာခဲ့ပြီ...ငါ့နောက်ကိုလိုက်ကြ...အနောက်တိမ်တိုက်အင်ပါယာအတွက် ဧကရာဇ်ကျားတွေရဲ့ဂုဏ်သရေအတွက်"
ထို့ပါဟောင်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ တိုက်ပွဲကိုအစပြုလိုက်သည်။
အခန်း ၅၂၈ - လေကြောင်းတပ်၏အခက်အခဲ
ထို့ပါဟောင်နှင့်ထို့ပါဟူတို့သည် အတောင်များပါသည့် လက်ရွေးစင်မြင်းများကို စီးနင်းကာတိုက်ပွဲထဲဝင်လာကြသည်။
ထိုသို့သောနတ်မြင်းမျိုးကို အင်ပါယာမှ အထူးဂရုစိုက်ကာ မွေးမြူထားခြင်းဖြစ်သည်။ရှောင်ယုသည် ထိုကဲ့သို့နတ်မြင်းတစ်ကောင်ကို အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း ထို့ပါဟူက ထိုနတ်မြင်းများသည် သူတို့၏အထူးလျှို့ဝှက်ချက်ဟုဆိုကာ လုံးဝမပေးခဲ့ပေ။
အနောက်တိမ်တိုက်အင်ပါယာ၌ ယခုလိုမြင်းမျိုးများများစားစားမရှိခဲ့ပေ။အင်ပါယာ၏တပ်တော်တစ်ခုလုံးတွင် အရေအတွက်တစ်ဒါဇင်ခန့်သာရှိနေပေသည်။ထိုသို့သောနတ်မြင်းများကို အခြေအနေအားစစ်ဆေးရန်နှင့် မှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ်ရန် လိုအပ်သည့်အချိန်မျိုး၌ ပျံသန်းခြင်းကိုလုပ်ဆောင်နိုင်စေရန် ထူးချွန်သောစွမ်းဆောင်ရည်ကိုပြသနိုင်သည့် တပ်မှူးများကိုပေးအပ်လေ့ရှိသည်။
ဤနတ်မြင်းများသည် နတ်မြင်းပျံများကဲ့သို့ သဘာဝအတိုင်းပျံသန်းနိုင်စွမ်းမရှိကြသလို အလွန်မြင့်မားစွာလည်းမပျံသန်းနိုင်ကြပေ။သူတို့သည် လေထဲတွင်အချိန်ကြာကြာမနေနိုင်သော်လည်း အရေးကြီးသောအခိုက်အတန့်မျိုးတွင် အလွန်ပင်အသုံးဝင်နေသေးသည်။ထိုနတ်မြင်းများသည် မြေပြင်ပေါ်၌ပြေးလွှားနေစဉ်အတွင်း သူတို့၏အတောင်ပံများကြောင့် ပိုမိုလျင်မြန်စွာသွားလာနိုင်ပေသည်။
"သတ်ကြ..."
ဧကရာဇ်ကျားတပ်ဖွဲ့များသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး ရှေ့ဆုံးမှနေ၍ ဇတ်ဂ်များကိုပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
ရှောင်ယုသည် နဂါးကိုစီးနင်းပြီး ခိုင်မဲရာများနှင့်အတူ ဇတ်ဂ်တပ်ဖွဲ့၏ရှေ့သို့ရောက်လာခဲ့သည်။ခိုင်မဲရာများ၏ အမျိုးစုံသောတိုက်ခိုက်မှုများသည် လေထဲမှဆင်းသက်လာခဲ့ကာ ဇတ်ဂ်အမြောက်အများကို သေဆုံးစေခဲ့ပြီး ဇတ်ဂ်များ၏ဖွဲ့စည်းပုံကို ဖရိုဖရဲဖြစ်စေခဲ့သည်။မှော်ဆရာကြီး၃ယောက်အပြင် လင်းမူရွယ်နှင့်ကဲလ်သက်တို့သည် ဇတ်ဂ်များထူထပ်စွာရှိနေသည့်နေရာများကို မှော်ပညာဖြင့်ဖြိုခွဲနေကြသည်။
ယခုအခါတွင် လင်းနို့စီးနင်းသူများသည် ဗုံးများကိုတွန့်ဆုတ်ခြင်းမရှိအသုံးပြုနိုင်ပြီဖြစ်သည်။ခြင်္သေ့မြို့တော်၌ ဗုံးများကိုအရေအတွက်တစ်ခုထိစုဆောင်းထားခဲ့ပြီးဖြစ်သည်။မှင်စာများသည် ဟစ်ဂင်၏လက်အောက်၌ အလုပ်လုပ်နေစဉ်အတွင်း ဗုံးများကိုပြုလုပ်ခြင်းကဲ့သို့သော ရိုးရှင်းသောအရာအချို့ကိုသင်ယူနိုင်ခဲ့ကြသည်။သူတို့ပြုလုပ်ထားသည့်ဗုံးများသည် များစွာအစွမ်းမထက်သော်လည်း လွန်စွာမှအသုံးဝင်ပေသည်။
အထူးသဖြင့် ယခုလိုအစုလိုက်အပြုံလိုက် တိုက်ခိုက်မှုမျိုးတွင် ထိုဗုံးများကအလွန်အသုံးဝင်ပေသည်။ဧကရာဇ်ကျားတပ်ဖွဲ့များသည် ရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်ဖြင့် ရှေ့သို့သာထိုးဖောက်တိုက်စစ်ဆင်နေကြသည်။မနေ့ကအောင်ပွဲကြောင့် ဧကရာဇ်ကျားတပ်ဖွဲ့များသည် ပိုမိုရဲရင့်စွာတိုက်ခိုက်လာကြကာ ဇတ်ဂ်များကိုဖြိုခွဲနိုင်ခဲ့သည်။
ဇတ်ဂ်စစ်တပ်သည်လည်း ဧကရာဇ်အစောင့်တပ်များက ဒုတိယနေ့၌ဆက်လက်တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။သူတို့သည် ဧကရာဇ်ကျားများကိုတန်ပြန်ရန် နည်းလမ်းရှာဖွေနေကြသော်လည်း ပြီးပြည့်စုံသောအစီအစဉ်ကို ယခုတိုင်မရရှိသေးပေ။
ထို့ကြောင့်ဇတ်ဂ်တပ်ဖွဲ့သည် တဖန်ပြင်းထန်စွာတိုက်ခိုက်ခံလိုက်ရပြီး အလွန်ပြင်းထန်သောအသေအပျောက်ကို ရင်ဆိုင်ကြုံတွေ့လိုက်ရသည်။ရှောင်ယုသည် ဝေဟင်ပေါ်မှနေ၍ အခြေအနေကိုအဆက်မပြတ်ထောက်လှမ်းရင်း အောက်ခြေတပ်သားများကိုအမိန့်ပေးနေခဲ့သည်။
ဤနေရာ၌ရှိနေသော ဇတ်ဂ်များကိုသတ်ဖြတ်ပြီးနောက်တွင် ရှောင်ယုသည်အခြားသောဇတ်ဂ်အစုအဝေးတစ်ခုထံသို့ သွားရောက်ရန်ညွန်ကြားခဲ့ပြီး ၎င်းတို့ကိုအပြီးသတ်ပြီးနောက်တွင် နောက်ထပ်အုပ်စုတစ်ခုထံသို့ ပြောင်းရွေ့တိုက်ခိုက်စေခဲ့သည်။
ဧကရာဇ်ကျားတပ်ဖွဲ့များ၏ တဟုန်ထိုးတိုက်ခိုက်မှုနှင့် ဝေဟင်တပ်များ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွားအပြီးတွင် ဇတ်ဂ်များသည်ပြန့်ကျဲသွားခဲ့ကာ တန်ပြန်တိုက်ခိုက်ရန် လုံးဝစွမ်းဆောင်နိုင်ခြင်းမရှိတော့ပေ။ထို့ပါဟောင်ဦးဆောင်သောတပ်ဖွဲ့များက သူတို့အားသတ်ဖြတ်ရန်အလျင်အမြန်လုပ်ဆောင်နေခဲ့ကြသည်။
တတိယမြောက်ဇတ်ဂ်အဖွဲ့ဆီ သွားရောက်နေသောအချိန်တွင် ရှောင်ယုသည်အဝေးမှနေ၍ သိပ်သည်းသောဇတ်ဂ်အစုအဝေးကြီးတစ်ခုထွက်ပေါ်လာသည်ကို သတိထားမိလိုက်သည်။ထိုဇတ်ဂ်များသည် ကြီးမားသောရွေ့ကွက်တစ်ခုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သူခံစားမိလိုက်သည်။
လေကြောင်းတပ်...
ထိုအရာသည် ဇတ်ဂ်လေကြောင်းတပ်ဖြစ်သည်။ဇတ်ဂ်များတွင် လေကြောင်းတပ်သားများရှိနေသော်လည်း ယမန်နေ့တိုက်ပွဲတွင် ကောင်းစွာမစွမ်းဆောင်နိုင်ခဲ့ပေ။ထို့နေ့တိုက်ပွဲတွင် သေးငယ်သောလေတပ်အစုအဝေးက ရှောင်ယုကိုအန္တာရယ်မပြုနိုင်ခဲ့ပဲ မှော်ဆရာအနည်းငယ်ကသူတို့အား အလွယ်တကူထိန်းချုပ်နိုင်ခဲ့သည်။
ယနေ့တွင်သူတို့သည် လေကြောင်းတပ်၏တိုက်ခိုက်ရေးစွမ်းအားအကြောင်းကို ပိုမိုနားလည်လာပြီးနောက် တန်ပြန်တိုက်ခိုက်ရန်လုပ်ဆောင်လာကြသည်။သူတို့သည် ရှောင်ယု၏လေတပ်ကိုဖယ်ရှားရန်အတွက် သူတို့၏အရေအတွက်အားသာချက်ကို အပြည့်အဝအသုံးချလာခဲ့ကြသည်။
သို့သော်လည်း သူတို့သည်ရှောင်ယု၏လေတပ်ကို အမှန်တကယ်ဟန့်တားနိုင်မည်လား...
ယခင်ကဆိုလျှင် ဤမျှများပြားလှသည့်ဇတ်ဂ်လေတပ်နှင့် ရင်ဆိုင်ရမည်ဆိုပါက ရှောင်ယုသည်အနည်းငယ်စိတ်မသက်မသာဖြစ်နေမည်ဖြစ်သည်။အမှန်တော့ ရှောင်ယု၏လေကြောင်းတပ်ဖွဲ့ဝင်အများစုသည် ဝေဟင်တိုက်ပွဲ၌များစွာအားမသာသော်လည်း ယခုအချိန်၌ မှော်ဆရာကြီး၃ယောက်၏ပံ့ပိုးမှုအောက်တွင် ထိုဇတ်ဂ်များကိုလုံးဝကြောက်လန့်မနေခဲ့ပေ။
မနေ့ကတိုက်ပွဲတွင် တိုက်ခိုက်ရန်မလိုအပ်သည့်အတွက် မှော်ဆရာကြီး၃ယောက်လုံးသည် များစွာအားစိုက်ထုတ်ခြင်းမရှိဘဲ သူတို့အသုံးပြုနိုင်သောစွမ်းအား၏တစ်ဝက်ခန့်ကိုသာ အသုံးပြုခဲ့ကြသည်။အကယ်၍ သူတို့သာစွမ်းအားကုန်ထုတ်ဖော်လိုက်မည်ဆိုပါက ရန်သူအမြောက်အများကို အလွယ်တကူသတ်ဖြတ်နိုင်မည်ဖြစ်သည်။
တစ်ဖက်တွင် သူတို့ထံသို့ပျံသန်းလာနေသော အလွန်များပြားလှသည့် ဇတ်ဂ်လေကြောင်းအစုအဝေးကိုကြည့်ရင်း ရှောင်ယုသည် ခိုင်မဲရာများ၏ခုခံကာကွယ်ရေးအစွမ်းကို မြင့်တင်ရန်အကြံညဏ်အချို့ကို စဉ်းစားနေခဲ့သည်။
အကယ်၍ သူတို့သာအနာဂတ်၌ အင်အားကြီးမားသည့်လေကြောင်းတပ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဆိုပါက ခိုင်မဲရာများသည် ဆုံးရှုံးမှုအချို့ကို ခံစားရမှာသေချာပေသည်။ယခုအခါတွင် တိုက်ကြီး၏အခြေအနေသည် ပို၍ရှုပ်ထွေးလာခဲ့သည်။သူသည် အခြေအနေတစ်ခုလုံးကို သေချာခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါတွင် အချို့သောတပ်ဖွဲ့များ၌လည်း အင်အားကြီးသောလေကြောင်းတပ်များပိုင်ဆိုင်ထားနိုင်ကြောင်း တွေးတောမိလာခဲ့သည်။
ရှောင်ယုသည် ထိုပြဿနာကိုတွေးတောနေသည့်အချိန်တွင် ဇတ်ဂ်များ၏လေကြောင်းတပ်သည် သူတို့ရှေ့သို့ရောက်ရှိလာပြီဖြစ်သည်။ဇတ်ဂ်တို့၏လေကြောင်းတပ်သည် အလွန်ပင်အရေအတွက်များပြားကာ အမျိုးမျိုးသောပိုးကောင်များက ကြောက်မက်ဖွယ်အသွင်ကိုဆောင်နေခဲ့သည်။
"ဆရာကြီး၃ယောက်...ကျေးဇူးပြုပြီး ငါတို့ကိုကူညီစောင့်ရှောက်ပေးပါဦး..."
ရှောင်ယုသည် ဇတ်လေတပ်ကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။အမှန်တကယ်ဆိုလျှင် ယခုလိုအရေအတွက်များပြားလှသည့်ဇတ်ဂ်လေကြောင်းတပ်အား သူ၏ကိုယ်ပိုင်လေတပ်များကိုသာအားကိုး၍ ရင်ဆိုင်ဖြေရှင်းမည်ဆိုပါက အမှန်တကယ်ပင်ခက်ခဲမှာသေချာပေသည်။
ခိုင်မဲရာ၏နောက်ကျောဘက်ရှိ လူပုရိုင်ဖယ်သမားများပင်ဖြစ်စေ ဝိုင်ဗန်များပင်ဖြစ်စေ ဂရစ်ဖင်များပင်ဖြစ်စေ တစ်ချိန်တည်း၌ရန်သူတစ်ကောင်ကိုသာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ယခုလိုကြီးမားလှသော ဇတ်လေတပ်အစုအဝေးကြီးသည် တာဝေးပစ်မှော်တိုက်ခိုက်မှုများအား အသုံးပြုရန်အတွက် အကောင်းဆုံးဖြစ်နေဆဲဖြစ်သည်။
မှော်ဆရာကြီး၃ယောက်သည် အရေအတွက်များပြားလှသည့် ဇတ်ဂ်လေကြောင်းတပ်ကို ရင်ဆိုင်နေရသော်လည်း သူတို့၏မျက်လုံးများ၌ အထင်သေးသည့်အရိပ်အယောင်ကို ဖော်ပြနေဆဲဖြစ်သည်။သူတို့၏ရှေ့မှောက်တွင် အရေအတွက်ဖြင့်အနိုင်ရရှိရန် ကြိုးပမ်းနေသည်လား။မှော်ဆရာများ၏အကြီးမားဆုံး ဂုဏ်အင်္ဂါရပ်မှာ အုပ်စုလိုက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထိုပိုးကောင်များနားမလည်ကြသည်လား...
"လေရူးဓားသွား..."
ပထမဦးစွာ မြို့စားကြီးဖာဂူဆန်သည် မှော်ပညာကိုထုတ်လွှတ်လိုက်ရာ လေထုထဲ၌မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး လေဓားသွားများက အစုလိုက်အပြုံလိုက်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုလေဓားသွားများသည် ဧရာမအသားကြိတ်စက်ကဲ့သို့ သူတို့၏လမ်းကြောင်းတွင်ပိတ်မိနေသောအရာအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကြိတ်ခြေသွားခဲ့သည်။
ဇတ်ဂ်လေကြောင်းတပ်များသည် လေဓားသွားမုန်တိုင်းအား သတိထားမိသွားသည့်အချိန်တွင် လွန်စွာထိတ်လန့်သွားခဲ့ကာ ထွက်ပြေးလိုကြသော်လည်း လေဓားသွားမုန်တိုင်းတွင် အလွန်အားပြင်းသည့်စုပ်ယူနိုင်စွမ်းပါဝင်နေသည့်အတွက်ကြောင့် အနားသို့တိုးကပ်မိသွားသည်နှင့် ချက်ချင်းစုပ်ယူခံရမည်ဖြစ်သည်။
ဇတ်ဂ်လေတပ်သည် အချိန်ခဏအတွင်း ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားလိုက်ရသော်လည်း သူတို့၏တိုက်ခိုက်မှုက အဆုံးသတ်မသွားခဲ့ပေ။