အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
အခန်း ၅၃၂ - မှော်ဆရာကြီးများစတင်လှုပ်ရှားခြင်း
ထိုအချိန်တွင် ပုံရိပ်တစ်ခုက ရုတ်တရက်ရှေ့ထွက်လာကာ သူ၏ဒိုင်းလွှားကိုမြှောက်ပင့်၍ ကူရီးနက်စ်အား ပြေးဝင်တိုက်ခိုက်လိုက်သည်။
ဘန်း...
ထိုလူ၏ပြေးဝင်တိုက်ခိုက်မှုအရှိန်ကြောင့် ကူရီးနက်စ်သည်အဝေးသို့လွှင့်ထွက်သွားခဲ့သည်။ထိုလူသည် ကာဆိုမှလွဲ၍အခြားသူမဟုတ်ပေ။ကာဆိုသည် အနောက်ဘက်မှပြေးဝင်လာပြီး ကူရီးနက်စ်ကို ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ကာဆိုသည် ဆဌမအဆင့်ဒိုင်းစစ်သည်တော်တစ်ယောက်ဖြစ်ကာ ရှောင်ယုပေးအပ်ခဲ့သော ဆူးချွန်ဒိုင်းကာနှင့်တိုက်တန်ဆွဲသီးတို့၏အကူအညီဖြင့် ခံစစ်ကျောက်ဆောင်ကြီးသဖွယ်ဖြစ်နေခဲ့သည်။
ကာဆိုသည် ရှေ့သို့ဆက်တိုးသွားခဲ့ကာ ကူရီးနက်စ်အား ဖိအားပေးတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။
"နောက်ထပ်ဘယ်ကကောင်တွေလဲ"
ရှောင်ယုသည် ရုတ်တရက်ထွက်ပေါ်လာသော သားရဲနှစ်ကောင်ကိုမြင်တွေ့မိလိုက်ရာ ထိုကောင်တို့၏အသွင်အပြင်ကို သေချာစောင့်ကြည့်လိုက်သည်။
ရှောင်ယုတွေးထားသည့်အတိုင်း မကြာမှီဧရာမပုံရိပ်ကြီးတစ်ခုက လေထဲတွင်လျင်မြန်စွာပျံသန်းလာခဲ့ပြီး ရှောင်ယုဆီသို့တိုးဝင်လာခဲ့သည်။
ထိုအရာသည် ဧရာမပျားကြီးတစ်ကောင်ဖြစ်သည်။သူ၏အတောင်ပံများသည် သူ့အားကောင်းကင်ယံ၍လွတ်လွတ်လပ်လက်ပျံသန်းစေနိုင်သည်။ထိုကောင်သည် လူသားများဘက်သို့ပျံသန်းသွားခဲ့ကာ မရေအတွက်နိုင်သောအဆိပ်ဆူးများကို လူသားများအပေါ်သို့ ဖြန်းပက်ကာတိုက်ခိုက်လိုက်သည်။ထိုတိုက်ခိုက်မှုကြောင့် လူသားများဘက်တွင် မရေမတွက်နိုင်သောသေကြေပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။
မကြာမှီ ရှောင်ယုသည် မာကျောသောအခွံများဖြင့်ဖုံးအုပ်ထားသော သန်ကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။သူ၏ရှေ့ဘက်မျက်နှာ၌ ချွန်ထက်သောအစွယ်များရှိနေခဲ့သည်။ထိုကောင်သည် လူအုပ်ကြားထဲသို့တိုးဝင်ဖြတ်သန်းရင်း လူတို့၏အသက်ကို ဆက်တိုက်နှုတ်ယူနေခဲ့သည်။
ဘာရူဂေါ်ဂျာ...
"အဲ့ဒါဆိုရင် မိုးနဲ့အယ်ဆီယန်တို့ပဲကျန်တော့မယ်"
ရှောင်ယုက သူ့ကိုယ်သူတွေးလိုက်မိသည်။ရုတ်တရက်ဆိုသလိုပင် မှော်ဆရာကြီး၃ယောက်သည် သူတို့၏မှော်စွမ်းအင်ကိုတစ်စုံတစ်ခုက စုပ်ယုလိုက်သလိုခံစားမိလိုက်၍ နောက်ပြန်လှည့်ကြည့်လိုက်သောအချိန်တွင် ခြင်္သေ့ခန္ဓာကိုယ်နှင့်အတောင်ပံပါသော သားရဲတစ်ကောင်ကိုတွေ့လိုက်ရသည်။၎င်း၏ခန္ဓာကိုယ်အား အသွေးအသားဖြင့်မဟုတ်ဘဲ ထူးဆန်းသောကျောက်တစ်မျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
မိုးတောင်ထွက်လာပြီပဲ...အဲ့ဒါဆိုအယ်ဆီယန်ပဲကျန်တော့မယ်
ဤတိုက်ပွဲတွင် ဘောစ့်အများစုထွက်ပေါ်လာခဲ့ရာ ဇတ်ဂ်များသည်အလွန်စိုးရိမ်နေကြောင်း ဖော်ပြနေခဲ့သည်။ဤအတိုင်းသာဆက်ဖြစ်နေမည်ဆိုပါက သူတို့သည်လုံးဝကျရှုံးရမည်ဖြစ်သည်။ထို့ကြောင့်အခြေအနေအား ပြောင်းပြန်လှန်ရန်အစွမ်းထက်သော ဘောစ့်အချို့အားစေလွှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမှန်တော့ ထိုဘောစ့်များသည် အလွန်ပင်အစွမ်းထက်လှပြီး လူသားများအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲပေသည်။အချိန်တစ်ခုကြာသည်ထိ ခုခံပြီးနောက်တွင် ခိုင်ရင်းသည်ရာဂျက်၏ပြိုင်ဘက်မဟုတ်တော့ပေ။ခိုင်ရင်းသည် ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်သာဖြစ်ပြီး တစ်ဖက်တွင်ရာဂျက်သည်ဆဌမအဆင့်၌ပင် အမြင့်ဆုံးအဆင့်သို့ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ကူရီးနက်စ်သည် ကာဆိုကိုခဏကြာတိုက်ခိုက်ပြီးနောက် ပုန်းအောင်းနေရန်ရွေးချယ်ခဲ့သည်။ရှောင်ယုသည် သူ၏လက်အောက်ရှိသူရဲကောင်းများကို အားကိုးခြင်းဖြင့် ဤရန်သူဘောစ့်များကိုကိုင်တွယ်ဖြေရှင်းရန် မလုံလောက်သေးပေ။
ရှောင်ယုသည် ထိုဘောစ့်များအား သူတို့လုပ်ချင်သည်ကိုလုပ်ခွင့်ပေးလိုက်မည်ဆိုပါက လူသားများဘက်၌အသေအပျောက်အလွန်များပြားသွားမှာဖြစ်သည်။ရုတ်တရက်ဆိုသလိုပင် ကူရီးနက်စ်သည် ထို့ပါဟောင်၏အောက်မှထွက်ပေါ်လာခဲ့ကာ ထို့ပါဟောင်၏အစောင့်များကို ချက်ချင်းသတ်ဖြတ်ပစ်လိုက်သည်။
ထိုအစောင့်များသည် ပဥ္စမအဆင့်အထွတ်အထိပ်သူရဲကောင်းများဖြစ်ကြသော်လည်း ဆဌမအဆင့်အထွတ်အထိပ်ရှိသော ကူရီးနက်စ်၏ခိုးဝင်တိုက်ခိုက်မှုကို တောင့်မခံနိုင်ကြပေ။
သို့သော်လည်း ကူရီးနက်စ်သည် ထို့ပါဟောင်အား တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည့်အချိန်တွင် ဓားရှည်တစ်လက်က လျင်မြန်စွာတိုးဝင်လာခဲ့ပြီး ကူရီးနက်စ်၏ကိုယ်ထည်အား ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။
ဓားဖြင့်တိုက်ခိုက်လိုက်ချိန်တွင် ဟင်းလင်းပြင်တစ်ခုလုံး ပုံစံပျက်ယွင်းနေခဲ့သည်။ဓားသည် အလွန်နှေးကွေးစွာဖြင့်ရွေ့လျားနေပုံရသော်လည်း အမှန်တွင်ဓား၏ရွေ့လျားနှုန်းက အလွန်မြန်ဆန်ပေသည်။ထို့ပြင် ဓား၌ပါဝင်သည့်စွမ်းအားကလည်း လူတိုင်း၏စိတ်ဝိညာဉ်ကိုတုန်ခါစေခဲ့သည်။
ထိုဓားချက်သည် ကူရီးနက်စ်ကိုအပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်။ထိုမျှကြီးကျယ်ခမ်းနားသောစွမ်းအားသည် အဘယ်နည်း။
ကူရီးနက်စ်သည် သဲပြင်အောက်သို့တိုးဝင်မသွားမှီ မြေပြင်ပေါ်၌အဆက်မပြတ်လူးလိမ့်နေခဲ့သည်။
အောင်းတူသည် အေးစက်စွာနှုာတစ်ချက်မှုတ်လိုက်ကာ ထို့ပါဟောင်ကိုကာကွယ်ရန် အနား၌ဆက်နေခဲ့သည်။သူသည်အစွမ်းထက်သော ဘောစ့်များကိုသတ်ဖြတ်နိုင်စွမ်းရှိသော်လည်း သူ၏ပထမဦးစားပေးတာဝန်မှာ ထို့ပါဟောင်အားကာကွယ်ရန်ဖြစ်သည်။
"ဟူး..."
ရှောင်ယုသည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော ဓားတိုက်ခိုက်မှုအကြောင်းတွေးမိလိုက်သည်။
ရှောင်ယုကဲ့သို့ပင် အခြားသောသူရဲကောင်းများကလည်း ယခုလိုတိုက်ခိုက်ခြင်းမျိုးကို ယခင်ကမည်သူမှမတွေ့မြင်ဖူးသည့်အတွက်ကြောင့် အချိန်အတော်ကြာထိတ်လန့်နေခဲ့ကြသည်။
သူတို့သည် ကူရီးနက်စ်နှင့်အချိန်အတော်ကြာတိုက်ပွဲဝင်ခဲ့ကြသည့်အတွက်ကြောင့် ကူရီးနက်စ်သည်အလွန်အစွမ်းထက်ကြောင်း သူတို့သိခဲ့ကြသည်။ကူရီးနက်စ်၏အမြီးတစ်ချက်ကိုဝှေ့ယမ်းခြင်းက လူတစ်ယောက်ကိုသေစေနိုင်သည်အထိ ပြင်းထန်လှပေသည်။သို့သော်လည်း ရိုးရှင်းသောဓားချက်တစ်ခုက ကူရီးနက်စ်အားဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ရာ ကူရီးနက်စ်၏နေရာတွင် သာမန်လူသာဆိုလျှင် မည်သို့ဖြစ်သွားမည်နည်း။
ရှောင်ယုသည် အောင်းတူ၏စွမ်းအားကြောင့် ထိတ်လန့်သွားခဲ့ရသည်။ထိုအခိုက်အတန့်တွင် သူသည်အောင်းတူ၏စွမ်းအားအကန့်အသတ်ကို ပို၍သိချင်လာခဲ့သည်။အောင်းတူနှင့်မှော်ဆရာကြီး၃ယောက်ကိုနှိုင်းယှဉ်ကြည့်မည်ဆိုပါက မည်သူသည်ပို၍အစွမ်းထက်လောက်မည်နည်း။
မှော်ဆရာကြီး၃ယောက်၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်းသေချာပေသည်။သို့သော်လည်း သူ၏အတွေးများကို သူ့ကိုယ်သူထိန်းချုပ်ထားပေသည်။
ရှောင်ယုက မှော်ဆရာကြီး၃ယောက်အား ပြုံး၍ပြောပြလိုက်သည်။
"ဆရာကြီး၃ယောက်...အခုဆိုရင်မင်းတို့ကဒီပျံသန်းနေတဲ့ အဆိပ်ပျားကိုရှင်းလင်းပစ်ဖို့အချိန်ကျလာခဲ့ပြီ...အဲ့ကောင်ကိုအိုင်မေစ့်လို့ခေါ်တယ်...ဒီကောင်ကမရေမတွက်နိုင်တဲ့အဆိပ်ဆူးတွေကိုပစ်လွှတ်နိုင်ပြီးတော့ သူ့ရဲ့အဆိပ်ဆူးတွေက သာမန်တပ်သားတွေကိုကြီးကြီးမားမားထိခိုက်စေနိုင်တယ်"
မှော်ဆရာ၃ဦးသည် ယခုအချိန်တွင် ရှောင်ယုအားမေးခွန်းထပ်မမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။လက်ရှိအခိုက်အတန့်တွင် အချိန်ကသူတို့အားမစောင့်ကြောင်း သူတို့နားလည်ကြပေသည်။
ထို့ကြောင့်မှော်ဆရာ၃ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက်တွင် ဖာဂူဆန်ကမှော်မန္တန်ကို စတင်ရွတ်ဆိုလိုက်သည်။
ထိုမှော်မန္တန်အားရွတ်ဆိုချိန်သည် နှစ်မိနစ်ကျော်ခန့်ကြာမြင့်ပေသည်။သို့သော်လည်း ဖာဂူဆန်သည်ထိုမန္တန်အားအဆုံးသတ်၍ မျက်လုံးကိုဖွင့်လိုက်သောအချိန်တွင် သူ၏ခြေထောက်အောက်တွင်ရှိသော နဂါးလေးသည်ကြောက်ရွံ့မှုကြောင့် ရုတ်တရက်တုန်ခါသွားသည်ကို ရှောင်ယုခံစားမိလိုက်သည်။
ထို့နောက် သူ၏စိတ်ဝိညာဉ်သည်ပင် တုန်ယင်သွားခဲ့ရပြီး သူ၏ပတ်ဝန်းကျင်အား လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသောခံစားချက်တစ်ခုကို ရရှိလိုက်သည်။
နောက်အခိုက်အတန့်တွင် သူ၏ဘဝ၌မမေ့နိုင်စရာအကောင်းဆုံး မြင်ကွင်းတစ်ခုကိုတွေ့မြင်လိုက်ရသည်။အိုင်မေစ့်၏ရှေ့တွင် သာမန်မျက်စိဖြင့်မမြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် လေထုအလယ်၌အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာခဲ့သည်။အိုင်မေစ့်သည် ထိုအက်ကွဲကြောင်းကိုတွေ့မြင်ချိန်၌ ရှောင်တိမ်းရန်ကြိုးပမ်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။
အရာအားလုံးသည် အချိန်ခဏအတွင်းဖြစ်ပျက်သွားခဲ့သည်။အိုင်မေစ့်သည် သူ၏ခန္ဓာကိုယ်နှစ်ပိုင်းမပြတ်သွားမှီအချိန်ထိ တုံ့ပြန်ရန်အခွင့်အရေးအနည်းငယ်ပင်မရလိုက်ပေ။အစိမ်းရောင်အရည်များက သူ၏ပြတ်တောက်သွားသည့်အစိတ်အပိုင်းများမှ ထွက်ပေါ်လာခဲ့သည်။
အာကာသဖြတ်တောက်ခြင်း...ထိုအရာသည် ဒဏ္ဍာရီလာအစွမ်းအထက်ဆုံးမှော်ဖြစ်သည့် အာကာသဟင်းလင်းပြင်မှော်အစွမ်းဖြစ်သည်။
အခန်း ၅၃၃ - မှော်မန္တန်တစ်ခုပဲလိုတယ်
"ဘာကြီးလဲ..."
ရှောင်ယုသည် အချိန်အတော်ကြာမှင်သက်နေပြီးနောက် ထိုသို့သာရေရွတ်နိုင်ခဲ့သည်။
ယခုအခါသူသည် မှော်ဆရာကြီး၃ယောက်၏ အစစ်အမှန်စွမ်းအားကို အမှန်တကယ်နားလည်လာခဲ့ပြီဖြစ်သည်။
ဤအာကာသမှော်သည် အလွန်ပင်အစွမ်းထက်ကာ နဂါးလေးကိုပင်တုန်လှုပ်သွားစေခဲ့သည်။အာကာသထဲ စုတ်ပြဲသွားသည့်ခံစားချက်ကို တွေးကြည့်မိသောအခါတွင် ရှောင်ယုသည်အလွန်ကြောက်စရာကောင်းသလို ခံစားလိုက်ရသည်။
အိုင်မေစ့်သည် အစွမ်းထက်သောဘောစ့်သားရဲတစ်ကောင်ဖြစ်သော်လည်း ဖာဂူဆန်၏အာကာသမှော်အစွမ်းအောက်၌ လက်တုံ့ပြန်ရန်ပင်မတတ်နိုင်ဘဲ ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။ဖာဂူဆန်သည် အိုင်မေစ့်လိုအစွမ်းထက်ဘောစ့်သားရဲအား တစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်သည့် ခွန်အားကိုပိုင်ဆိုင်ထားပေသည်။
ယခုဆိုလျှင် ရှောင်ယုသည်မှော်ဆရာကြီးများ၏စွမ်းအားနှင့်ပတ်သက်၍ နားလည်မှုအသစ်တစ်ခုကိုရရှိခဲ့ပြီဖြစ်သည်။ထိုတိုက်ခိုက်မှုအပြီးတွင် ဖာဂူဆန်၏မျက်နှာသည် အနည်းငယ်ဖြူဖျော့သွားခဲ့သည်။သို့သော်လည်း မှော်ဆေးရည်ကိုသောက်သုံးစရာမလိုခဲ့ဘဲ ပုံမှန်အတိုင်းလျင်မြန်စွာ သက်သာကောင်းမွန်လာခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဖာဂူဆန်၏စွမ်းအားသည် ဤမှော်အစွမ်းကို တစ်စုံတစ်ရာတန်ပြန်ဆိုးကျိုးမရှိဘဲ အကြိမ်ပေါင်းများစွာထုတ်ဖော်နိုင်စွမ်းရှိပေသည်။
ဖာဂူဆန်၏တိုက်ခိုက်မှုအပြီးတွင် သီအိုဒိုးနှင့်ချတ်ခ်တို့ကလည်း အသီးသီးစတင်တိုက်ခိုက်ခဲ့ကြသည်။သို့သော်လည်း မှော်ဒြပ်စင်များပေါင်းစပ်မိပါက ပြောင်းလဲမှုအကြီးကြီးဖြစ်လာနိုင်၍ သူတို့နှစ်ယောက်သည်အတူတကွ တိုက်ခိုက်ခဲ့ခြင်းမရှိပေ။
အကယ်၍ သေးငယ်သောမှော်အစွမ်းသာဖြစ်ခဲ့လျှင် ထိုအချက်ကိုစိတ်ပူနေစရာမလိုပေ။သေးငယ်သောမှော်အစွမ်းများ၌ မှော်ဒြပ်စင်များကို ထိန်းချုပ်ရလွယ်ကူသော်လည်း ဘောစ့်ကိုတစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်သော မှော်အစွမ်းသည်လုံးဝကွဲပြားပေသည်။
သူတို့သည် မှော်ဆရာကြီးများဖြစ်ကြလျှင်ပင် ထိုပြဿနာကိုမလွဲမသေကြုံတွေ့ရမည်ဖြစ်သည်။
သီအိုဒိုးသည် မှော်မန္တန်ကိုစတင်ရွတ်ဆိုလိုက်ပြီးနောက် မှော်ဒြပ်စင်များသည် သူ၏ပတ်ဝန်းကျင်၌စုရုံးလာခဲ့၍ ခိုင်မဲရာ၏ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ခါနေခဲ့သည်။ယခုအခါ မှော်ဆရာကြီး၃ယောက်လုံးက ခိုင်မဲရာကိုစီးနင်းထားကြသည်။
မှော်ဆရာကြီး၃ယောက်သည် ခိုင်မဲရာ၏ပတ်ပတ်လည်တွင် မှော်စွမ်းအင်အကာအရံတစ်ခုကို ချက်ချင်းဖန်တီးဖွဲ့စည်းလိုက်ကြသည်။ထိုအခါမှသာ ခိုင်မဲရာသည် ၎င်းတို့၏ပတ်ဝန်းကျင်၌စုဝေးနေသော မှော်ဒြပ်စင်များကြောင့် အနည်းငယ်မျှပင်ထိခိုက်ခြင်းမရှိကြတော့ပေ။ထိုသို့မဟုတ်ပါက အစွမ်းထက်မှော်ဒြပ်စင်များကြောင့် သူတို့သည်တောင့်မခံနိုင်ဘဲ မြေပေါ်ပြုတ်ကျလာမှာဖြစ်သည်။
မှော်ဆရာကြီး၃ယောက်၏စွမ်းအားသည် အံ့သြဖွယ်ကောင်းရုံသာမက သူတို့၏မှော်ဒြပ်စင်များအပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း သိသိသာသာကောင်းမွန်ကြောင်းတွေ့မြင်နိုင်သည်။
သီအိုဒိုးသည် မှော်မန္တန်အားရွတ်ဆိုပြီးချိန်တွင် မှော်မြှားတစ်စင်းဖြစ်တည်လာခဲ့သည်။ထိုမှော်မြှားသည် ၃မီတာအရှည်ရှိပြီး အကောင်အထည်ဖြစ်တည်လာချိန်၌ ချွန်ထက်သောလှံတံနှင့်အလွန်ဆင်တူပေသည်။၎င်းကိုကြည့်ရသည်မှာ သာမန်ဆန်လွန်းပြီး ထူးခြားမှုလုံးဝမရှိပေ။
ထို့နောက်တွင် အဆိုပါမှော်မြှားသည် ခိုင်ရင်းနှင့်တိုက်ခိုက်နေသော ရာဂျက်ထံသို့တိုးဝင်သွားခဲ့သည်။မြေပြင်ပေါ်၌ တိုက်ခိုက်နေသောရာဂျက်သည် မှော်မြှားကသူ့ထံတိုးဝင်လာသည်ကိုမြင်သောအခါ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းထွက်ပြေးလာခဲ့သည်။ထိုတိုက်ခိုက်မှုသာ သူ့အပေါ်ကျရောက်လာပါက သူသည်သေဆုံးရလိမ့်မည်ဟု ပြင်းထန်သောခံစားချက်ကိုရရှိနေခဲ့သည်။
သို့သော်လည်း သီအိုဒိုး၏မှော်အစွမ်းက သူ့အားပစ်မှတ်ထားခဲ့ပြီဖြစ်ရာ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
မှော်မြှားသည် လေထုထဲ၌အလွန်လှပသော မြင်ကွင်းတစ်ခုအားဖော်ဆောင်လိုက်သည်။မှော်မြှားသည် လေတိုးသံနှင့်အတူ ရာဂျက်၏နောက်ကျောကို ကွက်တိထိမှန်ခဲ့သည်။
မှော်မြှား၏ထိပ်ဖြားသည် ရာဂျက်၏နောက်ကျောအားထိမှန်သည်နှင့် နောက်ကျောကိုတိုက်ရိုက်ဖောက်ထွင်းသွားခဲ့ကာ မြေပြင်ကိုပင် ဆက်လက်ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ရာဂျက်၏ခန္ဓာကိုယ်သည် မှော်မြှားဖြင့်ဖောက်ထွင်းခံလိုက်ရပြီးနောက်တွင် အစိတ်အပိုင်းမည်မျှထိ ပြန့်ကျဲသွားသည်ကို နတ်ဘုရားများကသာသိပေလိမ့်မည်။
"သေစမ်း...ဒီအဘိုးကြီးက တကယ်အစွမ်းထက်တာပဲ..."
ရှောင်ယု၏ပါးစပ်သည် ထိတ်လန့်စွာပွင့်ဟလာခဲ့သည်။နောက်ဆုံးတွင်သူသည် သူနှင့်နေ့တိုင်းအတူရှိနေသော အဘိုးကြီးဖြစ်သူ၏ခွန်အားအစစ်အမှန်ကို သိရှိလိုက်ရပြီဖြစ်သည်။သူသာထိုမြှားဖြင့်ချိန်ရွယ်ခံရပါက လွတ်မြောက်ရန်နည်းလမ်းမရှိနိုင်ပေ။
နတ်ဘုရားဒိုင်းကာသည်ပင် ထိုမြှားချက်ကိုခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။နတ်ဘုရားအကာအကွယ်သည် တိုက်ခိုက်မှုမှန်သမျှကို ခုခံနိုင်စွမ်းရှိသော်လည်း အကန့်အသတ်တစ်ခုတော့ရှိပေသည်။အကယ်၍ အလွန်ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုက အကာအကွယ်အားလာရောက်ထိမှန်မည်ဆိုလျှင် ထိုတိုက်ခိုက်မှုသည် အကာအကွယ်ကိုဖောက်ထွင်းကာ သူ့ဆီကျရောက်လာမည်ဖြစ်သည်။
အကြွင်းမဲ့စွမ်းအား၏ရှေ့မှောက်တွင် အရာအားလုံးသည်တိမ်တိုက်များသဖွယ်ဖြစ်သည်။
သီအိုဒိုးသည် မှော်မြှားကိုထုတ်ဖော်ပြီးနောက်တွင် ချတ်ခ်သည်လည်းနောက်ကျကျန်နေရန် ဆန္ဒမရှိခဲ့ပေ။သူသည် ချက်ချင်းဆိုသလိုပင် မှော်မန္တန်အားရွတ်ဆိုလိုက်ရာ မီတာရာနှင့်ချီ၍ကြီးမားသောမီးနဂါးတစ်ကောင်ထွက်ပေါ်လာရန် အချိန်သိပ်မကြာလိုက်ပေ။ထိုမီးနဂါးသည် မိုးထံသို့တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
မိုး၏အကြီးမားဆုံးသောအစွမ်းမှာ မှော်စွမ်းအင်ကိုစုပ်ယူနိုင်ခြင်းဖြစ်သည်။ထို့ကြောင့်သူသည် မှော်ဆရာကြီး၃ယောက်ကိုပင် အနည်းငယ်ခြိမ်းခြောက်နိုင်၍ အမြန်ဆုံးသတ်ဖြတ်ပစ်ရမည်ဖြစ်သည်။ထိုသို့မဟုတ်ဘဲ အချိန်တချို့ကြန့်ကြာသွားခဲ့ပါက သူသည်မှော်စွမ်းအင်များကို ပိုမိုစုပ်ယူကာ အခြားသောမှော်ဆရာများ၏ခွန်အားကို လျော့နည်းလာစေမည်ဖြစ်သည်။
မိုးသည် နေရာအနှံ့မှမှော်စွမ်းအင်များကိုစုပ်ယူကာ သူ၏ပတ်ဝန်းကျင်မှလူများကို ထိခိုက်ပျက်စီးစေရန်အတွက် ပေါက်ကွဲမှုနည်းစနစ်အား အဆက်မပြတ်အသုံးပြုနေခဲ့သည်။ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ပေါ်မှနေ၍မီးနဂါးတစ်ကောင်ပြေးဆင်းလာသည်ကို သူတွေ့မြင်လိုက်ရ၍ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားခဲ့ကာ ရှောင်တိမ်းရန်ကြိုးစားလိုက်သော်လည်း နောက်ကျနေခဲ့ပြီဖြစ်သည်။
မီးနဂါးသည် မိုး၏ခန္ဓာကိုယ်အား တိုက်ရိုက်ထိမှန်ခဲ့သည်။မီးတောက်များသည် မိုး၏ခန္ဓာကိုယ်အား စတင်၍လောင်ကျွမ်းလာခဲ့သည်။ထို့နောက်တွင် မိုး၏အော်ဟစ်သံသည် တဖြည်းဖြည်းတိုးလျလာခဲ့ပြီး အဆုံးသတ်တွင်သူ၏ခန္ဓာကိုယ်သည် ပြာပုံအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
မီးနဂါးသည် ချက်ချင်းပျောက်ကွယ်သွားခြင်းမရှိပေ။သူသည် မိုးကိုသတ်ဖြတ်ပြီးနောက်တွင် ကောင်းကင်ပေါ်သို့တဖန်ထိုးတက်သွားခဲ့ကာ ဇတ်ဂ်စစ်တပ်ထံပြေးဝင်သွားခဲ့သည်။ထို့နောက်တွင် ဧကရာဇ်ကျားအစောင့်တပ်ကိုပိတ်ဆို့ထားသည့် သံပီတုံးအုပ်စုကြီးကို မီးရှို့ပစ်ခဲ့သည်။မိနစ်အနည်းငယ်ကြာပြီးသောအခါမှ မီးနဂါးသည်ရုတ်တရက်ပေါက်ကွဲကာ ပျောက်ကွယ်သွားခဲ့သည်။
ထိုမီးတောက်မှော်ပညာသည် အလွန်ပင်ကြာရှည်ခံပြီး အရေးအကြီးဆုံးသောအချက်မှာ အလွန်ပင်ကြည့်ကောင်းအောင်အလှဆင်ထားခြင်းဖြစ်သည်။
မှော်ဆရာကြီး၃ယောက်၏တိုက်ခိုက်မှုများက တပ်သားတိုင်း၏တိုက်ခိုက်လိုစိတ်ကို အပြည့်အဝနိုးဆွပေးခဲ့ကြသည်။ဤနေရာတွင် မှော်ဆရာကြီး၃ယောက်ရှိနေပြီဖြစ်ရာ သူတို့ကမည်သည့်အရာကိုထပ်မံကြောက်ရွံ့နေရမည်နည်း။ရန်သူဖက်မှ စွမ်းအားကြီးသောကျွမ်းကျင်သူများသည် မှော်ဆရာကြီး၃ယောက်၏ မှော်အစွမ်းကြောင့် သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။
ယခုအခါ သူတို့အောင်ပွဲရရန် အာမခံချက်အပြည့်ရှိလာခဲ့ပြီဖြစ်သည်။ထိုသို့သောယုံကြည်မှုများကြောင့် လူတိုင်းသည်အလွန်ရဲရင့်လာခဲ့ကာ အားအင်များပြည့်ဝလာခဲ့သည်။
ကူရီးနက်စ်သည် မြေကြီး၏အနက်ပိုင်းထိတူးဝင်သွားခဲ့ကာ မြေပေါ်သို့ပြန်တက်မလာတော့ပေ။သူသည် ဤနေရာ၌လုံးဝဆက်မနေဝံ့တော့ပေ။မှော်ဆရာကြီး၃ယောက်၏စွမ်းအားက သူ့အားလုံးဝထိတ်လန့်သွားစေခဲ့သည်။အကယ်၍ သူသာဤနေရာ၌ဆက်ရှိနေမည်ဆိုပါက သေခြင်းတရားသည်သူ့အားလက်ကမ်းစောင့်ကြိုနေမည်ဖြစ်သည်။လူသားများသည် ထိုမျှထိအစွမ်းထက်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အခန်း ၅၃၄ - တိုက်ကြီး၏လက်ရှိအခြေအနေ
ဘောစ့်များကို သတ်ဖြတ်ပြီးနောက်တွင် ရှောင်ယုသည် မှော်ဆရာကြီး၃ယောက်အား လမ်းကြောင်း၃သွယ်ခွဲကာ သူတို့၏တပ်များကိုထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်။
အထူးသဖြင့် ဧကရာဇ်ကျားအစောင့်တပ်များအတွက် လမ်းကြောင်းကိုရှင်းလင်းစေခဲ့ပြီး ဇတ်ဂ်စစ်တပ်အား အမြန်ဆုံးအနိုင်ယူရန် လုပ်ဆောင်ခဲ့သည်။
ထိုအချိန်တွင် ထို့ပါဟောင်သည် အနူးဘစ်များကိုရင်ဆိုင်ရန်အတွက် မှော်လောက်လွဲများကို ရှေ့တန်းသို့ပို့ဆောင်ရန်အတွက် နောက်ကွယ်မှတပ်များကို အမိန့်ပေးခဲ့သည်။အနူးဘစ်များ၏ခုခံမှုသည် အလွန်ပင်ပြင်းထန်လှပေသည်။သာမန်မြှားများသည် သူတို့အားလုံးဝထိခိုက်စေနိုင်ခြင်းမရှိသော်လည်း မှော်လောက်လွဲများက ကွဲပြားသောအဆင့်၌ရှိသည်။
ဤနည်းအားဖြင့် လူသားများသည်အသာစီးရလာခဲ့ကြပြီး အနူးဘစ်များကိုတစ်ကောင်ပြီးတစ်ကောင်အနိုင်ယူခဲ့ကာ ဇတ်ဂ်စစ်တပ်ကိုသုတ်သင်ခဲ့ကြသည်။
နှစ်နာရီခန့်ကြာပြီးနောက်တွင် ဇတ်ဂ်စစ်တပ်သည် တဖြည်းဖြည်းနောက်သို့ဆုတ်ခွာလာခဲ့သည်။နောက်ပိုင်းတွင် ဇတ်ဂ်များသည်အခြေအနေကိုပြောင်းပြန်လှန်ရန်အတွက် တပ်ဖွဲ့ဝင်အချို့အားစေလွှတ်ခဲ့သော်လည်း မှော်ဆရာကြီး၃ယောက်၏ စောင့်ကြပ်ပေးမှုနှင့်အတူ လူသားများအတွက် ခြိမ်းခြောက်မှုကြီးကြီးမားမားမရှိခဲ့ပေ။
အဆုံးသတ်တွင် အနူးဘစ်များသည် တစ်ကောင်ပြီးတစ်ကောင်ကျဆုံးသွားမှုနှင့်အတူ ဇတ်ဂ်များသည်လုံးဝဆုတ်ခွာလိုက်ရသည်။စစ်သားများသည် ထိုအခွင့်အရေးကို လက်လွတ်မခံခဲ့ကြပေ။ဧကရာဇ်ကျားအစောင့်တပ်သည် ရှေ့ပြေးတပ်များအဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြင့် တပ်ဖွဲ့တစ်ခုလုံး အရှိန်အဟုန်ဖြင့်ချီတက်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် ဇတ်ဂ်စစ်တပ်သည် ပို၍ပင်ပျက်စီးဆုံးရှုံးနေခဲ့ရသည်။ဇတ်ဂ်များ၏အလောင်းများသည် လမ်းတလျှောက်နေရာတိုင်းတွင် ထူထပ်သိပ်သည်းစွာပြည့်ကျပ်နေခဲ့သည်။၎င်းတို့၏အရေအတွက်ကို အတိအကျမသိခဲ့ရပေ။စစ်တပ်သည် ဇတ်ဂ်များကိုလိုက်လံရှင်းလင်းရင်း ရှေးဟောင်းမြို့တော်တစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုမြို့တော်အား မီတာရာနှင့်ချီ၍မြင့်မားသောတံတိုင်းကြီးဖြင့်ကာရံထားကာ အမည်မသိရုပ်ပွားတော်များစွာဖြင့် ဝိုင်းရံထားခဲ့သည်၊တံတိုင်းများသည် ဆိုးရွားစွာပျက်စီးနေခဲ့သော်လည်း တစ်ချိန်ကအလွန်ကြီးကျယ်ခမ်းနားသော အင်ပါယာမြို့တော်တစ်ခုဖြစ်ခဲ့ကြောင်း တွေ့မြင်နိုင်ပေသည်။
အင်ကာရက်ဂ်ဘုရားကျောင်း...
ယခင်ကခမ်းနားကြီးကျယ်ခဲ့သော အင်ကာရက်ဂ်ဘုရားကျောင်းသည် ယခုအချိန်တွင် အင်ကာရက်ဂ်အပျက်အစီးဖြစ်လာခဲ့သည်။ထိုအပျက်အစီးများ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အင်ကာရက်ဂ်ဘုရားကျောင်းတည်ရှိပေသည်။
အဆုံးသတ်တွင် လွန်စွာပြင်းထန်လှသောတိုက်ပွဲကြီးတစ်ခုအား ဆင်နွဲပြီးနောက်တွင်လူတိုင်းသည် ဇတ်ဂ်များကို အင်ကာရက်ဂ်သို့ ပြန်လည်တွန်းပို့နိုင်ခဲ့သည်။ယခုအခါ သူတို့သည်အင်ကာရက်ဂ်ဘုရားကျောင်း၌ စစ်မှန်သောစစ်ပွဲကိုစတင်နိုင်ပြီဖြစ်သည်။
ထို့ပါဟောင်သည် တပ်သားများကို ကာကွယ်ရေးခံစစ်ကြောင်းတစ်ခုပြုလုပ်ရန်အတွက် ချက်ချင်းအမိန့်ပေးခဲ့သည်။ထို့ကြောင့် ယနေ့တွင် မည်မျှပင်ပင်ပန်းပန်းလုပ်ဆောင်ရသည်ဖြစ်စေ လူတိုင်းသည် ခိုင်မာသောကာကွယ်ရေးခံစစ်ကြောင်းကို တဖန်ပြန်လည်တည်ဆောက်ခဲ့ကြသည်။ထို့ပါဟောင်သည် မှင်စာကျွန်အမြောက်အများကိုအသုံးပြုကာ တည်ဆောက်ရေးလုပ်ငန်းစဉ်အား အရှိန်မြင့်ခဲ့သည်။
၃ရက်ဆက်တိုက် မနားမနေတည်ဆောက်ပြီးနောက်တွင် လူသားများသည် အင်ကာရက်ဂ်ဘုရားကျောင်းရှေ့၌ ပမာဏကာကွယ်ရေးခံစစ်ကြောင်းကို တည်ဆောက်နိုင်ခဲ့သည်။တစ်ချိန်တည်းတွင် အခြားသောနေရာများ၌ ပြန့်ကျဲနေသောဇတ်ဂ်စစ်တပ်များကို လူသားတပ်ဖွဲ့များကအရှိန်အဟုန်ဖြင့် ရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။
လူသားများသည် အင်ကာရက်ဂ်ကို ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။အနောက်တိမ်တိုက်အင်ပါယာမှတပ်သားများသည် သူတို့၏ခုခံရေးတပ်ဖွဲ့များကို ကာကွယ်ရေးခံစစ်ကြောင်းအသစ်သို့ ပြောင်းရွေ့ခဲ့သည်။သူတို့သည် ဤခံစစ်ကြောင်းကိုကျော်၍ဇတ်ဂ်တစ်ကောင်မှ လွတ်မြောက်ခွင့်မပြုနိုင်ပေ။ထိုသို့မဟုတ်ပါက အင်ပါယာ၏ပြည်သူများ ဒုက္ခရောက်ရမှာဖြစ်သည်။
ရှောင်ယုခန့်မှန်းထားသည့်အတိုင်း ယခင်ကတိုက်ပွဲကိုစောင့်ကြည့်နေသော အခြားတပ်ဖွဲ့များသည် ယခုအခါအကူအညီပေးရန်ဟန်ဆောင်သလိုဖြင့် ရှေ့တန်းသို့အပြေးရောက်လာကြသည်။သူတို့သည် အင်ကာရက်ဂ်ဘုရားကျောင်းထဲသို့ဝင်ကာ ရတနာများကိုရှာဖွေရန် အမှန်တကယ်ပြင်ဆင်နေခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ထို့ပါဟောင်သည် ရှောင်ယုအကြံပြုထားသော မူဝါဒကိုလက်တွေ့အကောင်အထည်ဖော်ခဲ့သည်။တစ်စုံတစ်ယောက်သည် ဤနေရာ၌ရှိလိုသည်ဖြစ်စေ သို့မဟုတ် ရတနာများကိုရှာဖွေရန်အတွက် အင်ကာရက်ဂ်ဘုရားကျောင်းထဲဝင်လိုပါက ထိုက်တန်သောအခကြေးငွေအား ပေးချေရမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက ခံစစ်ကြောင်းအနီးသို့ပင်ချည်းကပ်ခွင့်ရှိမှာမဟုတ်ပေ။အကယ်၍ တစ်စုံတစ်ယောက်ကသက်ဆိုင်ရာအခကြေးငွေကို မပေးဆောင်ဘဲ ခံစစ်ကြောင်းအနားသို့ချည်းကပ်လာခဲ့ပါက ၎င်းအားအနောက်တိမ်တိုက်အင်ပါယာ၏ ရန်သူအဖြစ်သို့သတ်မှတ်ကာ ချက်ချင်းသတ်ဖြတ်သွားမှာဖြစ်သည်။
လူတိုင်းသည် ထိုအမိန့်အား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း ရှောင်ယုသည်နဂါးလေးကိုစီးနင်း၍ ကောင်းကင်ပေါ်၌ပျံဝဲနေသည်ကိုမြင်သောအခါ သူတို့၏ဆန့်ကျင်မှုသည်အသုံးမဝင်ကြောင်း ချက်ချင်းသဘောပေါက်နားလည်သွားခဲ့ကြသည်။သူတို့သည် အနောက်တိမ်တိုက်အင်ပါယာနှင့်ရှောင်ယု၏စစ်တပ်အင်အားကို အမှန်တကယ်ကြောက်ရွံ့ကြသည်။
ထို့ကြောင့် လူတိုင်းသည် အင်ကာရက်ဂ်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ကာ ရတနာများကိုရှာဖွေရန်အတွက် ရွှေပြားများစွာကိုပေးချေရန်ရွေးချယ်ခဲ့ကြသည်။
ရှောင်ယုသည် ရွှေပြားများစွာကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်၊ဤတိုက်ပွဲတွင် ဧကရာဇ်ကျားအစောင့်တပ်နှင့် အခြားသောစစ်တပ်များသည် ဇတ်ဂ်စစ်တပ်ကို တိုက်ခိုက်ရာတွင်များစွာ အထောက်အကူပြုခဲ့ကြသည်။ထို့ကြောင့် ထို့ပါဟောင်သည် အထူးဆုလာဘ်အချို့ကို ရရှိခဲ့သည်။
နောက်တိုက်ပွဲမှာ အင်ကာရက်ဂ်ဘုရားကျောင်း၏ ဇတ်ဂ်တပ်ဖွဲ့ကိုလုံးဝချေမှုန်းပစ်ရန်ဖြစ်သည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း အင်ကာရက်ဂ်ဘုရားကျောင်းသည် တန်ပြန်တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့အားလုံးကိုမဟာမိတ်တပ်ဖွဲ့များက ကိုင်တွယ်ဖြေရှင်းခဲ့သည်။ယခုဆိုလျှင် လူသားတပ်ဖွဲ့၌အနောက်တိမ်တိုက်အင်ပါယာနှင့်ရှောင်ယု၏တပ်ဖွဲ့အပြင် အခြားစွန့်စားသူများလည်းပါဝင်လာပြီဖြစ်သည်။
အချို့သောအင်အားစုကြီးများသည် ဤနေရာမှအကျိုးခံစားခွင့်များ ရလိုရငြားမျှော်လင့်ချက်ဖြင့် ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သူတို့သည် ဇတ်ဂ်ပိုးကောင်များကို သတ်ဖြတ်ရာ၌အလွန်ရက်ရောစွာ ကူညီခဲ့ကြသည့်အကြောင်းရင်းမှာ ဇတ်ဂ်ပိုးကောင်များ၏ခန္ဓာကိုယ်ကပင် အဖိုးတန်အစိတ်အပိုင်းများဖြစ်နေ၍ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ရှောင်ယုသည် ပစ္စည်းအမြောက်အများကို စုဆောင်းနိုင်ခဲ့သည်။အထူးသဖြင့် အနူးဘစ်၏အလောင်းများတွင် အဂ္ဂိရိတ်ပညာအတွက် အလွန်ကောင်းမွန်သောအစိတ်အပိုင်းများပါဝင်ပေသည်။သူသည် ထိုပစ္စည်းများကိုစုဆောင်းကာ အဘိုးကြီးဟစ်ဂင်ထံ ပြန်ပို့ပေးရမည်ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ရှောင်ယုသည်သက်တောင့်သက်သာရှိနေခဲ့သည်။ထို့ပါဟောင်သည် အင်ကာရက်ဂ်ဘုရားကျောင်းရှိ ဇတ်ဂ်များကိုတိုက်ခိုက်ရန် စီစဉ်နေခဲ့သည်။တစ်ချိန်တည်းမှာပင် ရှောင်ယုနှင့်နီကိုးလပ်စ်တို့သည် တိုက်ကြီး၏အခြေအနေအား အဆက်မပြတ်ဆန်းစစ်နေခဲ့ကြသည်။
နီကိုးလပ်စ်သည် ဇတ်ဂ်များကိုတိုက်ခိုက်ရာတွင် ပါဝင်ကူညီပေးရန်အတွက် စစ်သားအချို့ကိုခေါ်ယူကာ ရောက်ရှိလာခဲ့သော်လည်း လူအမြောက်အများကိုမခေါ်လာသည့်အတွက် သူ၏လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ခံထားရသည်။
"ခုဆိုရင်ဂေါ်ဒန်ဟာ အရမ်းကိုအင်အားကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကိုဖွဲ့စည်းထားပြီးတော့ ကျယ်ပြန့်တဲ့နယ်မြေတစ်ခုကိုသိမ်းပိုက်ထားတယ်...ဒါ့အပြင်သူ့ရဲ့အောစ့်စစ်တပ်ဟာလည်း တဖြည်းဖြည်းအရေအတွက်ပိုပိုတိုးလာနေတယ်..."
ရှောင်ယုသည် မြေပုံပေါ်၌နီကိုးလပ်စ် အမှတ်အသားပြုထားသော နေရာကိုကြည့်လိုက်မိသည်။
နေဝင်ချိန်နွံအိုင်၏ အပြင်ဘက်ကို ဂေါ်ဒန်ကလုံးဝသိမ်းပိုက်ထားပြီးဖြစ်သည်။
ဂေါ်ဒန်သည် ပြန်လည်ရှင်သန်လာပြီးနောက်တွင် သူ၏စစ်တပ်သည်တဖြည်းဖြည်းအင်အားကြီးထွားလာကာ ပို၍ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။သူ၏ဦးဆောင်မှုအောက်၌ အောစ့်စစ်တပ်သည် တွန်းလှန်ရန်မဖြစ်နိုင်လုနီးပါး အခြေအနေသို့ရောက်လာခဲ့သည်။
အမှန်တော့ လူသားများသည် အောစ့်များကိုအနိုင်မယူနိုင်ခဲ့သည်တော့မဟုတ်ပေ။ကောင်းကင်ခြင်္သေ့မင်းဆက်သည် အမျိုးမျိုးသောအင်အားစုများအဖြစ် ပြန့်ကျဲနေခဲ့သည်။သူတို့အားလုံးသည် တစ်စုံတစ်ယောက်မှ ခြေတစ်လှမ်းအရင်စလှမ်းမည်ကို စောင့်မျှော်နေခဲ့ကြသည်။သူတို့ထဲမှမည်သူကမှ ရှေ့ထွက်ကာဂေါ်ဒန်အား ရင်ဆိုင်မတိုက်ခိုက်လိုကြပေ။
"မကြာသေးခင်က တစ်နေရာမှာတပ်သားတွေအများအပြားစုရုံးနေတယ်လို့ သတင်းရထားတယ်...အဲဒီတပ်သားတွေကအနက်ရောင်ကို အဓိကထားဝတ်ဆင်ကြတယ်...သူတို့ကကြီးမားတဲ့နယ်မြေကြီးတစ်ခုကို သိမ်းပိုက်လိုက်ကြပြီ"
နီကိုးလပ်စ်က အခြားတစ်နေရာကိုညွန်ပြ၍ တိုးတိုးလေးပြောလိုက်သည်။