အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း ၅၄၇ - ထို့ပါကွေ့တဖန်ထွက်ပေါ်လာခြင်း
ဤသို့ဖြင့် အချိန်တစ်လကုန်ဆုံးသွားခဲ့သည်။
ဤအတောအတွင်း အနက်ရောင်တပ်သားများသည် ကာကွယ်ရေးခံစစ်ကြောင်းအား ချိုးဖျက်ရန်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ကြသော်လည်း အဆုံးသတ်တွင်မအောင်မြင်ခဲ့ပေ။
အနောက်တိမ်တိုက်အင်ပါယာသည် ခံစစ်ကြောင်းကိုအဆက်မပြတ်အားဖြည့်နေခဲ့သည်။စစ်မြေပြင်သို့မဝင်ရောက်နိုင်သော အမျိုးသမီးများနှင့်ကလေးများအားလုံးသည် မှင်စာများ၏ဦးဆောင်မှုအောက်တွင် ကတုတ်ကျင်းများနှင့်ခံစစ်အဆောက်အဦးများကို အဆက်မပြတ် အားဖြည့်တည်ဆောက်ခဲ့ကြသည်။
မှင်စာများသည် ဇတ်ဂ်များကျူးကျော်လာသည့်အချိန်မှစ၍ ဤတိုက်ပွဲတစ်လျှောက်လုံး အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်။သူတို့တည်ဆောက်ပေးခဲ့သော တံတိုင်းများက အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံးအား ကယ်တင်ပေးခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပေ။သူတို့တည်ဆောက်ခဲ့သော တံတိုင်းအထူသည် မီတာ၁၀ဂဏန်းခန့်ရှိပေသည်။
ဧကရာဇ်ကျားအစောင့်တပ်သားများက ကာကွယ်ရေးခံစစ်ကြောင်းပေါ်၌ ကင်းလှည့်နေခဲ့ကြသည်။သူတို့သည် အချက်ပေးကိရိယာများစွာကို ပြင်ဆင်ထားခဲ့ကြပြီး ၎င်းတို့အားအချိန်မှီအချက်ပေးနိုင်ရန် သက်ဆိုင်ရာလူများကို တာဝန်ပေးထားခဲ့သည်။
ကာကွယ်ရေးခံစစ်ကြောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ရှောင်ယုသည် ဒုတိယကမ္ဘာစစ်အတွင်းရှိ နာမည်ကြီးမက်ဂျီနောခံစစ်ကြောင်းအကြောင်းကို မတွေးတောဘဲမနေနိုင်တော့ပေ။ထိုမက်ဂျီနောခံစစ်ကြောင်း၏ ခိုင်ခံ့မှုသည်လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။ထိုမက်ဂျီနောခံစစ်ကြောင်းတွင် မြေအောက်ရထားလမ်းကြောင်းများ၊သေနတ်မျိုးစုံ၊အိမ်သာများစသည်ဖြင့် ပါဝင်တည်ဆောက်ထားခြင်းဖြစ်သည်။၎င်းသည် သံမဏိခံစစ်ကြောင်းတစ်ခုဖြစ်ကာ ဂျာမန်များကထိုမက်ဂျီနောခံတပ်ကို အမှန်တကယ်တိုက်ခိုက်ခဲ့မည်ဆိုပါက စစ်ပွဲအဆုံးသတ်က လုံးဝကွဲပြားသွားမည်ဖြစ်သည်။
သို့သော်လည်း ဂျာမန်ဗိုလ်ချုပ်ကြီးမန်စတိန်းသည် မက်ဂျီနောခံစစ်ကြောင်းအား တိုက်ရိုက်ဖြတ်ကျော်ပြခဲ့သည့်အတွက် ပြင်သစ်လူမျိုးများသည် အံကိုတင်းတင်းကြိတ်ကာ သေဆုံးရန်ထိုင်စောင့်နေခဲ့ရသည်။
လက်ရှိခံစစ်ကြောင်း၌လည်း လောက်လွဲစင်များ ဒူးလေးအကြီးစားများကို ပြည့်ကျပ်နေအောင်တပ်ဆင်ထားကာ အစွန်းရောက်သည်ထိ ခံစစ်ပြင်ဆင်ထားခဲ့သည်။
ဤတစ်လအတွင်း သူတို့သည် ဤကာကွယ်ရေးခံစစ်ကြောင်းအား အဆုံးစွန်ထိလက်နက်တပ်ဆင်ရန် အချိန်ပေးခဲ့သည်။ထို့ကြောင့် ထို့ပါဟောင်သည် အနက်ရောင်တပ်သားများနှင့်ရင်ဆိုင်ရာတွင် ယခုလိုယုံကြည်မှုအပြည့်ရှိနေရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။စစ်မြေပြင်သို့သွားခွင့်မရသော ကလေးများနှင့်အမျိုးသမီးများသည် ထောက်ပံ့ပို့ဆောင်ရေး၌ ကူညီပေးလေ့ရှိကြသည်။
အသုံးမဝင်သောလူအချို့ကိုမူ စားနပ်ရိက္ခာစုဆောင်းပေးရန်အတွက် အဝေးသို့စေလွှတ်ခဲ့သည်။တိုက်ပွဲကြီးတစ်ခု၌ ထောက်ပံ့ပို့ဆောင်ရေးသည် အရေးအကြီးဆုံးဖြစ်ပေသည်။ရှေ့တန်းရှိစစ်သည်များသာ စားနပ်ရိက္ခာနှင့်လက်နက်များ အလုံအလောက်ရှိနေသရွေ့ စစ်ပွဲကိုအနိုင်ရရှိရန်အတွက် ယုံကြည်မှုကိုတည်ဆောက်နိုင်ပေသည်။
ထပ်...ထပ်...ထပ်
မြေပြင်ပေါ်၌ အနက်ရောင်တပ်သားများ၏ လမ်းလျှောက်သံက တဖန်ထွက်ပေါ်လာခဲ့သည်။ထို့နောက်တွင် အနက်ရောင်တပ်သားများသည် လှိုင်းလုံးများသဖွယ် ကာကွယ်ရေးခံစစ်ကြောင်းပေါ်သို့ ဖြေးညင်းစွာချည်းကပ်လာခဲ့သည်။
"အနောက်တိမ်တိုက်အင်ပါယာရဲ့နိုင်ငံသားအပေါင်းတို့...ငါတို့ဟာကောင်းကင်ဘုံရဲ့မျက်နှာသာပေးတာကိုခံရတဲ့သူတွေပဲဖြစ်တယ်...ငါတို့ရဲ့ရွှေရောင်ဝံပုလွေအလံဟာ အမြဲပျံသန်းနေမှာဖြစ်တယ်...ငါတို့ရဲ့မြင်းတွေဟာလည်း မြက်ခင်းပြင်မှာအမြဲပြေးလွှားနေလိမ့်မယ်...ငါတို့ရဲ့အနာဂတ်အတွက် ငါတို့ချစ်ခင်ရသူတွေ သားသမီးဇနီးမယားတွေ အနက်ရောင်တပ်သားတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ညီအစ်ကိုမောင်နှမတွေအတွက် လက်စားချေကြ"
ထို့ပါဟောင်၏အသံက အဝေးထိတိုင်အောင်ပျံ့နှံ့သွားခဲ့သည်။
"ဟားဟား...ထို့ပါဟောင် မင်းကဒီစစ်ပွဲကိုတကယ်အောင်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား...ငါမင်းကိုပြောမယ် ဒီအောင်ပွဲကငါ့အတွက်ဆိုတာသေချာတယ်...ငါကပဲဒီတိုက်ကြီးရဲ့အုပ်စိုးသူဖြစ်လာလိမ့်မယ်"
ထို့ပါဟောင်သည် စိတ်အားထက်သန်စွာမိန့်ခွန်းပြောဆိုပြီးနောက် တစ်စုံတစ်ယောက်က သူ့အားလှောင်ပြောင်ရယ်မောလိုက်သည်။
ထို့ပါကွေ့...
ထို့ပါကွေ့သည် ယခင်ပုံစံနှင့်မတူညီတော့သည်မှာ ထင်ရှားပေသည်။သူ၏အသံကပင် အလွန်ကြောက်စရာကောင်းသော အဆင့်သို့ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြနေခဲ့သည်။
"ထို့ပါကွေ့...မင်းကခုဆိုရင်နတ်ဆိုးတစ်ကောင်ဖြစ်နေပြီ...မင်းကအနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံးကို မင်းလိုဖြစ်စေချင်နေတာလား...မင်းကအနောက်တိမ်တိုက်အင်ပါယာရဲ့နိုင်ငံသားလို့ အသိစိတ်ရှိနေသေးတာလား...ဒါပေမဲ့ဒီနေ့ကစပြီးတော့ မင်းကအနောက်တိမ်တိုက်အင်ပါယာနဲ့မသက်ဆိုင်တော့ဘူး...ဒီနေ့မင်းကိုဓားနှင့်အပိုင်းပိုင်းဖြတ်ပြီး အနောက်တိမ်တိုက်အင်ပါယာက သေဆုံးသွားတဲ့ညီအစ်ကိုတွေအတွက် လက်စားချေပေးမယ်"
"ဟားဟား...ထို့ပါဟောင် ခုဆိုရင် ငါ့ရဲ့ခွန်အားဟာမင်းလုံးဝနားမလည်နိုင်တဲ့အရာဖြစ်သွားပြီ...ငါဟာလုံးဝခြားနားတဲ့ အဆင့်ကိုရောက်နေခဲ့ပြီ...ငါကအနောက်တိမ်တိုက်အင်ပါယာရဲ့နိုင်ငံသားတိုင်းကို ထာဝရနေထိုင်စေနိုင်တဲ့ ကမ္ဘာဆီအရောက်ပို့နိုင်ဖို့ငါ့ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ခိုင်းမယ်...အဲ့ဒီကမ္ဘာကြီးမှာငါတို့်လုပ်ချင်တာလုပ်လို့ရတယ်...ငါတို့ဟာ နတ်ဘုရားတွေဖြစ်လာလိမ့်မယ်...."
ထို့ပါကွေ့၏အသံသည် ဟိန်းထွက်လာခဲ့ပြီး သူ့အသံ၌ပါရှိနေသည့်ရူးသွပ်မှုက လူတိုင်းကိုတုန်လှုပ်စေခဲ့သည်။
"ဟားဟား...တိုက်ကြ"
ထို့ပါကွေ့သည် အချိန်မဖြုန်းဘဲ စကားစကိုဖြတ်လိုက်ပြီး ကာကွယ်ရေးခံစစ်ကြောင်းကို တိုက်ခိုက်ရန်အတွက် တပ်များကိုအမိန့်ပေးခဲ့သည်။
"တိုက်ပွဲဝင်ဖို့အသင့်ပြင်...လေးသမားတွေအသင့်ပြင်...လှံပစ်စက်တွေအသစ်ပြင်ကြ"
ထို့ပါဟောင်က အော်ဟစ်လိုက်သည်။
အနက်ရောင်တပ်သားများက ခံစစ်ကြောင်းနှင့် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။သူတို့သည် ကာကွယ်ရေးခံစစ်ကြောင်းကို တိုက်ခိုက်ရန်အတွက် မြို့သိမ်းလှေကားမျိုးစုံ၊အခြားသောမြို့သိမ်းလက်နက်များနှင့် ကိရိယာမျိုးစုံကိုသယ်ဆောင်လာကြပေသည်။သို့သော်လည်း အမှန်တကယ်အားဖြင့် သူတို့၏အကြီးမားဆုံးသောအားသာချက်မှာ သူတို့၏အရေအတွက်ဖြစ်နေဆဲဖြစ်သည်။
တဖြည်းဖြည်းနှင့် အနက်ရောင်တပ်သားများ အနားရောက်လာသည့်အခါတွင် ထိုအနက်ရောင်တပ်သားများ၏ အလယ်ဗဟို၌ ကြီးမားသည့်ယဇ်ပလ္လင်တစ်ခုရှိနေသည်ကို ရှောင်ယုနှင့်ထို့ပါဟောင်တို့က ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။ထိုပလ္လင်ပေါ်၌ ညိုးငယ်သောမျက်နှာပေးဖြင့် အေးစက်သောအပြုံးကိုဖော်ဆောင်ထားသည့် လူတစ်ယောက်ထိုင်နေခဲ့သည်။
ထိုလူသည်ကား နတ်ဆိုးအဖြစ်သို့ပြောင်းလဲသွားခဲ့သော ထို့ပါကွေ့ဖြစ်နေခဲ့သည်။
"သေစမ်း...သူ့ကိုကြည့်ရတာနတ်ဆိုးအဖြစ်ကိုပြောင်းလဲသွားပြီးတော့ အရမ်းကိုအားကောင်းနေသလိုပဲ...မင်းတို့သူ့ကိုသတ်နိုင်မယ်ထင်လား"
ရှောင်ယုက သူ့ဘေးနားမှလူများကို မေးမြန်းလိုက်သည်။
အောင်းတူက ခေါင်းခါပြီးပြောလိုက်သည်။
"သူကငါ့ထက်စာရင် အများကြီးသန်မာတယ်...ငါသာဆိုရင် သူ့ရဲ့ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်တာသေချာတယ်...ဒါပေမဲ့ မင်းရဲ့သူရဲကောင်းတွေသာ ကူညီပေးမယ်ဆိုရင်တော့ ငါသူ့ကိုသတ်ဖြတ်ဖို့ကြိုးစားနိုင်တယ်"
"ဒါဆို ငါတို့အဲလိုဆက်လုပ်ကြတာပေါ့...ငါတို့က အနက်ရောင်တပ်သားတွေအားလုံးကို မသတ်နိုင်ဘူး...အနက်ရောင်တပ်သားတွေက ငါတို့ကိုဖိအားပေးပြီးတော့ ကာကွယ်ရေးခံစစ်ကြောင်းကို ဖျက်ဆီးဖို့အချိန်တစ်ခုပဲလိုတယ်...ဒီတစ်ကြိမ်မှာ အနက်ရောင်တပ်သားများသိန်းချီပြီး တိုက်ခိုက်လာတာပဲ"
ရှောင်ယုကပြောလိုက်သည်။
ထိုအချိန်တွင် ခံစစ်ကြောင်းပေါ်ရှိ တာဝေးပစ်လက်နက်များအားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"လောက်လွဲစင် ပထမအုပ်စု...ပစ်"
"လောက်လွဲစင် ဒုတိယအုပ်စု...ပစ်"
လောက်လွဲစင်များသည် အဝေးဆုံးအကွာအဝေးထိ ပစ်ခတ်နိုင်သောလက်နက်ကြီးများဖြစ်သောကြောင့် အစောဆုံးပစ်လွှတ်နိုင်ခဲ့သည်။ထို့နောက် ဧရာမလောက်စာလုံး မိုးရွာသလိုမျိုးကောင်းကင်ပေါ်မှ ဆက်တိုက်ပြုတ်ကျလာခဲ့သည်။ထိုသို့တိုက်ခိုက်မှုက အနက်ရောင်တပ်သားများ၏ မြို့သိမ်းလက်နက်များစွာကိုဖျက်ဆီးနိုင်ခဲ့သည်။
ကြိုတင်ပြင်ဆင်မှု လုံလောက်စွာပြုလုပ်ထားသည့်အတွက်ကြောင့် လောက်လွဲစင်အရေအတွက်အလွန်များပြားနေပြီး ပစ်လွှတ်လိုက်သောကျောက်တုံးများကလည်း ကောင်းကင်ကိုပင်ဖုံးအုပ်နိုင်စွမ်းရှိပေသည်။ကျောက်တုံးမိုးရွာသွန်းမှုအောက်တွင် အနက်ရောင်တပ်သားများသည် ပုန်းခိုစရာနေရာမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ရသည်။
ထိုမြင်ကွင်းကိုကြည့်၍ မြို့ရိုးပေါ်ရှိ တပ်သားများသည်လွန်စွာတုန်လှုပ်သွားခဲ့ကြသည်။
မည်သို့ပင်ဆိုစေ အရေအတွက်အပြောင်းအလဲက စစ်ပွဲ၏အလားအလာကိုပြောင်းလဲစေနိုင်ပေသည်။
လောက်လွဲစင်များ၏ပစ်ခတ်မှုက မရေမတွက်နိုင်သော အနက်ရောင်တပ်သားများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ၎င်းတို့၏အရေအတွက်သည် အလွန်များပြားနေခဲ့သည်။ထို့ပြင် ၎င်းတို့သည်ဆက်တိုက်သေဆုံးနေခဲ့သော်လည်း အနက်ရောင်တပ်သားများက ရှေ့သို့ဆက်လက်ချီတက်နေကြဆဲဖြစ်ကာ လုံးဝနောက်ဆုတ်မည့်ပုံမပေါ်ပေ။
ဤအနက်ရောင်တပ်သားများသည် သေခြင်းတရားကိုမည်သည့်အခါမှ မကြောက်ရွံ့ပေ။ထို့ကြောင့် သူတို့အားလုံးအားသတ်ဖြတ်ရန်မဖြစ်နိုင်သည့်အတွက်ကြောင့် အခြားအရာတစ်ခုကိုသာစဉ်းစားရမည်ဖြစ်သည်။
အခန်း ၅၄၈ - ထို့ပါကွေ့ကိုသတ်ဖြတ်ခြင်း
ထိုအနက်ရောင်တပ်သားများအား ကိုင်တွယ်ဖြေရှင်းရသည်မှာ လွယ်ကူခြင်းမရှိပေ။
ထို့ကြောင့် ဤပြဿနာကိုဖြေရှင်းနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းမှာ ၎င်းတို့၏ခေါင်းဆောင်ဖြစ်သူ ထို့ပါကွေ့အားသတ်ဖြတ်ခြင်းပင်ဖြစ်သည်။သို့သော်လည်း ထိုသို့ပြုလုပ်ရန်မှာမလွယ်ကူလှပေ။ဤပြသနာကိုဖြေရှင်းရန်အတွက် လူတိုင်း၏ပူးပေါင်းဆောင်ရွက်မှုအား လိုအပ်ပေသည်။
ရှောင်ယုသည် လောက်လွဲစင်များ၏ဖိအားကိုလျော့ချရန်နှင့် လောက်လွဲစင်များ၏ပစ်ခတ်မှုဇုန်မှ လွတ်မြောက်လာသော အနက်ရောင်တပ်သားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဧကရာဇ်ကျားအစောင့်တပ်ကိုစေလွှတ်ခဲ့သည်။အနက်ရောင်တပ်သားများသည် အရေအတွက်များပြားလွန်း၍ မြို့ရိုးအောက်ခြေထိအောင်မြင်စွာချည်းကပ်နိုင်ခဲ့သော်လည်း ရှောင်ယု၏လေကြောင်းတပ်များမှပံ့ပိုးပေးထားသော ဧကရာဇ်ကျားအစောင့်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ရှောင်ယုသည် ထို့ပါကွေ့ထံသို့ဖြေးညင်းစွာချဉ်းကပ်ရန်အတွက် စစ်မြေပြင်အတွင်းသို့ အခြားသောသူရဲကောင်းများကို စေလွှတ်ခဲ့သည်။ရှောင်ယုသည် နဂါးငယ်ပေါ်၌စီးနင်းလာခဲ့ပြီး နဂါးငယ်လေး၏ဟိန်းဟောက်သံနှင့်အတူ စစ်ပွဲထဲဝင်ရောက်လာခဲ့သည်။အောင်းတူသည်လည်း သူနှင့်အတူလိုက်ပါလာခဲ့သည်။
ထို့ပါကွေ့သည် သူ၏လက်ထဲ၌လှံရှည်တစ်ချောင်းကိုကိုင်ဆောင်ထားကာ သူတို့အားလုံးကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။ယခုအခါ တိုက်ပွဲသည် သူထင်ထားသလိုလွယ်ကူတော့မည်မဟုတ်ကြောင်း သူသိထားလိုက်ပြီးဖြစ်သည်။ထို့ပါကွေ့သည် ဒေါသတကြီးအမူအရာဖြင့် ပလ္လင်ပေါ်မှထရပ်လိုက်သည်။ရှောင်ယု၏ထွက်ပေါ်လာမှုက သူ၏နဂိုအကြံအစည်များအားလုံးကို လုံးလုံးလျားလျားဖျက်ဆီးပစ်ခဲ့သည်။
"မြင့်မြတ်တဲ့နတ်ဘုရားရဲ့အမည်နာမတော်နဲ့ အတားအဆီးအားလုံးကိုဖျက်ဆီးလိုက်"
ထို့ပါကွေ့က ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လှံတံကိုဆွဲကိုင်၍ အောင်းတူထံပြေးဝင်သွားခဲ့သည်။
အောင်းတူသည် ကပ်ဘေးဓားသွားဖြင့်တန်ပြန်တိုက်ခိုက်ကာ ဟန့်တားလိုက်သည်။သို့သော်လည်း ခွန်အားကြီးမားလှသည့်အောင်းတူသည်ပင် ဤနေရာ၌အားနည်းချက်အချို့ရှိနေခဲ့သည်။
လက်ရှိအချိန်တွင် ထို့ပါကွေ့၏စွမ်းအားသည် လုံးဝကိုကွဲပြားသည့် အဆင့်တစ်ခုသို့ရောက်ရှိနေခဲ့သည်။
"အကုန်လုံးသေကြ..."
ချက်ချင်းပင် ထို့ပါကွေ့ကနောက်ထပ်တိုက်ခိုက်မှုတစ်ခုအား စတင်လိုက်သည်။
"ဟမ့်...မင်းရဲ့အစွမ်းလောက်နဲ့ ငါ့ကိုအနိုင်ယူချင်နေတာလား"
အောင်းတူက လှောင်ပြောင်လိုက်ပြီး သူ၏အော်ရာကတဟုန်ထိုးမြင့်တက်လာခဲ့သည်။ထို့နောက် ကြီးမားသောရွှေရောင်ဝံပုလွေပုံရိပ်ကြီးက သူ၏နောက်ကျောမှနေ၍ထွက်ပေါ်လာခဲ့သည်။ထို့နောက်သူ၏လက်ထဲမှ ကပ်ဘေးဓားသွားကလည်း မီးလောင်ကျွမ်းသွားခဲ့ပြီး တိုက်ပွဲစွမ်းအင်များကလည်း မီးတောက်များအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် နှစ်ယောက်သားအပြန်အလှန် စတင်တိုက်ခိုက်ခဲ့ကြသည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ ပြုံးလိုက်မိပြီး ဂရင်း၊မိုင်ယဗ်နှင့်အီလီဒမ်တို့အား ထို့ပါကွေ့အားဝိုင်းထားရန်အမိန့်ပေးလိုက်သည်။လက်ရှိအချိန်တွင် သူတို့သည် ဆုံးရှုံးမှုများကိုတတ်နိုင်သမျှ လျော့နည်းစေရန်အတွက် ထို့ပါကွေ့အားတတ်နိုင်သမျှမြန်မြန်သတ်ဖြတ်ရမည်ဖြစ်သည်။ယခုလောင်လွဲစင်များအား အသုံးပြုနေခြင်းက စက္ကန့်တိုင်းလိုလိုပင် ငွေများကိုမီးရှို့နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့ပြင် အနက်ရောင်တပ်သားများကလည်း ကာကွယ်ရေးခံစစ်ကြောင်းရှိတပ်သားများကို စတင်လွှမ်းမိုးလာခဲ့သည်။အကယ်၍ သူတို့သာထို့ပါကွေ့အားအမြန်ဆုံးမသတ်ဖြတ်ပါက ဧကရာဇ်ကျားအစောင့်တပ်သည်လည်း ဆက်လက်တားဆီးနိုင်မည်မဟုတ်ဘဲ အနက်ရောင်တပ်သားများက ကာကွယ်ရေးခံစစ်ကြောင်းအား ဖြတ်ကျော်လာမည်ဖြစ်သည်။
ထို့ကြောင့် ရှောင်ယုကိုယ်တိုင်ပင် နဂါးလေး၏ကျောပေါ်မှဆင်းသက်လာခဲ့သည်။ထို့နောက် ရှောင်ယုနှင့်နဂါးလေးတို့က ထို့ပါကွေ့အား စတင်တိုက်ခိုက်ခဲ့ကြသည်။
မူလက ထို့ပါကွေ့သည် ရန်သူတစ်ဦးတည်းဖြင့် ရင်ဆိုင်နေရသည်တောင်မှ အပြည့်အဝအသာစီးရခြင်းမရှိခဲ့ပေ။ယခုအခါ သူသည် ကျွမ်းကျင်သူများစွာနှင့် ရင်ဆိုင်နေရသည့်အတွက် အကျပ်အတည်းအခြေအနေသို့ရောက်ရှိသွားခဲ့ကာ နောက်ဆုတ်ရန်စိတ်ကူးရလာခဲ့သည်။သို့သော်လည်း နဂါးလေး၏နံချပ်ကူက သူ့အားရပ်တန့်ထားခဲ့သည်။
အီလီဒမ်သည်လည်း ဤတိုက်ပွဲ၌ပါဝင်ခဲ့ပြီး သူ၏အမွှာဓားနှစ်လက်ကိုဝှေ့ယမ်း၍ အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။အီလီဒမ်ကိုယ်တိုင်က နတ်ဆိုးတစ်ယောက်ဖြစ်ပေရာ ထို့ပါကွေ့မှထုတ်လွှတ်လာသည့် ဝိညာဉ်တိုက်ခိုက်မှုအား မကြောက်ရွံ့ခဲ့ပေ။ထိုအချိန်တွင် ဂရင်းသည် အန္တိမခုတ်ပိုင်းချက်၏ စစ်မှန်သောခွန်အားကိုပြသခဲ့သလို အမျိုးမျိုးသောတိုက်ခိုက်မှုများကိုလည်း အဆက်မပြတ်ထုတ်ဖော်ခဲ့သည်။
မိုင်ယဗ်၏ခွန်အားသည် ယခုအခါပို၍ပင်အားကောင်းလာခဲ့သည်။လက်ရှိအချိန်တွင် သူမသည်ကလဲ့စားချေခြင်းနတ်ဘုရားကိုဆင့်ခေါ်ထားခဲ့ပြီး အငြိုးအတေးစိတ်ဝိညာဉ်များကို အဆက်မပြတ်ခေါ်ယူနေခဲ့သည်။၎င်းတို့သည် ထို့ပါကွေ့အားကယ်တင်လိုသူမှန်သမျှကို ပိတ်ဆို့တားဆီးထားခဲ့သည်။
ထို့ပါကွေ့၏ လက်အောက်ငယ်သားများအနက် သူ့အားကူညီပေးနိုင်သော အလွန်အစွမ်းထက်သည့်နတ်ဆိုးများစွာပါဝင်သည်။သို့သော်လည်း အငြိုးအတေးစိတ်ဝိညာဉ်များကြောင့် ထိုနတ်ဆိုးများအားလုံးသည် အလွန်ပင်အလှုပ်ရှုပ်နေခဲ့ကြပြီး ထို့ပါကွေ့အားကယ်တင်နိုင်ခြင်းမရှိခဲ့ပေ။
"မင်းတို့...လူယုတ်မာတွေ"
ထို့ပါကွေ့က ရူးသွပ်စွာဟိန်းဟောက်လိုက်သည်။ရှောင်ယုတို့သည် သူတို့၏အားသာချက်ကို ရှင်းရှင်းလင်းလင်းဆုပ်ကိုင်ထားခဲ့ကာ သူကိုယ်တိုင်ပင်ထွက်မပြေးနိုင်ခဲ့ပေ။
"ဒီကမ္ဘာကြီးတစ်ခုလုံး မီးတောက်တွေနဲ့အတူပျက်သုဉ်းပါစေ"
ထို့ပါကွေ့သည် ရုတ်တရက်အော်ဟစ်လိုက်ပြီး သူ၏တစ်ကိုယ်လုံးမီးတောက်များဖြင့် လွှမ်းခြုံသွားခဲ့သည်။ထိုမီးတောက်များက ပြင်းထန်သောမှော်စွမ်းအင်အတက်အကျများကို ထုတ်လွှတ်နေခဲ့သည်။
"ရှေ့ကနေဖယ်ပေးကြ..."
ရှောင်ယုသည် ထိုမီးတောက်တွင်ပါဝင်သော စွမ်းအားကိုချက်ချင်းသတိပြုမိခဲ့ပြီး လူတိုင်းအားရှောင်ရှားရန်အမိန့်ပေးလိုက်သည်။ထိုမီးတောက်သည် သာမန်မီးတောက်များထက် လွန်စွာအားကောင်းနေခဲ့ကာ အားနည်းသူများဆိုပါက မီးလောင်သေဆုံးရမည်ဖြစ်သည်။
လူတိုင်းသည် အလွန်လျင်မြန်စွာလှုပ်ရှား၍ ချက်ချင်းရှောင်တိမ်းခဲ့ကြရာ ထိခိုက်မှုမရှိခဲ့ပေ။ထိုအချိန်တွင် ထို့ပါကွေ့က ကျယ်လောင်စွာအော်ဟစ်၍ ပိတ်ဆို့ထားမှုကိုဖောက်ထွက်ခဲ့သည်။
သို့သော် လူတိုင်းကသူ့အားအဘယ်ကြောင့် လွတ်မြောက်ခွင့်ပေးမည်နည်း။သူတို့သည် ထို့ပါကွေ့အားမဖြစ်မနေသတ်ဖြတ်ရန် လိုအပ်ပေသည်။နဂါးလေးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ၏နံချပ်ကူအားပြင်းထန်စွာဝှေ့ယမ်းကာ ထို့ပါကွေ့၏ရင်ဘတ်အားရိုက်ချလိုက်သည်။ထို့ကြောင့် ထို့ပါကွေ့သည် ထွက်ပြေးနိုင်ခြင်းမရှိတော့ပေ။
ယခုအခါ နဂါးလေးသည် နံချပ်ကူအားအသုံးပြုရာ၌ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ထို့ကြောင့်နဂါးလေး၏ နံချပ်ကူရိုက်ချက်များသည် အလွန်ပင်တိကျသေသပ်ကာ ရန်သူအားသေစေနိုင်နှုန်း အလွန်မြင့်မားခဲ့သည်။
ထို့ပါကွေ့သည် နံချပ်ကူဖြင့်ရိုက်နှက်ခံရပြီးနောက် သူ၏တစ်ကိုယ်လုံးအား သွေးများဖြင့်ဖုံးလွှမ်းသွားခဲ့ရသည်။
ထိုအချိန်တွင် အခြားလူများကလည်း သူ့နောက်မှလိုက်လာကြသည်။လူတိုင်းသည် ထို့ပါကွေ့အားခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။သူတို့၏အနားသို့ချည်းကပ်လာသော အနက်ရောင်တပ်သားများသည် သူတို့၏စွမ်းအားကြောင့် ချက်ချင်းကြေမွသွားခဲ့ရသည်။
ယခုအခါ ထို့ပါကွေ့သည် ခွေးတစ်ကောင်လိုချောင်ပိတ်ခံထားရပြီး မည်သည့်နေရာကိုမှထွက်မပြေးနိုင်တော့ပေ။လက်ရှိအခြေအနေသည် အလွန်ပင်စိတ်ပျက်စရာကောင်းနေခဲ့သည်။
ထိုတိုက်ခိုက်မှုအပြီးတွင် အောင်းတူသည်အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချကာ ထို့ပါကွေ့၏ဝမ်းဗိုက်ကိုဓားဖြင့်ချက်ချင်းထိုးဖောက်လိုက်ရာ သွေးများကစမ်းရေကဲ့သို့ စီးကျလာခဲ့သည်။
ထိုအခိုက်အတန့်တွင် စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။လူတိုင်းသည် ရာစုနှစ်၏အဆုံးအဖြတ်တိုက်ပွဲအားကြည့်ရှုခဲ့ရပြီး အဆုံးသတ်၌အောင်းတူသည် ထို့ပါကွေ့အားသတ်ဖြတ်ခဲ့သည်။
ထိုအချိန်တွင် အနက်ရောင်တပ်သားများက အလန့်တကြားအော်ဟစ်ကာ ခုခံလိုစိတ်မရှိတော့ဘဲ အလျင်အမြန်ဆုတ်ခွာထွက်ပြေးလာကြသည်။ဧကရာဇ်ကျားအစောင့်တပ်များနှင့် အခြားသောစစ်တပ်များသည် ဤအနက်ရောင်တပ်သားများကို သုတ်သင်ရှင်းလင်းရန်အတွက် ၎င်းတို့နောက်သို့ထပ်ကြပ်မကွာလိုက်ပါသွားကြသည်။
ရှောင်ယုသည် အရာအားလုံးကိုခြုံငုံကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။ထို့ပါကွေ့သေဆုံးပြီးနောက်တွင် အနောက်တိမ်တိုက်အင်ပါယာ၏ပြဿနာသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း ရှောင်ယုသိရှိလိုက်သည်။
အခန်း ၅၄၉ - ဘုရားကျောင်း၏အကြံအစည်
အနောက်တိမ်တိုက်အင်ပါယာ၏တပ်ဖွဲ့သည် အနက်ရောင်တပ်သားများကို ဖယ်ရှားရန်ဤအခွင့်အရေးအား အသုံးချခဲ့သည်။
အနက်ရောင်တပ်သားများသည် သူတို့မသုတ်သင်ခံရမှီအထိ မိုင်ပေါင်းရာနှင့်ချီ၍ ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။အမိန့်ပေးမည့်သူမရှိပါက သူတို့သည်ခေါင်းမပါသောကြက်တစ်ကောင်နှင့်မခြားတော့ပေ။
ဤသို့သောအခြေအနေတွင် သူတို့သည်မည်သည့်ခြိမ်းခြောက်မှုကိုမှ ဆက်လက်ဖန်တီးနိုင်မည်မဟုတ်သော်လည်း ထို့ပါဟောင်သည် သူတို့်အားဖြေညှင်းစွာဖယ်ရှားရှင်းလင်းရန်အတွက် တစ်စုံတစ်ယောက်အား ထပ်မံစေလွှတ်ရန် လိုအပ်နေသေးသည်။
ထိုအနက်ရောင်တပ်သားများအား ဖျက်ဆီးရန် အချိန်များစွာလိုအပ်မည်မဟုတ်ပေ။
လူတိုင်းသည် မြို့ရိုးဆီသို့ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး ရွှင်မြူးစွာကခုန်လိုက်ကြသည်။
လက်ရှိအချိန်တွင် စစ်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။ဤစစ်ပွဲသည် အဆုံးသတ်သွားပြီးနောက်တွင် စစ်ပွဲအပြီး၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ရတော့မည်ဖြစ်သည်။
ရှောင်ယုသည် လင်းမူရွယ်၏လက်ကိုဆုပ်ကိုင်ထားရင်း ရက်အနည်းငယ်ကြာသည်အထိ ပျော်ရွှင်စရာအချိန်များကို ဖြတ်သန်းခဲ့သည်။ရှောင်ယုသည် ယခုတစ်ကြိမ်ပြဿနာများအပြီးတွင် လင်းမူရွယ်အားလက်ထပ်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။ဤကိစ္စအားဆက်လက်အချိန်ဆွဲနေ၍ မရတော့ပေ။
ထို့ပါဟောင်သည် ရှောင်ယုကိုအကြိမ်ကြိမ်ကျေးဇူးတင်နေသော်လည်း ရှောင်ယုအားအကြွေးများစွာတင်နေကြောင်း သူ့စိတ်ထဲ၌သိရှိထားပေသည်။
ဆယ်ရက်ခန့်ကြာပြီးနောက်တွင် ရှောင်ယုသည်အခြေအနေအားလုံး တည်ငြိမ်လုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့် ခြင်္သေ့ဘုရင်မြို့တော်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဤနေရာ၌ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ကာ သူ့နယ်မြေ၌ အရာအားလုံးအဆင်ပြေနေသလားဆိုသည်ကို စစ်ဆေးရန်အချိန်တန်ပြီဖြစ်သည်။မှော်ဆရာကြီး၃ယောက်လုံးသည် စဉ်ဆက်မပြတ်လေ့ကျင့်နေခဲ့ကြပြီး သူတို့မည်မျှကြိုးစားအားထုတ်နေကြသည်ကို သူတွေ့မြင်ခဲ့ရသည်။
ထို့ပြင်နီကိုးလပ်စ်ကလည်း ပြန်ရောက်လာခဲ့သည်။အခြေအနေတစ်ခုလုံးသည်း ကောင်းမွန်နေပုံမရပေ။ယခုအခါတွင် တိုက်ကြီးတစ်ခုလုံးသည် မြူထုများဖြင့်ဖုံးလွှမ်းနေပြီဖြစ်သည်။ရှောင်ယုသည် ပိုမိုပြင်းထန်သောအကျပ်အတည်းအား ရင်ဆိုင်ရန်အတွက် စောစောစီးစီးအစီအစဉ်များအား ရေးဆွဲရမည်ဖြစ်သည်။
ထို့နေ့တွင် ရှောင်ယုသည် ခြင်္သေ့ဘုရင်မြို့တော်နှင့်မိုင်ပေါင်းရာချီသာကွာဝေးသော နယ်မြေတစ်ခုအား ဘုရားကျောင်းမှသိမ်းပိုက်လိုက်ကြောင်း သတင်းရရှိခဲ့သည်။သို့ဖြစ်ရာ ခြင်္သေ့မြို့တော်သည်အချိန်မရွေးတိုက်ခိုက်ခံရနိုင်သည်။
ဘုရားကျောင်းသည် အလွန်လျင်မြန်စွာဖြင့်နယ်ပယ်ချဲ့ထွင်လာ၍ ရှောင်ယုသည်မျက်မှောင်ကြုတ်လိုက်မိသည်။
"အခြေအနေဘယ်လိုလဲရှောင်ယု...ငါမင်းကိုကူညီပေးဖို့တစ်ယောက်ယောက်ကို စေလွှတ်ပေးဖို့လိုသေးလား"
ထို့ပါဟောင်သည် ထိုသတင်းကိုကြား၍ပေါ့ပေါ့ပါးပါးမေးမြန်းလိုက်သည်။
ရှောင်ယုက ချက်ချင်းခေါင်းခါပြလိုက်သည်။
"ထို့ပါကွေ့သေသွားပြီဆိုပေမဲ့ အနောက်တိမ်တိုက်အင်ပါယာမှာဖုံးကွယ်ထားတဲ့အန္တာရယ်တွေကို မဖယ်ရှားရသေးဘူး...မင်းကဒီနေရာမှာအခြေအနေတည်ငြိမ်အောင် စောင့်ကြည့်ဖို့လိုတယ်...တိုက်ကြီးတစ်ခုလုံးဟာ မကြာခင်ပရမ်းပတာအခြေအနေကိုကျရောက်တော့မယ်...အဲ့အချိန်ကျရင်မင်းရဲ့အကူအညီလိုလာလိမ့်မယ်"
မကြာမှီတိုက်ကြီးတစ်ခုလုံးအနှံ့ စစ်ပွဲများဖြစ်ပွားတော့မည်ကို ရှောင်ယုသိထားပေသည်။ထိုအချိန်တွင် အနောက်တိမ်တိုက်အင်ပါယာသည်ပင် ငြိမ်သက်နေမည်မဟုတ်ပေ။
ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပြီလေ...အဲ့ဒါဆိုရင်မင်းအကူအညီလိုတဲ့အခါ ငါ့ကို့မေးလို့ရတယ်"
ရှောင်ယုက ထို့ပါဟောင်ကိုကြည့်၍ တောက်ပစွာပြုံးပြလိုက်သည်။
"စိတ်လျော့ပါ...ငါဘာပြဿနာမှဖြစ်မှာမဟုတ်ဘူး"
ဤသို့ဖြင့်ရှောင်ယုက သူ၏ခရီးကိုပြန်လည်စတင်ခဲ့သည်။
တစ်လခန့်ကြာပြီးနောက်တွင် ရှောင်ယုသည်ခြင်္သေ့မြို့တော်သို့ပြန်လည်ရောက်ရှိခဲ့သည်။ထိုအချိန်တွင် မှော်ဆရာကြီး၃ယောက်သည် ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ကျေးဇူးတင်စကားမှလွဲ၍အခြားမည်သည့်အရာမှမပါသော စာတစ်စောင်ကိုထားရစ်ခဲ့သည်။
ရှောင်ယုသည် အလိုမကျစိတ်ဖြင့်မျက်မှောင်ကြုတ်မိလိုက်သည်။ထိုအဘိုးကြီးများသည် သူ့အတွက်အသုံးဝင်မယ့်မှော်စာလိပ်များကိုသာ ချန်ထားခဲ့ရမည်ဖြစ်သည်။
ရှောင်ယုသည် မြို့ထဲသို့ရောက်ရောက်ချင်း အနားယူရန်အချိန်မရခဲ့ပေ။သူသည်မူဟွာလီ၊လုံဟွေနှင့်အခြားသူများကို ချက်ချင်းတွေ့ဆုံရန်စီစဉ်လိုက်သည်။
သူတို့၏အစီရင်ခံချက်ကို နားထောင်ပြီးချိန်တွင် လက်ရှိအခြေအနေသည် အလွန်ပင်ဆိုးရွားကြောင်း တွေ့ရှိခဲ့သည်။ယခုအခါ ဘုရားကျောင်း၏စစ်တပ်သည် သူ့နယ်မြေ၏တံခါးဝအနီးသို့ရောက်ရှိလာပြီဖြစ်သည်။
ရှောင်ယုသည် ဝေပြည်နယ်ကိုသိမ်းပိုက်ပြီးနောက်တွင် ဝေပြည်နယ်သည်ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ စည်းစိမ်ဥစ္စာအလွန်ပေါများခဲ့သည်။အကယ်၍ ဤအခြေအနေအတိုင်းသာ ဆက်လက်တိုးတက်နေမည်ဆိုပါက ခြင်္သေ့နယ်မြေတစ်ခုလုံး၏အကျိုးစီးပွားသည် သိသိသာသာတိုးတက်လာမည်ဖြစ်သည်။
သို့သော်လည်း ဘုရားကျောင်းကရှောင်ယုအား အခွင့်အရေးမပေးခဲ့ပေ။
မူလကဆိုလျှင် ရှောင်ယုသည်အိမ်ထောင်ပြုရန် စဉ်းစားနေခြင်းဖြစ်သည်။
"မင်းအမေပဲပေါ့...ဘုရားကျောင်းကငါ့ကိုဒုက္ခရောက်အောင်လုပ်နေတာပဲ"
ရှောင်ယုက သူ့စိတ်ထဲ၌ဒေါသတကြီးရေရွတ်လိုက်သည်။ယခုလိုဖြစ်လာသည့်အတွက် ရှောင်ယုသည်စကားအပိုမပြောနိုင်တော့ဘဲ စစ်ပွဲအတွက်ပြင်ဆင်ရပြီဖြစ်သည်။
အနောက်တိမ်တိုက်အင်ပါယာ၌ အဓိကတိုက်ပွဲနှစ်ခုအားဖြတ်သန်းပြီးနောက်တွင် ရှောင်ယု၏အဖွဲ့သည် ယခင်ကနှင့်အလွန်ပင်ကွာခြားသွားခဲ့သည်။ထို့ပြင် ရှောင်ယုသည်အဆင့်တက်သွားသည့်အတွက် အခြေစိုက်စခန်းအားတတိယအဆင့်သို့မြင့်တင်နိုင်ပြီဖြစ်ကာ တာရန်အမြှောက်လက်နက်များကို သော့ဖွင့်နိုင်ပြီဖြစ်သည်။
ထိုအကြောင်းကိုတွေးမိ၍ ရှောင်ယုကအလွန်စိတ်လှုပ်ရှားသွားခဲ့သည်။သူသည် ၎င်းတို့၏အစွမ်းကို ဘုရားကျောင်းအားမြည်းစမ်းကြည့်စေလိုခဲ့သည်။
ထို့ကြောင့် အစည်းအဝေးအပြီးတွင် ရှောင်ယုသည်အခြေစိုက်စခန်းသို့ လျင်မြန်စွာပြေးသွားခဲ့ကာ အခြေစိုက်စခန်းအားတတိယအဆင့်သို့ ချက်ချင်းမြင့်တင်လိုက်သည်။ဗိုလ်မှူးချုပ်အဆင့်သို့ရောက်ရှိပြီးနောက်တွင် သူ၏ထိန်းချုပ်မှုအောက်၌ တပ်သားဦးရေ၃၀၀၀၀အထိရောက်ရှိသွားခဲ့ပြီး ယခင်ကထက်အရေအတွက်၁၀၀၀၀ပိုတိုးလာခဲ့သည်။
"သခင်..."
ထိုအချိန်တွင် ကျယ်လောင်သောအော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့ပြီး အလွန်အားကောင်းပုံရသောလူပုတစ်ကောင်သည် လက်တစ်ဖက်စီတွင် ပုဆိန်နှင့်တူတစ်ချောင်းကိုကိုင်ဆောင်ကာ ရှောင်ယုရှေ့သို့ခုန်ဆင်းသွားခဲ့သည်။
အရေးအကြီးဆုံးသောအချက်မှာ သူသည်အနာဂတ်စစ်ပွဲများ၌ အထောက်အကူဖြစ်စေမယ့် အခြားသူရဲကောင်းတစ်ယောက်ကို ဆင့်ခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။ထိုသူရဲကောင်းကို ယခုမှဆင့်ခေါ်ခြင်းဖြစ်သည့်အတွက် ဘုရားကျောင်းအားတိုက်ခိုက်ရာ၌ အကူအညီဖြစ်စေမည်မဟုတ်သော်လည်း အဆင့်တက်ရန်အတွက်အခွင့်အရေးကောင်းပင်ဖြစ်သည်။
သို့သော်လည်း မည်သူ့အားဆင့်ခေါ်ရမည်ကိုရွေးချယ်ရခက်ခဲနေခဲ့ပြီး အဆုံးသတ်၌ ရှောင်ယုသည်တောင်ဘုရင်အား ဆင့်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။
တောင်ဘုရင်အပြင် စနစ်သည်ရှောင်ယုအားကူညီပေးရန်အတွက် အခြားသောသူရဲကောင်းတစ်ယောက်ကိုပါ ဆင့်ခေါ်ခွင့်ပေးအပ်ခဲ့သည့်အတွက် ရှောင်ယုကပို၍ပျော်ရွှင်သွားခဲ့သည်။သို့ဖြစ်ရာ ရှောင်ယုသည်သူရဲကောင်းနှစ်ယောက်အား တပြိုင်နက်ရရှိခဲ့သည်။
နောက်ထပ်ဆင့်ခေါ်မည့်သူရဲကောင်းအား ရှောင်ယုကကြိုတင်စဉ်းစားထားပြီးဖြစ်သည်။သူသည် မီးတောက်သခင်ကိုဆင့်ခေါ်မှာဖြစ်သည်။သူသည် မီးတောက်သခင်၏စွမ်းအားကိုနက်နက်ရှိုင်းရှိုင်း စွဲလမ်းမိသည့်အတွက်ကြောင့် ရှောင်ယုသည်အခြေစိုက်စခန်းသို့အမြန်ဆုံးသွားရောက်ကာ မီးတောက်သခင်ကိုဆင့်ခေါ်ခဲ့သည်။
နောက်ဆုံးတွင် ရှောင်ယုတစ်ယောက် မြို့သို့ပြန်လာသည့်အချိန်၌ သတင်းဆိုးတစ်ခုကိုကြားလိုက်ရသည်။ဘုရားကျောင်းစစ်တပ်သည် ခြင်္သေ့နယ်မြေနှင့်အနီးကပ်ဆုံးဖြစ်သော ဝေပြည်နယ်ကို စတင်တိုက်ခိုက်ခဲ့သည်။
"လူတိုင်းကိုအမိန့်ပေးလိုက်...တပ်တွေအားလုံးနောက်ဆုတ်ပြီးတော့ ဝေပြည်နယ်ကိုသူတို့ကိုပေးလိုက်...ခြင်္သေ့မြို့တော်ကို ကာကွယ်ဖို့အတွက် အင်အားတွေဖြည့်ကြ"
အဆုံးသတ်တွင် ရှောင်ယုကယခုလိုဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။
ဝေပြည်နယ်၏ ရှေ့တန်းစစ်မြေပြင်သည် အလွန်ပင်ရှည်လျားသည့်အတွက် ဘုရားကျောင်း၏စစ်တပ်များကို ရင်ဆိုင်ရမလွယ်ကူပေ။သို့သော်လည်း ခြင်္သေ့မြို့တော်ကိုသာအာရုံစိုက်ခုခံမည်ဆိုပါက ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ထို့ပြင် ရှောင်ယုသာဝေပြည်နယ်အားခုခံကာကွယ်ရန်ဆုံးဖြတ်လိုက်ပါက သူ၏တပ်များကိုခွဲထုတ်ရမည်ဖြစ်သည်။
ရှောင်ယုသာ ခြင်္သေ့မြို့တော်ကိုသာကာကွယ်ရန် ရွေးချယ်ခဲ့မည်ဆိုပါက တပ်ဖွဲ့အားလုံးကိုတစ်နေရာတည်း၌ စုစည်းနိုင်မည်ဖြစ်သည်။အရေအတွက်အားဖြင့်ပြောရမည်ဆိုပါက ရှောင်ယု၏တပ်အင်အားသည် ဘုရားကျောင်းထက် အဆပေါင်းများစွာပိုနည်းပေသည်။
ယခုအခါတွင် ဘုရားကျောင်းသည် မည်သည့်နေရာတွင်မဆို တပ်သားများကို အတင်းအကြပ်စုဆောင်းခဲ့သည်။အကယ်၍ လူတစ်ယောက်ကသာတပ်သားစုဆောင်းခြင်းကို ငြင်းဆန်ရဲပါက နတ်ဘုရားအားဆန့်ကျင်သည်ဟုသတ်မှတ်၍ နှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းတို့အား လုပ်ဆောင်ကြသည်။ထိုသို့ပြင်းထန်သောနည်းလမ်းများအောက်၌ ဘုရားကျောင်း၏လက်အောက်ရှိတပ်သားအရေအတွက်က ၁၀သန်းကျော်ထိရောက်ရှိခဲ့သည်။
ရှောင်ယုသာ သူ၏တပ်များကိုခွဲထုတ်လိုက်မည်ဆိုပါက သန်းပေါင်းများစွာသောရန်သူများနှင့် တိုက်ပွဲရင်ဆိုင်ရဦးမှာဖြစ်သည်။
ထို့ကြောင့်ရှောင်ယုသည် လူတိုင်းအားခြင်္သေ့မြို့တော်အား ဆုတ်ခွာရန်အမိန့်ပေးပြီးနောက်တွင် ခြင်္သေ့မြို့တော်မှကီလိုမီတာ၂၀အကွာအဝေး၌ မြို့ရိုးခံစစ်ကြောင်းတစ်ခုတည်ဆောက်ရန် အမိန့်ပေးခဲ့သည်။