အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အခန်း ၅၅၃ - ဘုရားကျောင်း၏လက်ရွေးစင်များကို ရှင်းလင်းခြင်း
"သတ်ကြ..."
ဘုရားကျောင်း၏တပ်သားတိုင်းသည် အလွန်ရဲရင့်နေကြပြီး သွေးပွက်ပွက်ဆူနေသကဲ့သို့ မြို့ရိုးဆီသို့ဦးတည်ပြေးလွှားနေကြသည်။ခြင်္သေ့မြို့တော်သည် သူတို့၏ဘုံရန်သူကဲ့သို့ သတ်မှတ်ထားသလိုမျိုး သူတို့၏မျက်လုံးများကနီရဲနေခဲ့ကြသည်။သူတို့သည် ဘုရားကျောင်း၏ဦးနှောက်ဆေးခြင်းကို ခံခဲ့ရသည်။
ရှေးပြေးတပ်မှူးအနေဖြင့် ဒင်းသည် ကြီးမားသောသံတူကြီးကိုဝှေ့ယမ်းကာ ရှေ့သို့ပြေးဝင်သွားခဲ့ပြီး ကျယ်လောင်စွာဟိန်းဟောက်သံနှင့်အတူ မီတာဆယ်ဂဏန်းခန့်မြင့်သော မြို့ရိုးထံရောက်ရှိလာခဲ့သည်။
ဒင်းသည် မြို့ရိုးပေါ်သို့ ခုန်တက်သွားသည်ကိုမြင်သောအခါတွင် အာဇာသည်ထိုမြင်ကွင်းကိုကြည့်၍ ရယ်မောမိလိုက်သည်။ထိုကောင်သည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ပွဲအားအောင်နိုင်ရန်မျှော်လင့်နေသည်လား...
အကယ်၍ ရှောင်ယု၏လူများတွင် ဆဌမအဆင့်ကျွမ်းကျင်သူမရှိစဉ်ကဆိုလျှင် သူ၏တစ်ကိုယ်တော်စွမ်းအားဖြင့် မြို့ရိုးအားထိုးဖောက်တိုက်ခိုက်နိုင်ပေသည်။ယခုဆိုလျှင် ရှောင်ယု၏လူများသည် ဘုရားကျောင်း၏လက်ရွေးစင်တပ်သားများကဲ့သို့ အားကောင်းနေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းနားလည်ထားသင့်ပေသည်။
အထူးသဖြင့် အန်ကာရက်ဂ်တိုက်ပွဲတွင် သူတို့သည်အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သည့်အတွက် စွန့်စားသူများက အဆိုပါသူရဲကောင်းများကို အဆက်မပြတ်ချီးကျူးခဲ့ကြသည်။
ဒင်းသည် ယခုလိုအစွမ်းထက်သူရဲကောင်းများအား သူတစ်ယောက်တည်းဖြင့်အနိုင်ယူနိုင်ရန် မျှော်လင့်နေသည်လား...
ဒင်းသည် မြို့ရိုးပေါ်သို့ရောက်ရှိလာသည်နှင့် ပုံရိပ်တစ်ခုကသူ့အားဆီးကြိုတိုက်ခိုက်လိုက်သည်။
ဘန်း...
နှစ်ယောက်သား လေထဲတွင်အချင်းချင်းတိုက်ခိုက်မိကြပြီးနောက် ခပ်အုပ်အုပ်ပေါက်ကွဲသံနှင့်အတူ နှစ်ယောက်ပြိုင်တူနောက်ဆုတ်ပေးလိုက်ကြရပြီး ဒင်းကမြို့ရိုးပေါ်ရှိနေဆဲဖြစ်သည်။
ဒင်းသည် သူ့ရှေ့မှလူအားစိုက်ကြည့်ကာ ဒေါသပေါက်ကွဲသွားခဲ့ပြီး ရင်ဘတ်ကဖားဖိုကြီးလိုဖြစ်နေခဲ့သည်။
သူ့အားတားဆီးလိုက်သူမှာ အခြားသူမဟုတ်ပေ။တစ်ချိန်က ဘုရားကျောင်း၏အဖွဲ့ဝင်ဖြစ်ခဲ့သော ပါလာဒင်အလွန်ဆိုဖြစ်သည်။
အလွန်ဆိုသည် အဆင့်၅ချပ်ဝတ်တန်ဆာအားဝတ်ဆင်ထားကာ ကျိန်စာသင့်မီးရှူးတိုင်အား ကိုင်ဆောင်ထားသည်။သူသည် ကြီးကျယ်ခမ်းနားသည့်ပုံစံပေါ်နေသော်လည်း အထင်ကြီးလောက်စရာမရှိပေ။
သိထားသင့်သည့်အရာမှာ ယခင်ကတည်းကပင် အလွန်ဆိုသည်ဘုရားကျောင်း၌ သာမန်ပါလာဒင်တစ်ယောက်ဖြစ်ပြီး ဒင်းသည်ကားဘုရားကျောင်း၏ ဝါရင့်ပုဂ္လိုလ်တစ်ပါးဖြစ်သည်။ယခုမူ ထိုကဲ့သို့အဆင့်နိမ့်သူတစ်ယောက်က ဆဌမအဆင့်သို့ရောက်ရှိလာကာ သူ့ကဲ့သို့အစွမ်းထက်လာခဲ့သည်။အထူးသဖြင့် အလွန်ဆိုသည် တစ်ချိန်ကသူလေ့ကျင့်ပေးခဲ့သော ပါလာဒင်တစ်ယောက်ဖြစ်၍ ဘုရားကျောင်းအားသစ္စာဖောက်မှုအပေါ် ဒင်းတစ်ယောက်မအံ့သြဘဲမနေနိုင်ပေ။
"သစ္စာဖောက်...မင်းကငါ့ရှေ့မှာမျက်နှာလာပြဝံ့သေးတယ်ပေါ့..."
ဒင်းက ရုတ်တရက်အော်ဟစ်လိုက်သည်။
အလွန်ဆိုသည် ဒင်းကိုကြည့်၍အေးစက်စွာပြောလိုက်သည်။
"ဒင်း...နိုးထဖို့အချိန်တန်ပြီ...တကယ့်အူသာအစစ်ကဒီမှာပဲ...စစ်မှန်တဲ့အလင်းနတ်ဘုရားက ဒီမှာရှိနေတာပဲ...ငါ့အပေါ်ကကောင်းချီးတွေကိုသတိထားမိလား...ဒါကပါလာဒင်တစ်ယောက်ရဲ့စစ်မှန်တဲ့ကောင်းချီးပဲ...ငါတို့ရဲ့ယုံကြည်မှုစွမ်းအားကြောင့် ဒီနေရာမှာငါရပ်တည်နေနိုင်တာပဲ"
"ဟမ့်...ဘယ်ကအူသာကိုပြောတာလဲ...အူသာအစစ်ကဘုရားကျောင်းမှာပဲရှိတယ်...မင်းကဒီလိုစကားတွေကိုယုံပြီး သူတို့ဘက်ကူးပြောင်းသွားတာ ငါတကယ်ရှက်မိတယ်...ဒီနေ့တော့ငါက ပုပ်ရဟန်းမင်းကိုကိုယ်စားပြုပြီးတော့ မင်းကိုသန့်စင်ပေးမယ်"
ဒင်းသည် သူ၏စကားကိုအဆုံးသတ်လိုက်ပြီးနောက် ကျယ်လောင်စွာအော်ဟစ်ကာ အလွန်ဆိုထံပြေးဝင်သွားခဲ့သည်။
အလွန်ဆိုသည် ဒင်း၏တိုက်ကွက်အနည်းငယ်ကို ခုခံရန်ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။သူသည် အူသာ၏ကောင်းချီးများကို ရရှိထားပြီးဖြစ်သော်လည်း ဒင်းနှင့်ယှဉ်ပြိုင်ရန်ခက်ခဲနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ဒင်း၏စစ်မှန်သောခွန်အားက ဆဌမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ထိုအရာသည် အနည်းငယ်မျှသောကောင်းချီးများဖြင့် နှိုင်းယှဉ်နိုင်သောအရာတစ်ခုမဟုတ်ခဲ့ပေ။သန်မာသောစစ်သည်တော်တစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာခွန်အားတင်မက စိတ်ဝိညာဉ်ပိုင်းတွင်လည်း အလွန်ပင်သန်မာပေသည်။ဒင်းနှင့်နှိုင်းယှဉ်ပါက အလွန်ဆို၌ချို့တဲ့နေသောအရာမှာ သန်မာသောဝိညာဉ်စွမ်းအားဖြစ်သည်။
သို့သော်လည်း အလွန်ဆိုအခြေအနေမကောင်းသည်ကိုမြင်သောအခါ အားကောင်းသောပုံရိပ်တစ်ခုရောက်ချလာပြီး ဒင်းကိုတိုက်ခိုက်ခဲ့သည်။၎င်းသည် ကြီးမားသောအရှိန်အဟုန်ဖြင့် ဓားရှည်ကြီးကိုကိုင်ဆောင်ထားသော ဂရင်းပင်ဖြစ်သည်။
ဂရင်းသည် ရှေ့သို့ပြေးဝင်လာခဲ့ကာ ဒင်းကိုအကြိမ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သည်။ထို့ပြင် ဂရင်းသည်ပိုမိုအစွမ်းထက်လာပြီးနောက် သူ၏ဓားစွမ်းရည်သည် ပိုမိုမြန်ဆန်ထက်မြက်လာသည့်အတွက်ကြောင့် ဒင်းသည်အလွန်ပင်အံ့အားသင့်သွားခဲ့ရသည်။
ဒီအောစ့်ကဘယ်ကောင်လဲ...ဒီလိုဓားကွက်တွေကိုသူဘယ်လိုထုတ်ဖော်နိုင်ရတာလဲ...သူကအရမ်းကိုရက်စက်ကြမ်းတမ်းပြီး ငါ့အောက်ကိုလုံးဝမကျဘူး...ရှောင်ယုရဲ့လက်အောက်ငယ်သားတွေက ခုလိုအဆင့်ကိုတောင်ရောက်နေကြပြီလား...
ဆဌမအဆင့်သို့ရောက်ရှိသွားပြီးကတည်းက ဒင်းသည်ခရူးဆိတ်စစ်ပွဲအားဆင်နွဲချိန်တွင် အရှေ့ဘက်နယ်မြေတလွှား၌ စွမ်းရည်ရှိသောပြိုင်ဘက်ကောင်းများစွာကို တွေ့ဆုံနိုင်ခဲ့သည်။သို့သော်လည်း ဒင်းသည်သူ၏ရဲစွမ်းသတ္တိကြောင့် နတ်ဘုရားတစ်ပါးကဲ့သို့ ရန်သူများ၏နယ်မြေများကို အကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော်လည်း ယနေ့ဂရင်းနှင့်ရင်ဆိုင်ချိန်တွင် သူအံ့သြသွားခဲ့ရသည်။ခြင်္သေ့မြို့တော်မှ တိုက်ခိုက်ရန်ရှေ့ထွက်လာခဲ့သည့် သူရဲကောင်းတစ်ယောက်သည်ပင် သူ့အားဤမျှအတိုင်းအတာသို့ရောက်သည်အထိ တိုက်ခိုက်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ဂရင်းသည် သူ့အားမသတ်ဖြတ်နိုင်ဟုခံစားမိသော်လည်း သူကိုယ်တိုင်ကဂရင်းအားမသတ်ဖြတ်နိုင်ပေ။
ထိုအချိန်တွင် ဒင်းသည် ရုတ်တရက်ဆိုသလိုပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် သူ၏ပတ်ဝန်းကျင်၌ ဂရင်းကဲ့သို့အဆင့်တူသူရဲကောင်းများစွာ ထွက်ပေါ်လာကာ သူ့အားဝိုင်းရံထားလိုက်၍ဖြစ်သည်။
"မကောင်းတော့ဘူး..."
ဒင်းသည် အန္တာရယ်အငွေ့အသက်ကို ချက်ချင်းရရှိလိုက်သည်။သူသည် ရန်သူ၏ခံစစ်ကို အလွန်မြန်ဆန်စွာထိုးဖောက်လာ၍ နောက်မှတပ်သားများလိုက်မမှီကြသေးပေ။
ယခုရောက်ရှိလာသည့်သူရဲကောင်းများမှာ အီလီဒမ်၊ခိုင်ရင်းနှင့်မိုင်ယဗ်တို့ဖြစ်သည်။
ထိုလူများသည် ရှောင်ယုလက်အောက်ရှိသူရဲကောင်းများအနက် အစွမ်းအထက်ဆုံးအနီးကပ်တိုက်ခိုက်သူများဖြစ်ကြသည်။ထို့ကြောင့်လည်း ရှောင်ယုကယခုလိုအစီအစဉ်အား ချမှတ်ခဲ့ခြင်းဖြစ်သည်။သူသည် အခွင့်အရေးရသည်နှင့်တပြိုင်နက် ဘုရားကျောင်း၏ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားကို ချို့တဲ့စေမည်ဖြစ်သည်။
ထိုအချိန်တွင် သူရဲကောင်း၄ယောက်က ဒင်းကိုတပြိုင်နက်ဝိုင်းရံထားလိုက်သည့်အတွက်ကြောင့် ဒင်း၏စိတ်ထဲတွင်ဖရိုဖရဲဖြစ်သွားခဲ့သည်။သို့သော်လည်း ဒင်းသည်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကာ ထွက်ပြေးရန်ကြိုးစားလိုက်သည်။
သို့သော်လည်း ဤသူရဲကောင်းတစ်ဦးစီတိုင်းသည် အလွန်အစွမ်းထက်ကြသည့်အတွက် ဒင်းသည်လွယ်လွယ်ဖြင့် လွတ်မြောက်နိုင်စွမ်းမရှိခဲ့ပေ။
ဤသို့ဖြင့်အချိန်ခဏတာအတွင်း၌ မရေမတွက်နိုင်သော အစွမ်းထက်တိုက်ခိုက်မှုများက ဒင်း၏ခန္ဓာကိုယ်အားထိမှန်သွားခဲ့သည်။ဒင်းသည် ထိုတိုက်ခိုက်မှုများကို လုံးဝမခုခံနိုင်ခဲ့ဘဲ ပြင်းထန်စွာဒဏ်ရာရသွားခဲ့သည်။
ထိုအချိန်တွင် ဘုရားကျောင်း၏ဆဌမအဆင့်ပါလာဒင်များရောက်ရှိလာကာ ဒင်းကိုလျင်မြန်စွာဖြင့်လာရောက်ကူညီခဲ့ကြသည်။သို့သော်လည်း တိုင်ရန်ဒီကဲ့သို့တာဝေးပစ်သူရဲကောင်းများက သူတို့၏တိုက်ခိုက်မှုများဖြင့် ပါလာဒင်များကိုချိုးနှိမ်ထားခဲ့သည်။
ဘန်း...
လူတိုင်းအပြင်းအထန်တိုက်ခိုက်နေကြချိန်တွင် ပုံရိပ်တစ်ခုကကောင်းကင်မှကျဆင်းလာကာ ဒင်း၏နောက်ကျောသို့ရောက်ရှိလာခဲ့သည်။ထိုပုံရိပ်မှာ ရှောင်ယုမှလွဲ၍အခြားမဟုတ်ပေ။
ရှောင်ယုသည် ခြုံခိုတိုက်ခိုက်ခြင်းနှင့်ခိုးဝင်တိုက်ခိုက်ရသည်တို့အား ကြိုက်နှစ်သက်ပေသည်။
ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကို ချက်ချင်းထုတ်ဖော်လိုက်ရာ ရှောင်ယု၏ဓားသည် ဒင်း၏ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင်ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ဒင်း၏မျက်လုံးများသည် ပြူးကျယ်နေခဲ့ကာ ပြင်းထန်သောခံပြင်းစိတ်များဖြင့်ပြည့်နှက်နေခဲ့သော်လည်း အဆုံးသတ်တွင်သေဆုံးသွားခဲ့ရသည်။
ဤအရာမှာ မောက်မာစွာပြုမူခြင်း၏တန်ဖိုးဖြစ်သည်။
ရှောင်ယုသည် ဒင်းအားသတ်ဖြတ်ပြီးသည်နှင့် ဒင်းအားကယ်တင်ရန်ရောက်ရှိလာသော ဆဌမအဆင့်ပါလာဒင်များက ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့သည်။
"နောက်တစ်ယောက်ကိုသတ်လိုက်ကြ..."
ယခုလိုအခွင့်အရေးမျိုးရရှိလာချိန်တွင် ရှောင်ယုကအလွယ်တကူဖြုန်းတီးပစ်မည်မဟုတ်ပေ။အကယ်၍ သူသာနောက်ထပ်ဆဌမအဆင့်ပါလာဒင်တစ်ယောက်ကို သတ်ဖြတ်နိုင်မည်ဆိုပါက သူ၏ပြိုင်ဘက်များကို အလွန်ပြင်းထန်စွာထိုးနှက်နိုင်မည်ဖြစ်သည်။ထိုအချိန်သို့ရောက်လာပါက သူ၏အောင်ပွဲရနိုင်ခြေသည်လည်း တိုးမြင့်လာမည်ဖြစ်သည်။
ရှောင်ယုသည် လူတိုင်းအားပစ်မှတ်ကိုရွေးချယ်ခိုင်းလိုက်ကာ ချက်ချင်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ထို့ကြောင့်မိုင်ယဗ်သည် လျှပ်တပြက်ရွေ့လျားလိုက်ပြီး ဆဌမအဆင့်ပါလာဒင်၏ဘေး၌ထွက်ပေါ်လာခဲ့သည်။သူမသည် ထိုပါလာဒင်ကိုချက်ချင်းတိုက်ခိုက်လိုက်ကာ ထွက်ပြေးမရအောင်တားဆီးလိုက်သည်။ထို့နောက် ရှောင်ယု၊ဂရင်းနှင့်အီလီဒမ်တို့က ထိုနေရာသို့ပြေးဝင်သွားခဲ့ကြသည်။
အခြားသောပါလာဒင်များက သူ့အားလာရောက်ကယ်တင်လိုသော်လည်း ယခုအချိန်တွင်မြို့ရိုးခံစစ်ကြောင်းပေါ်ရှိ အစွမ်းထက်သောလှံပစ်စက်မျိုးစုံက သူတို့၏စွမ်းအားကိုစတင်ပြသနေပြီဖြစ်သည်။ဆဌမအဆင့်ကျွမ်းကျင်သူများသည်ပင် ယခုလိုအစွမ်းထက်သောလှံပစ်စက်များနှင့် ရင်ဆိုင်ရမည်ကိုစိုးရိမ်ကြောက်လန့်ကြပေသည်။
မှော်လှံပစ်စက်များက သူတို့အားတိုက်ရိုက်ထိမှန်ခဲ့လျှင် သူတို့မသေဆုံးလျှင်တောင်မှ ပြင်းထန်စွာဒဏ်ရာရသွားမည်ဖြစ်သည်။ထို့ကြောင့် ကယ်တင်မည့်ပါလာဒင်များသည် ဆုတ်ခွာရန်မှတစ်ပါးအခြားမတတ်နိုင်ခဲ့ပေ။ထို့နောက်တွင် ရှောင်ယုသည်ကံဆိုးရှင်ပါလာဒင်အား ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည်။
ရှောင်ယုသည် ဒင်းနှင့်ပါလာဒင်တို့၏ဦးခေါင်းကိုဖြတ်တောက်လိုက်ကာ ဦးခေါင်းများကိုမြင့်တင်ထားလိုက်သည်။
အခန်း ၅၅၄ - တင့်ကားများ၏အစွမ်း
အစောပိုင်းတွင် ဒင်းဦးဆောင်သောရှေ့ပြေးတပ်က မြို့ရိုးအားရှေ့ဆုံးမှတိုက်ခိုက်သည်ကို လူတော်တော်များများကတွေ့မြင်ကြသည်။
သူတို့သည် ဒင်းအသတ်ခံရသည့်မြင်ကွင်းကိုသာမက အခြားသောဆဌမအဆင့်ပါလာဒင်တစ်ယောက် သတ်ဖြတ်ခံရသည်ကိုလည်းတွေ့မြင်လိုက်ကြသည်။
ထိုအရာသည် သူတို့၏စိတ်နှလုံးကို အကြီးအကျယ်ထိုးနှက်ခဲ့သော်လည်း စစ်မြေပြင်၌ဆိုလျှင် အမိန့်များကိုထင်သလိုမထုတ်ပြန်နိုင်သည့်အတွက်ကြောင့် ဆုတ်ခွာရန် အမိန့်မရသည့်အချိန်ထိ ဆက်လက်တိုက်ခိုက်နေရမည်ဖြစ်သည်။ထိုအချိန်တွင် သူတို့အားလုံးသည် ကာကွယ်ရေးခံစစ်ကြောင်းဆီရောက်ရှိလာကြပြီး မြို့သိမ်းလှေကားများကိုစတင်တပ်ဆင်ခဲ့ကြသည်။
ရှောင်ယုသည် အခြေအနေတစ်ခုလုံးကိုစောင့်ကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"တက်လာတဲ့လူမှန်သမျှ အရှင်မထားနဲ့"
အစောပိုင်းတွင် ယခုလိုအစုလိုက်အပြုံလိုက်တိုက်ခိုက်လာမှုကို ရင်ဆိုင်ရာ၌ ခံစစ်အနေအထားဖြင့်ရှိနေခြင်းက ပိုမိုကောင်းမွန်နိုင်သော်လည်း ရန်သူ၏ရှေ့တန်းတပ်များကိုအသေရှင်းလင်းနိုင်ပါက ရန်သူစစ်တပ်၏စိတ်ဓာတ်ကိုကျဆင်းစေနိုင်သောကြောင့် သဘာဝကျစွာပင်တန်ပြန်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ထိုအခွင့်အရေးကို ကောင်းစွာအသုံးမချနိုင်လျှင် တစ်ဖက်လူကချက်ချင်းဆုတ်ခွာရန် အမိန့်ပေးလာမည်ဖြစ်သည်။
ယခုလည်း ရှောင်ယုကတိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်နှင့် ဘုရားကျောင်း၏တပ်ဖွဲ့များနောက်မှ ဆုတ်ခွာရန်အချက်ပေးသောအသံများ ထွက်ပေါ်လာခဲ့သည်။ဒင်းသေဆုံးသွားခြင်းကြောင့် အာဇာအပေါ်၌ဖိအားများစွာတိုးလာ၍ ယခုလိုအမိန့်ထွက်လာခြင်းဖြစ်သည်။သူတို့သည် ဤတိုက်ပွဲအားအနိုင်ရရှိရန် လိုအပ်နေသေးသည့်အတွက်ကြောင့် သူတို့၏တိုက်ပွဲဝင်အင်အားကို ချွေတာထားရန်လိုအပ်ပေသည်။
ထိုအချိန်တွင် ရှေ့တန်းတပ်မှူးသေဆုံးခြင်းကြောင့် ဘုရားကျောင်း၏ရှေ့တန်းတပ်သားများစွာ သေဆုံးသွားကြရကာ စတင်စိတ်ဓာတ်ကျဆင်းလာကြသည်။အကယ်၍ သူတို့သာခြင်္သေ့မြို့တော်အားထပ်မံတိုက်ခိုက်ပါက ကြီးမားသောဆုံးရှုံးမှုအား မလွဲမသေရင်ဆိုင်ရမည်ဖြစ်သည်။ဘုရားကျောင်း၏တပ်သားများသည် အလွန်အရေအတွက်များပြားသော်လည်း ၎င်းတို့အားအမြှောက်စာအဖြစ် အသုံးမပြုနိုင်ပေ။
မူလက ဒင်းကိုခေါင်းဖြတ်လိုက်သည့်ရှောင်ယု၏ပုံရိပ်အား တွေ့မြင်လိုက်စဉ်ကပင် ဘုရားကျောင်း၏တပ်သားများက တိုက်ခိုက်လိုစိတ်လျော့နည်းနေကြပြီဖြစ်သည်။ယခုအခါ ပြန်လည်ဆုတ်ခွာရန်အမိန့်ရရှိလာ၍ ချက်ချင်းနောက်သို့ဆုတ်ခွာကြတော့သည်။
သို့သော်လည်း တပ်အင်အားကြီးမားလေလေ တပ်ဆုတ်ရန်အချိန်ပိုယူရလေလေဖြစ်သည်။ထို့ကြောင့် ဘုရားကျောင်း၏တပ်ဖွဲ့များ အလုံးစုံဆုတ်ခွာနိုင်ရန် အချိန်၁၀မိနစ်ခန့်လိုအပ်ပေသည်။
သို့သော်လည်း ထိုဆယ်မိနစ်သည် ရှောင်ယုအတွက်၎င်းတို့အားသတ်ဖြတ်နိုင်မယ့် အကောင်းဆုံးအချိန်ဖြစ်သည်။ဘုရားကျောင်း၏တပ်သားများသည် ဖရိုဖရဲဆုတ်ခွာသွားကြသည့်အချိန်တွင် တင့်ကားများကိုထိန်းချုပ်ထားသော ရှောင်ယု၏အလွန်အစွမ်းထက်သောတိုက်ခိုက်မှုဖြင့် ရင်ဆိုင်လိုက်ရသည့်အတွက်ကြောင့် သတ်ဖြတ်ခံရမည်ကို စောင့်ဆိုင်းရုံသာတတ်နိုင်ခဲ့သည်။
ဘန်း...ဘန်း
တင့်ကားတပ်စုများသည် စစ်မြေပြင်ထဲသို့လျင်မြန်စွာဝင်ရောက်လာကြသည်။
ဘုရားကျောင်းစစ်တပ်၏ဆုတ်ခွာမှုအရှိန်သည် တင့်ကားများချီတက်နှုန်းထက်ကျော်လွန်ရန် လုံးဝမဖြစ်နိုင်သည့်အတွက်ကြောင့် တင့်ကားအစီး၁၀၀၀သည် မဟာနတ်ဆိုးကြီးအကောင်၁၀၀၀ကဲ့သို့ အလျင်အမြန်ထွက်ပေါ်လာခဲ့ကြသည်။
ဘန်း...ဘန်း...
တင့်ကားများသည် ၎င်းတို့ပစ်ခတ်နိုင်သည့်အကွာအဝေးတွင်းသို့ ရောက်သည်နှင့်စတင်ပစ်ခတ်ခဲ့ကြသည်။တင့်ကားများ၏ ပင်မအမြှောက်သည် အလွန်ပင်အစွမ်းထက်လှကာ သာမန်ပဥ္စမအဆင့်မှော်ဆရာ၏ တိုက်ခိုက်မှုထက်ပင်ပိုမိုအားကောင်းလှပေသည်။
ထိုသို့သောအားသာချက်များမရှိပါက တတိယအဆင့်အခြေစိုက်စခန်း၏ တပ်သားဖြစ်ရန်မထိုက်တန်ပေ။အခြေစိုက်စခန်းတိုင်းတွင် သူတို့၏ကိုယ်ပိုင်ထူးခြားမှုရှိပြီး အသုံးပြုသည့်အပေါ်၌မူတည်ပေသည်။
တင့်ကားများ၏ အကြီးမားဆုံးအားသာချက်မှာ သူတို့၏အစွမ်းထက်သော အကာအကွယ်၊အမြန်နှုန်းနှင့် ပစ်ခတ်နိုင်စွမ်းတို့ဖြစ်ကြသည်။ထိုသို့မဟုတ်ပါက အဘယ်ကြောင့်တင့်ကားဟု ခေါ်ရမည်နည်း။
တင့်ကား၏ပင်မအမြှောက်သည် အလွန်ပင်အားကောင်းပြီး လုံးဝကြောက်စရာကောင်းလှပေသည်။တစ်ဖက်တွင် ဘုရားကျောင်း၏တပ်ဖွဲ့များအတွင်းသို့ အမြှောက်ဆံမိုးရွာသွန်းကာ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေခဲ့ကြသည်။
ပရမ်းပတာအဖြစ်အပျက်များအပြီးတွင် ဘုရားကျောင်း၏တပ်ဖွဲ့သည် ဖွဲ့စည်းမှုမရှိတော့ပေ။ထိုအချိန်တွင် ရှောင်ယုဦးဆောင်သောတပ်များက ဘုရားကျောင်း၏တပ်သားများကို ရက်စက်စွာသတ်ဖြတ်ခြင်းအားစတင်လိုက်သည်။ထို့နောက်တင့်ကားများသည် ရန်သူတပ်သားများကိုလိုက်လံရှာဖွေကာ အဝေးမှဆက်လက်ပစ်ခတ်ခဲ့သည်။
အဆုံးသတ်တွင် ဘုရားကျောင်း၏တပ်ဖွဲ့သည် ဆုံးရှုံးနစ်နာခဲ့ရသည့်အချိန်များအတွင်း သူတို့၏တပ်စခန်းသို့ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
ဤနည်းဖြင့် ပထမဆုံးတိုက်ပွဲသည် ရှောင်ယု၏အောင်ပွဲဖြင့်ပြီးဆုံးခဲ့သည်။ဘုရားကျောင်း၏တပ်ဖွဲ့သည် အနည်းဆုံးအသေအပျောက်၅၀၀၀၀ခန့်ရှိခဲ့ပြီး တိကျသေအရေအတွက်ကိုမသိခဲ့ရပေ။
ခြင်္သေ့မြို့တော်ရှိလူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သောတင့်ကားများအကြောင်းကို စိတ်အားထက်သန်စွာဖြင့် စူးစမ်းနေကြသည်။
သူတို့စူးစမ်းလိုစိတ်ပြင်းပြနေသလို အာဇာကပို၍ပင်စပ်စုလိုနေခဲ့သည်။တိုက်ပွဲအတွင်းတွင် ဧရာမတင့်ကားများ၏ကြီးမားသောစွမ်းအားကို အာဇာကိုယ်တိုင် နက်နက်ရှိုင်းရှိုင်းခံစားမိပေသည်။အကယ်၍ သူသာဤတင့်ကားများကိုကောင်းစွာမကိုင်တွယ်နိုင်ပါက သူ့အတွက်ကြီးစွာထိခိုက်မည်ဖြစ်ကြောင်း သူနားလည်ထားပေသည်။
သူသည် တင့်ကားများကိုတိုက်ခိုက်ရန်အတွက် ကြိုးစားခဲ့သောပါလာဒင်များအား ထိုအကြောင်းကိုမေးမြန်းခဲ့ရာ ထိုတင့်ကားများသည် အလွန်ထူထဲသောချပ်ဝတ်များကို တပ်ဆင်ထားကြောင်းသိလိုက်ရသည်။ပဥ္စမအဆင့်ပါလာဒင်သည်ပင် တင့်ကားတစ်စီးအားအချိန်တိုအတွင်း မဖျက်ဆီးနိုင်ခဲ့ပေ။
ထို့ပြင် ရှောင်ယုသည် တင့်ကားများကိုကာကွယ်ရန်အတွက် တင့်ကားတစ်ခုစီအတွက် အထူးကာကွယ်ရေးတပ်သားများကိုစီစဉ်ထား၍ ဖျက်ဆီးရန်မလွယ်ကူပေ။
"ရှောင်ယုက ဘယ်လိုလူမျိုးလဲ...သူ့မှာထူးဆန်းတဲ့အရာတွေအများကြီးရှိနေတာပဲ...ဒါ့အပြင်သူ့ရဲ့သူရဲကောင်းတွေကလည်း အရမ်းကိုမြင့်မားတဲ့အဆင့်ကိုရောက်ရှိနေခဲ့ပြီ...ပုပ်ရဟန်းမင်းကဒီအကြောင်းကိုစိတ်ပူပြီးတော့ ခြင်္သေ့နယ်မြေကိုတတ်နိုင်သမျှ အမြန်ဆုံးတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာအံ့သြစရာမဟုတ်တော့ဘူး...သူ့ကိုသာအချိန်နည်းနည်းပိုပေးလိုက်ရင် အနိုင်ယူဖို့တကယ်မဖြစ်နိုင်တော့ဘူး"
ယခုအခါတွင် အာဇာသည် ပုပ်ရဟန်းမင်း၏ခံစားချက်ကို အပြည့်အဝနားလည်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည်ခြင်္သေ့နယ်မြေအားသိမ်းပိုက်ရမယ့် ကိစ္စနှင့်ပတ်သက်၍ အလွန်ခေါင်းကိုက်နေခဲ့သည်။
သူ၏တစ်ခုတည်းသောအားသာချက်မှာ ဘုရားကျောင်း၏တပ်သားအရေအတွက်ဖြစ်သည်။
ဘုရားကျောင်း၏တပ်သားအရေအတွက်သည် အလွန်ပင်များပြားပေသည်။အမှန်တော့ ပြင်ပလူများသည် ဘုရားကျောင်း၏တပ်သားအရေအတွက်နှင့်ပတ်သက်၍ အမြဲလိုလိုသံသယရှိနေခဲ့သည်။အမှန်တော့ ဘုရားကျောင်း၏တပ်သားအရေအတွက်က အလွန်ပင်များပြားနေခဲ့ပြီဖြစ်သည်။
လူများကို အယူဝါဒအားဖြင့် အသွင်ကူးပြောင်းသောအရှိန်သည် အလွန်မြန်ဆန်ပေသည်။သို့သော်လည်း ၎င်းသည်ပြီးပြည့်စုံသောအသွင်ကူးပြောင်းခြင်းမျိုးမဟုတ်ပေ။သာမန်လူတစ်ယောက်အား ယုံကြည်သက်ဝင်သူအဖြစ် ပြုစုပျိုးထောင်ပေးရသည်မှာ အလွန်အချိန်ကြာပြီး ဘုရားကျောင်းကမစောင့်ဆိုင်းနိုင်ပေ။
အာဇာသည် ခြင်္သေ့မြို့၏ခံစစ်ကြောင်းကို တရှိန်ထိုးဖြတ်ကျော်ရန်အတွက် ပြီးပြည့်စုံသောတိုက်ပွဲအစီအစဉ်အားပြင်ဆင်ခဲ့သည်။ထိုခံစစ်ကြောင်း ကျိုးပျက်သွားသည်နှင့် ဘုရားကျောင်း၏တပ်ဖွဲ့သည် ရှောင်ယု၏တပ်ဖွဲ့ကိုလွှမ်းမိုးနိုင်မည်ဖြစ်သည်။ရှောင်ယုသည် သူတို့၏များပြားလှသောတပ်သားလွှမ်းမိုးမှုကို တွန်းလှန်ချေဖျက်ရန် ခက်ခဲမှာဖြစ်သည်။
ရှောင်ယုသည် ပထမဆုံးတိုက်ပွဲ၌ အနိုင်ရရှိခဲ့သောကြောင့် ခြင်္သေ့မြို့တော်မှလူတိုင်း ပျော်ရွှင်နေကြသည်။
အာဇာသည် နောက်ထပ်လဝက်ကြာသည်အထိ မတိုက်ခိုက်ခဲ့ပေ။ထို့ကြောင့် ရှောင်ယုကပို၍သတိထားလာခဲ့သည်။ရန်သူသည် ငြိမ်သက်လေလေ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ပိုမိုသေချာလေလေဖြစ်သည်။
ရှောင်ယုသည် ဘုရားကျောင်း၏အရေအတွက်များပြားသောတပ်သားများနှင့်စွမ်းအားကြီးသော အမွေအနှစ်များစွာကို ကောင်းစွာသိရှိထားပေသည်။ဘုရားကျောင်းသည် နတ်ဘုရားလက်နက်လုပ်ငန်းကိုပင် နောက်ကွယ်မှပံ့ပိုးထောက်ပံ့ထားပြီး လျှို့ဝှက်စွာလည်ပတ်နေကြောင်း ကောလဟာလများရှိခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်လာလျှင် ဘုရားကျောင်း၌ငွေကြေးအရင်းအနှီးမည်မျှရှိသည်နှင့် ၎င်းထံ၌အလွန်ကောင်းမွန်သော စစ်လက်နက်များမည်မျှရှိသည်ကို မှန်းဆနိုင်ပေသည်။
ယခင်က ရှောင်ယု၏အကြံအစည်သည် ကြမ်းတမ်းလွန်းသည့်အတွက်ကြောင့် ဘုရားကျောင်းသည်ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။ထို့ကြောင့် ယခုတစ်ကြိမ်ပြန်လည်တိုက်ခိုက်လာပါက ထိုဖုံးကွယ်ထားသည့်လက်နက်များကို အသုံးပြုခဲ့လျှင် ထွက်ပေါ်လာမည့်ရလဒ်မှာ အလွန်အံ့သြဖွယ်ကောင်းမည်ဖြစ်သည်။
အခန်း ၅၅၅ - အလုံးစုံတိုက်ခိုက်မှုစတင်ခြင်း
ထို့ကြောင့် ရှောင်ယုသည် ခိုးဝင်တိုက်ခိုက်မှုများအား ထပ်မံလုပ်ဆောင်ရန်အတွက် မသေမျိုးတပ်များအားစေလွှတ်ခဲ့သည်။
မသေမျိုးတပ်ဖွဲ့များ၏ ခိုးဝင်တိုက်ခိုက်မှုများသည် ဘုရားကျောင်းမှတပ်ဖွဲ့များ၏ ဖြန့်ကျက်မှုကို အတိုင်းအတာတစ်ခုထိ အနှောင့်အယှက်ဖြစ်စေခဲ့ကာ ရှောင်ယု၏ဝန်ထုပ်ဝန်ပိုးအားလျော့ချပေးနိုင်ပေသည်။
သို့သော်လည်း ဘုရားကျောင်း၏စစ်တပ်သည် ကြိုတင်ပြင်ဆင်ထား၍ နောက်ထပ်ခိုးဝင်တိုက်ခိုက်မှုအနည်းငယ်ပြီးနောက်တွင် အကျိုးသက်ရောက်မှုလွန်စွာကောင်းမွန်ခြင်းမရှိပေ။သူတို့သည် မှော်အမြှောက်များအပါအဝင် မှော်လက်နက်များစွာကိုပြင်ဆင်ထားခဲ့ကြပြီး မသေမျိုးသားရဲကြီးများသည် မှော်အမြှောက်များ၏လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။
လက်ရှိအချိန်၌ အားသက်စ်သည်ပင် ဆုံးရှုံးမှုများစွာခံစားခဲ့ရသည်။
သို့သော်လည်း ဘုရားကျောင်း၏စစ်တပ်သည်လည်း မသက်သာခဲ့ပေ။အားသက်စ်သည် ဘုရားကျောင်းမှပါလာဒင်အမြောက်အများကို သတ်ဖြတ်ခဲ့ပြီဖြစ်ကာ မသေမျိူးတပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားကိုမြင့်တင်ရန်အတွက် မသေမျိုးအဖြစ်သို့ပြောင်းလဲပစ်ခဲ့သည်။
ဘုရားကျောင်း၏ ပါလာဒင်အမြှောက်အများသည် အလွန်ပင်အစွမ်းထက်ကြပြီး သူတို့သည်မသေမျိုးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် သူတို့၏တိုက်ခိုက်မှုစွမ်းအားသည် အလွန်ပင်မြင့်မားလာခဲ့သည်။
ထို့ပြင် ဤတိုက်ခိုက်မှုများမှတဆင့် ရှောင်ယုသည် ဘုရားကျောင်း၏ဝှက်ဖဲအချို့ကိုနားလည်ခဲ့သည်။သူတို့သည် မသေမျိုးများကိုရင်ဆိုင်ရာတွင် မှော်အမြှောက်များကို အသုံးပြုလာခဲ့သည်။
အားသက်စ်သည် အလွန်ပင်အတင့်ရဲပြီး ဆဌမအဆင့်ပါလာဒင်ကိုပင် ထပ်မံသတ်ဖြတ်ခဲ့ကာ မသေမျိုးအဖြစ်သို့ပြောင်းလဲခဲ့သည်။ထို့ပြင် သူနောက်ဆုံးအကြိမ်သတ်ဖြတ်ခဲ့သော ပါလာဒင်နှစ်ယောက်ကိုလည်း မသေမျိုးအဖြစ်သို့ပြောင်းလဲခဲ့သည်။ယခုအသွင်ပြောင်းလိုက်သည့်တစ်ယောက်ကိုပါ ထည့်ပေါင်းလိုက်ပါက ဆဌမအဆင့်မသေမျိုးပါလာဒင်၃ယောက်ထိရှိလာခဲ့သည်။
ထိုအရာသည် ကြီးကျယ်သောအမြတ်ဖြစ်သည်။အသွင်ပြောင်းထားသည့် ဆဌမအဆင့်မသေမျိုးပါလာဒင်သည် ဧရာမမသေမျိုးသားရဲများထက် မနိမ့်ကျပေ။
ထို့နောက်တွင် ရှောင်ယုသည်ဘုရားကျောင်း၏ နောက်ထပ်အားနည်းချက်တစ်ခုကို သိလိုက်ရသည်။
ထိုအရာသည် စားနပ်ရိက္ခာနှင့်ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သည်။ဘုရားကျောင်း၏တပ်စခန်းသည် အလွန်ကြီးမားသည့်အတွက် သန်းနှင့်ချီသောတပ်သားများအတွက် စားနပ်ရိက္ခာအမြှောက်အများလိုအပ်ပေသည်။သူတို့သည် ရိက္ခာများပြန်လည်ဖြည့်တင်းရန် မိုင်ပေါင်းရာချီ၍ခရီးဆက်ကြရမည်ဖြစ်သည်။
ထို့ကြောင့်ရှောင်ယုသည် ဘုရားကျောင်း၏တန်းလျားများကို တိုက်ခိုက်ရန်အတွက် မသေမျိုးများကိုစေလွှတ်ခြင်းမရှိတော့ပေ။ထို့အစား ရိက္ခာဂိုဒေါင်များကိုမီးရှို့ရန် သို့မဟုတ် ရိက္ခာများကိုသယ်ဆောင်လာသောတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။
ထိုအရာသည် ဘုရားကျောင်းကို အကျပ်အတည်းဖြစ်စေခဲ့သည်။မသေမျိုးများ၏လှုပ်ရှားမှုကို ဘုရားကျောင်းကထောက်လှမ်းနိုင်ခြင်းမရှိခဲ့ပေ။သူတို့ရှာဖွေတွေ့ရှိချိန်၌လည်း တုံ့ပြန်ရန်နောက်ကျနေပြီဖြစ်သည်။
ရိက္ခာဂိုဒေါင်တိုင်းအား သန်မာသည့်ကျွမ်းကျင်သူများစောင့်ကြပ်နေရန် မဖြစ်နိုင်ပေ။အစွမ်းထက်သည့် အစောင့်အရှောက်များမရှိပါက အားသက်စ်ဦးဆောင်သောမသေမျိုးတပ်ဖွဲ့သည် မည်သည့်ရန်သူကိုမှ ကြောက်လန့်နေမည်မဟုတ်ပေ။
"သေစမ်း...ဒီကောင်တွေကိုရှောင်ယုကဆင့်ခေါ်ထားတယ်ဆိုတာသေချာနေပြီ...အဲလိုမှမဟုတ်ရင်ငါတို့ရဲ့ရိက္ခာတွေကိုဖျက်ဆီးဖို့ ဒီကောင်တွေဘယ်လိုတွေးတတ်မှာလဲ"
မသေမျိုးစစ်တပ်သည် သဲလွန်စတစ်စုံတစ်ရာချန်မထားဘဲ ထွက်ခွာနိုင်သည့်နည်းလမ်းကို ပိုင်ဆိုင်ထားသလို သူတို့၏တိုက်ခိုက်ရေးစွမ်းအားကလည်း လွန်စွာအစွမ်းထက်ပေသည်။အကယ်၍ လူအနည်းငယ်ကိုသာစေလွှတ်လိုက်မည်ဆိုပါက ထိုမသေမျိုးများကိုအနိုင်ယူနိုင်မှာမဟုတ်သလို လူများစွာစေလွှတ်လိုက်ပါက မသေမျိုးများကထွက်ပြေးမည်ဖြစ်သည်။
ထိုမသေမျိူးများ၏နောက်ကွယ်၌ ညွန်ကြားချက်ပေးနေသူမရှိသရွေ့ ယခုလိုပြတ်ပြတ်သားသားလုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ရှောင်ယုသည် သူ့အား အလွန်ပင်ခေါင်းကိုက်စေခဲ့သည်။ထို့ကောင်ထံ၌ ဝှက်ဖဲမည်မျှရှိနေမည်ကို နတ်ဘုရားကသာသိနိုင်မှာဖြစ်သည်။
ထို့ကြောင့်ရက်အနည်းငယ်အကြာတွင် အာဇာသည်ကြာကြာမစောင့်နိုင်တော့ဘဲ အချိန်အတော်ကြာစီစဉ်ထားသော တိုက်ခိုက်မှုကို စတင်လိုက်သည်။
ပထမဆုံးနေ့တွင် ဘုရားကျောင်း၏တပ်ဖွဲ့သည် ထပ်မံတိုက်ခိုက်လာခဲ့သော်လည်း ယခင်တစ်ကြိမ်ကဲ့သို့ စိတ်အားထက်သန်နေခြင်းမရှိကြပေ။
သူတို့၏ချီတက်နှုန်းသည် အလွန်ပင်မြန်ဆန်နေခြင်းမရှိသော်လည်း သူတို့၏ဖွဲ့စည်းပုံက အလွန်ပင်သပ်ရပ်ပေသည်။သူတို့ကိုင်ဆောင်ထားသည့် မှော်လက်နက်များက အလွန်တောက်ပနေသည့်အတွက်ကြောင့် လူတိုင်း၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုအားခံစားမိစေခဲ့သည်။
ယခုတစ်ကြိမ်တွင် ဘုရားကျောင်း၏တပ်ဖွဲ့သည် မြို့ရိုးတစ်ခုလုံးအားဖုံးကွယ်ထားနိုင်ခဲ့သည်။ဤနည်းဖြင့် သူတို့သည်အရေအတွက်အားသာချက်ကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်သည်။
သူတို့၏တိုက်ခိုက်မှုမှတဆင့် အဓိကဦးတည်ချက်ကို မည်သူမှမခန့်မှန်းနိုင်ပေ။ခံစစ်ကြောင်း၌ ဟာပေါက်တစ်ခုထွက်ပေါ်လာလျှင် ဘုရားကျောင်း၏တပ်ဖွဲ့များက ထိုနေရာသို့ချက်ချင်းဝိုင်းအုံလာမည်ဖြစ်သည်။
အာဇာသည် ဘုရားကျောင်းတပ်ဖွဲ့များ၏ အားသာချက်များနှင့်အားနည်းချက်များကို ထည့်သွင်းစဉ်းစားကာ သေချာအစီအစဉ်ဆွဲတတ်သည့် နည်းဗျူဟာဆရာတစ်ပါးဖြစ်ပေသည်။
သို့သော်လည်း ရှောင်ယုကိုယ်တိုင်က ယခုလိုဖြစ်လာနိုင်သည့်အခြေအနေအတွက် အချိန်အတော်ကြာစီစဉ်ထားခဲ့သည်။သူသည် အေးစက်စက်အပြုံးတစ်ချက်နှင့်အတူ လူတိုင်းအားတိုက်ပွဲဝင်ရန်အသင့်ပြင်ထားစေခဲ့သည်။
ဝုန်း...ဝုန်း...
မြို့ရိုးပေါ်၌တပ်ဆင်ထားသော မှော်လက်နက်များ၏ ပစ်ခတ်မှုအကွာအဝေးတွင်းသို့ ဝင်ရောက်လာသည်နှင့်ချက်ချင်းပင်ကြွေးကြော်ကာ အရှိန်အဟုန်ကိုမြင့်တင်လိုက်ကြသည်။ရှေ့ဆုံးမှတပ်သားများက မြို့သိမ်းလှေကားကိုလက်တစ်ဖက်ဖြင့်ထမ်း၍ နောက်မှလိုက်လာသူများက ဒိုင်းများကိုကိုင်ဆောင်ထားကြသည်။သူတို့သည်သေခြင်းတရားကို မကြောက်ရွံ့ဘဲမြို့ရိုးထံပြေးဝင်လာကြသည်။
"စပြီးပစ်ကြတော့"
မြို့ရိုးပေါ်ရှိတာဝေးပစ်တပ်သားများကလည်း အမျိုးမျိုးတန်ပြန်တိုက်ခိုက်လာကြသည်။မရေမတွက်နိုင်သောမြှားများ၊ကျောက်တုံးများသည် ကောင်းကင်ပေါ်မှကျဆင်းလာခဲ့ကြပြီး ဘုရားကျောင်းမှတပ်သားများ၏အသက်ကို နှုတ်ယူနေခဲ့သည်။
ဘုရားကျောင်း၏တပ်သားများသည် တစ်ယောက်ပြီးတစ်ယောက်လဲကျသွားသော်လည်း မည်သူမှဂရုမစိုက်ပေ။ဘုရားကျောင်း၏တပ်သားများက တဖြည်းဖြည်းရှေ့တိုးလာခဲ့သည်။အချို့သောနေရာများ၌ ဘုရားကျောင်းသည်ပဲ့ထိန်းအမြှောက်များ၊မှော်အမြှောက်များနှင့်အခြားမှော်လက်နက်များကို ပြင်ဆင်တပ်ဆင်ထားခဲ့သည်။
ဤသို့ဖြင့်ပြင်းထန်သောတိုက်ပွဲက အစပြုခဲ့သည်။
ဘုရားကျောင်း၏မှော်အမြှောက်များက ၎င်းတို့၏စွမ်းအားကိုပြသခဲ့သည်။သူတို့၏ပစ်ခတ်မှုတိုင်းက မြို့၏မြို့ရိုးတံတိုင်းအား ကြီးမားသောအပေါက်များကို ဖြစ်ပေါ်စေခဲ့သည်။မြို့ရိုးသည်ထူထဲသည်ဆိုသော်လည်း ဖျက်ဆီး၍မရသည်တော့မဟုတ်ပေ။အကယ်၍ တစ်စုံတစ်ယောက်ကသာ တစ်နေရာတည်းသို့ချိန်ရွယ်ကာပစ်ခတ်နေပါက ထိုနံရံ၏အစိတ်အပိုင်းသည် အချိန်အတော်ကြာတောင့်မခံနိုင်ဘဲ ပြိုကျသွားမည်ဖြစ်သည်။
"သေစမ်း...အဲ့ဒီမှော်အမြှောက်တွေက အရမ်းအစွမ်းထက်နေတာပဲ...တင့်ကားရဲ့အဓိကအမြှောက်တွေကတောင် အဲ့ဒါတွေကိုမမှီဘူး"
ရှောင်ယုသည် မြို့ရိုးပေါ်မှနေ၍ဘုရားကျောင်း၏ မှော်လက်နက်မျိုးစုံကိုကြည့်ရင်း ညည်းညူရေရွတ်လိုက်မိသည်။
"ဒါပေမဲ့...သူတို့ကိုအနိုင်ယူပြီးသွားတဲ့အချိန်ကျရင် အဲ့ဒီမှော်အမြှောက်တွေက ငါ့အတွက်ပဲဖြစ်ရမယ်"
ရှောင်ယုက အပြုံးမပျက်ရေရွတ်လိုက်သည်။ထိုဘုရားကျောင်းသည် အမှန်ပင်ချမ်းသာပေသည်။
"စိန်ပြောင်းအမြှောက်တပ်ဖွဲ့ နာရီလက်တံ၁၀နာရီကိုချိန်ပြီးပစ်"
စိန်ပြောင်းများ၏တိုက်ခိုက်ရေးစွမ်းအားသည် မော်တာအမြှောက်များကဲ့သို့ အားမကောင်းခဲ့ပေ။သို့သော်လည်း ၎င်းတို့အားပြုလုပ်ရသည်မှာ တင့်ကားများထက်လွယ်ကူသလို အသုံးပြုရလည်းလွယ်ကူပေသည်။
ယခုအခါ စိန်ပြောင်း ၁၀၀၀အားထုတ်ယူခဲ့သည့် ရှောင်ယု၏ဆုံးဖြတ်ချက်သည် အလွန်မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။စိန်ပြောင်း၁၀၀၀ကို အုပ်စု၁၀ခုခွဲခြားနေခဲ့ကာ ခြိမ်းခြောက်မှုအလွန်မြင့်မားသော နေရာများသို့ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ရန်သူများ၏ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ပေသည်။
မြို့ရိုးကိုယ်တိုင်ကပင် အလွန်မြင့်မားနေပြီဖြစ်ကာ စိန်ပြောင်းများ၏တိုက်ခိုက်မှုအကွာအဝေးကို ပိုမိုအဆင့်မြင့်တင်သည့်အတွက် ရန်သူ၏မှော်အမြှောက်များကိုပင် ဖယ်ရှားနိုင်ပေသည်။
ရှောင်ယုသည် ရန်သူများစုဝေးနေသည့်နေရာများကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်။ခြင်္သေ့မြို့တော်သည် သူတို့အတွက်အိပ်မက်ဆိုးဖြစ်ကြောင်း ရန်သူများကိုသက်သေပြလိုခဲ့သည်။စိန်ပြောင်းအမြှောက်ဆံသည် တပ်သားများ၏သံချပ်ကာကို အလွယ်တကူထိုးဖောက်ဝင်ရောက်၍ သတ်ဖြတ်နိုင်စွမ်းရှိသည်။အရေးအကြီးဆုံးသောအချက်မှာ ထိုအမြှောက်ဆံသည် အရှိန်အဟုန်လုံးဝကျမသွားဘဲ ဒုတိယသို့မဟုတ် တတိယမြှောက်ရန်သူကိုပါတစ်ခါတည်း သတ်ဖြတ်နိုင်ခဲ့ပေသည်။
ရှောင်ယုသည် မြို့ရိုးတစ်ခုလုံးကို ဧရိယာများစွာအဖြစ်ပိုင်းခြားထားပေးသည်။အကယ်၍ ဧရိယာတစ်ခုကပံ့ပိုးမှုလိုအပ်လာလျှင် ရှောင်ယု၏အမိန့်အောက်၌ အရန်တပ်များကချက်ချင်းဖြန့်ကျက်သွားမည်ဖြစ်ပြီး ဂရစ်ဖင်များနှင့်နဂါးသိမ်းငှက်များက အကူအညီလိုအပ်သည့်နေရာကို ကူညီပေးမှာဖြစ်သည်။
အရန်တပ်ဖွဲ့ကို အဓိကအားဖြင့် သူရဲကောင်းများ၊ဝံပုလွေစီးစစ်သည်များ၊သာမန်မြင်းတပ်သားများ၊လေကြောင်းတပ်သားများ၊တောင်ဘီလူးများနှင့်တင့်ကားများဖြင့် ဖွဲ့စည်းထားခဲ့သည်။
တံတိုင်းတစ်နေရာ၌ အပေါက်တစ်ခုဖြစ်ပေါ်လာသည်နှင့် တောင်ဘီလူးသည်ထိုအပေါက်ကို ချက်ချင်းပိတ်ဆို့လိုက်ကာ နောက်မှလက်သမားများက မြို့ရိုးကိုအမြန်ဆုံးပြင်ဆင်ကြသည်။ထိုသို့သောအခြေအနေသည် နေရာတိုင်း၌ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ရှောင်ယု၏ထိရောက်သော တန်ပြန်အစီအမံကြောင့် ရန်သူများသည်မြို့ရိုးကိုအကြိမ်ပေါင်းများစွာ ဖောက်ထွင်းနိုင်ခဲ့သော်လည်း ၎င်းတို့၏တပ်သားများကမြို့အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။