← Chapters

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၂၉)

Vol. 122 Ch. 1695

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၂၉)

Vol. 122 Ch. 1695

ကောင်းကင်တစ်ခုလုံးမှာ ရောင်စုံနေကြယ်များနှင့် ပြည့်နှက် နေခဲ့၏။ ၎င်းတို့ထံမှ ဆင်းသက်လာသည့် အလင်းတန်းများမှာ လောကကို ဖြူ၊ နီ၊ ပြာ၊ ဝါ အလင်းတန်းများနှင့် ဆေးခြယ် နေကြသည်။ တောင်တန်းနှင့် မြက်ခင်းများက သူ့နေရာနှင့် သူ ရှိနေကာ မြစ်၊ ချောင်းများမှာ လွတ်လပ်စွာ စီးဆင်းနေ၏။ မုန်တိုင်း ကင်းစင်သည့် ပင်လယ်များမှာလည်း လှိုင်းများ ငြိမ်သက်သာ တိတ်ဆိတ် နေကြသည်။

အပေါ်ယံအားဖြင့် လောက တစ်ခုလုံးမှာ ငြိမ်းချမ်း တိတ်ဆိတ် နေသယောင် ထင်ရသည်။ သို့သော်လည်း... ထိုလောကနယ်မြေ အတွင်းရှိ ရေကန်ငယ် တစ်ခုထက်တွင် အလွှာအပြင်က လောက တစ်ခုလုံးကိုပင် တုန်လှုပ် ချောက်ချားသွားစေနိုင်သည့် တိုက်ပွဲ တစ်ခု ဖြစ်ပွား နေခဲ့လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

အာဏာရှင်များမှာ တစ်ပြိုင်နက်တည်းလိုပင် သူတို့၏ ဗျူဟာများကို ပြောင်းလဲ လိုက်ကြကာ ရေကန်ကို ပစ်မှတ်ထားလိုက်ကြ၏။ သူတို့၏ သိုင်းကျင့်စဉ်များနှင့် ဝိညာဉ် ကျင့်စဉ်များမှာ ရေကန် အပေါ်သို့ ဦးတည်ကာ ကျရောက် သွားကြသည်။ ၎င်းတို့သာ ထိမှန်သွားပါက ရေကန်တစ်ခုလုံးမှာ ပြင်းထန်သည့် ဘေးဥပဒ်များနှင့် ကြုံတွေ့သွားရလိမ့်မည် ဖြစ်သည်။

စုမေ့က ခြေဖဝါးကို ရေကန် မျက်နှာပြင်နှင့် အသာအယာ ထိတွေ့လိုက်သည်။ မဟူရာ အလင်း တစ်ခုမှာ ရေကန် မျက်နှာပြင် တစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့၏။ တိုက်ခိုက်မှုများ ချဉ်းကပ်လာသည်နှင့် အမျှ ၎င်းတို့နှင့် လိုက်ဖက်သည့် ဓားရောင်ပြန် တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖောက်... ဖောက်... ဖောက်...

ရေကန်မျက်နှာပြင်သို့ မကျရောက်ခင်မှာပင် တိုက်ခိုက်မှုများ အားလုံးမှာ ပူးပေါင်းများ ကဲ့သို့ ပေါက်ကာ ပျောက်ကွယ်သွားကြသည်။

အာဏာရှင် အများအပြားမှာ ရောင်စုံသွေးများကို အန်ထုတ်လိုက်ကြရ၏။ အကယ်၍ သေချာကြည့်ပါက သူတို့၏ မျက်ဝန်းများ အတွင်းတွင် မဟူရာ ဆေဘာအလင်းများကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူတို့ ချက်ချင်းပင် သွေးမျိုးကို မြိုချလိုက်ကြကာ ကြိုးပမ်းမှုများကိုသာ နှစ်ဆတိုးလိုက်သည်။ အာဏာရှင်များမှာ တစ်ကြိမ်တည်းဖြင့် လက်နက်ချမည့်လူများ မဟုတ်ပါချေ။

အားမတန်ချိန်တွင်ပင် မာန်မလျှော့ပဲ တိုက်ခိုက်နေသည့် အာဏာရှင်များကို ကြည်ရင်း စုမေ့၏ မျက်လုံးများ အတွင်း၌ ကျေနပ်သည့် အရိပ်အမြွက် အချို့ လင်းလက် သွားခဲ့၏။ ထို့နောက်တွင်တော့...

ဝှစ်...

သူမ လက်ချောင်းများကို ခုကြိမ်တိတိ ဝှေ့ယမ်းလိုက်သည်။ သူမ တစ်ချက် လှုပ်ယမ်းလိုက်တိုင်း ဦးခေါင်းတစ်လုံး လွင့်ပျံသွားကာ သူတို့၏ တိုက်ခိုက်မှုများမှာလည်း ပြိုကျပျက်စီးသွားခဲ့သည်။ စုမေ့ တိုက်ခိုက်လိုက်သည့် အမြန်နှုန်းမှာ လျှို့ဝှက အာဏာရှင် အဆင့်များပင် လိုက်မှီဖို့ ခက်ခဲလှပေသည်။

တကယ်တမ်းအားဖြင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် သူမ လက်အား တစ်ကြိမ်မျှသာ ဝှေ့ယမ်းလိုက်သည်ကို တွေ့မြင်ခဲ့ကြရသည်။

ဝှစ်...

ရုတ်တရက်... စုမေ့ ခေါင်းကို အနည်းငယ် စောင်းလိုက်၏။ ရောင်စုံ နေအလင်းတန်း တစ်ခုမှာ အပေါ်တည့်တည့်မှ ကျဆင်းလာကာ သူမနှင့် ရေကန်တို့ကို ရိုက်ခတ်လိုက်သည်။ ထိုနေရောင်ခြည်မှာ အာဏာရှင်ဆန်လှကာ ရေကန် တစ်ခုလုံးကို ချက်ချင်းပင် အငွေ့ပျံ သွားစေခဲ့၏။

“သူ့ကို ထိသွားပြီလား...”

တူလာရီမှ အဝေးမှ စောင့်ကြည့် နေခဲ့၏။ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လွန်းလှကာ ထူးဆန်းသော သေမျိုးများမှာ ထိုမိန်းကလေးကို မဟာရန်သူ တစ်ယောက်လို ပစ်မှတ်ထားနေပုံ ရသည်။

ထို့အပြင်... အပြင်းအထန် တိုက်ခိုက်နေသည့် သေမျိုး တစ်ယောက်ချင်းစီမှာ မျက်နှာချင်းဆိုင် တိုက်ပွဲ၌ သူမကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ခံစားရလေရာ တူလာရီ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ရီ နေခဲ့၏။ သူတို့က ယခင် တိုက်ပွဲများတွင် ကိုယ်ပိုင် အစွမ်းအစများကို ထိန်းချုပ်ထားခဲ့ကြသည်လား။

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့် မိန်းကလေးကို ပြန်လည် စဉ်းစားလိုက်မိသော အခိုက်၌ တူလာရီ တစ်ယောက် ထိုဖြစ်နိုင်ချေကို အတည်ပြုလိုက်မိသည်။

ထိုသေမျိုးများမှာ အလွှာအပြင် ရွေးချယ်ခံများကို တစ်ခါမှ ပြိုင်ဘက်များ အဖြစ် မယူဆခဲ့ကြသည်လား။ သူတို့က ဘယ်ကနည်း။ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း။ အဘယ်ကြောင့် ဤမျှ ကြောက်စရာ ကောင်းနေရသနည်း။

သို့သော်လည်း... မဟူရာ မျက်ဝန်းများ ပိုင်ရှင် မိန်းကလေးနှင့် ထိပ်တိုက် ရင်ဆိုင်ရသော အခိုက်တွင်တော့ ထိုကဲ့သို့ ကျင့်ကြံသူများပင် အသည်းအသန် ဖြစ်နေသည်ကို တူလာရီ သတိထားလိုက်မိသည်။

စောစောလေးကတင် ကောင်းကင်တွင် ရှိသည့် နေကြယ် ၁၃ စင်းမှာ တစ်ခုကို တစ်ခု လှည့်ပတ်ရင်း လေထု အလွှာများကို ဖြတ်သန်း၍ ပြင်းထန်သည့် နေအလင်း တိုက်ခိုက်မှု တစ်ခုအား ဖော်ဆောင်ခဲ့သည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ မဟူရာ မျက်ဝန်းများနှင့် မိန်းကလေးကို ထိတွေ့သွားသည်ဟု ခန့်မှန်းလို့ ရသည်။

တူလာရီ တံတွေးတစ်ချက် မြိုချလိုက်ကာ ထိုနေရာကို ဆက်လက် စိုက်ကြည့် နေခဲ့၏။ မကြာခင်မှာပင် သူမ၏ မျက်ဝန်းများမှာ ပြူးကျယ်လာခဲ့လေ၏။

“မ... မဖြစ်နိုင်တာ...”

မိန်းကလေး၏ ပုံရိပ်မှာ နေရောင်ခြည် အလင်းတန်းများထဲတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ သူမက လေထုကို နင်း၍ ရှေ့သို့ တစ်လှမ်းချင်း ဆက်လျှောက်လာနေခဲ့၏။ အလွန်ပြင်းထန်သည့် နေရောင်ခြည် အလင်းတန်းများနှင့် ရင်ဆိုင် ခဲ့ရသော်လည်း သူမ၏ ဆံပင်တစ်စပင် လောင်ကြွမ်းခြင်း မရှိပါချေ။

အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက အားကောင်းသည့် နေရောင်ခြည် အလင်းတန်းများမှာ စုမေ့၏ ခန္ဓာကိုယ် ပတ်လည်တွင် ညင်သာစွာ စီးဆင်းနေကြောင်း‌ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းတို့မှာ အရှင်သခင်အပေါ် အဆုံးစွန်သော လေးစားမှုများကို ထုတ်ဖော်ပြသနေသည့် အလား သူမ၏ အဝတ်တစ်စကိုပင် ထိရဲခြင်း မရှိပါချေ။

“သူက နေအလင်း စီးကြောင်းကို လမ်းကြောင်း ပြောင်းနေတယ်...”

တူလာရီ ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ စုမေ့၏ လက်ချောင်းများထိပ်တွင်တော့ မဟူရာ ဓားအလင်းများ ဆက်လက် တွဲလွဲခိုနေသည်ကို တွေ့ရသည်။ မိန်းကလေးမှာ အသက် ဆယ့်တစ်သက်ကို ချွေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ၎င်းက အဆုံးသတ် မဟုတ်ပါသေးချေ။

“ဆိုတော့ ဒါက အလုပ်မဖြစ်ဘူးပေါ့...”

ရွှယ်ရီဖေး စိတ်ထဲမှ ခေါင်းညိတ် အတည်ပြုလိုက်၏။ သူမ၏ မျက်ဝန်းများကတော့ နတ်ဆိုး အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေဆဲ ဖြစ်သည်။ စုမေ့၏ ကျင့်ကြံခြင်း အခြေခံကို တိတိကျကျ မသိရသော်လည်း အလင်းစွမ်းအင်နှင့် ကြီးမားစွာ ဆက်နွယ်နေကြောင်း သူမ ခန့်မှန်းနိုင်ပေသည်။

ညွှန်ကြားချက် ပေးရန် မလိုအပ်ပါချေ။ အာဏာရှင်များမှာ ချက်ချင်း ဆိုသလိုပင် အခြေအနေကို သဘောပေါက် သွားကြကာ လောကချည်နှောင် နေကြယ်များမှ ကျဆင်းနေသည့် အလင်းစွမ်းအင်များကို ရုတ်သိမ်းလိုက်ကြ၏။ သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်မှုတွင် မည်သည့် အလင်းစွမ်းအင်ကိုမှ အသုံးပြုကြတော့မည် မဟုတ်ပါချေ။

နေအလင်းများ ပျံ့ကြဲသွားသည်ကို ကြည့်ကာ စုမေ့က အသက်ကို ခပ်ဖြည်းဖြည်း ရှိုက်သွင်းလိုက်၏။ ကျန်ရှိနေသည့် နေအလင်း စွမ်းအင်များမှာ မြူခိုးများ အဖြစ် ပြောင်းလဲကာ သူမ၏ နှာခေါင်းအတွင်း စီးဝင်သွားခဲ့သည်။ ပတ်ဝန်းကျင်တွင် အလင်းစွမ်းအင်များ လျော့နည်းသွားခြင်း၏ ပြရုဂ်တစ်ခု အဖြစ် လောကမှာ စတင်ကာ မှောင်မိုက်စ ပြုလာခဲ့၏။ အလားတူ ဖြစ်စဉ်မှာ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့၏။

“အား...”

ကြယ်တာရာ အမြုတေ အဆင့် အာဏာရှင် အချို့ထံမှ နာကျင်သည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ဒွါရပေါက်များ၊ အထူးသဖြင့် မျက်ခုံးနှစ်ခုကြား နေရာမှ နေ၍ သွေးများ တစ်စက်ပြီး တစ်စက် စီးကျလာခဲ့၏။ သူတို့ မျက်ဝန်းများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ကျူးကျော် ဝင်ရောက်နေသည့် မဟူရာ အလင်းရိပ်တစ်ခု တည်ရှိနေခဲ့လေသည်။

ဝိညာဉ် အစီအရင်...

ရှဲ... ရှဲ...

အထက်ကောင်းကင်ရှိ နေကြယ်များမှာ မြင်သာသည့် အမြန်နှုန်းနှင့် အတူ စတင်ကာ ကျုံ့ဝင် လာခဲ့၏။ အဝေးမှ ကြည့်ပါက နှိုင်းယှဉ်၍ မရနိုင်အောင် ကြီးမားလှသည့် အရိပ်လက်ကြီး တစ်ဖက်မှာ နေကြယ်များကို ဖြည်းညင်းစွာ သိမ်းပိုက်နေသယောင် ထင်ရ၏။ အမှောင်ထုက ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

စုမေ့မှာ လောကချည်နှောင် နေကြယ်များကို ပစ်မှတ်ထားနေကြောင်း အားလုံး သိရှိလိုက်ကြသည်။ ထို့ကြောင့်ပင် အလွန် လျှင်မြန်သော အရှိန်ဖြင့် နေကြယ်များကို ပြန်လည် သိမ်းဆည်းဖို့ ကြိုးပမ်း လိုက်ကြ၏။

ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့၏အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲ သွားကြ၏။ သူတို့က တစ်ပြိုင်နက်တည်းလိုပင် အော်ဟစ် လိုက်ကြသည်။

“မသိမ်းနဲ့...”

ကံမကောင်းစွာပင်...

နောက်ကျသွားခဲ့ပြီ...။

အာဏာရှင်များမှာ လေ့ကျင့်ထားသည့် ဗီဇအတိုင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က နေကြယ်များကို စိတ်မျက်လုံးများ အတွင်း ပြန်လည် သိမ်းဆည်းကာ နေအိမ်များ၌ လုံခြုံစွာ ထိန်းသိမ်းထားခဲ့ပြီး ဖြစ်သည်။

ရုတ်တရက်... ခေါင်းဆယ်သုံးလုံးထံတွင် ဆေဘာဟိန်းသံများကို ကြားလိုက်ရ၏။ မှောင်မိုက်ကာ ထင်ရှနေသည့် ဓားအလင်းမှာ သူတို့၏ နဖူးများကို ထိုးဖောက် သွားခဲ့ကြသည်။

ဘုန်း... ဘုန်း...

အားလုံး၏ ခေါင်းများမှာ ဖရဲသီးများ အလား ပေါက်ကွဲ သွားကြသည်။ သွေးစွန်းနေသည့် အဖတ်သလတ်များ၊ ဦးခေါင်းခွံ အစအနများနှင့် ဦးနှောက် တစ်သျှူးများမှာ လေထုအတွင်း ကြဲပြန့် သွားခဲ့သည်။ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များကတော့ မြေပြင်ပေါ် ပြိုလဲကျသွားကြ၏။

သေသွားကြပြန်လေပြီ။

***

All Chapters