ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၁)
Vol. 122 Ch. 1697
ထန်း...
စုမေ့က တိကျသော အဖြေဖြင့် ပြန်လည် တုံ့ပြန်၏။ သူမ၏ ခြေထောက်များက မြေကြီးထက်၌ တည်မြဲစွာ ရှိနေကာ ဟုန်ချွင်းဟွာ၏ အာရုံဖျက် ဓားကို အမှောင်နှင့် အလင်းအား ကိုယ်စားပြုနေသည့် ဆေဘာနှင့် ရင်ဆိုင်လိုက်သည်။ သတ္တုချင်း ထိခတ်သည့် အသံမှာ မိုင်ပေါင်း ထောင်ပေါင်းများစွာအထိ ပေါက်ကွဲ လွင့်စဉ်သွားကာ များလှစွာသော လူများ၏ ဝတ်စုံနှင့် ဆံပင်များကို လွင့်ခါ သွားစေခဲ့ကာ စိတ်ဝိညာဉ်ကိုပင် တုန်ရီ သွားစေခဲ့၏။
အာဏာရှင်များ အားလုံး တစ်ပြိုင်နက်တည်းပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ် လိုက်ကြသည်။ ကြယ်တာရာ အကာအကွယ်များမှာ သူတို့၏ခန္ဓာကိုယ် ပတ်လည်တွင် ပေါ်လာခဲ့ကြ၏။
“အား...”
ကျင့်ကြံခြင်း အခြေခံ နိမ့်ကျသူများနှင့် နိမ့်ပါးသည့် ခွန်အားကို ပိုင်ဆိုင်ထားကြသည့် လူများမှာ တုန့်ပြန်ခြင်းပင် မပြုနိုင်ပဲ အာရုံများ ဆုံးရှုံး သွားကြ၏။ အသံလှိုင်း တစ်ခုကပင် သူတို့ကို မူလ နေရာမှ မိုင်ပေါင်းများစွာတိုင် လွင့်စဉ် သွားစေခဲ့ကာ အရိုးများကို ကျိုးပဲ့သွားစေခဲ့သည်။ အချို့မှာလည်း ကြယ်တာရာ အမြုတေများတွင်ပင် အက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့လေ၏။
ဓားက တီးခတ်သည်။ ဆေဘာက ဟိန်းဟောက်၏။
ဆန့်ကျင်ဘက် အင်အားစုနှစ်ခုမှာ နက်နဲကာ စွဲမက်ဖွယ်ကောင်းလှသော ဥပဒေသတစ်ခုဖြင့် ပဲ့တင်သံ ထုတ်လွှတ်သော်လည်း ထိုရှားပါးသော အခိုက်အတန့်ကို မည်သူမျှ စစ်မှန်စွာ ဆုပ်ကိုင်နိုင်ခြင်း မရှိပေ။ သို့သော်လည်း... ရိပ်ခနဲ မြင်လိုက်ရသူများ အတွက်ပင် ၎င်းက မဖော်ပြတတ်အောင် စွဲလန်းဖွယ် ကောင်းလှ၏။
ထန်... ထန်... ထန်...
ဆက်တိုက်ဆိုသလိုပင် သတ္တုချင်း ထိခတ်သည့် အသံများစွာ ထွက်ပေါ်လာနေခဲ့၏။ ဓားရှည်နှင့် ဆေဘာတို့ ကိုယ်တိုင်ထံမှ ဟိန်းဟောက်သံများကိုလည်း ကြားရသည်။ လောကမှာ သက်ရောက်ခံနေရ၏။ ဓားနှစ်စင်း၏ သက်ရောက်မှု အောက်၌ လောက၏ စွမ်းအင်၊ အမတေနှင့် မန်နာတို့ကိုယ်တိုက်ပင် အပြောင်းအလဲများကို ခံစားနေရကာ ပြည်တွင်းစစ် တစ်ခု ဖြစ်နေသကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။
ဟုန်ချွင်းဟွာ၏ ဓားဦးချွန်မှာ စုမေ့၏ နှလုံးသားထံသို့ ဦးတည်ကာ တိုးဝင် သွားခဲ့၏။ သို့သော်လည်း စုမေ့က ထိုထိုးသွင်းမှုကို ကျွမ်းကျင်စွာ ပယ်ဖျက်လိုက်ကာ ကိုယ့်ကိုယ်ကို ကာကွယ်ထားသည်။ သူမ၏ လက်နှစ်ချောင်းမှာ ဟုန်ချွင်းဟွာ၏ အပြစ်အနာအဆာ ကင်းသော လည်ပင်းကို ပစ်မှတ်ထားကာ ဓား၏ မျက်နှာပြင် တစ်လျှောက် လှီးဖြတ်သွားသည်။
စုမေ့၏ တိုက်ခိုက်မှုက အချိန်ကိုက်သည်။ ထောင့်ချိုး ဖြစ်သည်။ ဟုန်ချွင်းဟွာ နည်းလမ်းပေါင်း တစ်သောင်းဖြင့် ရှောင်တိမ်းလျှင်ပင် ၎င်းက သူမကို ထိနေဦးမည် ဖြစ်သည်။
ဟုန်ချွင်းဟွာ နောက်သို့ ခြေတစ်လှမ်းမျှ မဆုတ်ပါချေ။ အကယ်၍ သေဆုံးရမည် ဆိုလျှင်ပင် သူမမှာ အကန့်အသတ်သို့ တွန်းပို့ထားခဲ့သည့် အဟုန်ကို ဆုံးရှုံးရဖို့ ငြင်းဆန်ပေသည်။
ခမ်းနားစွာ ပွင့်အာနေသော နှင်းဆီ ၁၈ ပွင့်ထဲမှ နှင်းဆီတစ်ပွင့်မှာ ၎င်း၏ အလယ်ဗဟိုရှိ နေကြယ်ထံမှ ထွက်ပေါ်လာသော လှိုင်းနှင့် အတူ တုန်ရီလာခဲ့၏။ လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ ဦးခေါင်းကိုပင် ဖြတ်တောက်နိုင်သည့် အမြန်နှုန်းနှင့် နီးကပ်လာသည့် ဆေဘာကို ကြည့်ရင်း သူမ စိတ်ထဲမှ ရေရွတ်လိုက်သည်။
“မိုးကုပ်စက်ဝိုင်းကို ပိုင်းဖြတ်ပါလေ... အာရုဏ်ဦးကို ဖော်ထုတ်ပါလေ... အလင်းကို ဆင့်ခေါ်ပါလေ... သေခြင်းတရားကို ချိုးဖျက်ပါလေ... ပန်းပွင့်ခြင်းဖြင့် အောင်နိုင်ပါလေ... လောကတွေ ပေါက်ကွဲပါလေ...”
ရုတ်တရက် နှင်းဆီ ၁၈ ပွင့်ထဲမှ နေကြယ်တစ်လုံး၏ အရွယ်အစားမှာ ဆယ်ပုံတစ်ပုံအထိ ကျုံ့ဝင်သွားခဲ့၏။ စုမေ့က ထိုနှင်းဆီကို အာရုံစိုက်လိုက်၏။ သူမ၏ မျက်လုံးများက မဆိုသလောက်ကလေး ကျဉ်းမြောင်း သွားခဲ့သည်။
ဆေဘာက အသားထဲကို တိုးဝင် လှီးဖြတ် နေပြီ ဖြစ်ကြောင်း ဟုန်ချွင်းဟွာ ခံစားရသည်။ ၎င်းက သူမ အသက်ကို အဆုံးသတ်တော့မည် ဖြစ်သည်။ သေခြင်းတရားကို ယူဆောင်တော့မည် ဖြစ်သည်။ သို့သော်လည်း... စိတ်ဝိညာဉ်နှင့် ဓားတို့တွင် တွန့်ဆုတ်မှု မရှိလေရာ သူမ၏ လုပ်ဆောင်မှုများက အနည်းငယ်မျှပင် ရပ်တန့်ခြင်း မရှိပါချေ။
ကြယ်တာရာ ပေါက်ကွဲမှု...
နေကြယ်မှာ ပိုမို၍ ကျုံ့ဝင်လာ၏။ ပိုမို၍ သေးငယ်လာ၏။ ပိုမို၍ သိပ်သည်းလာ၏။ ထို့နောက်တွင်တော့...
ဘုန်း...
ပြင်းထန် ပူလောင်သည့် ပေါက်ကွဲသံ တစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။ ဧရာမ စွမ်းအင် ပေါက်ကွဲမှုကြီးမှာ မိုင်ရာပေါင်းများစွာကို မျက်တောင် တစ်ခပ်စာ အတွင်း ဖျက်ဆီလိုက်၏။ ကောင်းကင်တွင်ပင် အပေါက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ရီဖေး၏ နတ်ဆိုးနဂါး သံချပ်ကာမှာ ပြင်းထန်စွာ တုန်ရီ နေခဲ့သည်။ နေရောင်ခြည် ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာခဲ့သည့် လှိုင်းမှာ သူမ၏ ခန္ဓာကိုယ်လေးကို လွင့်စဉ် သွားလုနီးပါး အထ ဖြစ်စေခဲ့သည်။ သို့သော်လည်း မိန်းကလေးမှာ အခြား အာဏာရှင်များ နည်းတူပင် နေရောင်ခြည်၏ ပြင်းထန်သော တွန်းအားနှင့် အပူလှိုင်းများကို ခုခံကာ မူလ နေရာတွင်ပင် ဆက်လက် ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း မြေပြင်၊ ပင်လယ်၊ တောင်တန်း၊ ရေကန်၊ သဲကန္တရာရ၊ သစ်တော၊ ရွှံ့ညွံနှင့် ရေခဲ ဒေသတို့ကတော့ ထိုကပ်ဆိုးကြီးနှင့ အတူ ထင်ရှားသည့် ပြောင်းလဲမှုများကို ခံစားလိုက်ကြရ၏။ ရေထုများမှာ ပြင်းထန်လွန်းသော အပူချိန်ကြောင့် အငွေ့ပျံတက်သွားကြကာ တောင်များမှာလည်း ပြိုကျလာခဲ့သည်။
“စူပါနိုဗာ...”
တန်ဘူမာက သူ့ကိုယ်သူနှင့် မဟာမိတ်များကို ကာကွယ်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူ၏မျက်လုံးများမှာ ဦးခေါင်းခွံမှ ပြုတ်ကျလုနီးပါး ပြူးထွက် နေခဲ့သည်။ စူပါနိုဗာ တစ်ခုကို ထုတ်လွှတ်ခြင်းမှာ သေမျိုး အဆင့်၏ အမြင့်ဆုံးတွင် ရှိသည့် ကြယ်တာရာ သခင်များ၏ အဆုံးစွန်သော စွမ်းရည်ဖြစ်သည်။
ပေါက်ကွဲသံ၏ ရိုက်ခတ်မှုကြောင့် သူ့နားများမှာ ယခုထက်ထိ အူနေဆဲ ဖြစ်သည်။ သို့သော်လည်း... သူ တိုက်ပွဲ၏ အသေးစိတ် အကြောင်းအရာများကို လွတ်သွားမှာ စိုးရိမ်သည့် အလား မျက်တောင်မခပ် အာရုံစိုက် နေခဲ့၏။
ဝှစ်...
ပိန်သွယ်သွယ် ပုံရိပ် တစ်ခုမှာ နောက်ကို လက်ခနဲ လှုပ်ရှား သွား၏။ ထို့နောက် သူက စူပါနိုဗာကြောင့် ဖြစ်ပေါ်လာသည့် ချောက်ကမ်းပါးကြီး၏ နှုတ်ခမ်းစွန်းတွင် ဆင်းသက်လိုက်သည်။
စုမေ့...
မိန်းကလေးမှာ အထိအခိုက် မရှိပါချေ။ သူမက လက်နှစ်ချောင်းကို ဆက်လက် ဆန့်တန်းထားဆဲ ဖြစ်ကာ မဟူရာ ဆေဘာ အလင်းများမှာ လောင်ကြွမ်း နေခဲ့၏။
ဝှစ်...
အခြား ပုံရိပ် တစ်ခုမှာ နောက်မှ လိုက်ပါကာ ချဉ်းကပ်လာခဲ့သည်။ သူမ၏ အဟုန်က လောကကို တုန်ရီစေနိုင်ကာ ဓားကို ထူးခြားသည့် တိကျမှု၊ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် အတူ ဆွဲကိုင်ထားခဲ့၏။ သူမ၏ နောက်တွင်တော့ ပွင့်အာနေသည့် နှင်းဆီ ဆယ့်ခုနစ်ပွင့် ရှိနေခဲ့၏။
ဟုန်ချွင်းဟွာမှာ စုမေ့ရှေ့သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာကာ ဓားကို ဝှေ့ယမ်းလိုက်ပြန်သည်။
တစ်ကြိမ်ပြီး တစ်ကြိမ်...
ထန်... ထန်... ထန်...
စုမေ့မှာ တည်ငြိမ်စွာပင် ခုခံ နေခဲ့၏။ ဟုန်ချွင်းဟွာမှာ အံ့မခန်း အမြန်နှုန်း၊ ထူးခြားသည့် တိကျမှုများနှင့် တိုက်ခိုက်နေသော်လည်း စုမေ့၏ ခုခံမှုများက သူမ၏ တိုက်ခိုက်မှုထက် အဆပေါင်း များစွာ ကျော်လွန်နေသည်။ သူမက ခြေတစ်လှမ်းမျှ ရွေ့လျားခြင်း မရှိပဲ မူလ နေရာတွင်ပင် ခိုင်မာစွာ ရပ်တည်နေဆဲ ဖြစ်သည်။
ဟုန်ချွင်းဟွာမှာ စုမေ့ကို ဆက်တိုက် ဆိုသလို ဖိအားပေးဖို့ ကြိုးပမ်း နေခဲ့၏။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်း၌ သူမ၏ အမြန်နှုန်းက အဆမတန် တိုးတက် လာခဲ့ကာ တိုက်ခိုက်မှုများကလည်း ပိုမို အားကောင်းလာသည်။ သို့သော်လည်း... သူမ အသုံးပြုနေသည့် ခွန်အားနှင့် လိုက်လျောညီထွေစွာပင် စုမေ့၏ ခုခံမှုများကလည်း ပိုမို အားကောင်းလာသည်ချည်း ဖြစ်သည်။
ကြယ်တာရာ ပေါက်ကွဲမှု...
စုမေ့၏ လက်ချောင်းနှစ်ချောင်း လှုပ်ရှားတော့မည် ဖြစ်ကြောင်း သတိထားမိသည်နှင့် ဟုန်ချွင်းဟွာက မတုန့်မဆိုင်းပင် အော်ဟစ်လိုက်၏။
ဘုန်း...
လောကမှာ နောက်တစ်ကြိမ် လှုပ်ခါသွားပြန်သည်။ နယ်မြေများ၏ ပုံသဏ္ဌာန်များက ပြောင်းလဲ သွားပြန်သည်။ ကျင့်ကြံသူများမှာ အော်ဟစ်ကြ၏။
ပြေး... ပြေး... ပြေး...
နှလုံးသား အတွင်း၌ ပြင်းထန်သည့် ကြောက်ရွံ့မှုများနှင့် အတူ သူတို့ ထွက်ပြေးကြသည်။ ရွေးချယ်ခံ အချို့မှာ ပေါက်ကွဲအားနှင့် ပူပြင်းသည့် စူပါနိုဗာ၏ အပူရှိန်တို့ကြောင့် ကိုယ်တွင်း အင်္ဂါများပင် ပျက်စီး သွားကြ၏။ ထိုမြင်ကွင်းက ကျန်ရှိနေသေးသည့် လူများ၏ ကျောရိုးများကိုပင် တုန်ရီ သွားစေခဲ့သည။
စုမေ့အား ရင်ဆိုင်ရန် ရည်ရွယ်ထားသည့် အာဏာရှင်များသာလျှင် တိုက်ပွဲ ဧရိယာ အနီး၌ နေနိုင်ကြကာ သူတို့က စုပေါင်း ခွန်အားဖြင့် အပူချိန်ကို တားဆီးထားကြ၏။
ရွှယ်ရီဖေး အံ့အားသင့် သွားခဲ့၏။
“သူက စိတ်တိုင်းကျ ဖောက်ခွဲဖို့ အတုအယောင် ကြယ်တာရာ အမြုတေတွေကို သိပ်သည်းထားခဲ့တာပဲ... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ...”
၎င်းတို့ တစ်ခုချင်းစီက သေမျိုးတစ်ပိုင်းအရှင် အဆင့် တစ်ယောက်၏ အားအင်အပြည့် တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။ ကြယ်တာရာ ပေါက်ကွဲခြင်းဖြင့် စူပါနိုဗာ တစ်ခုကို ထုတ်လွှတ်ခြင်းမှာ သေမျိုးတစ်ဦး အတွက် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် ယှဉ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ပိုင်ဆိုင်ထားသည့် ကြယ်တာရာ အမြုတေ၏ အဆင့်ကို လိုက်၍ ၎င်းမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်တစ်ယောက်ကိုပင် အကြီးအကျယ် ဒဏ်ရာ ရစေနိုင်သည်။ သို့သော်... ထုတ်ဖော်သည့် ကြယ်တာရာ သခင်မှာပင် သူ၏ ကြယ်အမြုတေကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
ဟုန်ချွင်းဟွာမှာ ထိုအကျိုးသက်ရောက်မှုကို တုပရန် အတွက် အတုအယောင် ကြယ်အမြုတေ ဆယ့်ရှစ်ခုကို ကျင့်ကြံ ထားခဲ့သည်။ ၎င်းမှာ အံ့အားသင့်စရာ ကောင်းသည့် အဆင့် မဟုတ်ပဲ လုံးဝ ကြောက်မက်ဖွယ် ကောင်းသည့် အဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ကံဆိုးတာက ကန့်သတ်ချက် တစ်ခု ရှိနေတာပဲ...”
***