ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၂)
Vol. 122 Ch. 1698
“ကံဆိုးတာက ကန့်သတ်ချက် တစ်ခု ရှိနေတာပဲ...”
ရွှယ်ရီဖေး ခေါင်းကို ခါယမ်းလိုက်၏။ ဟုန်ချွင်းဟွာမှာ ထိုနေကြယ် ဆယ့်ရှစ်လုံးကို တစ်ပြိုင်နက်တည်း ဖောက်ခွဲပစ်နိုင်ပုံ မရလေရာ ထိုနည်းလမ်းက စုမေ့ကို ရင်ဆိုင်ရာတွင် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပါချေ။
အကယ်၍ ရွှယ်ရီဖေး၏ စကားလုံးများကို ကြားနိုင်ပါက ဟုန်ချွင်းဟွာ ကိုယ်တိုင်ပင် ထိတ်လန့် တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။ သူမ၏ စူးစမ်း လေ့လာမှု စွမ်းရည်က ကြောက်စရာ ကောင်းလွန်းလှသည်။ သူမ နေကြယ် ဆယ့်ရှစ်စင်းလုံးကို တစ်ပြိုင်နက်တည်း ဖောက်ခွဲ ဖျက်ဆီး နိုင်ခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းမှာ ဝိညာဉ်အင်အား ကန့်သတ်ချက်ကြောင့်ပင် ဖြစ်၏။
ထန်… ထန်…
ဘုန်း…
ဘုန်း…
ဟုန်ချွင်းဟွာမှာ အကြိမ်ကြိမ်အခါခါပင် စုမေ့၏ လက်ချောင်းများထက်၌ သေလုနီးပါး ဖြစ်နေခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် တွေ့ရှိခဲ့ရ၏။
ထို့အပြင် သူမ ဖန်တီးသည့် စူပါနိုဗာ ပေါက်ကွဲမှုများမှာ စုမေ့၏ ခန္ဓာကိုယ်ကို လုံးဝ ထိခိုက်စေခြင်း မရှိနိုင်ပုံ ရသည်။ သူမက မည်ကဲ့သို့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထား သနည်း။ အနီးကပ် စူပါနိုဗာ တိုက်ခိုက်မှုမှာ သူမ၏ အရှိန်အဟုန်ကိုသာ အနှောင့်အယှက် ပေးနိုင်သည်လား။
ဟုန်ချွင်းဟွာ၏ အမူအရာမှာ ပုံမှန်မဟုတ်စွာ မည်းမှောင်နေ၏။ စူပါနိုဗာ ပေါက်ကွဲမှု တစ်ခုချင်းစီတိုင်းက သူမ၏ အသက်ကို သေခြင်းတရားမှ တစ်ကြိမ်စီ လွတ်မြောက် စေခဲ့သည်။
စက္ကန့် အနည်းငယ်မျှ အတွင်းမှာပင် ဟုန်ချွင်းဟွာမှာ နှင်းဆီ ကိုးပွင့်ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း စုမေ့မှာ သွေးထွက်ခြင်း မရှိသေးချေ။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူ၏ ချပ်ဝတ် တန်ဆာတွင်ပင် ခြစ်ရာ မထင်သေးကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
မကြာမီတွင်ပင် သူတို့ နှစ်ယောက် ထိပ်တိုက် တွေ့ဆုံမှုမှာ နှစ်ရာ့ တစ်ဆယ့် ခြောက်ကြိမ်မြောက် အထိ ရောက်ရှိလာခဲ့၏။
ပေ့ဝေဝေ၏ မျက်လုံးများမှာ အဆုံးမဲ့ အေးစက်ခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။ အကြည့်ဖြင့်ပင် သူမမှာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သည့် ဝိညာဉ် အလင်းတန်းများကို ထုတ်လွှတ်နေ၏။ ထိုအခိုက်အတန့် အတိအကျတွင်ပင် သူမက ရှေ့ကို ခြေလှမ်း တစ်လှမ်း လှမ်းလိုက်၏။
“…”
ရွှယ်ရီဖေး၏ မျက်လုံးများက လင်းလက် သွားခဲ့သည်။
အာဏာရှင် တပ်ရင်း၏ စတုတ္ထ ကွန်မန်ဒါ ပေ့ဝေဝေ…
အာဏာရှင်များထဲ၌ နံပါတ် ၁ ဝိညာဉ် ကျင့်ကြံသူ…
ဝှစ်…
ပေ့ဝေဝေမှာ ကောင်းကင်သို့ မြင့်တက် သွားခဲ့၏။ ထို့နောက် သူမက စုမေ့ကို ပစ်မှတ်ထားကာ လက်ဟန် ချိပ်စည်းများကို ပုံဖော်လိုက်သည်။ အာဏာရှင်များမှာ ပေ့ဝေဝေ တိုက်ပွဲ အတွင်း ဝင်ရောက်လာသည်ကို ကြည့်ကာ စိတ်လှုပ်ရှား လာကြ၏။
စုမေ့၏ မျက်လုံးများမှာ အေးစက်စက် ဝိညာဉ် အလင်းတန်းများဖြင့် လက်ခနဲဖြစ်သွားကာ မျက်နှာ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ပေ့ဝေဝေကို ဖြည်းညင်းစွာပင် မော့ကြည့် လိုက်သည်။
“ဝိညာဉ်သခင်…”
ဝိညာဉ်သခင် ဟူသော ဘွဲ့နာမည်မှာ အလွှာအပြင်က လောကတွင် ကြီးမြတ် ကြောက်မက်ဖွယ် ကောင်းသော အနက်အဓိပ္ပာယ်များကို သယ်ဆောင်ထားသည်။ သူတို့မှာ ဝိညာဉ် လမ်းစဉ်၏ အသွင်ကူးပြောင်းမှုကို ခံယူထားသော ကျင့်ကြံသူများဖြစ်ပြီး ဝိညာဉ် အမြုတေကို တည်ဆောက်ခြင်းဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ဝိညာဉ် စွမ်းအင်ဖြင့် အစားထိုးသည်။
ပေ့ဝေဝေမှာ စတင် ကျင့်ကြံခဲ့သည့် အချိန်ကတည်းက စလို့ ဝိညာဉ် လမ်းစဉ်ကို လျှောက်လှမ်းနေခဲ့သူ မဟုတ်ပါချေ။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ နောက်ပိုင်းမှသာ သူမမှာ ဝိညာဉ်သခင် တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ လောကရှန့်ထို အဆင့်ကို ရောက်ရှိပြီး နောက်ပိုင်းမှသာ ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို အထောက်အကူ ပြုနိုင်မည့် ဝိညာဉ် လမ်းစဉ် ဆေးရည်ကို ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်သခင် ဖြစ်လာစေရန် ဝေ့ဝူယင် ရွေးချယ်ခဲ့သည့် ကျင့်ကြံသူ အချို့ အနက် ပေ့ဝေဝေမှာ တစ်ယောက်တည်းသော အောင်မြင်သူ ဖြစ်ခဲ့သည်။
ဝေ့ဝူယင်ထံ မကြာခဏ ဆိုသလို မေးခွန်းများ မေးကာ ဖြစ်နိုင်ချေရှိသည့် ခြိမ်းခြောက်မှုတိုင်းကို စောင့်ကြည့်နေသော ရွှယ်ရီဖေးမှ လွဲ၍ ကျန်အာဏာရှင် အများစုမှာ ပေ့ဝေဝေ၏ ဆင့်ကဲဖြစ်စဉ်ကို လုံးဝ မသိရှိကြပေ။
ပေ့ဝေဝေ၏ ဆရာ တစ်ဦး ဖြစ်သည့် စုမေ့ ပင်လျှင် ထိုအသွင်ကူးပြောင်းမှု အကြောင်းကို အပြည့်အဝ သတိမပြုမိခဲ့ပေ။
ဟူး… ဟူး…
ပေ့ဝေဝေမှာ ကောင်းကင်တွင် ရပ်တည် နေခဲ့၏။ ဝိညာဉ် အမြုတေက သူမ၏ ထျန်းတျန်အတွင်း၌ တောက်ပစွာ လင်းလက်နေခဲ့သည်။ သူမ၏ အေးစက်စက် ဝိညာဉ် စွမ်းအားများမှာ လက်ဟန် ချိပ်စည်းများနှင့် အတူ အပြင်သို့ ခုန်ထွက်နေခဲ့၏။
တူလာရီ၏ မျက်လုံးများမှာ ထိစပ်လုမတတ် ကျဉ်းမြောင်း နေခဲ့၏။ သူမ၏ ဝိညာဉ် အာရုံမှာ ဖြန့်ကျက်၍ မရအောင် ဖိနှိပ်ခံထားရသော်လည်း ဝိညာဉ်သခင် တစ်ဦး၏ ခံစားချက်ကို သူမ ရင်းနှီးပေသည်။
ပုံရိပ်တစ်ခုကို သူမ ပြန်လည် သတိရလိုက်၏။ ထိုပုဂ္ဂိုလ်မှာ သူမ၏ စီနီယာ တစ်ယောက် ဖြစ်သည်။ ဒဏ္ဍာရီလာ စစ်မြေပြင်မှ ပြန်လာခဲ့ပြီး နောက်တွင် ထိုလူမှာ ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာခဲ့ကာ မျိုးနွယ်စု အတွင်း၌ မြင့်မားသည့် အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင် လာခဲ့သည်။
တန်ဘူမာ၏ တိုက်တန် နှလုံးသားမှာလည်း တုန်ခါသွားခဲ့၏။ ဝိညာဉ်သခင် တစ်ဦးက ဤသေမျိုးများထဲတွင် ရှိနေသည်လား။ သူမက အစစ်အမှန် တရားဝင် ဝိညာဉ်သခင် တစ်ဦးလား။
စုမေ့၏ မျက်လုံးများမှာ ပြင်းထန်သည့် စစ်မြေပြင် တစ်ခုလိုမျိုး ဖြစ်နေခဲ့သည်။ အေးစက်စက် အလင်းတန်းများမှာ အဆက်မပြတ်ပင် သူမ၏ အသိစိတ် ပင်လယ်၊ ခန္ဓာကိုယ်နှင့် ကြယ်အမြုတေများ အတွင်း ကျူးကျော် ဝင်ရောက် နေခဲ့သည်။ ၎င်းတို့မှာ ထိုနယ်ပယ်များ အပေါ် အချုပ်အချာ အာဏာ အတွက် ယှဉ်ပြိုင်နေကြ၏။
ထန်...
စုမေ့က သူမ လည်ပင်းထံသို့ ဦးတည် ဝင်ရောက်လာသည့် ဟုန်ချွင်းဟွာ၏ ဓားချက်ကို လက်နှစ်ချောင်းဖြင့် ပိတ်ဆို့ လိုက်၏။ စူပါနိုဗာ ပေါက်ကွဲမှုက ဆက်တိုက် ဆိုသလိုပင် သူမကို နောက်သို့ ဆုတ်ခွာစေခဲ့သည်။ စုမေ့၏ မျက်လုံးများ အတွင်းမှ တိုက်ခိုက်လိုစိတ်မှာ ပိုမို၍ပင် ပြင်းထန်လာခဲ့၏။
ဟုန်ချွင်းဟွာမှာ ဆက်တိုက် ဆိုသလိုပင် လိုက်လံ ဖိအားပေသည်။ သူမက ထိုးနှက်ချက် တစ်ခုချင်းစီတိုင်းတွင် အနိုင်ရရှိရန်နှင့် ရှင်သန်ရန် ဆန္ဒတို့ကို သယ်ဆောင်ထား၏။ သူမက တိုက်ခိုက်မှုတိုင်း၌ ဝိညာဉ် ကျင့်စဉ် တစ်ခုကို အသုံးပြုထားကာ ကြယ်တာရာ စွမ်းအင် အမြောက်အများကို သုံးစွဲ နေခဲ့သည်။အကယ်၍ လောကချည်နှောင် နေကြယ်ထံမှ အထောက်အပံ့များသာ မရှိပါက လွန်ခဲ့သည့် တိုက်ကွက်ငါးဆယ်ခန့် ကတည်းကပင် သူမ၏ စွမ်းအင်များ အားလုံး ခမ်းခြောက်ခဲ့လောက်ပြီး ဖြစ်သည်။
အာဏာရှင်များမှာ လောကချည်နှောင် နေကြယ်များကို ထပ်မံ အားဖြည့်ခြင်းဖြင့် အပြင်းထန်ဆုံးသော အနေအထားများတွင်ပင် အချိန်ကြာကြာ တိုက်ခိုက် နိုင်ကြသည်။ ထို့ကြောင့်ပင်... ဟုန်ချွင်းဟွာမှာ ထိုးနှက်ချက်တိုင်းတွင် ကိုယ့်ကိုယ်ကို အကန့်အသတ်ထိ တွန်းပို့ထားနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း... စုမေ့မှာ ပေ့ဝေဝေ၏ ဝိညာဉ် တိုက်ခိုက်မှုများကို အခြားတစ်ဖက်မှ ကိုင်တွယ် ဖြေရှင်းနေရသည့်ကြားမှပင် ဟုန်ချွင်းဟွာ၏ ကျားစီးဖားစီး တိုက်ခိုက်မှုများကို ရေပက်မဝင် တားဆီးခံနေရ၏။ မည်သို့ပင် လက်ဦးမှု ရယူ ရယူ၊ စုမေ့၏ ကာကွယ်မှုများက အပြစ်အနာအဆာ ကင်းသည်။ အားနည်းချက်နှင့် ယိုပေါက် တစ်ခုပင် မရှိချေ။
အခြားတစ်ဖက်၌... ပေ့ဝေဝေမှာ အကွာအဝေးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကာ ဝိညာဉ် အစီအရင်မှ ဆင့်ကဲ ပြောင်းလဲလာသည့် ဝိညာဉ် ကျင့်စဉ်များကို ထပ်တလဲလဲ အသုံးပြု နေခဲ့သည်။ စုမေ့ အနေဖြင့် ၎င်းတို့ကို ကာကွယ်ရန် အတွက် သင့်တော်သည့် ကြယ်တာရာ အကာအကွယ် တစ်ခုကို သင့်တော်စွာ ဖော်ထုတ်နိုင်ခြင်း မရှိပါချေ။ ဟုန်ချွင်းဟွာ၏ အဆက်မပြတ် တိုက်ခိုက်မှုများက သူမကို အခွင့်အရေး မပေးပါချေ။
တိုက်ပွဲတစ်ခု အထွတ်အထိပ်သို့ ရောက်မည့် အချိန်ကို စောင့်ဆိုင်းကာ အချိန်ကိုက် စီစဉ်ထားသည့် နှစ်ထပ်ဆင့် တိုက်ခိုက်မှုက စုမေ့ကိုပင် အခက်အခဲ ဖြစ်စေခဲ့၏။ သူမမှာ ကိုယ်ပိုင် အဟုန်ကို စုဆောင်းနိုင်ခြင်း မရှိပဲ ဟုန်ချွင်းဟွာ၏ အရှိန်အဟုန်ဖြင့် အဆက်မပြတ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင် နေရကာ ပေ့ဝေဝေထံမှ ကျူးကျော် ဝင်ရောက်လာနေသည့် ဝိညာဉ်အင်အားကိုလည်း ခုခံ နေရသည်။ သူတို့ နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်အနာအဆာ မရှိလုနီးပါး ဖြစ်သည်။
နာ့ရှင်းရီက ကောင်းကင်ရှိ အလင်းတန်းများကို မော့ကြည့်လိုက်၏။
၀၉:၀၂...
အချိန်က တဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ မကြာခင် အခြား အာဏာရှင်များမှာလည်း ဝင်ပါလာကြ၏။ သူတို့မှာ ပိုကေနှင့် ဟုန်ချွင်းဟွာတို့လောက် မမြန်သော်လည်း ကိုယ်ပိုင် ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူတို့က မလှမ်းမကမ်း အကွာအဝေးမှ လိုက်ပါလာကာ စုမေ့ကို ပစ်မှတ်ထား၍ ဝိညာဉ် အစီအရင်များကို ထပ်တလဲလဲ ပစ်လွှတ် နေကြသည်။
အချိန်နှင့် အမျှ တိုက်ပွဲအတွင်း ဝင်ရောက်လာသည့် အာဏာရှင် အရေအတွက်မှာ တိုးလာခဲ့၏။ သူတို့က ဟုန်ချွင်းဟွာနှင့် စုမေ့တို့၏ ထိပ်တိုက် တွေ့ဆုံမှု တစ်လျှောက် လိုက်ပါလာနေကြကာ အပြောကျယ်လှသော နယ်မြေများ တစ်လျှောက် ပျံဝဲ နေကြသည်။ သူတို့က ပေ့ဝေဝေကို ဦးဆောင်သူ အဖြစ် ထားကာ စုမေ့ကို ဖိနှိပ်ဖို့ အတွက် တွဲဖက် လုပ်ဆောင်ခဲ့ကြ၏။
အာဏာရှင်များ၏ ပူးပေါင်း တိုက်ခိုက်မှုများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ပြင်းထန် လွန်းလှပေသည်။ မြေကြီးရှန့်ထို တစ်ယောက်ပင်လျှင် ထိုမုန်တိုင်းကြား၌ စက္ကန့်ပိုင်းမျှ အသက်ရှင်သန်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။ သို့သော်လည်း... စုမေ့ကတော့ ဓားအိမ်မှ ဓားကိုပင် ထုတ်ဖော်ခြင်း မပြုပဲ လက်နှစ်ချောင်းတည်းဖြင့် တိုက်ခိုက်မှု မှန်သမျှကို တားဆီးနေဆဲ ဖြစ်လေ၏။
***