ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၇)
Vol. 122 Ch. 1703
“သူက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အပိတ်ခံခဲ့တာလဲလို့ ခင်ဗျားမေးခဲ့တယ် မလား... အဖြေက ရိုးရှင်းပါတယ်..”
ဝေ့ဝူယင်က စုမေ့ တည်ရှိရာ အရပ်ကို လှမ်းကြည့်ရင်း ကောင်းကင် စစ်ဝိညာဉ်၏ ပထမဆုံး မေးခွန်းကို ပြန်လည် ကောက်လိုက်၏။
“သူက အခြေအနေ ပြောင်းလဲသွားပြီဆိုတာ သဘောပေါက်လို့လား...”
ဝေ့ဝူယင် မဖြေရသေးခင် ကောင်းကင် စစ်ဝိညာဉ်က ပြောလိုက်၏။ ဤသည်က သူ၏ သင်ယူနိုင်စွမ်းနှင့် အခြေခံ ဉာဏ်ရည် သဘာဝ အတိုင်း တိုးတက်လာခဲ့သည့် ရှင်းလင်းသော လက္ခဏာ ဖြစ်ပေသည်။ ကောင်းကင် စစ်ဝိညာဉ်ကပင် ဆက်ပြောလိုက်၏။
“ကျန်တဲ့လူတွေ အားလုံး ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကတည်းက သူ့မှာ အားနည်းချက်တွေ ရှိသွားပြီ... ဒါကြောင့် သူက အချက်အလက်တွေကို စုဆောင်းရင်း ဖြည်းဖြည်းချင်းနဲ့ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေခဲ့တာ... သူ့ရဲ့ အစီအရင်က ပထမ နေရာကို ပြန်တက်ဖို့ပဲ... မှန်တယ်မလား...”
“...”
သဲလွန်စများအား အလွန် လျှင်မြန်စွာ ကောက်ယူနိုင်လိုက်သည့် ကောင်းကင် စစ်ဝိညာဉ်ကို ကြည့်ရင်း ဝေ့ဝူယင် အနည်းငယ် တုန်လှုပ် သွားခဲ့၏။
“သူတို့ထဲက တစ်ဦးကမှ သူတို့ရဲ့ အစစ်အမှန် ခွန်အားကို မပြသခဲ့ဘူး... စုမေ့ကလည်း မထင်မှတ်ပဲ ရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ အတွက် အမြဲတမ်း သူ့ရဲ့ ခွန်အား တစ်စိတ်တစ်ပိုင်းကို အသင့်ပြင်ထားခဲ့တာ... နင့်ရဲ့ လေးသမားကလည်း နောက်ဆုံး အခိုက်အတန့်မှာ သူ့ရဲ့ မြှားကို လဲလိုက်တာ ငါတွေ့တယ်... အစတုန်းက သူက အသေသတ်ဖို့ပဲ”
ကောင်းကင် စစ်ဝိညာဉ်မှာ သဲလွန်စများကို ဆန်းစစ်၍ ကောက်ချက်များကို တစ်ခုပြီး တစ်ခု ပြောရင်း ပိုမို၍ စိတ်လှုပ်ရှား လာခဲ့၏။
“နောက်ပြီး သူတို့ထဲက တစ်ဦးမှ သေမျိုး လောက ရည်ရွယ်ချက်ကို မသုံးခဲ့ဘူး... နေဦး အဲဒီဝိညာဉ်သခင်... သူက ဘာလို့...”
နောက်ဆုံး၌ သူမ သဲလွန်စကလေး တစ်ခုကို အနံ့ခံ သွားမိ၏။ သာမန် ကျင့်ကြံခြင်း ဗဟုသုတများဖြင့် မမြင်နိုင်သည့် ကြိုးများကို သူမ စတင် ရှာတွေ့လာကာ အရာရာကို ရှင်းရှင်းလင်းလင်း မြင်လာသည်။
“ခေါင်းဖြတ်ခံခဲ့ရတဲ့ အာဏာရှင်တွေ…”
ထိုအခိုက်အတန့်၌ ကောင်းကင် စစ်ဝိညာဉ်၏ အသံမှာ ရှာဖွေ တွေ့ရှိမျု အသစ်ကြောင့် လုံးဝ လျှို့ဝှက် ဆန်းကြယ် နေခဲ့၏။
“မှန်တယ်...”
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
“အစီအစဉ်တွေက အရမ်းများလွန်းနေတယ်…”
ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်၏ စကားအတိုင်း သံယောင်လိုက်ကာ ရေရွတ်လိုက်သည်။ နောက်ဆုံး၌ သူမမှာ ကန့်လန့်ကာများ နောက်၌ ဖုံးကွယ်ထားသည့် အမှန်တရားကို နားလည် သွားခဲ့ပြီ ဖြစ်သည်။
“အကြွင်းမဲ့ ခွန်အားက ဒီ အစီအစဉ်တွေ အားလုံးကို ချိုးဖျက်ပစ်နိုင်မလား...”
ကောင်းကင် စစ်ဝိညာဉ်က စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်၏။ ဂြိုဟ်တစ်စင်း ပြိုကျလာမှုကို ပုရွက်ဆိတ်တစ်ကောင်၏ နည်းဗျူဟာ တစ်ထောင်က တားဆီးနိုင်ပါမည်လော။ သူမ သိရှိသလောက် ပုရွက်ဆိတ် တစ်ကောင်ထံတွင် ဂြိုဟ်တစ်စင်း၏ ခွန်အားအား ခုခံနိုင်မည့် နည်းလမ်း မရှိပါချေ။
“ပုံမှန်ဆိုရင်တော့...”
ဝေ့ဝူယင်က မေးစေ့ကို ပွတ်သပ်လိုက်၏။
“ဟုတ်တယ်... ပုံမှန်ဆိုရင်တော့...”
ကောင်းကင် စစ်ဝိညာဉ်က လိုက်လံ၍ ရေရွတ်လိုက်၏။
“ဒါပေမယ့် ပြဿနာက သရဖူကို ထိဖို့ပဲ လိုအပ်တယ်... သူတို့က အကြွင်းမဲ့ ခွန်အားကို စတုတ္ထ နေရာကို ချထားပြီးသွားပြီ... ဘယ်လောက် ကောက်ကျစ်လိုက်လဲ…”
“လျှို့ဝှက် ဝိညာဉ် အဆင့် စစ်သည်တော် တစ်သောင်းပေါင်းရင် မြေကြီး ရှန့်ထို တစ်ယောက်ကို သတ်ဖို့ အတွက် နည်းလမ်း တစ်ခုတော့ ရှိပါတယ်... သူတို့မှာ လုံလောက်တဲ့ အချိန်၊ စီမံကိန်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမယ်ဆိုရင်ပေါ့... အရေအတွက်ဆိုတဲ့ သဘောတရားရဲ့ ခွန်အားကို ဖယ်ရှားလို့ မရပါဘူး... တကယ်လို့ စစ်သည်တော် တစ်သောင်းက အကြွင်းမဲ့ ခွန်အားဘက်မှာ မရှိနေဘူး ဆိုရင်ပေါ့လေ”
ဝေ့ဝူယင်က ထပ်ဆောင်း ပြောလိုက်သည်။
“အရေအတွက် ဟုတ်လား...”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။
“ရေကို နောက်အောင်လုပ်ပြီး လူအစုအဝေးနဲ့ ရွှံ့တွေကို နင်းပစ်ပါ... နတ်ဘုရားတွေတောင် ခြေလှမ်း တစ်လှမ်းတည်းနဲ့ နစ်မြုပ်သွားပါလိမ့်မယ်”
ဘာကြောင့်မှန်း မသိပဲ ထိုစကားစုက ဝေ့ဝူယင်၏ အတွေးအတွင်း ဖျပ်ခနဲ ပေါ်လာခဲ့သည်။ ၎င်းမှာ အပြစ်သား ကျမ်းစာမှာ ဆင်သက်လာပုံ ရသည်။ ၎င်းက ဤအခြေအနေနှင့် ကိုက်ညီမှု ရှိကာ အလွန် နက်နဲသည်ဟု ခံစားရ၏။ သို့သော်လည်း... အဓိပ္ပာယ် အလုံးစုံကို သူ နားမလည်သေးချေ။
“စုမေ့က ထာဝရ သရဖူကို ရရင် ဘာကို ဆန္ဒပြုမယ်လို့ နင်ထင်လဲ..”
ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။ သူမ၏ လေသံက အရိပ်အမြွက် တစ်ခုခုကို ဖော်ပြနေသယောင် ရှိသည်။
ဝေ့ဝူယင်က ခဏမျှ စဉ်းစားကာ ခေါင်းခါလိုက်သည်။ စုမေ့မှာ ရွှယ်ရီဖေးတို့လို အရာမျိုးကို ဘယ်တော့မှ ဆန္ဒပြုလိမ့်မည် မဟုတ်ချေ။
“ကျုပ်တို့...”
ဝေ့ဝူယင်က တစ်စုံတစ်ခု ပြောဖို့ ဟန်ပြင်လိုက်သော်လည်း ထိုမျှနှင့် ရပ်တန့် လိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းများမှာ အပြစ်ရှိသည့် အငွေ့အသက် အချို့နှင့် အနည်းငယ် ညိုမှိုင်း သွားခဲ့၏။
“…”
ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်ထံမှ လေးနက်သည့် စိတ်ခံစားချက်များကို ခံစားလိုက်ရသည်။ သူမ ပိုမို နက်ရှိုင်းစွာ စူးစမ်းလိုသော်လည်း ၎င်းနှင့် ပတ်သက်၍ မမေးရဲချေ။ ၎င်းက သံသယ ဖြစ်စရာ မရှိအောင် ထိလွယ်ရှလွယ် နိုင်သည်။ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် ပြန်လည် တည်ငြိမ်သွားချိန် အထိ သူမ စောင့်ဆိုင်းလိုက်၏။
“နင် အဲဒီ ဆန္ဒကို ဘယ်သူ့ကို ရစေချင်လဲ...”
“ရိုးရိုးသားသား ပြောရရင် ငါ ထာဝရ သရဖူကို ရစေချင်တဲ့လူ တစ်ယောက် ရှိတယ်... သူ(မ) ရဲ့ ဆန္ဒက လူတိုင်းကို အံ့အားသင့်သွားစေမှာ သေချာတယ်”
“တစ်ယောက်တည်းလား”
“တစ်ယောက်တည်းပဲ... ကျုပ် ကတိပေးတယ်... သူ့ရဲ့ ဆုတောင်းက ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကိုတောင် တုန်ရီစေလိမ့်မယ်... တကယ်ဆိုရင် သူ အောင်မြင်သွားမှာကို ကျုပ် မလိုလားသင့်ဘူး... ဘာလို့လဲ ဆိုတော့ သူက အများဆုံး ဒုက္ခပေးတဲ့သူ ဖြစ်လာမှာ မလို့ပဲ... ဟ ဟ... ဒါပေမဲ့ အဲဒါကို စဉ်းစားဖို့ နောက်ကျသွားပြီ ထင်ပါတယ်”
ထိုတစ်ယောက်၏ ဆန္ဒကို စဉ်းစားမိသော အခိုက်၌ ဝေ့ဝူယင်မှာ ပင်ပန်း နွမ်းနယ်စွာ ရယ်မောရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ချေ။
“ဟမ်…ဘယ်သူလဲ အဲ့ဒီလူက”
ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်သော်လည်း... ဝေ့ဝူယင်ထံမှ အပြုံးနှင့် ရယ်မောသံမှလွဲ၍ ဘာမျှ မရရှိခဲ့ပေ။
“ကောင်းပြီလေ... ရတယ်... မပြောနဲ့... ဒါပေမဲ့ ငါကတော့ ပေ့ဝေဝေနဲ့ ဟုန်ချွင်းဟွာ တစ်ယောက်ယောက်ပဲလို့ ထင်တယ်”
“အိုး...”
ဝေ့ဝူယင်မှာ ထိုခန့်မှန်းချက် နှစ်ခုကြောင့် အံ့အားသင့်သွား၏။
“သူတို့ နှစ်ယောက်စလုံးက နင့်ရဲ့ မိန်းမ ဖြစ်ချင်တယ်လို့ ဆန္ဒပြုနိုင်တယ်လေ... ဒါမှမဟုတ် အဂ္ဂိရတ် သူရဲကောင်း ဖြစ်ဖြစ် ဗာကီရီ အဖွဲ့ဝင်တွေပဲ ဖြစ်ဖြစ်...”
“…”
ဝေ့ဝူယင်၏ စိတ်ဝင်စားမှုများမှာ တဖြည်းဖြည်း ကျဆင်းသွား၏။ သူက သူ၏ ခေါင်းကိုင်သမီး ဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သူမ လုပ်မှာလား... မလုပ်ဘူးလား..။
၄:၃၀...
ထာဝရ သရဖူ မဖွဲ့စည်းမီ လေးမိနစ်နှင့် စက္ကန့်သုံးဆယ်သာ ကျန်ရှိတော့၏။ အာဏာရှင်များ၊ ကွန်မန်ဒါများ၊ မူလ အာဏာရှင်များနှင့် ရွေးချယ်ခံများမှာ နောက်ဆုံးမိနစ် ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် တစ်ဦးနှင့် တစ်ဦး ခွဲထွက်သွားကြလေရာ လေထု၏ အခြေအနေက တဖြည်းဖြည်းချင်း တင်းမာ လာခဲ့သည်။ တိုက်ခိုက်မည့် သူများမှာ စက္ကန့်၏ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်း၌ ခွန်အားကို စုဆောင်းရန် ကြိုးပမ်း နေကြ၏။
သူတို့ အနေဖြင့် ထာဝရ သရဖူကို ထိရန်သာ လိုအပ်သည်။ သူတို့ အားလုံးတွင် အခွင့်အရေး ရှိသည်။
ယီယွင်မှာ တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းရင်း လက်သီးကို တင်းကြပ်စွာ ဆုပ်ထားခဲ့၏။ အာဏာရှင်များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ထိုအခွင့်အရေးမှာ အလှမ်း မမှီနိုင်ဟု သူ မခံစားရချေ။ အကယ်၍ သူ့ထံတွင် ဘာမှ မကျန်တော့လျှင်ပင် ကျန်ရှိမည့် တစ်ခုတည်းသော အရာက အဆိုးရွားဆုံး အခြေအနေများတွင်ပင် တိုက်ခိုက်ရဲသည့် သတ္တိ ဖြစ်သည်။ ၎င်းက ကြီးကျယ် ခမ်းနားသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာမည့် လက္ခဏာ တစ်ခုပင်။
ထို့အပြင်... သူက တစ်ချိန်လုံး ပြင်ဆင်မှု မလုပ်ပဲ မိုက်မဲစွာ စောင့်ဆိုင်းနေခဲ့ခြင်း မဟုတ်ချေ။ အစ်မကြီး ယွန်းလီနှင့် အတူ ပါလာသည့် လှပသော ကောင်းကင် ပုရောဟိတ်မလေး၏ အကူအညီကို ရှာဖွေနိုင်ခဲ့သည်။ ကောင်းကင် ပုရောဟိတ် တစ်ယောက်၏ အကူအညီမှာ အရေးပါသော အခိုက်အတန့်များအတွက် အသုံးဝင်မည်မှာ သေချာသည်။
ပရမ်းပတာ အခြေအနေကြားတွင် သူ့အနေဖြင့် အခိုက်အတန့်တစ်ခုကိုသာ ရှာဖွေရန် လိုအပ်သည်။
***