ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၉)
Vol. 122 Ch. 1705
ဟူး... ဟူး...
နာ့ရှင်းရီမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေထံမှ စွမ်းအင်များကို အသုံးပြုကာ လောက တားမြစ်ခြင်း အစီအရင်ကို ဆက်လက် အားဖြည့်ပေး နေခဲ့၏။ ဒဏ်ရာ ရရှိနေသည့် အချိန်တွင် ခွန်အားကို အသုံးပြု နေရသော နာကျင်မှုကြောင့် တုန်ရီခြင်းနှင့် ယိမ်းယိုင်ခြင်းတို့ကို ဖိနှိပ်ထားရသော်လည်း မိန်းကလေးမှာ များစွာ ဖုံးကွယ်ခြင်း မပြုပါချေ။
အာဏာရှင်များမှာ သူမ၏ အခြေအနေကို သဘောပေါက် လိုက်ကြလေရာ မကြာခဏ ဆိုသလို လှမ်းကြည့် နေကြ၏။ သို့သော်လည်း သူတို့က ခပ်မြန်မြန်ပင် မျက်နှာလွှဲလိုက်ကာ လှိုင်းနှုန်းကိုပင် လျစ်လျူ နေကြသည်။
နာ့ရှင်းရီကတော့ ထိုအခြေအနေကို သဘောကျပေသည်။ သူမက သရဖူ အတွက် နောက်ဆုံးသော ကြိုးပမ်းမှုကို လျှို့ဝှက်စွာပင် လုပ်ဆောင် နေခဲ့၏။ ၎င်းမှာ အာရုံခံနိုင်စွမ်းများကို ဖုံးကွယ်နိုင်သည့် ရိုးရှင်းသော ဂါထာ တစ်ခု ဖြစ်သည်။ ၎င်းက မီးခိုးတိမ်တိုက် တစ်ခုနှင့် တူကာ သတ်မှတ်ထားသော နေရာအတွင်း၌ ဖုံးကွယ်ထားသည်။
အစီအစဉ်ကို ချမှတ်ပြီးနောက် သူမက ကြားနေ အမူအရာကို ဆက်လက် ထိန်းသိမ်းထား၏။
“ဒီတစ်ခုနဲ့တင် ငါ့မှာ အခွင့်အရေး ရှိနေပြီ...”
နာ့ရှင်းရီ အသက်ကို ခပ်ပြင်းပြင်း ရှူရင်း တွေးတောလိုက်၏။
အဝေးတစ်နေရာတွင်တော့ ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများဖြင့် တောက်ပသွားခဲ့သည်။
“တစ်ယောက်က ဖြစ်နိုင်ချေ ရာနှုန်းမှာ ပဉ္စမ နေရာကနေ တတိယ နေရာအထိ ခုန်တက်သွားပြန်ပြီ”
“ဟုတ်တယ်...”
ကောင်းကင်စစ်ဝိညာဉ်က ပြောင်းလဲမှုများကို ခွဲခြမ်း စိတ်ဖြာပြီးနောက် ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည်။
“တကယ် ကောက်ကျစ်တာပဲ...”
သူမက ညင်သာစွာ မှတ်ချက်ပေးလိုက်၏။ သို့သော်လည်း... ၎င်းက လုံလောက်လိမ့်မည်ဟု မထင်ပေ။ အဆုံးသတ် ရလဒ်ကို သင့်လျော်စွာ ခန့်မှန်းရန်အတွက် လှုပ်ရှားနေသော အပိုင်းအစများမှာ အလွန်များပြားလွန်းလှသည်။
“သူတို့ထဲက တစ်ချို့က တိုက်ခိုက်ပြီး တစ်ဦးကိုတစ်ဦး ဖယ်ရှားကြလိမ့်မယ်...”
ကောင်းကင် စစ်ဝိညာဉ်က ဆိုလိုက်၏။ တစ်ခဏမျှ ရပ်တန့်ပြီးနောက် သူမက နက်ရှိုင်းသည့် လေသံဖြင့် ထပ်ပြောလိုက်သည်။
“အဲဒါက အရမ်း လျှင်မြန်လိမ့်မယ်...”
ဝေ့ဝူယင် ခေါင်းညိတ် သဘောတူလိုက်မိသည်။ မြေအောက် ရေစီးကြောင်းများက များလွန်းသည်။ ဘယ်သူ အနိုင်ရရှိမည်ကို ခန့်မှန်းဖို့က ခက်ခဲလှသည်။ ထို့အပြင်... အနိုင် ရရှိသူကို အလွန် လျှင်မြန်သည့် အခိုက်အတန့် အတွင်း အဆုံးအဖြတ်ပေးသွား ပေလိမ့်မည်။ စက္ကန့် အတွင်းတွင်ပင် ဖြစ်နိုင်ချေ ရှိသည်။
၂:၁၅...
၂:၀၂...
၁:၃၄...
၁:၀၄...
“တစ်မိနစ်နဲ့ သုံးစက္ကန့်...”
ရုတ်တရက် ဝေ့ဝူယင်၏ အသံမှာ ခမ်းနား ထည်ဝါစွာ ပဲ့တင်ထွက်လာကာ ကောင်းကင်ကို လှုပ်ခါစေသွားခဲ့၏။ အားလုံး၏ နှလုံးသားများမှာ တဒိတ်ဒိတ် ခုန်လာခဲ့ကြသည်။ ကောင်းကင်ရှိ အလင်းတန်းများမှာ ပိုမို၍ တောက်ပလာနေခဲ့ကာ မျက်စိပင် ကွယ်ခမန်း လိလိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ ကောင်းကင်တွင် တောက်ပနေသည့် နေကြယ်များကိုပင် လွှမ်းမိုးသွားကာ ကြီးကျယ် ခမ်းနား၍ လှပသည့် မြင်ကွင်း တစ်ခုကို ဖြစ်ပေါ်လာစေခဲ့လေသည်။
၁း၀၂
ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ လျှင်မြန်စွာ ပေါင်းဆုံ၍ အံ့အားသင့်ဖွယ် ရောနှောကာ ပြိုင်စံရှားသည့် အရာတစ်ခုကို သယ်ဆောင်လာခဲ့လေသည်။
ခုနစ်ရောင်ခြယ် အလင်းများမှာ တဖြည်းဖြည်းချင်း ငွေရောင်သို့ ပြောင်းလဲသွား၏။ ထိုငွေရောင် အလင်းက ရှိရှိသမျှ လူအားလုံး၏ အာရုံများကို ဆွဲဆောင်လိုက်သည်။
“ဒါက…”
အာဏာရှင်များ အားလုံးမှာ ထိုအရောင်ကို ချက်ချင်း မှတ်မိလိုက်ကြ၏။ မျက်စိ ကွယ်သွားစေကာမူ... ခေါင်းဖြတ်ခံရစေကာမူ... ပြာဖြစ်အောင် မီးရှို့ခံရစေကာမူ... သူတို့ ထိုအရောင်ကို အတိအကျပင် မှတ်မိလိုက်သည်။
၎င်းက အဆုံးမဲ့ ခမ်းနား ထည်ဝါသည်။ စိတ်ကူး၍ မကုန်ခမ်းနိုင်အောင် ထက်မြက်သည်။ အချို့က ရိုသေမှုနှင့် ကိုးကွယ်လိုမှုတို့ကို ခံစားရသည်။ အချို့ကမူ ချစ်ခြင်း မေတ္တာနှင့် နွေးထွေးမှုတို့ကို ခံစားရသည်။ အချို့ကတော့ ကြောက်ရွံ့ ထိတ်လန့်မှုများကို ခံစားကြရသည်။
၁:၀၁...
တစ်မိနစ် မတိုင်ခင် နောက်ဆုံး စက္ကန့်၌ ငွေရောင် အလင်း ကန့်လန့်ကာမှ အရာဝတ္ထု တစ်ခုမှာ နတ်ဘုရား တစ်ပါး အလား ဖြည်းညင်းစွာ ဆင်းသက် လာခဲ့၏။ ၎င်းက သရဖူ တစ်ခု၏ ပုံစံ အဖြစ် တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။
၎င်းမှာ တောက်ပစိုပြေသည့် ငွေရောင်အဆင်း ရှိကာ အချို့သော အစိတ်အပိုင်းများ၏ ပတ်လည်တွင် ခုနစ်ရောင်ခြယ် ကျောက်မျက်များဖြင့် လှပစွာ အလှဆင်ထား၏။ ၎င်းတို့ တစ်ခုချင်းစီမှာ အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ရပ်ကို ကိုယ်စားပြုသည့် အရောင် တစ်ခုချင်းစီကို ဖော်ဆောင် နေကြသည်။ ကျောက်မျက်များမှာ တစ်ခုနှင့် တစ်ခု စိတ်ကူးယဉ် ဆန်ဆန် လျှို့ဝှက် ဆန်းကြယ်စွာ ချိတ်ဆက်ထားခဲ့သည်။ အကယ်၍ ကျောက်မျက်များ၏ တည်နေရာ တစ်ခုစီကို ခွဲခြားလိုက်ပါက ၎င်းတို့မှာ ထာဝရ သရဖူကို အပြည့်အဝ ပုံသွင်းရန် အသုံးပြုခဲ့သည့် အပိုင်းအစများနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်ကို တွေ့မြင်ရှိရလိမ့်မည် ဖြစ်သည်။
၎င်းမှာ အစစ်အမှန် ဝိညာဉ်ကိုပင် ဖမ်းစားနိုင်သည် အထိ ခမ်းနား ထည်ဝါလွန်းလှ၏။
ထာဝရ သရဖူ...
၎င်းမှာ ရွှေအဆင်းနှင့် ခမ်းနား ထည်ဝါကာ တော်ဝင် ဆန်လှသော သရဖူမျိုး မဟုတ်ချေ။ ရှင်လင်း ကျော့ရှင်းသည့် ကျောက်မျက် သရဖူ တစ်ခု ဖြစ်သည်။
၎င်းကို အစွန်းရောက်အောင် သန့်စင်သည်ဟု ခံစားရသည့် အဖြူရောင် အော်ရာ စက်ဝန်း တစ်ခုက ဖုံးအုပ်ထား၏။ ထိုအလင်း အော်ရာစက်ဝန်းမှာ အချင်း မီတာငါးရာခန့် ရှိပေသည်။ အလွန်အကျွံ မကြီးမားသော်လည်း သေးငယ်သည်တော့ မဟုတ်ပါချေ။
ချက်ချင်းပင် အားလုံးမှာ ထာဝရ သရဖူကို အာရုံစိုက် လိုက်ကြ၏။ အာဏာရှင်များစွာမှာ သူတို့ ထုတ်ယူရရှိထားသည့် မကောင်ဆိုးဝါး စောင့်ကြပ်သူများကို အသင့်ပြင် ထားကြကာ ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့ လိုချင်သည့် အရာက ရွေးချယ်ခံ ဧကရာဇ်ဘွဲ့ မဟုတ်ပါချေ။ ဝေ့ဝူယင် ချီးမြှင့်မည့် ဆုလာဒ်သာ ဖြစ်ပေသည်။
ကျိုးကြောင်း ဆီလျော်သည့် ဆန္ဒတစ်ခု...
ထိုအတွက် သူတို့ အသက်နှင့် ရင်းနှီးကာ တိုက်ခိုက်ဖို့ ဆန္ဒရှိပေသည်။
“စပြီ...”
ဝေ့ဝူယင်က ညင်သာစွာ ရေရွတ်လိုက်၏။ ထိုအခိုက်တွင်ပင် အာဏာရှင်များ၏အော်ရာမှာ ဖြည်းညင်းစွာ မြင့်တက်လာကာ အဆုံးစွန်သော အင်အားများကို စတင် ထုတ်ဖော်လိုက်ကြတော့သည်။
...
၀:၅၉
ထာဝရ သရဖူ၏ ပတ်လည်ရှိ စက်ဝိုင်းပုံ အလင်း အော်ရာမှာ ပြိုင်စံရှားသည့် သန့်ရှင်းမှု၊ အမြင့်မားဆုံးသော သန့်စင်မှုနှင့် ဂုဏ်သိက္ခာရှိသည့် တည်ရှိမှုတို့ကို ကိုယ်စားပြုကာ တဖိတ်ဖိတ် တောက်ပနေခဲ့သည်။ ထာဝရ သရဖူ ပုံပေါ်လာခဲ့ပြီ ဖြစ်လေရာ ဤမျိုးဆက်မှာ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာရန် ပါရမီပါသည်ဟု ဆိုလိုသည်။
ကောင်းကင် ပုရောဟိတ်များ၊ နတ်ဆရာများနှင့် ရှေ့ဖြစ်ဟောသူများမှာ ဤရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အခြေအနေများကို နက်ရှိုင်းစွာ စူးစမ်းခဲ့ကြကာ အလွန် ဆင်တူသည့် ကောက်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ကြသည်။ ဤပြိုင်ပွဲမှာ ကောင်းကင်ဘုံကို ဆန့်ကျင်ရန်၊ မျိုးဆက် တစ်ခုကို ပြန်လည် သတ်မှတ်ရန်နှင့် ခေတ်ကာလကို ပြောင်းလဲစေသည့် ကျင့်ကြံသူ မျိုးရိုးကို တည်ထောင်ရန် ကံကြမ္မာ ပါခဲ့ကြသည်။
ထို့ကြောင့်ပင် အာဏာရှင် အင်ပါယာကြီးများမှာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကာ အဆင့်မြင့် မျိုးနွယ် တစ်ခုချင်းစီမှ မြေကြီးရှန့်ထို သုံးပါးစီကို ပို့ဆောင်ခဲ့သည်။
ထာဝရ သရဖူ အခမ်းအနား စတင်ခဲ့သည့် အချိန်မှ စ၍ အလွှာအပြင်မှ ရွေးချယ်ခံများမှာ မြေခွေးအိုကြီးတို့၏ အမြင်အာရုံများ မမှားကြောင်း စတင် တွေ့ရှိလာခဲ့ကြရသည်။ ပုံမှန် မဟုတ်သည့် သေမျိုးများ ရောက်ရှိလာခြင်းမှ စ၍ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူ သုံးဦး ဆင်းသက်လာခြင်း အထိ ထူးဆန်း အံ့ဖွယ်ရာများကို သူတို့ မြင်ခဲ့ရသည်။ ထိုထက် ပိုမို၍ အံ့ဩဖွယ်ကောင်းသည့် အရာတစ်ခုက ပြိုင်ပွဲကို ကြားဖြတ် ရယူကြီးကြပ်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်လာခဲ့ခြင်းပင်။
ထို့အပြင်... ပြိုင်ပွဲ၌ မည်သည့် သတ်မှတ်ချက်မှ မရှိချေ။ သေဆုံးမှုများက ပုံမှန် မဟုတ်လောက်အောင်ပင် မြင့်မားလွန်းလှသည်။ ၇၆ ယောက်မြောက် တော်ဝင် မင်းသား ပေါ်လာခြင်းနှင့် ချက်ချင်း လျင်မြန်စွာ သေဆုံးသွားခြင်းတို့က အားလုံး၏ နှလုံးသားများကို လှုပ်ခါစေခဲ့သည်။ ထို့အပြင် ဝံပုလွေ သွေးမျိုးဆက်၏ အမဲလိုက်ခြင်းက အားလုံး၏ ဝိညာဉ်များထံ ထိတ်လန့်မှုများ ဆောင်ကျဉ်း လာခဲ့သည်။ သေမျိုးအဆင့်များ၏ နတ်ဘုရား ဆန်ဆန် တိုက်ခိုက်မှုများက အားလုံးကို ပါးစပ် အဟောင်းသား ဖြစ်စေခဲ့သည်။
အချို့မှာ လှုံ့ဆော်ခံခဲ့ကြရသည်။ အချို့မျာမူ ကျင့်ကြံခြင်း နှလုံးသားများ အပိုင်းပိုင်း ကွဲကြေ သွားခဲ့ကြသည်။ အချို့ကတော့ သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပြောင်းလဲစေမည့် ပုဂ္ဂိုလ်များနှင့် ဆုံတွေ့ခဲ့ကြရသည်။
ယခုအခါ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ ကျိုးကြောင်းဆီလျော်သော ဆန္ဒတစ်ခု အတွက် တိုက်ပွဲမှာ နိဂုံးချုပ်ရန် အစွန်အဖျားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပင် ဖြစ်စေ၊ ဖုံးကွယ်၍ပင် ဖြစ်စေ... အစီအမံ အားလုံးကို ချမှတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း... နောက်ဆုံး အတားအဆီး တစ်ခု ရှိနေခဲ့သည်။
၎င်းက ထာဝရ သရဖူပင်။
***