သဘာဝလွန်နယ်ပယ် ဓားသွားကျင့်ကြံခြင်းအတတ်။ ဓားချီကို ပြုစုပျိုးထောင်ခြင်း၊ ဓားသွားစွမ်းအား စုဆောင်းခြင်း၊ ဓားဝိညာဉ်စုစည်းခြင်း။ (၁)
Vol. 16 Ch. 232
"ငါလုပ်နိုင်သွားပြီ!"
စူးချန်ခုန်းသည် ယခုအချိန်တွင် သူ့မျက်နှာထက်က ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူ၏ ဓားသွားကျင့်ကြံခြင်းအတတ်သည် ခန္ဓာကိုယ်ကို ဓားသွားအဖြစ် အသုံးပြု၍ ဓားချီကို သိမ်းဆည်းထားနိုင်ခဲ့သည်။
ဓားချီကို သူ့ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းတာက အားသာချက်တွေ အများကြီးရှိသည်။ ပထမတစ်ချက်က ဓားချီအများအပြားကို တစ်ခါတည်းဖြစ်ဖြစ် နည်းနည်းချင်းပဲဖြစ်ဖြစ် ထုတ်လွှတ်နိုင်သည့် စွမ်းရည်ဖြစ်ပြီး သုံးစွဲတာကို ထိန်းချုပ်နိုင်ဖို့အတွက် ပိုပြီး လွယ်ကူသည်။ ဓါးကိုဆွဲထုတ်လိုက်တာနဲ့ အားလုံးကို အသုံးပြုဖို့ လိုအပ်တဲ့ ဓားချီကို ဓါးနဲ့ သိမ်းထားသလိုမဟုတ်ပါ။
နောက်တစ်ချက်က စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ စုဆောင်းထားသော ဓားချီကို အသုံးမပြုပါက ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ဓားသွားနဲ့ကျင့်ကြံတာကတော့ ထိုအထဲတွင် သိမ်းဆည်းထားသော ဓားချီကို နေ့တိုင်း ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပြီး မဟုတ်ပါက ဓားချီသည် တဖြည်းဖြည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။
ဓားချီကို မိမိကိုယ်တိုင် သိမ်းဆည်းထားသောကြောင့် ထိန်းချုပ်မှုမှာ ပို၍ ကောင်းမွန်သည်။ စွမ်းအင်ဆယ်ခုထုတ်ရင် အကျိုးသက်ရောက်မှုဆယ်ခုလုံးကို ပေးစွမ်းနိုင်သည်။
"ငါ့ရဲ့ ဓားသွားကျင့်ကြံခြင်းအတတ်က ဘယ်အတိုင်းအတာအထိ ရောက်နိုင်သလဲဆိုတာ ကြည့်ရအောင်။"
စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာပြီး ဤကာလအတွင်း ဓားချီကို သူ့ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းဖို့ အာရုံစိုက်ထားရန် လိုအပ်ပြီး ၎င်းက သူ၏ အသက်ကို ကယ်တင်ရန် ရန်သူကို သတ်ပစ်မည့်အကွက်ဖြစ်သည်။
ထိုမိစ္ဆာနတ်ဆိုး ဖုန်းမော့သည် အချိန်မရွေးပေါ်လာနိုင်ပြီး စူးချန်ခုန်းသည် ချီသွေးနဂါးရှည်အဆင့်သို့တက်ရန် အချိန်မလောက်တော့ပေ။ အဆင့်တက်သွားရင်တောင် အနိုင်ယူနိုင်မလားဆိုတာ မသေချာပါ။
သို့တိုင် ဓားသွားကျင့်ကြံခြင်းအတတ်သည် စူးချန်ခုန်း၏ တိုက်ခိုက်ရေးစွမ်းအားကို အချိန်တိုအတွင်း လွန်စွာတိုးတက်စေနိုင်သောကြောင့် ဓားသွားကျင့်ကြံခြင်းအတတ်တွင် သူ၏အာရုံအားလုံးကို စူးစိုက်ပြီး ဓားချီကို အတွင်းထဲ၌ သိမ်းဆည်းထားရမည်ဖြစ်သည်။
စူးချန်ခုန်းသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရပြီး သူလှဲလိုက်ပြီး အိပ်ပျော်သွားလေ၏။ သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပြန်လည်ရရှိရန် အသက်ရှုသွင်း ရှူထုတ်လုပ်နေခဲ့သည်။ နာရီဝက်အကြာတွင် စူးချန်ခုန်းသည် အားပြန်ပြည့်လာပြီး တင်ပျဉ်ခွေထိုင်ကာ ဓားချီကို စတင် စုဆောင်းလိုက်သည်။
"ဟူး!"
စူးချန်ခုန်း၏ ချီစွမ်းအင်အနှစ်သာရသည် တစ်သားတည်းဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင် လိပ်အသက်ရှူနည်း၏ စစ်မှန်သော ချီစွမ်းအင် စီးဆင်းလာပြီး သူ၏ချီစွမ်းအင်နှင့် သွေးများ ပွက်ပွက်ဆူလာကာ စူးရှသော ဓားချီနှင့် စွမ်းအင်ချည်မျှင်များ ရောနှောပေါင်းစပ်သွားသည်။
ဤဓားချီသည် ပို၍ အားကောင်းလာကာ အစက အရောင်မရှိဘဲ ဖောက်ထွင်းမြင်ရသောအခြေအနေမှ သွေးနီရောင် တစ်စွန်းတစ်စပါသည့် အပြာဖျော့ဖျော့သို့ ပြောင်းလဲသွားသည်။
ထိုအပြာဖျော့ဖျော့က သူ၏ လိပ်အသက်ရှူနည်းချီစွမ်းအင်မှ ဆင်းသက်လာပြီး သွေးနီရောင်ကတော့ သူ၏ ချီနှင့်သွေးတို့မှ ဆင်းသက်လာတာဖြစ်သည်။
ဤဓားချီ၏ အဓိကကိုယ်ထည်မှာ လိပ်အသက်ရှူနည်းချီစွမ်းအင်နှင့် သူ၏ကိုယ်ပိုင် ချီနှင့်သွေးဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ကာ ၎င်းကို စူးရှထက်မြက်အောင် ပြုလုပ်ပြီး မထိုးဖောက်နိုင်အောင် ပြုလုပ်ခဲ့သည်။
စူးချန်ခုန်း၏ကိုယ်ထည်အတွင်း ကျင့်ကြံထားသော ဓားချီသည် ဓါးကိုအသုံးပြု၍ သိမ်းဆည်းထားသော ဓားချီထက် အနည်းအများထက်ပို၍ အရည်အသွေးမြင့်သည်။
ဓားသွားကျင့်ကြံခြင်းအတတ် (သတ္တမအဆင့် လေးနက်သော ကျွမ်းကျင်မှု ၂၆%)
သူ၏ ခန္ဓာကိုယ်ဖြင့် ဓားချီကို ကျင့်ကြံခြင်းဖြင့် စူးချန်ခုန်း၏ ဓားသွားကျင့်ကြံခြင်းအတတ် နယ်ပယ်သည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ တစ်ရက်တည်းတွင် တိုးတက်မှုဘားသည် အင်မတန်များပြားသော ၇% ထိတိုးလာခဲ့သည်။
အချိန်တိုအတွင်း ဓားသွားကျင့်ကြံခြင်းအတတ်သည် အဆင့်ရှစ်သို့ လှမ်းနိုင်မည်ဖြစ်သည်။
ဓားချီကို ကျင့်ကြံနေစဉ် စူးချန်ခုန်းသည် စစ်ခုန်းဟွမ်ထံမှ ပြင်ပလောကအကြောင်း သိခဲ့ရသည်။
"လွန်ခဲ့တဲ့ သုံးရက်က သံအလံဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတစ်ဦးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အသေအပျောက်များခဲ့တယ်။ ဂိုဏ်းခေါင်းဆောင် ထျဲဝူချန်းနဲ့ ဒုတိယဂိုဏ်းခေါင်းဆောင်တို့က ပွဲချင်းပြီး သေဆုံးသွားပြီး သူတို့ရဲ့အလောင်းတွေကို ယူသွားခံလိုက်ရတယ်...။"
စူးချန်ခုန်းသည် တောနက်စီရင်စုမြို့တော်တွင် ဖြစ်ပျက်ခဲ့သော အဓိကအဖြစ်အပျက်များကို လေ့လာခဲ့သည်။
သံအလံဂိုဏ်းသည် တောနက်စီရင်စုမြို့တော်ရှိ အဓိကဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ ခွန်အားနှင့် အရင်းအမြစ်များသည် ဧရာမဝေလငါးဂိုဏ်းထက် အဆပေါင်းများစွာ နည်းပါးသော်လည်း တပည့်ပေါင်း နှစ်ထောင်နီးပါးရှိကာ ဂိုဏ်းခေါင်းဆောင် ထျဲဝူချန်းသည် တောနက်စီရင်စုမြို့တွင် ကာလကြာရှည်တည်မြဲခဲ့သော ကျွမ်းကျင်သူဖြစ်သည်။ သို့တိုင် သူသည် သူ၏ကိုယ်ပိုင်ဂိုဏ်းတွင် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
"ဖုန်းမော့ လုပ်လိုက်တာပဲ။ သူက ပညာရှင်တွေရဲ့ အသွေးအသားကို အရမ်းစိတ်ဝင်စားပုံရတယ်။ သူ့ကိုယ်ပိုင်အခြေအနေကို ပြန်လည်ထူထောင်ဖို့ အသုံးပြုနေတာလား။"
ဤသတင်းကြောင့် စူးချန်ခုန်း ရင်ထိတ်သွားသည်။
လွန်ခဲ့သောသုံးရက်ဆိုတာ စူးချန်ခုန်းနှင့် ဖုန်းမော့တို့ တိုက်ခိုက်ပြီးသည့်နေ့ဖြစ်သည်။ ထင်ထားသည့်အတိုင်း သံအလံဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ကိုသတ်ခဲ့သူမှာ ဖုန်းမော့ဖြစ်သည်။
အရင်တစ်ခေါက်က ဖုန်းမော့သည် သူ၏ အားအကောင်းဆုံးအခြေအနေသို့ မရောက်သေးသောကြောင့် ခဏလေးနှင့် တိုက်ပွဲမှ ဆုတ်ခွာသွားခဲ့သည်ဟု စူးချန်ခုန်း မှန်းဆခဲ့သည်။ယခုတော့ ဖုန်းမော့သည် သူ့ကိုယ်သူ အထွတ်အထိပ်သို့ ရောက်စေရန် သားကောင်များကို လိုက်လံ အမဲကာ ဖမ်းဆီးနေပုံရသည်။
သာမန်သိုင်းသမားများနှင့် နှိုင်းယှဉ်ပါက သိုင်းပညာ ကျွမ်းကျင်သူများ၏ အသွေးအသားတွင် စွမ်းအင်များစွာ ပါဝင်ပါသည်။
ချီသွေးနယ်ပယ်ရှိ သိုင်းပညာရှင်တစ်ယောက်သည် သာမန်လူတစ်ရာနှင့် ညီမျှနိုင်ပြီး ဖုန်းမော့သည် တောနက်စီရင်စုရှိ သိုင်းပညာကျွမ်းကျင်သူများကို လိုက်လံရှာဖွေနေသည်။
"ဒီနေ့ကစပြီး ဧရာမဝေလငါးဂိုဏ်းက တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်မယ်။"
ဧရာမဝေလငါးဂိုဏ်းသည် ဖုန်းမော့ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ၎င်းတို့၏ ခံစစ်များကို အားကောင်းအောင်လုပ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
"သေစမ်း...ဘယ်သူက ပရမ်းပတာဖြစ်အောင် လုပ်နေတာလဲ။ ဘယ်သူကများ သတ်ပစ်ဖို့အတွက် သူများရဲ့ နယ်မြေထဲကို မျက်နှာပြောင်တိုက်ပြီး ဝင်မှာလဲ"
"ငါတို့ ဧရာမဝေလငါးဂိုဏ်းကို လာဖို့ သူတို့မှာ သတ္တိရှိမှာ မဟုတ်ဘူးလို့ မင်းထင်တယ်မလား။ ငါတို့ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံက နတ်ဘုရားရဲစွမ်းသတ္တိနဲ့ ပြိုင်ဘက်ကင်းတဲ့သူပဲ။"
ဧရာမဝေလငါးဂိုဏ်းသားများသည် သံအလံဂိုဏ်းခေါင်းဆောင်အသတ်ခံရသည့်သတင်းကိုကြားသိရပြီး အများအပြားမှာ စိုးရိမ်ပူပင်ခဲ့ကြသော်လည်း ဧရာမဝေလငါးဂိုဏ်းတွင် အားကောင်း သောစစ်သည်တော်များနှင့် ဂိုဏ်း၏ ပဲ့ကိုင်ရှင် ခေါင်းဆောင်စစ်ခုန်းယုံ ရှိသည်ဖြစ်ရာ အားလုံး စိတ်သက်ရာရသွားကြသည်။
“ဆက်လေ့ကျင့်မယ်!”
စူးချန်ခုန်းသည် အပြင်က ပြောင်းလဲမှုများနှင့် ပတ်သက်၍ သူ့ကိုယ်သူ မစိုးရိမ်ခဲ့ပေ။ မိနစ်တိုင်းတွင် ဓားချီကို ပြုစုပျိုးထောင်ကာ တော်တော်လေး အလျင်လိုနေသည်ဟု ခံစားရသည်။ သူသည် ဓားသွားကျင့်ကြံခြင်းအတတ်ကို အဓိကအာရုံစိုက်ပြီး တစ်နေ့ကို ၄၈ နာရီလောက်ရှိစေချင်နေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ နှစ်ရက်သုံးရက်တိုင်းလိုလို တောနက်စီရင်စုမြို့တော်တွင် ကြီးကြီးမားမား သတင်းတစ်ခု ထွက်ပေါ်လာတတ်သည်။ သံအလံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် သေဆုံးပြီးနောက် မြို့တော်ရှိ သိုင်းခန်းမကြီးတစ်ခု၏ သခင်သည် နှစ်ရက်အကြာတွင် အလားတူ အသတ်ခံခဲ့ရသည်။
လူသတ်သမားသည် အလွန်အစွမ်းထက်သော မာကျောခြင်းစွမ်းရည်ဖြင့် ဓားနှင့်လှံကို ခံနိုင်ရည်ရှိသော သန်မာသော အဘိုးအိုတစ်ဦးဖြစ်သည်ဟုလည်း မျက်မြင်သက်သေများကလည်း ဆိုကြသည်။
ဒီသတင်းကိုကြားတော့ စူးချန်ခုန်းဟာ ပြစ်မှုကျူးလွန်သူက ဖုန်းမော့မှန်း သေချာသွားလေပြီ။
ဖုန်းမော့သည် အစက ခါးကုန်းကုန်း အဘိုးအိုတစ်ဦးအဖြစ် ပေါ်လာခဲ့ပြီး တောနက် စီရင်စုမြို့တော်ရှိ ကိုယ်ခံပညာကျွမ်းကျင်သူများကို အမဲလိုက်ပြီး သူတို့၏ အသွေးအသားကို စားသုံးကာ သူ၏အခြေအနေကို အထွတ်အထိပ်သို့ တက်လှမ်းစေခဲ့သည်။
"ငါ့ကိုယ်ထဲမှာ ဓားချီက ပိုပိုသိပ်သည်းလာတယ်။ တွေးလိုက်ရုံနဲ့တက် ဓားချီက ငါ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲပြီး ရန်သူကို အန္တရာယ်ပြုနိုင်တယ်။"
အချိန်ကြာလာသည်နှင့်အမျှ စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဓားချီသည် တဖြည်းဖြည်း ပိုမိုသန့်စင်လာပြီး ထူလာကာ သူ့ခန္ဓာကိုယ်သည် ဓားအိမ်ကဲ့သို့ ဖြစ်လာကာ တွေးလိုက်ရုံဖြင့် ဓားသွားသည် ဓားအိမ်မှကျွတ်ကာ အားလုံးကို အလျားလိုက် ခုတ်ထစ်နိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကျော်ကြာသွားခဲ့သည်။
တောနက် စီရင်စုမြို့တော်သည် ညအခါတွင် ယခင်ကဲ့သို့ မစည်ကားတော့ပေ။