လေလံပွဲ
Vol. 13 Ch. 187
"ဟမ်?..."
ဤတစ်ချိန် ချင်းဝမ်ချွမ်အံ့သြရမည့်အလှည့်ပင်။
သူမမျက်လုံးတွေပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။
"ငါနားကြားမမှားပါဘူးနော်...."
"နင်ပြောတာ ဂျန်ဖန်းက ရင်ပြင်မှာ စွန့်ပစ်ခံခဲ့ရတယ်ပေါ့...."
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....."
ကြယ်သုံးလုံးဝိညာဥ်သခင်တစ်ယောက်...
သူက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတောင် အတော်လေးလေးစားစားဆက်ဆံရမည့် ကြယ်သုံးလုံးဝိညာဥ်သခင်ပင်။
သို့ပေမယ့် ရွေးချယ်ခံဖို့ ရင်ပြင်မှာစွန့်ပစ်ခံခဲ့ရ၏။
ဝမ်ဟုန်ယောင် ခါးသီးစွာပြုံးလိုက်သည်။
"ဟုတ်ပါတယ်, ဒီကောင်လေးမှာ ဆေးပညာပါရမီရှိတာသိတော့ သူ့ကိုတပည့်အဖြစ်ခေါ်ယူဖို့တွေးခဲ့တာ...."
"ဘယ်သူသိမှာလဲ, အဲ့ကျောက်ဝူဂျိဆိုတဲ့အရူးအိုကြီးက ငါ့နဲ့လာပြိုင်လို့မယ်လေ..."
"အဆုံးမှာတော့ ဂိုဏ်းချုပ်က မသိရတဲ့အကြောင်းပြချက်အချို့ကြောင့် သူ့ကို တပည့်အဖြစ် အင်အားသုံးခေါ်သွားခဲ့တယ်...."
ဂျန်ဖန်းက ဆေးတောင်ထိပ်၏ တပည့်ဖြစ်ခဲ့လုနီးပါးဆိုတာ သိသည့်အခါ....
ချင်းဝမ်ချွမ်အမြင် မဲမှောင်သွားပြီး ချော်လဲလုနီးပါးပင်။
သူမက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး အော်ပြောလိုက်သည်။
"နင်ဘာလို့ သူ့ကိုရဖို့ မတိုက်ခိုက်ခဲ့တာလဲ..."
"ဂိုဏ်းချုပ်ဆိုတော့ကောဘာဖြစ်လဲ။ သူ့ကို ဂရုစိုက်ရမှာလား...."
"ဂျန်ဖန်းလိုတပည့်တစ်ယောက်ကို ခေါင်းကွဲမယ်ဆိုရင် ရအောင်ခေါ်ရမှာ...."
"နင် အသုံးမကျတဲ့တပည့်။ နင်က ဆေးတောင်ထိပ်ကို နှစ်သုံးရာလောက် နှောင့်နှေးစေခဲ့တာပဲ...."
ထိုမျှလောက်ကြီးမားသည့်အခွင့်အရေး ရှေ့မှာရှိနေတာတောင် ဝမ်ဟုန်ယောင်အမိအရမဆုပ်ကိုင်နိုင်ခဲ့ပေ။
ချင်းဝမ်ချွမ် ဒေါသကြောင့် မူးလဲလုနီးပါးပင်။
ဝမ်ဟုန်ယောင် ရင်ထဲမှာ မွန်းကျပ်သွား၏။
ငါ့ကို အမျှော်အမြင်မရှိဘူးဆိုပြီအပြစ်တင်တယ်။ ဘာတဲ့အမှိုက်တွေအတွက်တိုက်ခိုက်တယ်တဲ့....
အခုကျ အကောင်းဆုံးမတိုက်ခိုက်ခဲ့လို့ အပြစ်တင်ပြန်တယ်။ ဆေးတောင်ထိပ်ကို အနှစ်သုံးရာလောက်နှောင့်နှေးစေတယ်, ဟုတ်လား....
ဤအဖွားကြီး စိတ်ကျေနပ်ဖို့က အတော်ခက်ခဲ၏။
ဂျန်ဖန်း အကြောင်းပြောရလျှင်....
ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်ရောက်လာပြီးနောက် အပြင်စည်းတပည့်တစ်ယောက် သူ့ဆီကို ကျောက်စိမ်းစာလိပ်တစ်ခုယူလာခဲ့သည်။
သူ့မျက်နှာ၌ ပြင်းထန်သည့်မနာလိုမှုတွေ ရှိနေခဲ့သည်။
"စီနီယာအကိုဂျန်, ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ ကမ္ဘာလှည့်လေလံပွဲက တစ်ယောက် ခုလေးတင်လာသွားတယ်...."
"သူပြောတာတော့ မင်းကို ဒါပေးလိုက်ပါ့တဲ့...."
ဂျန်ဖန်း ဖွင့်ကြည့်လိုက်သည့်အခါ ချန်းလျိုယွဲ့ထံမှ လက်ရေးမူဖိတ်ကြားစာကို တွေ့လိုက်ရသည်။
လက်စသတ်တော့ မနက်ဖြန်ဆို လေလံပွဲတရားဝင်စတင်ပြီပဲဖြစ်သည်။
သူမက ဂျန်ဖန်းကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့၏။
ထို့ပြင် ဂျန်ဖန်းအတွက် အကောင်းဆုံးသီးသန့်ခန်းတစ်ခုပြင်ဆင်ထား၏။
"သူမက သတိတော့ရသေးသားပဲ..."
ဤတစ်ချိန်သူသန့်စင်သည့် ပြန်လည်ကုသဆေးသာ အလုံအလောက်ရှိလျှင် သူမစွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ အနည်းငယ်ပေးဖို့ ဝန်လေးနေမှာမဟုတ်ပေ။
ထို့ကြောင့်...
အိမ်ပြန်ရောက်ပြီး သူပထမဆုံးလုပ်သည့်အရာက ပြန်လည်ကုသေဆေး ဖော်စပ်တာပင်။
ဤဆေးလုံးက အတော်ပြဿနာများ၏။
တစ်ကြိမ်ကို ဆေးတစ်လုံးသာဖော်စပ်နိုင်ပြီး အများကြီးမရပေ။
ထို့ကြောင့် ဆေးဖော်စပ်သည့်ဖြစ်စဥ်က တစ်နေ့လုံး ကြာမြင့်ခဲ့၏။
အဆုံးမှာတော့ သူ့မျက်လုံးတွေနီရဲနေပြီး ဆေးလုံး ၄၃ လုံး ဖော်စပ်နိုင်ခဲ့၏။
၎င်းတို့ထဲက ၄၀ ကို ကျောက်စိမ်းပုလင်း ၄ ပုလင်းထဲသို့ထည့်လိုက်သည်။
တစ်ပုလင်းက သူကိုယ်တိုင်တွက်ဖြစ်ပြီး၊ ကျန်ပုလင်းသုံးပုလင်းက ရှုရို့ရန်၊ ချန်းစီလင်နှင့် လျိုချင်းရှန် တို့အတွက်ပဲဖြစ်သည်။
ကျန်ဆေးသုံးလုံးကိုတော့ ပုလင်းသေးလေးတစ်ခုထဲမှာ ထည့်လိုက်သည်။
"ဂျန်ဖန်း...."
လျိုချင်းရှန်၏ ခေါ်သံထွက်ပေါ်လာခဲ့သည်။
အရေးကြီးအဖြစ်အပျက်တစ်ခုရှိတိုင်း သူမက အမြဲတမ်း ဂျန်ဖန်းကို အရင်လာခေါ်၏။
ဂျန်ဖန်း ထိုအရာနှင့် ကျင့်သားရနေပြီဖြစ်သည်။
သူက ကျောက်စိမ်းပုလင်းတွေကို အိတ်ထဲထည့်လိုက်၏။ ထို့နောက် တံခါးဖွင့်လိုက်သည့်အခါ ရင်းနှီးသည့်ပုံရိပ်တစ်ခုကို တွေ့လိုက်၏။
ဤတစ်ချိန် သူမက လက်ထဲမှာ ပစ္စည်းအများကြီးသယ်လာပြီး ဂျန်ဖန်းကို ပေးလိုက်သည်။
"ရော့... ဒါတွေက သားရဲအမဲလိုက်တဲ့ပစ္စည်းတွေပဲ...."
ဂျန်ဖန်း ယူလိုက်သည့်အခါ အလေးချိန်ကို ခံစားမိ၏။ သူက အပြုံးတစ်ခုနှင့် လက်ခံလိုက်၏။
လျိုချင်းရှန် သူမရင်ဘတ်ပေါ်က ဆံပင်ကို လက်ချောင်းဖြင့်ရစ်ပတ်နေကာ မျက်နှာတစ်ဖက်လှည့်လိုက်သည်။
"ဒါတွေက ငါပေးတာမဟုတ်ဘူးနော်...."
"နင့်အိမ်က ရှာလကာရည်အိုးကို စိတ်ဆိုးအောင် မလုပ်ရဲပါဘူး..."
နောက်ဆုံးအကြိမ် သူမ ဂျန်ဖန်းအတွက် ပစ္စည်းပြင်ဆင်ပေးတုန်းက ရှုရို့ရန်က ငြင်းဆိုခဲ့၏။
ထိုအရာက လျိုချင်းရှန်ကို အတော်လေး မကျေမနပ်ဖြစ်သွားစေ၏။
သူမအမှတ်ရနေသေးသည့်အတွက် ဂျန်ဖန်း ရယ်ချင်သွားသလို စိတ်မကောင်းလည်းဖြစ်သွား၏။
သူက ချက်ချင်းပဲ ပြန်လည်ကုသေဆေးတစ်ပုလင်း ထုတ်ယူလိုက်၏။
"ဒါ အမအတွက်...."
လျိုချင်းရှန်၏ တံဆိပ်ပြားမရှိပဲနှင့် သူက ထိုအဆင့်မြင့်ဆေးတွေကို မရနိုင်ပေ။
"ဘာကြီးလဲ..."
လျိုချင်းရှန် ယူလိုက်ပြီး အဖုံးဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။
သင်းပျံ့သည့်ဆေးရနံ့ ထွက်ပေါ်လာပြီး စိတ်ဝိညာဥ်ကို လန်းဆန်းသွားစေခဲ့သည်။
လူတစ်ယောက်က ဆေးလုံးကိုနားမလည်လျှင်တောင် ပစ္စည်းကောင်းဆိုတာတော့ သိ၏။
"ကုသဆေးလုံးအချို့ပါ။ အသက်ကယ်အခြေအနေမှာသုံးလို့ရတာပေါ့...."
ဂျန်ဖန်း သူမကို သတိပေးလိုက်သည်။
"သိမ်းထားနော်။ သူများတွေမသိစေနဲ့...."
လျိုချင်းရှန် သူမနှုတ်ခမ်းလေးကို ဖွင့်ဟလိုက်၏။
"ဒါက အင်မော်တယ်ဆေးလုံးနဲ့လဲမတူပါဘူး။ ဘာလို့ အခြားသူတွေက လုမှာလဲ...."
"ကောင်းပြီ, ငါသိမ်းထားလိုက်မယ်...."
သူမက ဂရုတစိုက် အင်္ကျီလက်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။
ဂျန်ဖန်းပေးတာဖြစ်နေသ၍ တန်ဖိုးမရှိလျှင်တောင် သူမနှစ်သက်၏။
"လေလံပွဲစတော့မယ်, သွားကြည့်ရီရအောင်...."
လျိုချင်းရှန် ဖိတ်ခေါ်လိုက်၏။
"ဒါပေါ့, ငါတို့တွေ သာမန် အများထိုင်ခုံတွေမှာပဲ ထိုင်နိုင်မှာ...."
"ငါ သီးသန်းခန်းတွေ မေးကြည့်သေးတယ်။ အားလုံး အကြီးအကဲတွေယူသွားပြီတဲ့။ တပည့်တွေက အများထိုင်ခုံတွေမှာပဲ ထိုင်လို့ရမှာ...."
တကယ်?...
ချန််းလျိုယွဲ့ သူ့အတွက်ပြင်ဆင်ထားသည့် သီးသန်းခန်းက အထူးပေါ့။
ထို့သို့ဆိုလျှင် ကျန်ပြန်လည်ကုသေဆေးသုံးလုံးကို ဘာပဲဖြစ်ဖြစ်လေလံပွဲအတွက် သူမကို ပေးရမည်ပင်။
"အရင်သွားကြည့်ရအောင်...."
သူတို့နှစ်ယောက်က တိမ်စိမ်းမြို့ကို ထွက်လာခဲ့ကြ၏။
လေလံပွဲကျင်းပမည့်နေရာကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
နေရာက အတော်ကျယ်ပြီး လူထောင်ပေါင်းများစွာဆန့်၏။
မြေပြင်၌ ခုံပေါင်းထောင်ချီ နေရာချထားပြီး လေလံပွဲစင်မြင့်အနီးနား နံရံထဲ၌ သီးသန့်ခန်း ၁၀ ခန်းရှိိ၏။
၎င်းတို့ကို အထူးသလင်းကျောက်တွေဖြင့် တည်ဆောက်ထားပြီး အပြင်မှမြင်ရဖို့ မဖြစ်နိုင်ပေ။ သို့ပေမယ့် အထဲရှိလူကတော့ အပြင်ဘက်ကို ရှင်းရှင်းလင်းလင်းမြင်ရ၏။
လေလံစင်မြင့်နှင့် ပိုနီးလေလေ မြင်ကွင်းပိုကောင်းကောင်းလေလေပဲဖြစ်သည်။
သေချာပေါက်ပင်၊ ၎င်းက ဂုဏ်သတင်းပိုကြီးတာကိုလည်းပြသနေ၏။
"အဲ့တာက ဧရာမဂိုဏ်းရဲ့ မဟာအကြီးအကဲ တိုင်းဘုပိုင်ပဲ...."
ရုတ်တရက် လျိုချင်းရှန် ခန္ဓာကိုယ်တောင့်တင်းသည့်အမျိုးသာတစ်အုပ်ကိုသတိထားမိလိုက်၏။ တစ်ယောက်ချင်းစီက သံမဏိမျှော်စင်တွေကဲ့သို့ဖြစ်ပြီး လေလံအိမ်ထဲကို ဝင်လာကြ၏။
ဦးဆောင်လာသည့် သတ်လက်ပိုင်းအမျိုးသားက သတိထားမိစရာပင်။ အရပ်နှစ်မီတာလောက်မြင့်ကာ ကြက်တွေကြားမှ ကြိုးကြာတစ်ကောင်ကဲ့သို့ လူအုပ်ထဲကို လျှောက်လာခဲ့သည်။
သူမ အာရုံစိုက်မှုကို မဆွဲဆောင်ဖို့ ခက်ခဲလှ၏။
ဂျန်ဖန်း၌ ဧရာမဂိုဏ်းကို အမြင်ကောင်းမရှိပေ။
နောက်ဆုံးအကြိမ် ဧရာမဂိုဏ်းချုပ်နှင့် သူတပည့်တို့ အရှုံးကို လက်မခံနိုင်ခဲ့ကြပေ။
သူတို့က မထွက်ခွာခင် သားရဲတစ်ရာတောင်ကိုရန်သွားစခဲ့ပြီး တိမ်စိမ်းဂိုဏ်းနယ်မြေ၌ သားရဲလှိုင်းအသေးစားကိုဖြစ်ပေါ်သွားစေခဲ့သည်။
"သူတို့က ဘာလို့ ဒီမှာရှိနေတာလဲ။ ဒီလေလံပွဲမှာ ခန္ဓာသန့်စင်တဲ့ပစ္စည်းများရှိတာလား...."
ဂျန်ဖန်း သိချင်သွား၏။
သူက သူ၏ သံမဏိသွေးစစ်မှန်ကျမ်းကို တွေးလိုက်မိသည်။
ထိုအရာကို စတင်ကျင့်ကြံတကည်းက အရင်းအမြစ်မလုံလောက်တာကြောင့် ဆက်မတိုးတက်တော့ပေ။
သူသာ တိုးတက်မှုအချို့လုပ်နိုင်ခဲ့လျှင် သားရဲလှိုင်းနှင့်ရင်ဆိုင်ရသည့်အခါ သံသယရှိစရာမလိုအောင် ပိုလုံခြုံမည်ပဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသားရဲတွေက များသောအားဖြင့် အားကောင်းသည့်ခွန်အားရှိကြ၏။
လူသားတွေက သူတို့နှင့်အနီးကပ်ရင်ဆိုင်ရာ၌ အသာစီးမရကျပေ။
"ဒါက မြင့်မြတ်ဂိုဏ်းရဲ့ နတ်ဆေးဆရာရှန်ဂွမ်းပဲ။ သူတို့လည်း ခုလေးတင် သီးသန့်ခန်းကို ဝင်သွားကြတယ်...."
လျိုချင်းရှန် နောက်ထပ် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်၏။
ဂျန်ဖန်းကြည့်လိုက်သည့်အခါ, ရှန်ဂွမ်းရှန်နှင့် ရှချောင်ကောတို့ကို တွေ့လိုက်သည်။
"နတ်ဆေးဆရာရှန်ဂွမ်းလည်း တစ််ခုခုရှာနေတာလား...."
မကြာမီ သူတို့က များစွာသောအကြီးအကဲတွေ သီးသန့်ခန်းတွေထဲဝင်သွားတာ တွေ့လိုက်၏။
လျိုချင်းရှန် ပုံမှန်မဟုတ်တာကို သတိထားမိလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ...."
"ဒါက လှည့်လှည်လေလံပွဲလေးတစ်ခုပဲလေ။ ဘာလို့ အကြီးအကဲတွေအများကြီး တက်ရောက်ကြတာလဲ...."
"အရင်တစ်ခေါက်လှည့်လှည်လေလံပွဲတုန်းက အကြီးအကဲအနည်းငယ်ပဲ တက်ရောက်ခဲ့တာ...."
"ဖြစ်နိုင်တာ ဒီလေလံပွဲမှာ မမျှော်လင့်ထားတဲ့ ရတနာအချို့ပေါ်ထွက်လာတာများလား...."
ဂျန်ဖန်း သဘောတူလိုက်၏။
အကြီးအကဲများစွာကို ဆွဲဆောင်နေသည့်ပစ္စည်းက သာမန်မဟုတ်နိုင်ပေ။
ထိုအခိုက်အတန့်၌...
ရင်နှီးသည့်အသံတစ်ခု အဝေး လှမ်းခေါ်လိုက်၏။
"ဟေး, ဂျူနီယာညီမလျို, ဂျူနီယာညီလေးဂျန်, မင်းတို့နှစ်ယောက်လည်း ရောက်နေတာလား...."
လင်ဂုဟိုင် ဂိုဏ်းအသီးသီးမှ ပါရမီရှင်တွေနှင့်အတူ လျှောက်လာခဲ့သည်။
သူတို့ကို အဝေးမှမြင်သည့်အခါ ဦးစွာနှုတ်ဆက်လိုက်၏။
လျိုချင်းရှန် သူ့ကိုသိပ်သဘောမကျတာကြောင့် တုံ့ပြန်သည့်အနေဖြင့် ခေါင်းအနည်းငယ်သာညိတ်ပြလိုက်၏။
ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်။
လင်ဂုဟိုင် စိတ်ထဲမထားပဲ ရွင်လန်းစွာ ပြောလိုက်သည်။
"မင်းတို့တွေ သီးသန့်ခန်းထဲသွားချင်ကြလား...."
လျိုချင်းရှန် မျက်ခုံးတွေ အနည်းငယ်မြင့်မတက်သွား၏။
"နင်တို့အသင်္ချေဓားဂိုဏ်းရဲ့ သီးသန့်ခန်းလား...."
လေလံအိမ်စည်းမျဥ်းအရ အကြီးအကဲတစ်ယောက်ချင်းစီက သီးသန့်ခန်းထဲသို့ လူတစ်ယောက်သာ ခေါ်သွားနိုင်၏။
ဤတစ်ချိန် တိမ်စိမ်းဂိုဏ်းမြင့်မြတ်အကြီးအကဲ ဖုန်ဂုချန်း လာတာဖြစ်၍ လျိုချင်းရှန်ကို သီးသန့်အခန်းထဲ ခေါ်မသွားခဲ့ပေ။
သူမက သေချာပေါက် သီးသန့်ခန်းမှ ပိုရှင်းသည့်မြင်ကွင်းကို ကြည့်ချင်၏။
သို့ပေမယ့် ထိုအရာက အသင်္ချေဓားဂိုဏ်း၏သီးသန့်ခန်းဆိုလျှင် သူမ စိတ်မဝင်စားပေ။
"သေချာပေါက် မဟုတ်ဘူးပေါ့..."
လင်းဂုဟိုင် ဂုဏ်ယူစွာပြောလိုက်သည်။
"ငါ့တို့အသင်္ချေဓားဂိုဏ်းက နံပါတ် ၉ သီးသန့်ခန်းပဲရတယ်...."
"ငါ အဲ့နေရာကို သွားတောင်မသွားချင်ဘူး..."
အို?...
လျိုချင်းရှန် အံ့အားသင့်သွား၏။ ထို့နောက် လင်းဂုဟိုင်ဒေါ်လေးက လေလံပွဲ၏ဒုဥက္ကဠချန်းဆိုတာ သတိရသွား၏။
သူ့အတွက် သီးသန့်ခန်းတစ်ခန်း စီစဥ်ဖို့က မခက်ခဲပေ။
သူမက မနေနိုင်ပဲ သက်ပြင်းချလိုက်သည်။
"နင့်အဒေါ်က နင့်ကို ချစ်သားပဲ။ နင့်အတွက် ဘယ်သီးသန့်ခန်းပြင်ပေးလိုက်လဲ..."
လင်းဂုဟိုင် ရယ်လိုက်၏။
"သေချာပေါက်, နံပါတ်တစ် သီးသန့်ခန်းပေါ့..."
ဘာ?...
လျိုချင်းရှန် မျက်မှောင်ကြုတ်သွား၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
အဆက်အသွယ်အတွက် နောက်ဖေးတံခါးဖွင့်ပေးချင်လျှင်တောင် အကောင်းဆုံးဖြစ်သည့် နံပါတ် ၁ သီးသန့်ခန်းကို ပေးဖို့ကတော့ မဖြစ်နိုင်ပေ။
လင်ဂုဟိုင် ထူးဆန်းစွာ ပြုံးလိုက်သည်။
"ငါ့အတွက်သုံးဖို့တော့ သဘာဝအတိုင်းမဖြစ်နိုင်ဘူးပေါ့...."
"အဲ့ဒီ နံပါတ် ၁ သီးသန့်ခန်းက ပုဂ္ဂိုလ်ကြီးတစ်ယောက်အတွက်။ သူလက်လေးလှုပ်ရုံနဲ့တင် ဂိုဏ်း ၉ ဂိုဏ်း နယ်မြေတစ်ခုလုံး တုန်ခါသွားစေနိုင်တယ်....."
"ငါ့အဒေါက ငါ့ကို နံပါတ် ၁ သီးသန့်ခန်းသွားပြီး အဲ့ပုဂ္ဂိုလ်ကို ရေပူရေအေးဆက်သခိုင်းလိုက်တယ်။ ထင်မြင်ချက်ကောင်းချန်ထားနိုင်အောင်ပေါ့...."
"သူမပြောတာတော့ ငါသာအဲ့ပုဂ္ဂိုလ်ရဲ့နှစ်သက်မှုရရင် ကောင်းကင်ပျံတက်သလို ထိပ်ဆုံးကို ရောက်သွားမှာတဲ့..."
ဤစကားက နောက်ရှိ ပါရမီရှင်တပည့်တွေအား သူ့ကို စိတ်အားထက်သန်စွာ ကြည့်သွားစေ၏။
ချန်းလျိုယွဲ့အဆင့်အတန်းနှင့် ဤကဲ့သို့စကားမျိုးပြောခြင်းက ထိုပုဂ္ဂိုလ် ဘယ်လောက်ကြောက်စရာကောင်းလဲပြသနေတာပဲဖြစ်သည်။
အနည်းဆုံး ထိူလူက ဂိုဏ်းချုပ်အဆင့်ရှိသူ တစ်ယောက်ဖြစ်ရမည်ပင်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်း၏ အဆင့်မြင့်အဖွဲ့ဝင်တောင်ဖြစ်နိုင်၏။
ဘယ်လောက် ကြီးမားသည့်အခွင့်အရေးနည်း။
လျိုချင်းရှန်မျက်လုံးတွေ တောက်ပသွားပြီး ထိုဧရာမပုံရိပ်ကို မြင်ချင်နေခဲ့သည်။
ဂျန်ဖန်းသာ အနည်းငယ် ပဟေဠိဖြစ်နေခဲ့သည်။
သူမှတ်မိတာသာမှန်လျှင် မနေ့က သူ့ကိုဖိတ်ကြားသည့်စာထဲ၌ ရှင်းရှင်းလင်းလင်းဖော်ပြထား၏။
သူ၏သီးသန်းခန်းက နံပါတ် ၁ သီးသန့်ခန်းပင်။