သိုင်းပညာပြသခြင်း
Vol. 13 Ch. 182
ယနေ့က အလွန်ထူးခြားသည့်နေ့ရက်ဖြစ်၏။
ပုံမှန်ဆို ဘာမှမလိမ်းချယ်ထားသည့်လျိုချင်းရှန်တောင် အလှပြင်ထား၏။
သူမက ပါးပြင်ဖြူဖြူလေးပေါ်မှာ ပါးနီအနည်းငယ်လိမ်းခြယ်ထားသည့်အတွက် သူမအသားအရည်ကို အနီရောင်အနည်းငယ်တောက်ပသွားစေ၏။
ပုံမှန် ခရမ်းရောင်၊ ကြက်သွေးရောင်ဝတ်စုံတွေဝတ်ဆင်တာထက် ယနေ့ အဖြူရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
နက်မှောင်သည့်ဆံပင်ရှည်က ရေတံခွန်ကဲ့သို့ဖြာကျကာ မျက်လုံးတွေက နှင်းကဲ့သို့တောက်ပနေ၏။
သူမက မနက်ခင်းလေပြေလေညင်းထဲမှာ လှပစွာမတ်တပ်ရပ်နေပြီး ကန္တာရထဲမှတစ်ဦးတည်းသောနတ်မိမယ်လေးလိုပင်။ နှလုံးသားတွေကို တလှပ်လှပ်ဖြစ်သွားစေ၏။
ဂျန်ဖန်းမနေနိုင်ပဲ မှင်တက်မိသွား၏။
"ဘာကြည့်နေတာလဲ...."
လျိုချင်းရှန် ဂျန်ဖန်းအကြည့်ကို သတိထားမိပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
ထို့နောက် တစ်ဖက်လှည့်ကာ ဦးဆောင်ထွက်ခွာသွား၏။
ဂျန်ဖန်းမမြင်နိုင်သည့်ထောင့်တစ်နေရာ၌ သူမနှုတ်ခမ်းတွေတွန့်ကွေးသွားပြီး ကျေနပ်သည့်အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။
ဂျန်ဖန်းရှက်ရွံ့စွာပြုံးလိုက်ပြီး သူမဘေးကို အလျှင်အမြန်ပြေးလိုက်သွား၏။
သူက သိချင်စိတ်ကိုထိန်းမထားနိုင်ပဲ မေးလိုက်သည်။
"စီနီယာအမ, ငါတို့ရဲ့မြင့်မြတ်အကြီးအကဲက ဘယ်လိုလူမျိုးလဲ...."
"ဆက်ဆံဖို့လွယ်ကူလား..."
လျိုချင်းရှန် တွေဝေမနေပဲ ပြန်ဖြေလိုက်သည်။
"ငါတို့ဂိုဏ်းကိုဦးဆောင်တဲ့သူက ဘယ်လိုလုပ်ဆက်ဆံရလွယ်မှာလဲ..."
အမှန်အကန်ပင်။
သနားညှာတာတတ်သည့်လူတစ်ဦးက ဂိုဏ်းတစ်ခုလုံးကို ကြီးကြပ်ဖို့မဖြစ်နိုင်ပေ။
လူတိုင်း၏လေးစားမှုကိုရဖို့ ထူးခြားသည့်အချက်တစ်ခုရှိရမည်ပင်။
"ဒါပေမယ့်, ဒါက သူတံခါးပိတ်ရာကထွက်ပြီးကတည်းက တပည့်တွေနဲ့တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်ပဲ။ ဂိုဏ်းသခင်တောင်ထိပ် တပည့်တွေရဲ့လက်ရှိအခြေအနေကို မြင်ချင်တယ်နေတာဖြစ်မယ်..."
"သူဒေါသထွက်မှာ မဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့...."
"ဒါ့ပြင်...."
လျိုချင်းရှန်မျက်လုံးတွေ မျှော်လင့်ချက်တွေနှင့်ပြည့်နှက်သွား၏။
"အလားအလာကောင်းတဲ့ပါရမီရှင်တွေကို ဆုချမှာသေချာတယ်...."
"အဲ့တာကို ပါရမီရှင်တပည့်တွေအတွက် မြင့်မြတ်အကြီးအကဲဆီက ဆုလဒ်လို့ယူဆလို့ရတယ်....."
ဆုလဒ်?...
ဂျန်ဖန်း သူ့နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ တောက်ပလာခဲ့သည်။
သူတို့နှစ်ယောက်က အဓိကခန်းမကို လျှောက်လာကြ၏။
စီနီယာအကိုကြီးဖြစ်သည့် ဝမ်ချန်းဂျန် တပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် စာရင်းကောက်နေခဲ့သည်။
လျိုချင်းရှန်နှင့် ဂျန်ဖန်းတို့ဘေးချင်းယှဥ်လျှောက်လာတာကိုမြင်သည့်အခါ လျိုချင်းရှန် ဂျန်ဖန်းကို နောက်တစ်ကြိမ်သွားဖိတ်ခေါ်တယ်ဆိုတာ သူသိ၏။
ရုတ်တရက် အတော်လေးမသက်မသာဖြစ်သွားသည်။
လျိုချင်းရှန် ဘာကြောင့် ဂျန်ဖန်းကို ဤလောက်ထိတွယ်ကပ်နေလဲဆိုတာ သူနားမလည်နိုင်ပေ။
သူက ပေါ့ပေါ့ပါးပါးပဲ သူတို့နာမည်တွေကို စာရင်းကောက်လိုက်သည်။
လျိုချင်းရှန်ကိုကြည့်ပြီ လက်အင်္ကျီလက်ထဲမှ နံပါတ် ၁ ပုံစံထွင်းထုထားသည့် တံဆိပ်ပြားကို တိတ်တဆိတ်ထုတ်ယူလိုက်၏။
"ဂျူနီယာညီမ, ငါမင်းအတွက် နံပါတ် ၁ နေရာ ချန်ထားပေးတယ်...."
"ဒီကောင်တွေအကုန်လုံးက မြင့်မြတ်အကြီးအကဲကို ချည်းကပ်ချင်နေကြတာ။ ငါသာစောစောသိမ်းမထားရင် သူတို့တွေ ဒါကို ယူပြီးသွားလောက်ပြီ..."
အရေးကြီးတွေ့ဆုံပွဲတိုင်းအတွက် တပည့်တွေကြားနေရာချထားခြင်းက ဦးရာစနစ်ဖြစ်သည်။
သူတို့၏နေရာတံဆိပ်ပြားတွေကို စားရင်းသွင်းသည့်နေရာမှ ရရှိကြ၏။
ယနေ့ ဒဏ္ဍာရီလာမြင့်မြတ်အကြီးအကဲနှင့် တွေဆုံရသည့်နေဖြစ်၍ လူတိုင်း အနီးဆုံးမှာထိုင်ချင်ကြ၏။
လျိုချင်းရှန်လည်း ချွင်းချက်မဟုတ်ပေ။
သူမ ဝမ်မြောက်စွာပဲ နံပါတ် ၁ တံဆိတ်ပြားကို လက်ခံလိုက်၏။
"ဂျန်ဖန်း, ငါ့ဘေးနားက နေရာကိုရွေးလိုက်...."
လျိုချင်းရှန် မျှော်လင့်တကြီးပြောလိုက်သည်။
သူမက ဂျန်ဖန်းကို မြင့်မြတ်အကြီးအကဲနှင့် သေသေချာချာမိတ်ဆက်ပေးချင်နေတာပင်။
သို့ပေမယ့် ဝမ်ချန်းဂျန် ဂျန်ဖန်းကို အမူအရာကင်းမဲ့စွာကြည့်လိုက်၏။ သူက တံဆိပ်ပြားပုံထဲမှ နံပါတ် ၁၈ တံဆိပ်ပြားကို သာမန်ကာဆန်ကာကောက်ယူပြီး ပေးလိုက်သည်။
"ဂျန်ဖန်း, မင်းနောက်မှာထိုင်ရမယ်..."
"မင်းက စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်ပဲ။ ရှေ့ဆုံးကြီးမှာထိုင်ရင် မြင့်မြတ်အကြီးအကဲရဲ့အာရုံစိုက်မှုကို ခံရလိမ့်မယ်...."
"ဆရာသာ မင်းလိုတပည့်မျိုးလက်ခံထားတာ မြင့်မြတ်အကြီးအကဲသိသွားရင် သူ့စိတ်အခြေအနေသေချာပေါက် ပျက်စီးသွားလိမ့်မယ်..."
လျိုချင်းရှန် ကန့်ကွက်လိုက်၏။
"ဘာကြောင့်လဲ....."
သို့ပေမယ့် ဂျန်ဖန်းက ထူးမခြားနားပင်။
"စီနီယာအမ,နောက်မှာထိုင်ရတာလည်းကောင်းပါတယ်။ ငါက မြင့်မြတ်အကြီးအကဲမျက်နှာကို မြင်ချင်ရုံပါ...."
"သူ့သဘောကျတာခံရတာ မခံရတာက ကိစ္စမရှိပါဘူး...."
လျိုချင်းရှန် ဝမ်ချန်းဂျန်ကို စိုက်ကြည့်လိုက်သည်။
"ဂျန်ဖန်းကို ခဏခဏအနိုင်ကျင့်နေတယ်။ နင်က ဂိုဏ်းသခင်တောင်ထိပ်ရဲ့ စီနီယာအကိုကြီးဖြစ်ဖို့ ထိုက်တန်သေးလို့လား..."
"ငါ့ကိုပြောခွင့်ပြုပါ။ ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ဂျန်ဖန်းကိုအထင်သေးမနေနဲ့...."
"အချိန်သာပေးလိုက်၊ နင်က သူ့ဖိနပ်တောင်သယ်ဖို့ မထိုက်တန်ဘူး...."
ဂျန်ဖန်းနှလုံးသားထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။
ဂိုဏ်းသခင်တောင်ထိပ်၌ လျိုချင်းရှန်တစ်ယောက်သာ သူ့ကို ကောင်းကောင်းဆက်ဆံ၏။
ထို့ကြောင့် သူက သူမကို ပြဿနာမဖြစ်စေချင်၍ ဆွဲခေါ်သွားခဲ့သည်။
"လာပါ, အထဲဝင်ကြရအောင်...."
ဝမ်ချန်းဂျန်သာ ပြာနှမ်းနှမ်းမျက်နှာဖြင့် ကျန်ခဲ့၏။
သူက လက်သီးတင်းကျပ်စွာဆုပ်လိုက်ပြီး အက်ကွဲသံတွေပါထွက်ပေါ်လာခဲ့သည်။
မျက်လုံးထဲ၌ ပြင်းထန်သည့်ရက်စက်ကြမ်းကြုတ်မှုတွေရှိနေခဲ့သည်။
"အနာဂတ်မှာ ငါက ဂျန်ဖန်းထက်နိမ့်ကျမယ်လို့သူမတကယ် ပြောသွားတာပဲ...."
"ငါက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ပဲ။ ဂျန်ဖန်းကကော...."
"လျိုချင်းရှန်ရဲ့ ဂျန်ဖန်းကိုသဘောကျမှုက အကျိုးကြောင်းကိုကျော်နေပြီ..."
သူ ထိုအကြောင်းကိုတွေးလေလေ, ဒေါသထွက်လေလေပင်။
ထို့နောက် အသိပြန်ဝင်လာပြီး နောင်တရသွား၏။
"အဲ့တံဆိပ်ပြား ဂျန်ဖန်းကို ပေးလိုက်သင့်တာ..."
"ဒါမှ မြင့်မြတ်အကြီအကဲ ဂိုဏ်းသခင်တောင်ထိပ်မှာ ဘယ်လိုတပည့်မျိုးရှိနေလဲဆိုတာ သိသွားမှာ...."
"ပြောမရဘူး, ဒေါသထွက်လွန်းပြီး ဂျန်ဖန်းကို ထုတ်တောင် ထုတ်ပစ်နိုင်တယ်...."
သူက အမှားလုပ်မိသည်ဟု ခံစားလိုက်ရ၏။
သိပ်မကြာလိုက်ပေ။
တပည့်အားလုံး စုံသွား၏။
တစ်ဦးချင်းစီက ဖျာတွေထုတ်ယူပြီး ခန်းမအလယ်မှာ ခြေချိတ်ထိုင်လိုက်ကြ၏။
ဂိုဏ်းသခင်တောင်ထိပ်၌ တပည့်နှစ်ဆယ်ခန့်ရှိ၏။
၁၈ယောက်မြောက်နေရာက အတိအကျနောက်ဆုံးတန်းပင်။
အရှေ့တန်းတွေ၌ တပည့်များစွာစုဝေးနေပြီး ပြည့်ညှပ်နေခဲ့သည်။
မြင့်မြတ်အကြီးအကဲ နောက်ဆုံးတန်းက လူတစ်ယောက်ကို သတိထားမိဖို့က မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်၌...
ကျယ်လောင်သည့်အသံတစ်ခု ခန်းမတစ်လျှောက်ပဲ့တင်ထပ်သွား၏။
"မြင့်မြတ်အကြီအကဲရောက်လာပါပြီ...."
ကြိုးကြာဖြူ ခန်းမအပြင်မှ ပျံသန်းဝင်လာခဲ့သည်။
၎င်းက တပည့်တွေခေါင်းပေါ်မှဖြတ်ကာ ခန်းမရှေ့ဆုံးမှာ ဆင်းသက်လိုက်၏။
လျိုဝူချန်း အရင်ဦးစွာဆင်းသက်လာခဲ့၏။
ထို့နောက် ဗြောင်သိုင်းဝတ်စုံဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်ကို လေးလေးစားစား တွဲကူပေးလိုက်သည်။
တပည့်တွေ အသက်ရူသံကိုထိန်းညှိလိုက်ကြပြီး စိတ်ဓာတ်တက်ကြွလာကြသည်။ သူတို့က ဂိုဏ်းသခင်တောင်ထိပ်၏ ဒဏ္ဍာရီလာ မြင့်မြတ်အကြီအကဲကို ကြည့်လိုက်ကြသည်။
ကျွမ်းယွမ်ယင်....
ဂျန်ဖန်းလည်း စိတ်လှုပ်ရှားနေ၏။
သူတို့၏မြင့်မြတ်အကြီးအကဲက ဘယ်လိုပုံဖြစ်မည်နည်း။
သူ့စိတ်ထဲ၌ ရှေးဟောင်းပညာရှိလိုအမူအရာရှိသည့် အင်မော်တယ်တစ်ယောက်ကို မြင်ယောင်နေခဲ့၏။
ရှေ့ရှိစီနီယာအကို၊ အမတွေကိုကျော်ပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ နောက်ဆုံးမှာတော့ ကြိုးကြာပေါ်မှဆင်းသက်လာသည့် အကြီးအကဲကို ဖျက်ကနဲမြင်လိုက်သည်။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အကြီးအကဲတစ်ယောက်ပင်။
နဖူးပေါ်မှာအစိမ်းရောင်မှဲ့နှင့် မျက်နှာဝိုင်းဝိုင်းလူကြီးတစ်ယောက်၊ ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ပါးလိုပင်။
ခဏနေပါအုန်း....
ဂျန်ဖန်းမျက်နှာအေးခဲသွား၏။
သူက သူ့မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး သေချာကြည့်လိုက်၏။ သူ့မျက်နှာ ပိုမိုတောင့်တင်းသွား၏။
ဒါ... ဒါက မနေ့တုန်းက သူဂျင်းထည့်လိုက်သည့် လူအိုကြီးမလား...
ထိုလူအိုကြီးက သူတို့၏မြင့်မြတ်အကြီးအကဲ?...
သူ၏ပထမဆုံးအကြိမ် ဂျင်ထည့်မှုက သူတို့၏မြင့်မြတ်အကြီးအကဲဖြစ်နေခဲ့သည်။
သူက ကမ္ဘာကြီးချာချာလည်သွားသလိုခံစားလိုက်ရပြီး ပြိုလဲကျလုနီးပါးပင်။
ထိုအခိုက်အတန့်၌ ကျွမ်းယွမ်ယင် တပည့်အုပ်စုကိုကြင်နာစွာကြည့်လိုက်သည်။
"မဆိုးပါဘူး, မဆိုးပါဘူး, လူတိုင်းက စိတ်ဝိညာဥ်ပြည့်ဝ...."
ပြောနေစဥ်မှာပဲ သူက ရုတ်တရက် နောက်ဆုံးတန်းရှိ ရင်ဘတ်ထဲခေါင်းမြုပ်လုနီးပါးငုံ့ထားသည့်တပည့်တစ်ယောက်ကို သတိထားမိလိုက်သည််။
သူက မနေနိုင်ပဲ ခဏရပ်သွား၏။
လူတိုင်းသူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းကိုတွေ့လိုက်ပြီး ပဟေဠိဖြစ်သည့်အမူအရာတွေပြသလာကြ၏။
လျိုဝူချန်းလည်း မျက်မှောင်ကြုတ်လိုက်သည်။
"ဂျန်ဖန်း, မင်းဘာလို့ ဒီလောက်ထိယဥ်ကျေးမှုမရှိရတာလဲ။ ခေါင်းမော့စမ်း...."
မြင့်မြတ်အကြီးအကဲရှေ့၌ ခေါင်းငုံ့ထားတာ ဘာကိုဆိုလိုသနည်း။
အပြစ်တင်ခံရသည့်အခါ ဂျန်ဖန်း ပိုလို့တောင် ခေါင်းငုံ့ပြီး ပြောလိုက်သည်။
"ဆရာ, မနေ့က ငါ စိတ်ဝိညာဥ်ဆေးမှားသောက်မိပြီး မျက်နှာလေဖြတ်သွားလို့ပါ...."
"မြင့်မြတ်အကြီးအကဲကိုစော်ကားမိမှာစိုးလို့ အခုလိုလုပ်နေရတာပါ..."
"ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ, ဆရာ။ ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ မြင့်မြတ်အကြီအကဲ..."
လျိုဝူချန်း ဒေါသတကြီးအံကြိတ်လိုက်၏။
နောက်ထပ်ထပ်ဆူတော့မည့်အချိန်မှာပဲ ကျွမ်းယွမ်ယင် လက်ဝှေ့ယမ်းပြီး တားလိုက်၏။
"ထားလိုက်ပါ...."
"ဘယ်သူ့မှာ မသက်မသာခံစားရတဲ့အချိန်မျိုးမရှိလို့လဲ..."
"ဒီတပည့်က မသက်မသာခံစားနေရပေမယ့် ငါ့ကိုတောင်ထိပ်သခင်ဟောင်းအဖြစ် လေးစားမှုပြဖို့ လာခဲ့သေးတာပဲ..."
"သူ့ကိုဆူမနေပါနဲ့တော့...."
လျိုဝူချန်း စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
ကံကောင်းစွာဖြင့် ကျွမ်းယွမ်ယင်က ဤကဲ့သို့ကိစ္စမျိုးကို စိတ်အနှောက်အယှက်မဖြစ်ပေ။
မဟုတ်လျှင် ဂျန်ဖန်း ယနေ့ အကြီးအကျယ်ပြဿနာတက်ပြီပင်။
ထိုအရာကိုကြားသည့်အခါ....
ဂျန်ဖန်း သူ့နဖူးမှချွေးတွေကိုသုတ်လိုက်ပြီး တိတ်တဆိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
ဘယ်လိုတောင် ကပ်သီလေးနည်း။
ကျွမ်းယွမ်ယင်သာ သူ့ကို မှတ်မိသွားလျှင် ဘာတွေဖြစ်မယ်ဆိုတာ စိတ်ကူးကြည့်လို့တောင် မရပေ။
သို့ပေမယ့် သူ့ကိုပိုခါးသီးသွားစေတာက ပြီးဆုံးဖို့ အကြာကြီးလိုသေးတာပင်။
ထိုင်လိုက်ပြီးနောက် ကျွမ်းယွမ်ယင် အပြုံးနှင့် ပြောလိုက်သည်။
"တစ်ယောက်ချင်း မင်းတို့လေ့ကျင့်ထားတာတွေကို ပြပေးကြ..."
"ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့သူကို ငါ ဆုချီးမြှင့်မယ်....."
ဂျန်ဖန်းမျက်နှာ စိတ်ပျက်အားငယ်မှုတွေနှင့် ပြည့်နှက်သွား၏။
သွားပြီပင်။
လွတ်မြောက်ဖို့လမ်းမရှိတော့ပေ။