မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်နယ်မြေလား။
Vol. 161 Ch. 2293
"သွားကြစို့။"
ကျင့်ကြံသူများက ထိုစွမ်းအား ထုတ်လွှတ်နေသည့် တည်နေရာသို့ ရွေ့လျားသွားကြသည်။ သူတို့က အံ့သြဖွယ် လျင်မြန်လှသည့် အရှိန်နှင့် လေဟာနယ်ကို ခရီးဆက်သွားခဲ့ကြသည်။
သူတို့က စွမ်းအင်အရင်းအမြစ်ထံ ချဥ်းကပ်လာသည်နှင့် ကြောက်လန့်စရာကောင်းလောက်အောင် ပြင်းထန်သည့် စွမ်းအားကို ခံစားမိပေသည်။ လေဟာနယ်အတွင်း၌ တုန်ခါသံများကို ခပ်ရေးရေး ကြားလိုက်ရသည်။ ကြီးမားသည့် အက်ကြောင်းကြီးတစ်ခုက လေဟာနယ်အတွင်း ကျန်ရစ်ခဲ့ပြီး သူတို့က ထိုနေရာသို့ သွားခဲ့ကြသည်။ အင်အားစုများစွာက စွမ်းအင်အရင်းအမြစ် နေရာသို့ နီးသထက်နီးကပ်လာပြီး သူတို့သည် အနက်ရောင်အက်ကြောင်းများစွာကိုပင် ရှာဖွေတွေ့ရှိခဲ့ကြသည်။
"အဲဒါက ဟိုမှာ။" တစ်စုံတစ်ယောက်သည် ထိတ်လန့်ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်လာနေသည့် နေရာသို့ ကြည့်ရင်း ပြောလိုက်သည်။
ကျင့်ကြံသူအားလုံးက သူတို့၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကြသည်။ သူတို့က ကြီးမားသည့် သတ္တဝါကြီးတစ်ကောင် ရွေ့လျားလာသည်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါကြီး၏ ကျောဘက်၌ မြို့တစ်မြို့ တည်ဆောက်ထားပုံရသည်။ ၎င်းက တိကျသော နေရာသို့ ရွေ့လျားလာနေသည်။ ၎င်း ဖြတ်သန်းသွားသည့် နေရာတိုင်း လေဟာနယ်က စုတ်ဖြဲခံလိုက်ရကာ အနက်ရောင် အက်ကြောင်းများ ကျန်ရစ်ခဲ့၏။
အနက်ရောင်အက်ကြောင်းများ နီးကပ်သွားသည့်အခါ ကြီးမားသော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
ထိုအခိုက်တွင် ရီဖူရှင်းနှင့် သူ့လူများသည် အရှေ့မှ ရွေ့လျားလာနေသော သတ္တဝါကြီးက ထိတ်လန့်အံ့သြဖွယ် နတ်အလင်းတို့နှင့် လင်းလက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းက အလင်းတန်းတစ်ခုထက် ပိုပေသည်။ တောက်ပသည့် မဟာလမ်းစဥ်အလင်းများက မတူညီသည့် အရပ်မျက်နှာများမှ အဆက်မပြတ် ဖြန့်ကျက်လာခဲ့သည်။ ထို့နောက် အလင်းအားလုံးသည် ကြီးမားလှသည့် သတ္တဝါကြီးပေါ်သို့ ကျရောက်လာပြီး ၎င်းကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။
ကြောက်မက်ဖွယ် တုန်ခါသံများက မိုးခြိမ်းသကဲ့သို့ ထွက်ပေါ်လာသည်။ ကြီးမားလှသည့် သတ္တဝါကြီးကို ပိတ်ဆို့တားဆီးထားသည့် နတ်အလင်းများက ဖုန်မှုန့်များအဖြစ် ကွဲကြေသွားခဲ့သည်။ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုတို့က ရှေ့သို့ ဆက်လက်သွားနေသည့် ထိုသတ္တဝါကြီးအား ရပ်တန့်နိုင်ခြင်း မရှိပေ။ ကျင့်ကြံသူများက ထိုသတ္တဝါကြီးအား ရပ်တန့်ရန် ကြိုးစားနေသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြချေ။ သူတို့က လမ်းတလျှောက် မတူညီသော နည်းစနစ်များနှင့် ကြိုးစားခဲ့ကြသော်လည်း သူတို့၏ ကြိုးစားမှုများက အချည်းနှီး ဖြစ်ခဲ့ရသည်။ ၎င်းကို ရပ်တန့်၍ မရနိုင်ခဲ့ပေ။
"ရပ်တန့်အောင် လုပ်နေတာကို လက်လျှော့လိုက်ရအောင်။" တစ်စုံတစ်ယောက်က အကြံပေးလိုက်သည်။ ကျင့်ကြံသူများသည် ထိုသတ္တဝါကြီးအား ရပ်တန့်ရန်မှာ မဖြစ်နိုင်သော တာဝန်တစ်ရပ်ဖြစ်ကြောင်း သတိပြုမိကြသည်။
ကျန်သည့်သူများက ခေါင်းညိတ်သဘောတူလိုက်၏။ ထို့နောက် ကျင့်ကြံသူများက ရှေ့သို့ ခြေလှမ်းလိုက်ကာ ထိုသတ္တဝါကြီး၏ ကျောပေါ်၌ ရှိနေသော မြို့ဆီ ဦးတည်လိုက်ကြသည်။ ထိုသတ္တဝါကြီး၏ ရွေ့လျားခြင်းကို မတားဆီးနိုင်လေရာ သူတို့က ရွေ့လျားနေသည့်အတိုင်းနှင့်ပင် ၎င်း၏ ကျောပေါ်မှ မြို့ကို စူးစမ်းရှာဖွေရန် ကြိုးစားရုံသာ တတ်နိုင်သည်။
ရီဖူရှင်းနှင့် ကောင်းကင်ဒေသ၏ အင်အားစုများမှ ကျန်သည့် ကျင့်ကြံသူများသည်လည်း သတ္တဝါကြီးရှိရာသို့ ရောက်လာခဲ့သည်။ သူတို့အပြင် မှော်နက်လောကနှင့် နတ္ထိဘုံမှ အင်အားစုများသည်လည်း အမွေအနှစ်နယ်မြေသတင်းကို ရရချင်း နေရာအနှံ့မှ ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံး၏ အကြည့်များက ရွေ့လျားနေသော ကြီးမားသည့် သတ္တဝါကြီးထံ၌ မြဲမြံနေကြသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေခဲ့၏။
ရွေ့လျားနေသော သတ္တဝါကြီးက လိပ်နက်တစ်ကောင် ဖြစ်လေသည်။
အလွန် လျင်မြန်လှသော အရှိန်ဖြင့် ရီဖူရှင်းနှင့် သူ့အဖွဲ့က ထိုသတ္တဝါကြီးအား လိုက်မီလာသည်။ သူတို့သည် ထိုသတ္တဝါကြီးက ၎င်း၏ ကျောပေါ်၌ မြို့တစ်မြို့ကို သယ်ဆောင်ထားနိုင်သော အလွန် ကြီးမားလှသည့် နတ်ဆိုးသားရဲကြီးတစ်ကောင်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ယင်းက လိပ်နက်ကြီးတစ်ကောင် ဖြစ်သည်။ သို့သော် ၎င်း၏ ဦးခေါင်းက နဂါးတစ်ကောင် သဏ္ဌာန်ရှိသည်။
"အဲဒါက လိပ်နဂါးပဲ။ ဒါပေမယ့် ကြည့်ရတာ သေနေပြီ ထင်တယ်။ အရှိန်အဝါ မရှိဘူး။" ရီဖူရှင်း၏ ဘေးမှ ရန်ဟောင်ချန်းက မှတ်ချက်ချလိုက်သည်။ ရီဖူရှင်းသည်လည်း ထိုသတ္တဝါကြီးက အလွန် ကြီးမားသည့် လိပ်နဂါးတစ်ကောင်ဖြစ်ကြောင်း သတိပြုမိသည်။ သို့သော် ၎င်း၏ မည်းနက်သော ခန္ဓာကိုယ်က အသက်ရှိနေသည့် လက္ခဏာ မရှိတော့ပေ။ ၎င်းက ရှေ့သို့ ဆက်လက်ရွေ့လျားနေရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပါဝင်နေခြင်း ဖြစ်ရပေမည်။
ထိုလိပ်နက်က သေဆုံးနေရုံမျှမက သူ့ကျောပေါ်တွင် တင်ဆောင်ထားသော မြို့သည်လည်း သေဆုံးခြင်း အရှိန်အဝါတို့နှင့် ပြည့်နှက်နေခဲ့သည်။ ထိုနေရာ၌ အသက်ရှိနေသည့် လက္ခဏာ မရှိပေ။ သို့သော် မြို့အတွင်းမှ ထွက်လာနေသည့် ပဟေဠိဆန်သော စွမ်းအားကို ခံစားမိနိုင်ဆဲ ဖြစ်သည်။ ၎င်းသည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားပင် ဖြစ်၏။
ရီဖူရှင်းသည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူများ၏ စွမ်းရည်ကို မျက်မြင်တွေ့ကြုံခဲ့ဖူးပြီး ၎င်းတို့၏ စွမ်းအားများတွင် ပါဝင်နေသည့် ဖိအားကိုလည်း တွေ့ကြုံခံစားဖူးခဲ့သည်။ သူသည် ယခု သူ့ရှေ့မှ ဖိအားကို ခံစားမိသည့်အခါ ၎င်းက မဟာအင်ပါယာတစ်ပါး၏ စွမ်းအားဖြစ်ကြောင်း သေချာပေသည်။
ဆိုလိုသည်မှာ ထိုရွေ့လျားနေသော အမွေအနှစ်နယ်မြေက မဟာအင်ပါယာတစ်ပါးပါး ချန်ရစ်ထားခဲ့ခြင်း ဖြစ်လေသည်။ မြို့အတွင်း၌ မဟာအင်ပါယာတစ်ပါး၏ စွမ်းအားက ရစ်သိုင်းနေဆဲ ဖြစ်သည်။
အခြားကျင့်ကြံသူများကလည်း ရီဖူရှင်းနှင့် တူညီသော ခန့်မှန်းချက်များ ရှိကြသည်။ သို့သော် လိပ်နဂါးက လျှို့ဝှက်ဆန်းကြယ်သော ဖိအားကို ထုတ်လွှတ်နေပြီး ၎င်းက လေဟာနယ်အား စုတ်ဖြဲကာ ရှေ့သို့ ရွေ့လျားနေသည်။ လူအုပ်ကြီးသည် ပြင်းထန်သော တစ်ခုက သူတို့ကို အသက်ရှုခက်အောင် ပြုလုပ်နေကြောင်း သတိပြုမိကြသည်။
ထိုအခိုက်အတန့်တွင် လိပ်နဂါးက ညည်းညူသံတစ်ခု ထုတ်လွှတ်လိုက်၏။ ၎င်း၏ အသံမှာ ဝမ်းနည်းနေသည့် မြည်တမ်းသံတစ်ခုကဲ့သို့ပင် ဖြစ်သည်။ အသံ၏ ပဲ့တင်ထပ်မှုက ကျင့်ကြံသူများ၏ သွေးနှင့် ချီကို ကပြောင်းကပြန် ဖြစ်သွားစေသည်။ ပြင်းထန်လှသည့် ဝမ်းနည်းမှုက သူတို့၏ ရင်ဘတ်ထဲမှ လှိုက်တက်လာ၏။ သူတို့သည် လိပ်နဂါး၏ အသံမှ စိတ်ပျက်အားငယ်မှုတို့ကို ခံစားမိနိုင်ပေသည်။
ထိုသည်က မည်သို့သော ခံစားချက်မျိုး ဖြစ်သနည်း။ ကျင့်ကြံသူများ၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာသည်။ ဤလိပ်နဂါးသည် အနက်ရောင်လိပ်တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် မြင့်မြတ်သားရဲတစ်ကောင်က သေဆုံးပြီးနောက်တွင် ထိုမျှ ပြင်းထန်သော ဝမ်းနည်းမှုတို့ ပါဝင်နေသည့် ညည်းညူသံကို ထုတ်ဖော်နေသည်။ သူ မသေခင်၌ မည်သည့်အရာတို့ ဖြစ်ပျက်ခဲ့သနည်း။
ဘုန်း..
အဆုံးမဲ့ ကြယ်အလင်းတို့က ကောင်းကင်နှင့် မြေကြီးကြားတွင် လင်းလက်လာပြီး ကြယ်အလင်းလွှာကဲ့သို့ ပြောင်းလဲသွားသည်။ ကြယ်အလင်းလွှာက ပါးလျသော လေထုထဲ၌ ပေါ်ထွက်လာသည်။ ၎င်းသည် ရန်ဟောင်ချန်းက ဖန်တီးထားခြင်း ဖြစ်သည်။ သူသည် လိပ်နဂါးကို ရှေ့ဆက်သွားခြင်းမှ တားဆီးရန် ကြိုးစားကြည့်ချင်နေသည်။
လိပ်နဂါး၏ ခန္ဓာကိုယ်သည် ကြယ်အလင်းလွှာထံ ဦးတည်သွားပြီး ဖျက်ဆီးပစ်လိုက်သည်။
ခရက်... အက်ကွဲကြေမွသွားသည် အသံတစ်ခု ထွက်ပေါ်လာသည်။ မည်သည့် အံ့သြစရာမှ မရှိဘဲ ကြယ်အလင်းလွှာက ဖုန်မှုန့်များအဖြစ် ကွဲကြေသွားခဲ့သည်။ လိပ်နဂါးက မည်သည့် အတားအဆီးနှင့်မှ မတွေ့ကြုံသကဲ့သို့ ရှေ့သို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။
ကြည့်ရသည်မှာ ၎င်းကို ရှေ့ဆက်သွားနေခြင်းမှ ရပ်တန့်နိုင်သော မည်သည့်စွမ်းအားမှ မရှိသလို ထင်မှတ်ရပေသည်။
၎င်းက ထိုလိပ်နဂါး ကိုယ်တိုင်၏ စွမ်းအားပေလား။
"ကြည့်ရတာ အဲဒါကို ရပ်ဖို့အတွက်နဲ့ ကျုပ်တို့ရဲ့ စွမ်းအားတွေကို ဖြုန်းတီးဖို့ မလိုလောက်ဘူး။ အဲဒါက မရပ်တန့်နိုင်ဘူး။" ရီဖူရှင်းဘေးမှ ရန်ဟောင်ချန်း ကောက်ချက်ချလိုက်သည်။ ရန်ဟောင်ချန်းက တစ်ကြိမ်သာ ကြိုးစားခဲ့သော်လည်း ထိုသတ္တဝါကြီး၏ စွမ်းဆောင်ရည်နှင့် ပတ်သတ်၍ သေချာနေပေသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ လျှပ်တပြက်အတွင်း သူက လိပ်နဂါး၏ ကျောပေါ်ရှိ ရှေးဟောင်းမြို့ဆီ ပြေးဝင်သွားပေသည်။
ရီဖူရှင်းနှင့် သူ့လူများက ပျက်စီးနေသော အမွေအနှစ်နယ်မြေသို့ ဆင်းသက်လိုက်သည်။ ၎င်းသည် ပျက်စီးယိုယွင်းနေသော တိုင်များ အက်ကွဲနေသော နံရံများဖြင့် ဝန်းရံထားသည်။ ထိုနေရာက ကောင်းမွန်သော နေရာတစ်ခုမှ မရှိတော့ပုံရသည်။ သူတို့သည် ယခု သူတို့ရပ်နေသည့် နေရာမှ ပို၍ အားကောင်းသော ခွန်အားကို ခံစားမိပေသည်။ ရီဖူရှင်းက ထိုစွမ်းအားမှ ဖိအားကြောင့် အနည်းငယ် အသက်ရှုရခက်လာသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အနီးတွင် မဟာလမ်းစဥ် နတ်အလင်းများ စီးဆင်းနေပြီး သူ၏ ဧကရာဇ်ရောင်ဝါက ထွက်ပေါ်လာကာ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို တဖြေးဖြေး ခံနိုင်ရည်ရှိလာသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်လာစေရန် လုပ်ဆောင်ပြီးနောက် သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်၍ အနီးဝန်းကျင်အား စစ်ဆေးကြည့်လိုက်သည်။
"အဲဒါ ဘာလဲ။" သူတို့က ပျက်စီးနေသော နယ်မြေ၏ အလယ်ဗဟိုသို့ ကြည့်လိုက်သည့်အခါ မြင့်မားသော ကျောက်တိုင်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက မျှော်စင်တစ်ခုကဲ့သို့ပင် ဖြစ်၏။ ထိုနေရာမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတို့ ထွက်ပေါ်နေသည်။
အင်အားစုများစွာမှ ကျင့်ကြံသူအားလုံးက မြင့်မားသည့် ကျောက်တိုင်ထံသို့ သွားခဲ့ကြသည်။ မျှော်စင်သဏ္ဌာန်အရာဝတ္ထု၏ အတွင်းမှ ဖျော့တော့သော အလင်းတစ်ခု ထွက်ပေါ်နေခဲ့ပုံရသည်။ ကျင့်ကြံသူများက ထိုနေရာအနီးသို့ ချဥ်းကပ်လာသည့်အခါ သူတို့ထဲမှ အချို့က ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။ ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံရသည့်အခါ မျှော်စင်သဏ္ဌာန်အရာဝတ္ထုက လှုပ်ခါသွားသလို ထင်မှတ်ရ၏။ သို့သော် ဖျက်ဆီး၍ မရအောင် ခိုင်မာနေခဲ့သည်။
နောက်ထပ် ဝမ်းနည်းဖွယ်ကောင်းသည့် ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ လိပ်နဂါးက ထပ်မံမြည်တမ်းလိုက်ခြင်း ဖြစ်၏။ ထိုအသံ၏ ပဲ့တင်ထပ်မှုက ကျင့်ကြံသူများကို စိတ်မသက်မသာ ဖြစ်စေသည်။
အားနည်းသည့် အလင်းက မျှော်စင်သဏ္ဌာန်အရာဝတ္ထုမှ ထွက်ပေါ်နေပြီး ကျင့်ကြံသူများ၏ သိချင်စိတ်ကို နှိုးဆွနေသည်။
"အတူတူ တိုက်ကြရအောင်။" တစ်စုံတစ်ယောက်က အကြံပေးလိုက်သည်။ ချက်ချင်းပင် နေရာအနှံ့မှ ကျင့်ကြံသူများက အတူတူစုပေါင်းကာ ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားကို စုစည်းလိုက်ကြသည်။
"အရင်နောက်ပြန်ဆုတ်။" ရန်ဟောင်ချန်းက ရီဖူရှင်းကို ညွှန်ကြားလိုက်သည်။ ရန်ဟောင်ချန်းက အဖွဲ့၏ ရှေ့တွင် ရပ်နေပြီး အကာအကွယ် အလင်းလွှာကို အသက်သွင်းလိုက်၏။ တစ်ချိန်တည်းတွင် ကျင့်ကြံသူများက မျှော်စင်သဏ္ဌာန်အရာဝတ္ထုဆီသို့ ပြင်းထန်လှသော တိုက်ခိုက်မှုကို ထပ်မံဖော်ထုတ်လိုက်ကြသည်။ တုန်ခါမှုကို ခံနိုင်ရည်မရှိစွာဖြင့် မျှော်စင်မှ ကျောက်ခဲများ စတင်ပြိုဆင်းလာသည်။ ၎င်းသည် အချိန်မရွေး ပြိုကျသွားနိုင်သကဲ့သို့ ထင်မှတ်ရပေသည်။
လူအများ၏ အကြည့်က မျှော်စင်၌သာ ကပ်ငြိနေခဲ့သည်။ ကျောက်စရစ်ခဲများ ပြိုကျလာသောအခါ ကျင့်ကြံသူအချို့၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့၏။
"အဲဒါတွေက.." တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ကျောက်စရစ်ခဲများ ပြိုကျလာပြီးနောက် မျှော်စင်သဏ္ဌာန်အရာဝတ္ထုအတွင်း၌ လူသားခန္ဓာများ အမှန်တကယ် ထွက်ပေါ်လာပေသည်။ သို့သော် ထိုခန္ဓာများ၌ အသက်ရှိနေသော လက္ခဏာကို မပြသခဲ့ပေ။ ယင်းတို့က အလောင်းများသာ ဖြစ်လေသည်။
မျှော်စင်အတွင်းမှ ခန္ဓာကိုယ်အားလုံးသည် ဤနေရာ၌ ထာဝရတည်ရှိနေရပုံပေါ်လေသည်။
"ဒါက သင်္ချိုင်းပဲ။" တစ်စုံတစ်ယောက်က မျှော်စင်သဏ္ဌာန်အရာဝတ္ထုအား ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေခဲ့၏။ အနက်ရောင်လိပ်ကြီးတစ်ကောင်က သင်္ချိုင်းတစ်ခုကို ကျောပေါ်၌ တင်ဆောင်ရင်း လေဟာနယ်အတွင်း လျှောက်သွားနေခဲ့သည်လား။
၎င်းက မည်သူတို့၏ သင်္ချိုင်း ဖြစ်သနည်း။ မည်သူ့ကို အထဲ၌ မြှုပ်နှံထားသနည်း။