မရှောင်လွှဲနိုင်သော
Vol. 8 Ch. 99
အခန်း (၉၉) : မရှောင်လွှဲနိုင်သော
ဝမ်ဝေ့က ချဉ်းကပ်လာသော အဘိုးကြီးကို တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ ထိုပုဂ္ဂိုလ်က အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်မှာ ရောက်နေလည်း ဝမ်ဝေ့က ဂရုမစိုက်ပေ။ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူ၏ ပလ္လင်တွင် အံ့ဖွယ်သွေးကြော ၁၀၀ လောက်သာ ထွင်းထားကြောင်း သိနိုင်သည်။ ဝမ်ဝေ့မှာတော့ အံ့ဖွယ်သွေးကြော ၃၆၀ ရှိနေသည်။
အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်တွင် ကျင့်ကြံသူတစ်ယောက်က အများဆုံး အံ့ဖွယ်သွေးကြော ၃၆၅ ခုသာ ရှိနိုင်သည်။ သွေးကြော အခု ၉၀ ထက် ပိုပါက နယ်ပယ်၏ အလယ်အဆင့်ဟု သတ်မှတ်နိုင်ပြီး ၁၈၀ ထက်ပိုပါက အဆင့်မြင့်ဟု သတ်မှတ်ကာ ၂၇၀ ထက်ပိုပါက ထိပ်သီးအဆင့်ဟု သတ်မှတ်နိုင်သည်။
စစ်ဆေးမှု စတင်ရန် စောင့်ရင်း အချိန်ကုန်ခဲ့သော လွန်ခဲ့သည့် ခုနစ်နှစ်တာ အချိန်အတွင်း သူက အဆင့်မြင့် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့ ဝင်ရောက်သွားနိုင်ခဲ့ပြီး လွန်ခဲ့သော ငါးနှစ်အတွင်း ဤအလွှာတွင် ဂိုဏ်းမှ ယူဆောင်လာခဲ့သော မူလအရင်းအမြစ် အများအပြားကို အသုံးပြုကာ ထိပ်သီးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထိုကျင့်ကြံဆင့်သို့ ရောက်ရှိသွားသောသူက သူတစ်ယောက်တည်း မဟုတ်ကြောင်း ဝမ်ဝေ့လည်း သိသည်။ လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံးလည်း အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီး သူ့ကို မှီဖို့ အံ့ဖွယ်သွေးကြော အနည်းငယ်သာ လိုတော့သည်။
ထိုအကြောင်းကို စဉ်းစားရင်း ဝမ်ဝေ့ ကျင့်ကြံနေသည်မှာ နှစ်ပေါင်း ၅၀နီးပါး ရှိသွားပြီ ဖြစ်ပြီး အသက် ၆၀ထဲသို့ ရောက်ရှိနေသည်ကို သတိထားလိုက်မိသည်။ ယခင်ဘဝမှ အသက်သုံးဆယ်ကို ထည့်ပေါင်းပါက သူ အသက် ၉၀ လောက် ရှိနေပြီဖြစ်သည်။
ဤအသက်အရွယ်တွင် သူ မြေး သို့မဟုတ် မြစ်ပင် ရနေသင့်ပြီဖြစ်၏။ ကျင့်ကြံရေးကမ္ဘာတွင်တော့ သူက ဘာမှအရေးမပါသည့် ကလေးတစ်ယောက် သဖွယ် ဖြစ်နေသည်။
ဝမ်ဝေ့ စိတ်ထဲတွင် ကိစ္စများစွာကို တွေးတောနေစဉ် တော်ဝင်မိသားစုမှ ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခဲ့သည်။
မျက်နှာရှည်ကာ မျက်စိစွေပြီး မုတ်ဆိတ်မွေးအဖြူရှိသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သို့သော် သူက အရမ်းပိန်သည့်အတွက် အနက်ရောင်ဝတ်ရုံအောက်တွင် အရိုးများကိုပင် မြင်ရလုဆဲဆဲ ဖြစ်နေသည်။
ထိုအရာက ကုန်ဆုံးခါနီး သက်တမ်းကို တိုးမြှင့်နိုင်ရန် အတွက် သူ့ကိုယ်သူ ပိတ်လှောင်ထားခြင်း အကျိုးရလဒ်ဖြစ်ကြောင်း ဝမ်ဝေ့သိသည်။
သုံ့စစ် ရောက်ရှိလာသည့်အခါ သူ့ကို စောင့်နေသည့် ခဲဖြူရောင်မျက်လုံးနှင့် ဆံပင်ရှိသော ငယ်ရွယ်ချောမောသည့် ကောင်လေးကို တွေ့လိုက်ရသည်။ ထိုကောင်လေး၏ ကျင့်ကြံဆင့်ကို မပြောနိုင်သည့်အတွက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် ထင်မြင်သိသာသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအရ ထိုသူက ပုန်ကန်ခြင်းကို နှိုးဆော်ခဲ့သည့် ပညာရှိဝိဇ္ဇာ ဖြစ်ကြောင်း သတိထားလိုက်မိသည်။ ယခုတစ်ခေါက် သူ၏ ပစ်မှတ်က သူ ယခင်က တွေးထားသည်ထက် ပိုပြီး ရှုပ်ထွေးမည့်ပုံပေါ်သည်။
ကိစ္စများက သုံ့စစ်အတွက် ပိုမိုဆိုးရွားလာသည်။ ထို့နောက် နောက်ထပ် ထွက်လာသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုကောင်လေး၏ မျက်ဝန်းထဲတွင် ကြောက်စရာကောင်းသော တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။ ယခုထက်ပိုပြီး ဆိုးရွားသည်က ထိုကောင်လေးဆီမှ သူနှင့် အဆင့်တူသော အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ အတိအကျပြောရလျှင် ထိုအရှိန်အဝါက သူ့ထက်ပင် ပိုပြီး စွမ်းအားကြီးနေသည်။
သို့သော် သူနှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ဖြစ်လာနိုင်သော်လည်း သုံ့စစ် နောက်မဆုတ်ခဲ့ပေ။
“ ပညာရှိဝိဇ္ဇာ ဝမ်ဝေ့၊ စစ်နတ်ဘုရား လီကျွင်းမလား” သုံ့စစ်က ဩရှသောအသံဖြင့် ပြောလိုက်သည်။
“ ခင်ဗျားက သုံ့တော်ဝင်မိသားစုရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်မလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဟုတ်ပါတယ်။ ကျုပ်ကို သုံ့စစ်လို့ ခေါ်နိုင်ပါတယ်
“ အဘိုးသုံ့စစ်… အဲလို ခေါ်လို့ ရမလား။ အဲလိုပဲ ခေါ်လိုက်တော့မယ်။ အဘိုးသုံ့စစ် ဒီလိုမျိုး အဆင့်နိမ့်အလွှာမှာ ခင်ဗျားလိုမျိုး လူတစ်ယောက်က ဒီလိုမျိုး နယ်ပယ်အဆင့်ရောက်ဖို့ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ သိမှာပါ။ ဘာအကြောင်းအရင်းမှ မရှိဘဲ ဒီအတိုင်းသေလိုက်ဖို့ဆိုရင် ရှက်စရာတစ်ခု ဖြစ်မနေဘူးလား။
ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ခင်ဗျားကို ငါးနှစ် သို့မဟုတ် ဆယ်နှစ် သက်တမ်းတိုး ဆေးလုံး ပေးမယ်။ ခင်ဗျား ကျွန်တော်အတွက် အလုပ်လုပ်ပေးမလား။ တော်ဝင်မိသားစုကို သစ္စာမဖောက်ချင်ရင်လည်း ရတယ်နော်။ ဒါမှမဟုတ် ခုခံနေတာကို ရပ်တန့်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ကို လက်လွှဲပေးဖို့အတွက် တခြားအကြီးအကဲတွေနဲ့ ဘုရင်ကို စည်းရုံးနိုင်ရင်လည်း ဆေးလုံးတွေ ပေးဦးမယ်”
“ သေခါနီးဖြစ်နေတဲ့ အကြီးအကဲတွေအတွက်လည်း တူညီတဲ့ ဆေးလုံးမျိုးတွေ ပေးမယ်လို့ ကတိပေးနိုင်တယ်။ ကျွန်တော်ရဲ့ တိုင်းပြည်အသစ်မှာ တော်ဝင်မိသားစု နေဖို့နေရာလည်း ပေးထားမယ်လို့ ကတိပေးတယ်။ ဒါတွေက ကျွန်တော် သတ်မှတ်ထားတဲ့ ဥပဒေကို လိုက်နာမှ ဖြစ်လာမဲ့အရာဆိုတာတော့ သေချာတာပေါ့။ မဟုတ်ရင်တော့…”
အဘိုးသုံ့စစ်က ဝမ်ဝေ့ သူတို့ကမ္ဘာအကြောင်း ပြောဆိုနေသည့် ပုံစံနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ နှစ်ပေါင်းများစွာအတွင်း ဤကမ္ဘာ၏ တိုင်းပြည်များစွာက သူတို့၏ ကမ္ဘာသို့ ကျူးကျော်ခဲ့သော နယ်ခြားနတ်ဆိုးများအကြောင်း ကြားခဲ့ဖူးသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းက အရမ်းငယ်ရွယ်ပြီး စွမ်းအားကြီးသည်။ သို့သော် သူတို့၏ ကိုယ်ပိုင်တိုင်းပြည် တည်ထောင်ခြင်းဆိုသည့် တူညီသော ရည်ရွယ်ချက် ရှိသည်။
တချို့တိုင်းပြည်များက နယ်ခြားနတ်ဆိုးများနှင့် ပူးပေါင်းခဲ့ပြီး တချို့က သူတို့ကို တိုက်ခိုက်ဖမ်းချုပ်ပြီး သူတို့ကမ္ဘာအကြောင်း သိအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သုံ့စစ်အတွက် ကံမကောင်းစွာဖြင့် အရှေ့ဘက်မိုးတိုင်းပြည်က ရလဒ်ဘာပဲဖြစ်နေပါစေ တိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူက ကမ်းလှမ်းမှုကို သဘောကျသော်လည်း ငြင်းဆိုနေဆဲ ဖြစ်သည်။
တော်ဝင်မိသားစုမှ သူ့ကို ကျွေးမွေးလေ့ကျင့်ပေးခဲ့သည်။ သူ့သက်တမ်းအဆုံးကို ရောက်သွားသည့်အချိန်တွင် အဘိုးတန် စည်းပိတ် အစီအရင်နှင့် သွေးကျောက်တုံးများ အသုံးပြုကာ သေခြင်းမှ ကာကွယ်ပြီး ရှည်လျားသော အိပ်စက်မှုတစ်ခု ဖြစ်စေရန် ထိုမိသားစုမှ လုပ်ပေးခဲ့သည်။ ထို့ကြောင့် သူက ကျန်ရှိနေသော သက်တမ်းတစ်လျှောက်တွင် တိုင်းပြည်အတွက် အကျိုးရှိမည့်အရာကို လုပ်ဆောင်မည် ဖြစ်၏။
သုံ့စစ် သက်ပြင်းချကာ မူလချီကို စတင်စုစည်းလိုက်ပြီး လျှာဖျားထိပ်ကို ကိုက်ကာ အနီရင့်ရောင် သွေးတစ်စက်ကို ထုတ်ယူလိုက်သည်။ ထိုအရာက သူ၏ သွေးအဆီအနှစ် သို့မဟုတ် သွေးအရင်းအမြစ် ဖြစ်သည်။ သူ ကျန်ရှိနေသော အနည်းဆုံး အစိတ်အပိုင်းလေးတစ်ခု ဖြစ်သည်။
ခဏအကြာတွင် သူ့ခန္ဓာကိုယ် ပိုမိုပိန်ပါးလာကာ နံရိုးများကိုပင် အလွယ်တကူ မြင်နိုင်လာပြီး လေကပင် သူ့ကို အလွယ်တကူ ကျိုးပျက်သွားအောင် လုပ်နိုင်သည့်ပုံပေါ်နေသည်။ သို့သော် ထိုအရာကို သုံ့စစ် ဂရုမစိုက်ပေ။ သူ ဤနေရာသို့ လာကတည်းက ပြန်မသွားဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။
သူက ဘေးမှာချိတ်ဆွဲထားသော ဘူးသီးခြောက်ကို ထုတ်ကာ သွေးအဆီအနှစ် အစက်ကို ဘူးသီးခြောက်ထဲ ထည့်လိုက်ပြီးနောက် ချက်ချင်း တောက်ပလာသည်။
ဘူးသီးခြောက်ပေါ်ရှိ အရှိန်အဝါက ထိပ်သီးနက်နဲအဆင့် မှော်လက်နက်မှ အဆင့်နိမ့် မြေကမ္ဘာအဆင့်အထိ မြင့်တက်သွားသည်။
ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့ သက်ပြင်းချကာ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။ ထို့နောက် လီကျွင်းလည်း မြေကမ္ဘာအဆင့် လက်နက်တစ်ခုဖြစ်သည့် လှံတံကို ထုတ်ယူလိုက်သည်။
ထို့နောက် လီကျွင်းက သုံ့စစ်အနား ချဉ်းကပ်သွားကာ သူ ပြင်ဆင်တာ ပြီးသွားအောင် စောင့်လိုက်သည်။ သူက ဒီလောက်အထိ ယုံကြည်မှု ရှိနေသည်။
သူ ပြင်ဆင်တာ ပြီးသွားပြီး လက်ယမ်းလိုက်သည့်အခါ ဘူးသီးခြောက်ထဲမှ ရေများက လီကျွင်းဆီသို့ ဦးတည်သွားသည်။
တွေဝေစွာဖြင့် လီကျွင်းက မူလချီကို စုစည်းကာ လှံတံကို လွှမ်းခြုံစေလိုက်သည့်အခါ အနီရောင် လင်းလက်လာသည်။
သူ့ဆီ ချဉ်းကပ်လာသော ရေများကို ထိုးစိုက်လိုက်သည်။ ဝုန်းဆိုသော အသံနှင့်အတူ တိုက်ခိုက်မှုနှစ်ခု ထိတွေ့သွားပြီး အားပြင်းသောလေများက ပတ်ဝန်းကျင် မီတာတစ်ရာပတ်လည်ကို ဖျက်ဆီးလိုက်သည်။
လီကျွင်းက ထိုတိုက်ခိုက်မှုကို အတော်လေး အံ့ဩသွားမိသည်။ ထိုအရာကို သာမန်ရေ၊ ရေဓာတ်ဖြင့် တိုက်ခိုက်ခြင်းဟုသာ တွေးထင်ခဲ့သည်။ လွန်ခဲ့သော သုံးနှစ်က စစ်တပ်အတွင်း တိုက်ခိုက်ပြီးနောက် ဤကမ္ဘာရှိ ကျင့်ကြံသူများက ကိုယ်ခံပညာများအစား ဂါထာများနှင့် မူလစွမ်းရည်အပေါ် ပြင်းထန်စွာ အာရုံစိုက်ထားကြသည်။
သူတို့က အသင်္ချေအင်ပါယာကမ္ဘာမှ ကျင့်ကြံသူများကဲ့သို့ မူလလမ်းစဉ်ကို ကျင့်ကြံသော်လည်း မူလစနစ်၏ ဂါထာနှင့် ကိုယ်ခံပညာများကို ခွဲခြားထားပုံပေါ်သည်။
သူတို့ တိုက်ခိုက်သည့်အခါ ဤကမ္ဘာရှိ ကျင့်ကြံသူများက အဝေးမှနေ၍ ဂါထာများ အသုံးပြုတိုက်ခိုက်လေ့ရှိပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်လေ့ မရှိပေ။
လီကျွင်းအတွက် မူလစနစ်၏ အစောပိုင်းအဆင့်တွင် ဂါထာများ အသုံးပြုပါက ကုန်ခမ်းသွားနိုင်သော မူလချီကြောင့် ထိုချဉ်းကပ်မှုက အရမ်းရူးနှမ်းလွန်းသည်ဟု တွေးနေမိသည်။ အထူးသဖြင့် ဤကမ္ဘာရှိ ကျင့်ကြံသူအများစုက အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်သို့ ရောက်နေချိန်တွင် ကောင်းကင်မြေကမ္ဘာ၏ ဝိညာဉ်ချီကို မထိန်းချုပ်နိုင်ကြပေ။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက် ကျင့်ကြံသူများက ဂါထာများကို ပိုမိုအစွမ်းထက်စေရန် ကိုယ်ပိုင်မူလချီများကို အသုံးပြုရသည်။ ထို့ကြောင့် ချီ အလျင်အမြန် ကုန်ဆုံးခြင်း ဖြစ်သည်။ ဤကမ္ဘာရှိ ကျင့်ကြံသူအများစု အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်သို့ ရောက်သွားသည့်အခါ သာမန်အုတ်မြစ်သာ ရှိသည့်အတွက် သူတို့၏ ခန္ဓာကိုယ်ထဲရှိ မူလချီပမာဏက အရမ်းနည်းပါးနေပြီ ဖြစ်သည်။
ထိုအရာကို အကျိုးမရှိသည့် နည်းလမ်းဖြင့် အသုံးပြုလိုက်ပါက ဂါထာအနည်းငယ် အသုံးပြုပြီးလျှင် အများစုက ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ထိုအရာက သေမျိုး ကိုယ်ခံပညာများ ဤကမ္ဘာတွင် ဒီလောက်ထိ အဆင့်မြင့်နေရခြင်း အကြောင်းအရင်းထဲမှ တစ်ခု ဖြစ်သည်။ ကိုယ်ခံပညာရှိသူ၏ ခန္ဓာကိုယ်က လုံလောက်စွာ ကြံ့ခိုင်ပါက သူတို့၏ မူလချီ မပြတ်လပ်သွားခင် ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက် တိုက်ခိုက်နိုင်သည်။
တိုက်ခိုက်နေတဲ့ နေရာကို ပြန်သွားလိုက်ရအောင်…
လီကျွင်းက ရေနှင့် ထိပ်တိုက် တိုက်ခိုက်ပြီးနောက် ထိုရေက အရမ်းလေးလံနေကြောင်း သိလိုက်ရသည်။ တစ်ခုလုံးကို အလေးချိန် ချိန်ကြည့်လျှင် ကီလိုဂရမ် ရာပေါင်းချီပြီး လေးနေသည်။
ထို့ကြောင့် ပထမဦးဆုံး တိုက်ခိုက်မှု ပြီးသွားသည့်အခါ လီကျွင်းက သုံ့စစ်ကြောင့် နောက်ဆုတ်သွားရသည်။ သို့သော် သူ ထိခိုက်တာမျိုးတော့ ဖြစ်မသွားပေ။ သူက ဂိုဏ်းထဲရှိ တိုက်ပွဲမျှော်စင်တွင် ပြုလုပ်ခဲ့သော သူ့ပလ္လင်ထဲမှ အံ့ဖွယ်သွေးကြောများကို စုစည်းပြီးနောက် လေထဲရှိ ဝိညာဉ်ချီကို ထိန်းချုပ်လိုက်သည်။
ယခုတစ်ခေါက် လှံကို အသုံးပြုပြီး ထိုးစိုက်ရာ၌ လှံထိပ်တွင် ဝိညာဉ်ချီကို ပေါက်ကွဲစေကာ လေထဲရှိ ရေအားလုံးကို တစ်စစီဖြစ်စေပြီးနောက် သုံ့စစ်ရှိရာသို့ အမြန် ပြေးဝင်ခဲ့သည်။
သို့သော် အဘိုးသုံ့စစ်က သူ့အနားသို့ ကပ်လာသည့်အခါ တိုက်ခိုက်ရမည့် ကိုယ်ခံပညာရပ်တွင် အတွေ့အကြုံများနေပြီဖြစ်သည်။ ထို့ကြောင့် တွေဝေခြင်းမရှိ ဘူးသီးခြောက်ကို အရွယ်အစား ကြီးအောင် လုပ်ထားပြီး လီကျွင်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
ထို့နောက် လီကျွင်းဆီမှ ဝေးရန် လက်နက်၏ လှိုင်းကို အသုံးပြုလိုက်ပြီး တစ်ချိန်တည်းမှာပဲ ယခင်က အသုံးပြုထားသော အစိတ်စိတ်အမြွာမြွာဖြစ်သွားသော ရေများကို ပြန်လည်စုစည်းလိုက်သည်။
သုံ့စစ် သွေးအန်သွားသော်လည်း လျစ်လျူရှုကာ ဂါထာတစ်ခုကို အလျင်အမြန် ရွတ်ဆိုလိုက်သည်။ ရေက နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားကာ လီကျွင်းဆီ ပျံသန်းသွားသည်။
လီကျွင်းက လှံဖြင့် ထပ်မံ ထိုးစိုက်လိုက်သည့်အခါ သူ့လက်နက်ထဲမှ ၁၅မီတာရှည်လျားသော အနီရောင်လှံ ပုံရိပ်ထွက်သွားကာ နဂါးရှိရာသို့ ဦးတည်သွားသည်။
ဝုန်း…
လေထု တုန်ခါသွားကာ သူတို့ တိုက်ခိုက်နေသော အလွှာထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ မီတာရာကျော်ဝေးသော မြို့ထဲရှိ မြို့သူမြို့သားများနှင့် စစ်သားများပင် ထိုပေါက်ကွဲသံများကို ကြားနေရသည်။
ရေနဂါး တစ်ခါထပ်မံ ပျောက်ကွယ်သွားပြီးနောက် လီကျွင်း နောက်ထပ် မတိုက်ခိုက်ရသေးခင် တစ်စစီဖြစ်သွားသော ရေက သလင်းကျောက်အသွင် ပြောင်းသွားကာ အောက်သို့ လိမ့်ကျလာသည်။
ရေ၏ အရောင်က အနက်ရောင်သို့ ပြောင်းလဲသွားသည့်အတွက် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း လီကျွင်း ချက်ချင်း ခံစားလိုက်မိသည်။ သူ တွေဝေခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို မူလချီဖြင့် လွှမ်းခြုံကာ အနက်ရောင်မိုးကို စတင်ပိတ်ဆို့လိုက်သည်။
လီကျွင်းက လှံကို လျင်မြန်စွာ လှုပ်ရှားရင်း သူ့ဆီ ဦးတည်လာနေသော ရေစက် တစ်စက်ချင်းစီကို ပိတ်ဆို့ဟန့်တားလိုက်သည်။
မိုးရွာ ရပ်သွားသည့်အခါ အဘိုးသုံ့စစ်က အသက်ကို ခက်ခဲစွာရှူနေရစဉ် လီကျွင်း၏ ပုံစံလည်း စုတ်ပြတ်နေသည်။
သူ့ အဝတ်အစားများ ပေါက်ပြဲနေပြီး သူတောင်းစားတစ်ယောက်နှင့် တူနေသည်။ သူ့ကို ကာကွယ်ထားသော မူလချီကြောင့် သူ ထိခိုက်ဒဏ်ရာရတာမျိုး မဖြစ်သော်လည်း သူ့အဝတ်အစားတော့ များစွာ ထိခိုက်ခဲ့သည်။
လီကျွင်း မြေပြင်ကို ကြည့်လိုက်သည့်အခါ အချင်း ၅၀ မီတာ ဝန်းကျင်ရှိသော မရေတွက်နိုင်သည့် အပေါက်များကို တွေ့လိုက်ရသည်။ ပွေးကောင်တစ်ကောင် တူးထားသလိုမျိုးပင် ခံစားရစေသည်။
လီကျွင်းက သုံ့စစ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ကြည့်ရတာ ကျွန်တော် ဒီကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေကို လျှော့တွက်မိခဲ့ပုံပဲ။ ကဲ ဒီပွဲကို အဆုံးသတ်လိုက်ရအောင်”
ထိုစကားကို ပြောပြီးနောက် လီကျွင်း လှုပ်ရှားကာ သုံ့စစ်နောက် မီတာအနည်းငယ်အကွာတွင် ထွက်ပေါ်လာသည်။ သူ နေရာရွှေ့ပြောင်းနေခြင်းနှင့် တူသော်လည်း သူ လှုပ်ရှားနေသည်မှာ အရမ်းမြန်လွန်းသောကြောင့်သာ သာမန်မျက်စိဖြင့် မမြင်နိုင်ခြင်း ဖြစ်သည်။
လီကျွင်း ဘယ်လိုလုပ်ပြီး သူ့နောက်ဘက် ရောက်လာလဲဆိုတာကို သုံ့စစ်ပင် သတိမထားမိလိုက်ပေ။ သို့သော် သူက နောက်မှတိုက်ခိုက်ခံရသည့် အတွေ့အကြုံများနေပြီဖြစ်သည့်အတွက် သူ့ကိုယ်သူ ကာကွယ်နိုင်အောင် ကြိုးစားလိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ့အတွက် နောက်ကျသွားပြီ ဖြစ်သည်။ လီကျွင်းက သတ်ဖြတ်လိုသည့် အရှိန်အဝါကို စုစည်းကာ လှံထဲသို့ ထည့်သွင်းပြီး သုံ့စစ်ဆီ ပစ်လွှတ်လိုက်သည်။
အဘိုးသုံ့စစ်က လေထုကို ဖြိုခွင်းသည့် အသံကို ကြားသည်နှင့် သူ အန္တရာယ်ကျရောက်နေပြီ ဆိုတာကို သိလိုက်ရသည်။ မူလချီကို စုစည်းကာ ရှောင်ဖို့ အချိန်ရအောင် ကြိုးစားကြည့်သော်လည်း ရုတ်တရက် သတ်ဖြတ်လိုသည့် အရှိန်အဝါက သူ၏ အံ့ဖွယ်ပင်လယ်ထဲသို့ ဝင်ရောက်လာကာ မူလချီကို စတင်ဖျက်ဆီးလိုက်သည်။
ရှောင်ရှား ကာကွယ်ဖို့ အချိန်မရှိလိုက်ဘဲ လှံက အနောက်ဖက်မှ သူ့နှလုံးသားဆီသို့ ဖောက်ဝင်သွားကာ သွေးအန်သည်အထိ ဖြစ်သွားစေသည်။
သို့သော် ထိုနေရာမှာတင် ရပ်တန့်သွားခြင်း မရှိပေ။ လီကျွင်း၏ လှံတံအားက သုံ့စစ်၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားကာ မီတာပေါင်း ရာကျော်အထိ လွင့်ထွက်သွားကာ သူ့အလောင်းနှင့်အတူ မြို့တံတိုင်းတွင် စိုက်ဝင်သွားသည်။