စစ်ပွဲအရိပ်အယောင်
Vol. 8 Ch. 100
အခန်း (၁၀၀) : စစ်ပွဲအရိပ်အယောင်
ဝမ်ဝေ့က တိုက်ပွဲတစ်ခုလုံးကို ကျေနပ်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။ လီကျွင်းက ပြိုင်ဘက်ကို လျှော့တွက်ခဲ့သော်လည်း သူ့အမှားမှ သင်ယူနေသရွေ့ အဆင်ပြေသည်။
ထို့အပြင် နောက်ဆုံး လှံပစ်ချက်က တိုက်ပွဲရူး ဧကရာဇ် ဖန်တီးထားသော ဧကရာဇ်ကျမ်း ကောင်းကင်တိုက်ခိုက်ရေးကျမ်းထဲမှ တိုက်ကွက်တစ်ခု ဖြစ်သည်ကို သူ သတိထားမိလိုက်သည်။
ထိုအရာက လီကျွင်းအား တိုက်ခိုက်လိုစိတ်၊ သတ်ဖြတ်လိုစိတ်များ အလွယ်တကူ ဖြစ်ပေါ်လာစေသည်။ နောက်ပိုင်းအဆင့်တွင် ထိုကျမ်းက စိတ်သဘောထားများအစား ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုအဖြစ် ပြောင်းလဲသွားသည်။
တိုက်ခိုက်မှုပြီးသွားသည့်အခါ သူတို့နှစ်ယောက် မြို့ဆီ ပြန်သွားကာ ကြောက်လန့်နေသည့် မြို့သူမြို့သားများအား စိတ်ငြိမ်အောင် လုပ်ပေးနေသည်။
ထို့နောက် ဝမ်ဝေ့နှင့် လီကျွင်းတို့ နှစ်ယောက်လုံး နောက်ထပ် စစ်ဗျူဟာများအကြောင်း ဆွေးနွေးရန် ပင်မစစ်တန်းလျားထဲသို့ ဝင်သွားသည်။ တော်ဝင်မိသားစုများမှ သူတို့၏ လှုပ်ရှားမှုကို သိသွားပြီးနောက် တိုက်ခိုက်မှုက အဆမတန် ပိုမိုပြင်းထန်လာခဲ့သည်။
အခန်းထဲတွင် အရှေ့ဘက်မိုးတိုင်းပြည်နှင့် သူတို့ တိုက်ခိုက်တော့မည့် မြို့၏ ကတုတ်ကျင်း မြေပုံများ ရှိနေသည်။
မြေပုံပေါ်တွင် တိုင်းပြည်ကို အလွှာများ ခွဲခြားထားသည်။ မြို့များ စုစည်းလိုက်လျှင် စီရင်စုများဖြစ်လာပြီး စီရင်စုများ စုစည်းလိုက်လျှင် ပြည်နယ် ဖြစ်လာသည်။ အားလုံးပေါင်းစည်းလိုက်လျှင် အရှေ့ဘက်မိုးတိုင်းပြည်ထဲတွင် ပြည်နယ်ပေါင်း ၇၂ခု ရှိသည်။
မြေပုံပေါ်ရှိ ပြည်နယ် ၁၂ ခု၌ အမှတ်အသားများ ပြုလုပ်ထားသည်။ ထိုအရာက သူတို့အုပ်စိုးမည့် သဘောကို ပြသနေသည်။ စစ်တန်းလျားထဲသို့ ဝင်ပြီးနောက် စစ်သူကြီး (၄)နှင့် စစ်သူကြီး (၅)က ဝမ်ဝေ့နှင့် လီကျွင်းကို အလေးပြုလိုက်သည်။
“ နယ်စပ်က အခြေအနေ ဘယ်လိုရှိလဲ” ဝမ်ဝေ့က မေးမြန်းလိုက်သည်။
“ တည်ငြိမ်နေဆဲပါပဲ။ စစ်သူကြီး (၁)က တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို သိပြီးတော့ ကျွန်တော်တို့ နယ်နိမိတ်ထဲ သံမဏိလက်သီးတိုင်းပြည် ကျူးကျော်လာမှာကို ဟန့်တားပေးခဲ့တယ်။ စစ်သူကြီး(၂)က လတ်တလောလေးကမှ ဝံပုလွေရိုင်းတိုင်းပြည်နဲ့ တိုက်ခိုက်ထားတာ။ ကျွန်တော်တို့ တော်ဝင်မိသားစုနဲ့ တိုက်ခိုက်နေချိန် သူတို့ကလည်း ကြားဝင်ဖျန်ဖြေဖို့ ရည်ရွယ်ချက် ရှိခဲ့တဲ့ပုံပဲ”
“ မဟူရာလမင်းဂိုဏ်း ပိုင်နက်ရဲ့ နယ်နိမိတ်မှာ ဂိုဏ်းက အရမ်းငြိမ်သက်နေပုံရတယ်လို့ စစ်သူကြီး(၃)က သတင်းပို့ခဲ့တယ်။ သူတို့ တခြားတိုင်းပြည်တွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ကို အနောက်ကနေ တိုက်ခိုက်တာမျိုးလည်း ဖြစ်လာနိုင်တယ်”
ဝမ်ဝေ့ ခဏတာ တွေဝေသွားသည်။ အရှေ့ဘက်မိုးတိုင်းပြည်၏ ကျယ်ပြန့်သော မြေအနေအထားအရ အနောက်ပိုင်းတွင် နယ်နိမိတ် သုံးခုရှိသည်။ ထိုနယ်နိမိတ်သုံးခုက သံမဏိလက်သီးတိုင်းပြည်၊ ဝံပုလွေရိုင်းတိုင်းပြည်နှင့် ကျယ်ပြန့်သော နယ်နိတ်မိတ်ကို ထိန်းချုပ်သည့် မဟူရာလမင်းဂိုဏ်းတို့ ဖြစ်သည်။
ခဏအကြာတွင် သူ အမိန့်ပေးလိုက်သည်
“မဟူရာလမင်းဂိုဏ်း တကွဲတပြားဖြစ်သွားအောင်လို့ သူတို့ပိုင်နက်ကို စတင်တိုက်ခိုက်ဖို့ စစ်သူကြီး (၃)ကို ပြောလိုက်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အဲဒီတိုင်းပြည်သုံးခု မဟာမိတ် မဖွဲ့ဖြစ်တာ သေချာအောင် လုပ်ရမယ်။ ကျန်တဲ့ ၂ယောက်ကိုတော့ ငါတို့ တိုင်းပြည်တစ်ခုလုံး မအုပ်စိုးနိုင်ခင်အထိ သေချာခုခံထားဖို့ ပြောလိုက်”
ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးနောက် မေးလိုက်သည်။
“ ဝမ်ကျူရော ဘယ်လိုနေသေးလဲ။ သူမဆီက ဘာသတင်းကြားသေးလဲ”
“ ဟုတ်ကဲ့ သခင်လေး” စစ်သူကြီး (၅)က ဝင်ဖြေလိုက်သည်။
“အစ်မဝမ်ကျူက သခင်မလေး စုအိုက်ရဲ့ လက်အောက်မှာရှိတဲ့ ဆောင်ကြာမြိုင်တွေ အားလုံးကို ထိန်းချုပ်ပြီးတော့ ကမ္ဘာရဲ့ ကျန်ရှိတဲ့အပိုင်းတွေဆီ ဖြန့်ကျက်ပေးဖို့ စီစဉ်ထားလိုက်ပြီလို့ တင်ပြလာပါတယ်။ သူမရဲ့ တင်ပြချက်အရဆိုရင် နောက် ၂နှစ်၊ ၃နှစ်ဆိုရင် ဒီကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်တွေ အကုန်လုံးကို လွှမ်းမိုးနိုင်သွားလောက်ပါပြီ”
ဝမ်ဝေ့က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ ဝမ်ကျူက အမြဲတမ်း သူမ၏ အလုပ်ကို မှန်ကန်စွာလုပ်ပြီး ကျေနပ်အောင် ဆောင်ရွက်ပေးလေ့ ရှိသည်။
စက္ကန့်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်က ဝမ်ဝေ့ကို လာတွေ့သည်ဟု အစီအရင်ခံသည်။ စိတ်ရှုပ်သောအကြည့်နှင့်အတူ လူတစ်ယောက်ကို ပေးဝင်လိုက်သည်။
ခဏအကြာတွင် ဆွဲဆောင်မှုရှိသော အပြုံးနှင့်အတူ လှပသော အမျိုးသမီးတစ်ယောက်က အစည်းအဝေးအခန်းထဲသို့ ဝင်လာသည်။ သူမ ဝင်ဝင်လာချင်း စစ်သူကြီး(၄)နှင့် စစ်သူကြီး (၅)တို့ စိတ်လွတ်သွားကြသည်။ သူတို့မျက်လုံးများ သူမဆီမှ မခွာနိုင်ဖြစ်နေပြီး ပါးစပ်မှ သွားရည်များပင် စီးကျနေသည်။
လီကျွင်းသာ သူတို့နှစ်ယောက်၏ ခေါင်းကို မရိုက်လိုက်ပါက သူတို့ ပိုပြီး အရှက်ရစရာများ ဖြစ်လာနိုင်သည်။
“ ကြည့်ရတာ အဆင့်တက်သွားပြီနဲ့ တူတယ်။ မိန်းကလေး စုအိုက်” ဝမ်ဝေ့က ပျော်ရွှင်သောအပြုံးဖြင့် ပြောလိုက်သည်။
“ အဲလိုဆိုရင်တောင် ကျွန်မရဲ့ ဆွဲဆောင်မှုက သခင်လေးအပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူးနော်” စုအိုက်က ဆွဲဆောင်မှုရှိစွာ ပြုံးရင်း ပြောလိုက်သည်။
ဝမ်ဝေ့၏ မျက်နှာပေါ်မှ ဘာမှမဖြစ်သလို အပြုံးကြောင့် စုအိုက် စိတ်ပျက်သွားသော်လည်း ထုတ်မပြခဲ့ပေ။
“ ကျွန်မကို ဒီအရင်းအမြစ်တွေနဲ့ ထောက်ပံ့ပေးလို့ သခင်လေးကို ကျေးဇူးတင်ပါတယ်။ သခင်လေးသာမရှိရင် ကျွန်မအနေနဲ့ အချိန်တိုအတွင်း အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး”
“ ကျွန်တော်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ခင်ဗျားသာ မရှိခဲ့ရင် ဒီကမ္ဘာမှာ ဒီလောက်ထိ ခိုင်မာတဲ့အုတ်မြစ်ကို ရနိုင်မှာ မဟုတ်ဘူး။ ခင်ဗျား အလုပ်ကြိုးစားသရွေ့ ဆုချခံရမှာပါပဲ။ ဘယ်သူသိနိုင်မလဲ။ တစ်နေ့ ခင်ဗျားက အမြီးဆယ်ချောင်း မဟာဧကရာဇ်လိုမျိုး မျိုးရိုးကို နိုးထအောင်လုပ်နိုင်ပြီး ကျွန်တော်နဲ့ ယှဉ်ရင် ယှဉ်နိုင်လောက်မှာပေါ့”
သူ ပြောစကားကို ကြားပြီးနောက် စုအိုက်က ဝမ်းနည်းမှု၊ နောင်တတို့ဖြင့် သက်ပြင်းချလိုက်မိသည်။ နတ်ဆိုးမျိုးနွယ်က မျိုးရိုးအပေါ်တွင် အာရုံစိုက်သည့် မျိုးနွယ် ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်၏ မျိုးရိုးများထဲမှ အမြီးကိုးချောင်း မြေခွေးမျိုးနွယ်၏ မျိုးရိုးကို အလယ်အလတ်အဆင့်ဟုသာ သတ်မှတ်နိုင်သည်။
သူတို့က လူအသွင်ပြောင်းဖို့ပင် သဘာလွန် နယ်ပယ်အဆင့် (အဆင့်လေး)သို့ ရောက်ရန်လိုအပ်သည့် နတ်ဆိုးသားရဲများထက် ပိုပြီး ကောင်းမွန်သော်လည်း နတ်ဆိုးဝါစဉ်အဆင့်ဇယားတွင် ထိပ်ဆုံးရောက်ဖို့ နီးကပ်ခြင်းပင် မရှိပေ။
ဒီထက်ပိုပြီး ဆိုးသည်က အမြီးကိုးချောင်း မြေခွေးမျိုးနွယ်၏ အမျိုးသမီးအားလုံးက အလွန်လှပသော အမျိုးသမီးများ ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်၏။ ထို့ကြောင့် သူတို့ကို တော်ဝင်မျိုးရိုး ပိုင်ဆိုင်ထားသည့် တခြားနတ်ဆိုးမျိုးနွယ်များမှ အမြဲတမ်း လိုချင်နေကြသည်။ တော်ဝင်မျိုးရိုးဆိုသည်မှာ မဟာဧကရာဇ်များဆီမှ မျိုးရိုးကို အမွေဆက်ခံထားသည့် နတ်ဆိုးမျိုးနွယ်များ ဖြစ်သည်။
မြေခွေးမျိုးနွယ်က သူတို့ဆီမှ အလှပဆုံး အမျိုးသမီးကို တခြားနတ်ဆိုးမျိုးနွယ်များထံ ဆက်သရင်း နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နေခဲ့သည်။ သို့သော် တစ်နေ့ သူတို့ကိုယ်တိုင် တော်ဝင်မိသားစုတစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း မျှော်လင့်နေကြသည်။
သူတို့မှာလည်း ကြီးမားသော အခွင့်အရေး ရှိသည်။ တစ်ခါက အမြီးကိုးချောင်းမြေခွေး မျိုးနွယ်ထဲတွင် ပါရမီရှင် အမျိုးသမီးတစ်ယောက် မွေးဖွားလာခဲ့သည်။ သူမ နာမည်က စုဝေဝေ ဖြစ်၏။
သူမ မွေးဖွားလာသည့်အခါ မျိုးနွယ်စုမှ သူမ၏ မျိုးရိုးကို စမ်းသပ်ကြည့်သည့်အခါ အမြီးကိုးချောင်းမှ ဆယ်ချောင်းသို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူမက သူတို့မျိုးနွယ်စုတစ်ခုလုံး တော်ဝင်မျိုးရိုး ဖြစ်စေရန် သော့ချက်တစ်ခုဖြစ်ကြောင်း ယုံကြည်ပြီး အောင်ပွဲခံနေကြသည်။ သူမသာ ကောင်းကင်အလိုဆန္ဒကို အနိုင်ရအောင် လုပ်နိုင်ပါက သူတို့၏ မြေခွေးမျိုးနွယ် မြင့်တက်လာပြီး တခြားနတ်ဆိုးမျိုးနွယ်များဆီမှာ အောက်ကျခံဖို့ မလိုတော့ပေ။
ထို့ကြောင့် သူတို့က စုဝေဝေ၏ အရည်အချင်းကို ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကံမကောင်းစွာဖြင့် သူမကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ နတ်ဆိုးတော်ဝင်မျိုးနွယ်များက သူမကို လက်လွှဲပေးရန် မြေခွေးမျိုးနွယ်အပေါ် ဖိအားပေးနေကြသည်။
မြေခွေးမျိုးနွယ်အများစုက များစွာ ဆွေးနွေးပြီးနောက် စုဝေဝေကို လက်လွှဲပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ မြေခွေးမျိုးနွယ်က သူတို့မျိုးနွယ်စု၏ အနာဂတ်အတွက် တခြားမျိုးနွယ်စုများ ရှေ့တွင် ခေါင်းငုံ့ရသည်မှာ အကျင့်ပါနေပြီ ဖြစ်သည်။
သူတို့၏ ဆုံးဖြတ်ချက်ကြောင့် ကောင်းကောင်းဆုချခံခဲ့ရသည်။
စုဝေဝေက တခြားမြေခွေးမျိုးနွယ်များနှင့် မတူပေ။ သူမက ကျန်ရှိသည့် ဘဝတစ်လျှောက်လုံးကို တခြားနတ်ဆိုးမျိုးနွယ်များအတွက် ကစားစရာအဖြစ် အချိန်ကုန်ဆုံးရန် ငြင်းဆိုခဲ့သည်။
ထို့ကြောင့် မျိုးနွယ်စုမှ သူမကို စွန့်ပစ်လိုက်ပြီဆိုသော သတင်းကို ကြားပြီးနောက် တွေဝေခြင်းမရှိ ထွက်ပြေးလာခဲ့သည်။
သတင်းကြားပြီးနောက် တခြားတော်ဝင်မိသားစုများ ဒေါသထွက်ကာ မြေခွေးမျိုးနွယ်များကို သုတ်သင်ဖို့အထိ ခြိမ်းခြောက်လာကြသည်။ တခြားမျိုးနွယ်စုများကို စိတ်ကျေနပ်အောင် လုပ်ပေးရန်အတွက် မြေခွေးမျိုးနွယ်စု၏ အကြီးအကဲများက မျိုးရိုးမူလဂါထာများကို အသုံးပြုကာ စုဝေဝေကို ခြေရာခံပြီး တခြားနတ်ဆိုးမျိုးနွယ်များကို ဦးဆောင်ကာ သူမနောက်သို့ လိုက်ခဲ့သည်။
ထိုအချိန်ကတည်းက စုဝေဝေ၏ ဘဝက အမြဲတမ်း ပြေးလွှားနေခဲ့ရသည်။ သူမ သွားသည့်နေရာတိုင်း နတ်ဆိုးမျိုးနွယ်က တစ်စုံတစ်ယောက်ကို သူမနောက်လိုက်ရန် စေလွှတ်ခဲ့သည်။ ထိုကဲ့သို့ ပြေးလွှားခြင်းက နှစ်ပေါင်းထောင်ချီပြီး ကြာခဲ့သည်။
ထိုအရာက သူမ သူတော်စင်အဆင့် ရောက်ကာ မျိုးရိုးစွမ်းအားကို ဖုံးကွယ်ရန် နည်းလမ်း ရှာမတွေ့ခင်အထိ ဖြစ်ခဲ့သည်။ ထို့နောက် စုဝေဝေက ကမ္ဘာလောကကြီးရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
သူမ တစ်နေရာရာမှာ သေသွားပြီ သို့မဟုတ် သူမ၏ မျိုးရိုးပြောင်းလဲမှုကို လေ့လာရန် နတ်ဆိုးမျိုးနွယ်တစ်ခုမှ လျှို့ဝှက်ဖမ်းဆီးသွားပြီဟုသာ လူအများက ယူဆထားခဲ့ကြသည်။
သို့သော် မကြာခင်မှာပင် အားလုံးမှားယွင်းကြောင်း သက်သေပြလိုက်၏။ ထိုမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ ထွက်ပေါ်လာသည့်အခါ စုဝေဝေတစ်ခါ ထပ်မံထွက်ပေါ်လာကာ တိုက်ခိုက်သည်။
ပြိုင်ဘက်ကင်း ပုံရိပ်ယောင် ပညာရပ်ကြောင့် နတ်ဆိုးမျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံများကို အလွယ်တကူ သတ်ဖြတ်နိုင်ကာ လူသားမျိုးနွယ်မှ လူအားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။
ထို့နောက် သူမက ကောင်းကင်အလိုဆန္ဒကို တိုက်ခိုက်ပြီး တာအိုကို သက်သေပြခဲ့သည်။ ထို့နောက် သူမက အမြီးဆယ်ချောင်း မဟာဧကရာဇ်ဆိုသည့် နာမည်ကို ရယူခဲ့သည်။
ဧကရာဇ် ဖြစ်လာပြီးနောက် သူမ တစ်ဘဝလုံး လိုက်ဖမ်းခဲ့သည့်သူများအားလုံးကို လက်စားချေခဲ့သည်။ မဟုတ်သေးဘူး … သူမက မြေခွေးမျိုးနွယ် အပါအဝင် အားလုံးကို လျစ်လျူရှုခဲ့သည်။
သူမ တာအိုကို သက်သေပြပြီး လုပ်ခဲ့သည့်အရာက တခြားဧကရာဇ်များ လုပ်ခဲ့သလိုမျိုး တစ်ကမ္ဘာလုံးကို ဟောပြောခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားပြန်သည်။
အမြီးဆယ်ချောင်း မဟာဧကရာဇ်က အသင်္ချေအင်ပါယာအလွှာတွင် အချိန်အတိုဆုံး အုပ်ချုပ်သည့် မဟာဧကရာဇ်ဟု သတ်မှတ်နိုင်သည်။
မြေခွေးနတ်ဆိုးမျိုးနွယ်ကရော…
သူတို့အတွက်တော့ ဆိုးရွားလှသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ သူတို့၏ မျိုးရိုးကို အဆင့်မြှင့်ရန်နှင့် ဧကရာဇ်ကျမ်း ရရှိအောင် လုပ်ရန် အခွင့်အရေး ဆုံးရှုံးခဲ့သည်။ သူတို့က တော်ဝင်နတ်ဆိုးမျိုးနွယ် ဖြစ်လာနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးကို လွှင့်ပစ်ခဲ့သည်။
ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် တခြား တော်ဝင်မျိုးနွယ်နတ်ဆိုးများက အမြီးကိုးချောင်း မြေခွေးမျိုးရိုးကို ကြောက်ရွံ့ပြီး သူတို့ကို ဖိနှိပ်ဖို့ လုပ်ချင်နေကြသည်။ ဤမျိုးဆက်မတိုင်ခင် တာအို အခွင့်အလမ်းဂိုဏ်း၏ အကူအညီနှင့် မျိုးနွယ်ခေါင်းဆောင်တို့၏ ဆုံးဖြတ်မှုတို့ကြောင့် မြေခွေးနတ်ဆိုးမျိုးနွယ်က အလယ်ပိုင်းကုန်းမြေသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။
စုအိုက်၏ ဝမ်းနည်းမှုကို မြင်ပြီးနောက် ဝမ်ဝေ့ သူမ၏ ဒဏ်ရာကို သွားဆွလိုက်မိကြောင်း သတိထားမိသွားကာ ပြောလိုက်သည်
“ အရင်က အကြောင်းတွေ ပြန်မစဉ်းစားပါနဲ့။ တောက်ပတဲ့ အနာဂတ်ကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော် တိုင်းပြည်ကို တည်ထောင်ပြီးရင် ခင်ဗျားအတွက် ရာထူးကြီးကြီး ပေးမယ်။ အဲလိုဆိုရင် ကံကောင်းမှုနဲ့ ပေါင်းလိုက်ရင် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ရဲ့ ထိပ်သီးကို ရောက်အောင် အလျင်အမြန် ကျင့်ကြံနိုင်ပြီးတော့ ကံကောင်းမှုလည်း တိုးလာနိုင်တယ်”
သူ ထိုစကားကို ပြောပြီးပြီးချင်း သတိပေးမှုတစ်ခုကို ခံစားလိုက်ရသည့်အတွက် သိုလှောင်လက်စွပ်ထဲမှ အဆောင်ကို ထုတ်ယူလိုက်သည်။
ချက်ချင်းပင် မင်းသမီး သုံ့လီဖန်း၏ စကားကို ကြားလိုက်ရသည်။
“ သခင်လေး ဝမ်ဝေ့ အမြန် လုပ်ဖို့လိုတယ်။ ကျွန်မ ကြားတာကတော့ တော်ဝင်မိသားစုက သိဒ္ဓိတောင်ပံမြို့ကို တိုက်ခိုက်ဖို့အတွက် စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းကို ကြားလိုက်တယ်”
“ကျောက်မာမြို့ကို ဆိုလိုတာလား။ စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော် သူတို့ရဲ့ သံတမန်ကို သတ်ခဲ့တယ်”
“ မဟုတ်ဘူး ကျောက်မာမြို့ မဟုတ်ဘူး။ သိဒ္ဓိတောင်ပံမြို့ပါဆို” မင်းသမီးက စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ဝမ်ဝေ့ ကြီးမားသော အမှားတစ်ခု လုပ်မိသွားပြီဖြစ်ကြောင်း သတိထားလိုက်မိသည်။ တော်ဝင်မိသားစု သူတို့၏ တည်ရှိမှုအကြောင်းကို ကြားသိသွားပါက သူ့ကို သတ်ဖို့ တစ်စုံတစ်ယောက်ကို ချက်ချင်းစေလွှတ်လိုက်မည် ဖြစ်သည်။
သို့သော် စစ်ပွဲဆိုသည်မှာ စည်းမျဉ်းသတ်မှတ်ထားသော ဂိမ်းတစ်ခု မဟုတ်ပေ။
စစ်တပ်ကို နေရာချထားရုံလေးနဲ့ ရန်သူက သူ့ကို သတ်နိုင်တာမှ မဟုတ်တာ
ထိုအရာက တော်ဝင်မိသားစု လုပ်သည့်အရာ ဖြစ်သည်။ သူတို့က ဝမ်ဝေ့နောက်ကို လူလွှတ်ရုံသာမက ရုတ်တရက် သူတို့၏ စစ်တပ်များကိုပါ ထောက်လှမ်းကာ ချုံခိုတိုက်ခိုက်သည်။
ဝမ်ဝေ့က ထိုလှုပ်ရှားမှုအတွက် မပြင်ဆင်ထားသောကြောင့် သူတို့ အောင်မြင်သွားသည်။
ဝမ်ဝေ့ တွေဝေခြင်းမရှိဘဲ အားကုန်သုံးကာ သိဒ္ဓိတောင်ပံမြို့ကို အချိန်မီ ကာကွယ်နိုင်ဖို့ ပြေးသွားလိုက်သည်။