စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှု
Vol. 8 Ch. 101
အခန်း (၁၀၁) : စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှု
ဝမ်ဝေ့က အင်အားအကုန်သုံးကာ သိဒ္ဓိတောင်ပံမြို့သို့ အမြန်သွားနေသည်။ သူက စွမ်းအားကြီး ခန္ဓာကိုယ်ကို အသုံးပြုကာ ရှေ့ဆက်သွားနိုင်ရန် သန်းချီနေသော ကီလိုဂရမ်ရှိသည့် အားအင်ကို စုစည်းလိုက်ရသည်။
ဝုန်း…
ဝမ်ဝေ့က အမြှောက်ဆံကဲ့သို့ အမြန်သွားနေသည်။ သူ ဖြတ်ပြေးသွားသည့် နေရာတိုင်းတွင် အားပြင်းသော လေများဖြင့် ဖြိုခွင်းလိုက်သလို ဖြစ်သွားသည်။ သူ တောအုပ်ထဲမှ ဖြတ်သန်းသွားရစဉ် မရပ်တန့်သလို သစ်ပင်များကို ရှောင်ရှားသွားခြင်းလည်း မရှိပေ။ အကျဉ်းချုံးပြောရလျှင် သူ့ခန္ဓာကိုယ်ဖြင့် လမ်းပေါ်ရှိ သစ်ပင်များကို ဖျက်ဆီးသွားသည်။
ဝမ်ဝေ့၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော လေက တောအုပ်ထဲရှိ သစ်ပင်ရာပေါင်းများစွာကို လွင့်ထွက်သွားစေသည်။ သူ ဖြတ်သန်းသွားသောနေရာတွင် လေဆင်နှာမောင်း တိုက်ခတ်သကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော် ဝမ်ဝေ့က ထိုအရှိန်ကို မကျေနပ်သေးပေ။ ထို့ကြောင့် သူ့ခြေထောက်မှာ ပိုပြီး အားထည့်နိုင်ရန်အတွင် မူလချီကို အသုံးပြုလိုက်သည်။
ထို့နောက် သူ့အရှိန် အဆမတန် တိုးမြင့်သွားသည်။ သူ့လမ်းကြောင်းပေါ်ရှိ လူများနှင့် တိရစ္ဆာန်များက သူ့မျက်နှာကိုပင် မမြင်လိုက်ရဘဲ သူတို့ကို လွင့်ထွက်သွားအောင် လုပ်နိုင်သည့် အားပြင်းသော လေနှင့်အတူ ပါလာသည့် ဝိုးတဝါးပုံရိပ်ကိုသာ မြင်လိုက်ရသည်။
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝမ်ဝေ့ အသံအလွှာကို ချိုးဖျက်လိုက်သည်။ တိမ်နှင့်တူသော အငွေ့က သူ့နောက်တွင် ထွက်ပေါ်လာကာ သူ့ကို ထပ်မံ အရှိန်မြှင့်တင် ပေးလိုက်သည်။
ယခု ဝမ်ဝေ့ အလင်း၏ အမြန်နှုန်းနှင့် ပြေးနေသော်လည်း လုံလုံလောက်လောက် မြန်သည်ဟု မခံစားရပေ။ သူ ယခု သဘာဝလွန် နယ်ပယ်အဆင့်ကို ရောက်ပြီး ပျံသန်းနိုင်ဖို့ ဆုတောင်းနေမိသည်။
အသင်္ချေအင်ပါယာအလွှာရှိ အားအနည်းဆုံး သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများပင် လေထဲ၌ အသံ၏အလျင်ဖြင့် အလွယ်တကူ ပျံသန်းနိုင်သည်။ သူကတော့ ထိုအရှိန်ကို ရောက်နိုင်ဖို့အတွက် အများကြီး ကျော်ဖြတ်ခဲ့ရသည်။
အနည်းဆုံးတော့ သူ့အနေဖြင့် အမြန်နှုန်းအပေါ် အလေးအနက်ထားသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံသင့်သည်။ အရှိန်အပေါ် အလေးအနက်ထားသည့် ဧကရာဇ်ကျမ်းတစ်ခုကို ဝမ်ဝေ့ သိသော်လည်း မကျင့်ကြံခဲ့ရသည့်အတွက် ယခု နောင်တရနေမိသည်။
ထိုအချိန်တွင် သူ၏ မောက်မာမှုကိုပါ သတိထားမိသွားသည်။ သူ့ကို ခွန်အား၊ ခုခံမှုနှင့် အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့် ကျင့်ကြံသူများနှင့် တူသော ခံနိုင်ရည်ပေးနိုင်သည့် အင်အားကြီးခန္ဓာ ရှိနေသော်လည်း ပေါ့ပါးမြန်ဆန်ခြင်းက အတော်လေး နိမ့်ကျနေသည်။ သူက ခွန်အားတိုးပွားလာခြင်းကြောင့် ဘာမှမမြင်နိုင်ဖြစ်ကာ သိသာလွန်းသည့် အမှားကို လျစ်လျူရှုခဲ့သည်။
ဝမ်ဝေ့က ခဏတာ သက်ပြင်းချပြီးနောက် သိဒ္ဓိတောင်ပံမြို့တော်သို့ ဆက်လက် ဦးတည်လိုက်သည်။ လီကျွင်းကလည်း နောက်မှ လိုက်ပါလာသည်။
သူက ဝမ်ဝေ့လောက် မမြန်သော်လည်း ထားခဲ့သော ခြေရာများကြောင့် လိုက်လာလို့ ရခြင်း ဖြစ်သည်။ တစ်နေရာတည်းသို့ ဦးတည်သွားနေသော လမ်းကြောင်းကို လီကျွင်း မြင်ပြီး လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူ သွားသောနေရာတိုင်းတွင် မြေပြင်ကွဲအက်နေခဲ့သည့်အတွက် မြင်နိုင်သော လမ်းကြောင်းတစ်ခု ကျန်နေခဲ့သည်။ တောအုပ်သို့ ရောက်သွားသည့်အခါ လုံးဝဖျက်ဆီးခံထားရသည့် တောအုပ်ကို တွေ့လိုက်ရသည်။
နေရာတိုင်းတွင် မရေတွက်နိုင်သော သစ်ပင်များ တစ်စစီဖြစ်ကာ ပြန့်ကျဲနေသည်။ အပင်အများစုက စွမ်းအားကြီးသော သက်ရောက်အားကြောင့် အမြစ်မှပင် ကျွတ်ထွက်နေသည်။ တချို့အပင်များက အားကောင်းသော အရာဝတ္ထုနှင့် ပြင်းထန်စွာ ထိခိုက်ထားသလိုမျိုး အစိတ်စိတ်အမြွာမြွာ ဖြစ်နေသည်။
တောအုပ်ထဲတွင် တိရစ္ဆာန်များ၏ သွေးနှင့် ကလီစာများလည်း ပြန့်ကျဲနေသည်။ ထိုတိရစ္ဆာန်များက သူ့အစ်ကိုကြီး သွားရာလမ်းကြောင်းပေါ်တွင် ရှိနေပြီး သူ့ခန္ဓာကိုယ်နှင့် ထိခိုက်မိသွားသည့်အတွက် အသတ်ခံရခြင်းဖြစ်မည်ဟု လီကျွင်း ခန့်မှန်းလိုက်မိသည်။ လီကျွင်း သက်ပြင်းချလိုက်ပြီး ပျက်စီးနေသော လမ်းကြောင်းအတိုင်း ဆက်လက် လိုက်ပါသွားသည်။
အချိန်တစ်နာရီကျော်ကြာ ပြေးပြီးနောက် ဝမ်ဝေ့ သိဒ္ဓိတောင်ပံမြို့ကို လှမ်းမြင်နေရပြီ ဖြစ်သည်။ သူ၏ ကျယ်ပြန့်နေသော အံ့ဖွယ်ပင်လယ်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။ မဟုတ်ပါက သူ အသုံးပြုနေသော မူလချီဖြင့် ဒီလောက်ထိ ခံနိုင်မည် မဟုတ်ပေ။
မြို့နှင့် မိုင်ရာချီအကွာတွင် ဝမ်ဝေ့ မြို့တစ်ခုလုံးကို လွှမ်းခြုံထားသည့် အဝါရောင်မြူခိုးကို တွေ့လိုက်ရသည်။ တွေဝေခြင်းမရှိဘဲ သူ ပြေးဝင်သွားလိုက်သည်။
အနည်းငယ် ခုန်လိုက်ရုံဖြင့် မီတာနှစ်ရာမြင့်သော မြို့တံတိုင်းထိပ်သို့ ရောက်ရှိသွားသည်။ သို့သော် သူ့မြင်ကွင်းကို ထူထဲသောမြူခိုးက ပိတ်ဆို့ထားသည်။
မြူခိုး သူ့ အရေပြားကို ထိလိုက်သည့်အချိန်တွင် အဆိပ်ရှိကြောင်း ချက်ချင်း ပြောနိုင်သည်။ သို့သော် သူ့ ခန္ဓာကိုယ်ပေါ်တွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။ သို့သော် သူ့ စိတ်ထဲ ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားလာမိသည်။
သူက တွေဝေခြင်းမရှိပဲ ကျင်း ၁၀သန်းအားရှိသည့် လက်သီးဖြင့် ထိုးလိုက်သည်။
ဝုန်း…
ပေါက်ကွဲသံနှင့်အတူ လေထု ပေါက်ကွဲသွားသည်။ ထို့နောက် အသံနောက်တွင် အားပြင်းသော လက်သီးကြောင့် အားပြင်းသော လေထုပါ လိုက်ပါလာသည်။
ထိုလေက မြို့တစ်ခုလုံးကို လွှမ်းခြုံထားသည့် အဝါရောင်မြူခိုးများကို တိုက်ထုတ်လိုက်သည်။ သို့သော် ဘာကိုမှမဖျက်ဆီးမိအောင် ပြီးပြည့်စုံစွာ ထိန်းချုပ်လိုက်နိုင်သည်။
အမြင်ရှင်းလင်းသွားသည့်အခါ ဝမ်ဝေ့ ချက်ချင်း မြို့ထဲသို့ ဝင်သွားသည်။ သို့သော် သူ့လက်များ ခဏအကြာအထိ အနည်းငယ် တုန်ရီသွားပြီးမှ မူလအတိုင်း ပြန်ဖြစ်သွားသည်။
သူ့ရှေ့တွင် အလောင်းများစွာ လဲလျောင်းနေသည့် လမ်းတစ်လမ်းကို မြင်နေရသည်။ အနီးကပ်သွားကြည့်လိုက်သည့်အခါ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများမှ သွေးများထွက်နေသည့် အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။
သို့သော် ထိုအရာက အဆိုးဆုံးအပိုင်း မဟုတ်သေးပေ။ ခန္ဓာကိုယ်အရေပြားပေါ်တွင်လည်း မရေတွက်နိုင်သော မီးလောင်ဖုများစွာ ရှိနေသည်။ မျက်နှာဖြစ်ဖြစ်၊ လက်ဖြစ်ဖြစ်၊ ခြေထောက်ဖြစ်ဖြစ် ဘယ်အပိုင်းမှ မလွတ်ပေ။
ဒဏ်ရာများမှ အညိုရောင် ပြည်များပင် ထွက်နေသည်။ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို သိလိုက်ရပြီး သူမ၏ အောက်တွင် တစ်စုံတစ်ခု ရှိနေသည်။ အလောင်းကို ဖယ်ရှားလိုက်သည့်အခါ ကလေးတစ်ယောက် ထွက်လာသည်။
ကလေးလည်း သူမကဲ့သို့ သွေးများ၊ မီးလောင်ဖုများကို ခံစားနေရသည်။ သူ့အမေနှင့် မတူညီသည်က ကလေးက အခုထိ မျက်လုံးဖွင့်ထားဆဲ ဖြစ်သည်။
ဝမ်ဝေ့ ဆက်လက် စစ်ဆေးနေသည်။ မြို့ထဲတွင် လူပေါင်း ၁၂.၆ သန်းရှိပြီး တစ်ဦးတစ်ယောက်ချင်းစီက တူညီသော သေဆုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့၏ မျက်လုံးထဲတွင် နာကျင်မှု၊ မကျေနပ်မှုများကို မြင်တွေ့နိုင်သည်။
မြို့ထဲတွင် တစ်ယောက်မှ အသက်မရှင်ဘူးဆိုတာကို သိလိုက်ရပြီးနောက် ဝမ်ဝေ့ သက်ပြင်းချလိုက်မိသည်။ ထိုသေဆုံးမှုများအတွက် သူ့ကိုယ်သူ အပြစ်တင်မိသည်။ အနာဂတ် အရှင်ဘုရင်တစ်ပါးအနေဖြင့် မြို့သူမြို့သားများအား ထိခိုက်မှုမှ ကာကွယ်ပေးကာ ပိုမိုကောင်းမွန်သော ဘဝကို ယူဆောင်လာမည်ဟု ကတိပေးထားခဲ့သည်။
သို့သော် သူ ဆိုးရွားစွာ ကျရှုံးခဲ့သည်။ သူက ဤတိုက်ပွဲကို အမြဲတမ်း စစ်ဆေးမှုတစ်ခုလို၊ သူ ကစားရမည့် ကစားပွဲ တစ်ခုလိုမျိုး သဘောထားခဲ့မိသည်။
သို့သော် ဝမ်ဝေ့ နားမလည်သည်က ထိုအရာက အမှန်တကယ် စစ်ဆေးမှုတစ်ခု ဖြစ်နေပါလျက် ဤကမ္ဘာတွင်ရှိသော သူများအတွက် သူတို့အနာဂတ်၊ သူတို့၏ ဘဝ ဖြစ်သည်။ ဘယ်လိုအမှားသေးသေးလေးကမဆို ယနေ့လိုမျိုး သူတို့ကို သေသွားစေနိုင်သည်။
မြို့ကို စစ်ဆေးသည့်အခါ ဝမ်ဝေ့ ရုတ်တရက် မဝေးသည့်နေရာတစ်ခုမှ အသက်ရှူသံကို သတိထားလိုက်မိသည်။ သူ တွေဝေခြင်း မရှိဘဲ အမြန်ပြေးသွားလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် မြို့၏ ဆန့်ကျင်ဘက် အရပ်ဘက် မိန်းမလှတစ်ယောက် လမ်းလျှောက်သွားသည်ကို မြင်လိုက်ရသည်။ သူမမှာ လှပသော အသားရည်၊ ကောင်းမွန်သော ကောက်ကြောင်းနှင့် မြွေတစ်ကောင်ကဲ့သို့ အေးစက်သော မျက်လုံးများ ရှိသည်။
“ မင်း ဒီမြို့က လူတွေကို သတ်လိုက်တာလား” ဝမ်ဝေ့က အရမ်းတည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
မိန်းမလှက ဝမ်ဝေ့ကို ချစ်မြတ်နိုးသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ရှည်လျားပြီး ချွန်သော လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
“ ခဲဖြူရောင် ဆံပင်နဲ့ မျက်လုံးရှိတဲ့သူဆိုတော့ ရှင်က ပညာရှိဝိဇ္ဇာလို့ ခေါ်တဲ့သူထင်တယ်။ ရှင် ဒီမှာ ရှိနေတယ်ဆိုတော့ သုံ့စစ် ကျရှုံးသွားတဲ့ သဘောပဲ။ အားနည်းလိုက်တဲ့သူ”
“ ငါ့ မေးခွန်းကို ဖြေပါ”
“ အိုး…ဟိုး…ဒီလောက် လူတွေနည်းနည်းလောက် သေသွားတာကို အဲလောက်ထိ စိတ်တိုနေဖို့ မလိုပါဘူး။ နှစ်အနည်းငယ်အတွင်း သူတို့ရဲ့ ဆုံးရှုံးမှုအတွက် ပြန်လည်ဖြည့်တင်းနိုင်မှာပါ။ ပြီးတော့ ဒါက စစ်ပွဲဆိုတော့ လူတွေ တစ်ချိန်လုံး သေနေကြတာပဲလေ”
ထိုစကားကို ကြားပြီးနောက် ဝမ်ဝေ့ ဒီထက်ပိုပြီး တွေဝေမနေတော့ဘဲ မြွေနှင့်တူသော အမျိုးသမီးဆီ အမြန် ပြေးသွားတော့သည်။ သို့သော် သူမက ပြင်ဆင်ထားပုံရပြီး ချဉ်းကပ်လာသော ဝမ်ဝေ့ကို အနီရောင်မြူခိုးဖြင့် လွှမ်းခြုံသွားစေသည်။
သို့သော် သူ လုံးဝ လျစ်လျူရှုကာ သူမ နောက်ထပ် ဂါထာရွတ်ဖို့ ကြိုးစားနေချိန်တွင် လည်ပင်းကို ချုပ်ကိုင်ထားလိုက်သည်။
သူက ရပ်တန့်ခြင်းမရှိဘဲ သူမ ကျောရိုးနှင့် တစ်ဆက်တည်းဖြစ်နေသော ခေါင်းကို ခန္ဓာကိုယ်မှ ဆွဲထုတ်လိုက်သည်။ ထိုအချိန်တွင် မြွေအမျိုးသမီး၏ ခေါင်းမရှိသည့် ခန္ဓာကိုယ်မှ တိုက်စားနိုင်သည့် အစိမ်းရောင်သွေးများ ထွက်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
အခုထိ လှုပ်နေပြီး တစ်စုံတစ်ခု ပြောချင်နေပုံရသော သူမ၏ ခေါင်းကို ဝမ်ဝေ့က စိုက်ကြည့်ကာ လက်ထဲတွင် သွေးများဖြင့် ပေကျံသွားသည်အထိ ခေါင်းကို ဖြစ်ညှစ်လိုက်သည်။ ထို့နောက် သူမ၏ အရိုးများကို တစ်စစီလုပ်ကာ အမှုန်ဖြစ်ပြီး လေထဲသို့ လွင့်ထွက်သွားသည်။
သူက ပြန်လှည့်မကြည့်ဘဲ သိဒ္ဓိတောင်ပံမြို့၏ မြို့တံတိုင်းသို့ ပြန်သွားကာ သူ နောက်ထပ်လုပ်မည့် လုပ်ရပ်အတွက် စောင့်စားရင်း သေချာစဉ်းစားနေသည်။
ဝမ်ဝေ့က တစ်နေ့လုံး တံတိုင်းပေါ်တွင် မလှုပ်မယှက် မတ်တပ်ရပ်နေသည်။ နောက်တစ်နေ့မနက်တွင် ပျံသန်းနိုင်သော နတ်ဆိုးသားရဲကို စီးပြီး လာနေသည့် လီကျွင်းကို တွေ့လိုက်ရသည်။
သူ့အစ်ကိုကြီး တစ်ခါမှ ဒီလောက်ထိ မှုန်မှိုင်းနေသည်ကို မမြင်ဖူးသည့်အတွက် လီကျွင်း အာရုံစိုက်မိသွားသည်။ မြို့ကို စစ်ဆေးပြီးနောက် သူ ထိတ်လန့်သွားကာ ဘာတွေဖြစ်သွားလဲဆိုတာ မယုံနိုင် ဖြစ်သွားသည်။
“ မဟုတ်သေးဘူး…မဟုတ်သေးဘူး…” လီကျွင်းက မြို့ထဲရှိ အိမ်အမျိုးမျိုးကို ဝင်ကြည့်ပြီးနောက် ရေရွတ်လိုက်မိသည်။ သို့သော် ရလဒ်က အတူတူပင် ဖြစ်သည်။
လီကျွင်းက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခွန်အားအကုန်သုံးပြီး စတင်ထိုးနှက်တော့သည်။ သို့သော် မူလချီကို အသုံးမပြုသည့်အတွက် လက်အရိုးများ ပျက်စီးကုန်သည်။
လီကျွင်း ထိုအရာကို လက်မခံနိုင်ပေ။ သူက ဤမြို့ကို တာဝန်ယူရသည့်သူ ဖြစ်သည်။ သူ လက်လွှဲယူပြီးနောက် စားစရာနှင့် အဝတ်အထည်များ ဝေပေးသည့်အခါ မြို့သူမြို့သားများ၏ ပျော်ရွှင်နေသောအပြုံးကို သူ မှတ်မိနေသေးသည်။
လူအများကြီးက သူ့ကို ကျေးဇူးတင်ပြီး သူ့မိသားစုကို ကောင်းချီးပေးကြသည်။ ကလေးများကလည်း အနာဂတ်တွင် သူ့လိုမျိုး အရွယ်ရောက်ချင်သည်ဟု ပြောကြသည်။ ရဲတင်းသော အမျိုးသမီးများက သူ့ကို ကိုယ်လုပ်တော် လိုချင်လား၊ အစေခံ လိုချင်လားဟုလည်း မေးမြန်းနေကြသည်။
သူက ကျန်းမာသော ယောက်ျားသားများကို စစ်တပ်များ၊ မြို့စောင့်များ နေရာတွင် ချထားပေးသည့်အခါ အမေများကလည်း သူတို့၏ ကလေးများကို သူ့ဆီမှာ စိတ်ချစွာဖြင့် အပ်နှံထားသည်။ သူက သူတို့ကို ပြန်လည်ခေါ်ဆောင်ခဲ့မည်ဟု ကတိပေးထားခဲ့သည်။
အနည်းဆုံးတော့ သူက သူတို့ကို ကောင်းကောင်းမွန်မွန် နေနိုင်ရမည်ဟု ကတိပေးခဲ့သည်။
သို့သော် ယခု သူတို့အားလုံး သေဆုံးသွားပြီ ဖြစ်သည်။ သူတို့ ဆိုးရွားစွာ သေဆုံးသွားသည်။
ဒီလိုသေသွားမှတော့ ဘယ်လိုလုပ်ပြီးတော့ ဂုဏ်ကျက်သရေကို သယ်ဆောင်လာနိုင်တော့မှာလဲ
ခဏအကြာတွင် လီကျွင်း ညစ်ပတ်သွားမည်ကို ဂရုမစိုက်ဘဲ ကြမ်းပြင်ပေါ် လှဲလိုက်ပြီးနောက် မျက်ရည်များ စီးကျနေသည်။
သို့သော် မျက်ရည်အပြင် မျက်လုံးထဲတွင် ပြင်းထန်သော အမုန်းတရားများလည်း ရှိနေသည်။