← Chapters

( ဘယ်ကိုသွားမှာလဲ?)

Vol. 11 Ch. 141

( ဘယ်ကိုသွားမှာလဲ?)

Vol. 11 Ch. 141

"ဒီရှကျိုးယွီက တကယ်ကို လုပ်နိုင်စွမ်းရှိတာပဲ၊ အကယ်လို့ ထိုက်အန်းမြို့တော်က ထွက်သွားခဲ့တာဆိုရင် တရှားတိုင်းပြည်ထဲက ကျင့်ကြံသူတွေအများကြီး ဒီကိစ္စကို မသိသင့်ဘူးလား?”

ရွှမ်းအာ မနေနိုင်စွာ ရေရွတ်လိုက်သည်။

"အဲ့လိုမျိုး ဖြစ်ပုံမရဘူး၊ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က လျှို့ဝှက်တယ်၊ ကျင့်ကြံသူတစ်ချို့အနေနဲ့ အာရုံခံလို့ရတယ်ဆိုပေမယ့် အသေးစိတ်အာရုံခံနိုင်ဖို့တော့ မလွယ်ကူဘူး။ ငါအာရုံခံလို့ရခဲ့တာက ကျန်းနန်မြို့ရဲ့ ရေကြီးမှုကို ထိန်းချုပ်ခဲ့စဉ်က ငါ့မှာ ကံကြမ္မာအမှတ်နဲ့ ဆက်နွယ်မှု ရှိခဲ့လို့ပဲ၊ ဒါကြောင့် ကံကြမ္မာအမှတ်ရဲ့ ပြောင်းလဲမှုနဲ့ပတ်သက်ရင် ငါကပိုပြီး ခံစားနိုင်တယ်”

ယူလျိုရှား ပြန်ဖြေကြားလိုက်သည်။

တစ်ချိန်ထဲမှာပဲ ရှကျိုးယွီရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စဉ်းစားနေ၏။ သူမအတွက်တော့ တိုင်းပြည်ရဲ့ ရှင်ဘုရင်တစ်ယောက်အနေနဲ့ အခုလိုမျိုး ရှေ့ထွက်စွန့်စားတာမျိုး မလုပ်သင့်ဘူးလို့ ထင်မိသည်။

"ဒီလိုဖြစ်တာလည်း အဆင်ပြေပါတယ်၊ အကယ်လို့ ရှကျိုးယွီ အပြင်ထွက်သွားတယ်ဆိုတဲ့သတင်းသာ အပြင်ကိုပျံ့သွားမယ်ဆိုရင် ပြည်သူတွေအားလုံး ထိတ်လန့်ကုန်လိမ့်မယ်!"

ရွှမ်းအာက ပြောနေရင်းနဲ့ ယူလျိုရှားကို မနေနိုင်စွာကြည့်လိုက်သည်။

"အကယ်လို့ ရှကျိုးယွီမှာ ပြဿနာရှိခဲ့မယ်ဆိုရင် သခင်မလေးလည်း ပြဿနာမတက်လာနိုင်ဘူးလား?"

"အဲ့ဒီရှကျိုးယွီက တကယ်ကို လုပ်ချင်ရာလုပ်တာပဲ! သခင်၊ ကျွန်မတို့ ဘာလုပ်သင့်လဲ? ရှကျိုးယွီ ဘယ်ကိုသွားမယ်လို့ထင်လဲ? ကျွန်မတို့သွားပြီး သူ့ကိုကာကွယ်ကြမလား? ဒါပေမယ့် သူဘယ်ကိုသွားတယ်မှ မသိတာကို"

ရွှမ်းအာ အဆက်မပြတ် မေးခွန်း ထုတ်နေမိခဲ့သည်။

သူ ဘယ်ကိုသွားလောက်သလဲ…?

ထိုအချိန်မှာ ယူလျိုရှားရဲ့မျက်လုံးတွေက သံသယရောင်လက်သွား၏။ သူမ ချက်ချင်းပဲ နေရာတစ်ချို့ကို စဉ်းစားမိသွားသည်လေ။

"ရှကျိုးယွီ ဘယ်ကိုသွားလဲဆိုတာ ငါသိပြီထင်တယ်"

"ဘယ်ကိုလဲ?"

ရွှမ်းအာ အမြန်မေးလိုက်သည်။

"သူ့အနေနဲ့ သွားဖို့အတွက် ဖြစ်နိုင်ချေ နေရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက ကျန်းနန်၊ အဲဒီကို ရှထိုက်အန်းနဲ့သွားတွေ့ဖို့ သွားလိမ့်မယ်"

"ဒုတိယတစ်ခုကတော့ နှင်းနဂါးတောင်ပဲ"

"ပထမအချက်အနေနဲ့ ပြောရမယ်ဆိုရင် ကျန်းနန်မြို့မှာ လက်ရှိ တပ်သားစုဆောင်းနေတယ်၊ အဲဒီလုပ်ရပ်က သိုင်းလောကရဲ့ ဂိုဏ်းတစ်ချို့ကို ရန်စသလိုမျိုးဖြစ်ခဲ့တယ်။ ရှကျိုးယွီမှာ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှု ရှိနေမယ်ဆိုရင် အခုချိန်မှာ ကျန်းနန်မြို့ကိုသွားတာက သူ့အနေနဲ့ တရှားတိုင်းပြည်အတွင်းမှာရှိတဲ့ သိုင်းလောကစက်ဝန်းကို အာဏာတစ်ချို့ ခိုင်မာစွာ ပြနိုင်လိမ့်မယ်။ ကျန်းနန်မြို့ကိုသွားပီး အခွင့်အရေးကို သေချာပေါက် အသုံးချရင်း တရှားတိုင်းပြည်အတွက် အကောင်းဆုံးသော လက်ရွေးစင်လူငယ်တွေကို ရွေးချယ်လိမ့်မယ်"

"သေချာပေါက် အဲဒီကိစ္စက စွန့်စားရနိုင်ချေများတယ်၊ သူ့မှာ ခိုင်မာတဲ့နောက်ခံ မရှိဘူးဆိုရင် အဲဒီလိုမျိုးသွားဖို့ဆိုတာ ကြီးမားတဲ့ အန္တရာယ်တစ်ခုပဲ"

"ဒါ့အပြင် တရှားတိုင်းပြည်အတွင်းမှာရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏက ဆက်တိုက်ဆိုသလို မြင့်တက်နေတယ်။ ဖော်ပြချက်အရဆိုရင် တရှားတိုင်းပြည်အတွင်းကို ဝင်ရောက်လာတဲ့ သိုင်းပညာရှင်တွေရဲ့ အရေအတွက်က တစ်သိန်းကျော်နေပြီ၊ ဒါက ကြောက်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုပဲ!"

“ဒီအခြေအနေကို ရှကျိုးယွီ ကိုင်တွယ်နိုင်မလားဆိုတာ ဘယ်သူမှသေချာမသိဘူး"

ယူလျိုရှားသည် သိုင်းလောကအတွင်းရှိ နာမည်ကြီးအိမ်တော်တစ်ခုတွင် မွေးဖွားခဲ့သည်။ တိုင်းပြည်ရေးတွေနဲ့ပတ်သက်ပြီး သူမ အရမ်းနားမလည်ဘူး၊ ဒါပေမယ့် သိုင်းလောကနဲ့ ပတ်သက်ရင်တော့ သူမ ကောင်းကောင်းနားလည်သည်။

တစ်သိန်းဟူသော လူအရေအတွက်ကို ရင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေတစ်ခုမဟုတ်ဘူး။

သိုင်းလောကဆိုတာ ဘယ်လိုနေရာမလို့လဲ?

လူသားအချင်းချင်း အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်နေကြတဲ့ နေရာတစ်ခုပဲ။ ရှကျိုးယွီမှာ သတ္တိရှိတယ်ဆိုတာ မှန်ပေမယ့် အဲဒီသတ္တိက သိုင်းလောကရဲ့ အန္တရာယ်များမှုတွေကို ဖောက်ထွက်နိုင်မလားဆိုတာ မသေချာဘူး။

ထိုစကားကို ကြားသောအခါမှာ ရွှမ်းအာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် နှင်းနဂါးတောင်ကို သွားတာကရော ဘာအကြောင်းရင်းကြောင့်လဲ?"

"နှင်းနဂါးတောင်ကိုလား?"

"ငါတို့ရဲ့အရင်တုန်းက ခန့်မှန်းချက်အရဆိုရင် ရွှမ်ဂိုဏ်းရဲ့ပစ်မှတ်က နှင်းနဂါးတောင်ဖြစ်လောက်တယ်။ ရှကျိုးယွီသာ နှင်းနဂါးတောင်ကို တကယ်ပဲ သွားနေတာဆိုရင် အဲ့ဒီအခြေအနေက ပိုပြီးအန္တရယ်များတယ်"

ယူလျိုရှား တည်ငြိမ်စွာပြောလိုက်သည်။ ယူလျိုရှားရဲ့စကားတွေကြောင့် ရွှမ်းအာ ရှုပ်ထွေးသွား၏။

"ဘာလို့လဲ?"

"ရွှမ်ဂိုဏ်းရဲ့ပစ်မှတ်က တကယ်ပဲ နှင်းနဂါးတောင်ဆိုရင် တရှားတိုင်းပြည်အတွင်းမှာ သူတို့အနေနဲ့ နောက်ထပ် လိုချင်တဲ့အရာ မရှိလောက်ဘူး၊ ပြောရရင် ရွှမ်းဂိုဏ်းက တရှားကို အခုလိုမျိုး တိုးတက်မြင့်မားအောင် ကူညီပေးနေတာက နှင်းနဂါးတောင်အပေါ် စိတ်ဝင်စားနေလို့ပဲ။ အဲ့ဒီကိစ္စက ရှကျိုးယွီအတွက် အလွန်ကို စိတ်ဖိအားပေးနေတဲ့ အရာတစ်ခုဖြစ်နိုင်တယ်။ ဒါဆိုရင် ဒီအခြေအနေက အန္တရာယ်အများဆုံး အခြေအနေပဲ။ သူ့အနေနဲ့ ရွှမ်ဂိုဏ်းနဲ့ အပေးအယူသဘောမျိုး ရှိနေတယ်လို့ ပြောလို့ရတယ်။ ဒါက ငါမမြင်ချင်ဆုံး အခြေအနေပဲ။ နှင်းနဂါးတောင်ရဲ့ အခြေအနေက ထင်သလောက် မရိုးရှင်းဘူး၊ ရှကျိုးယွီသာ တကယ်ပဲ နှင်းနဂါးတောင်ဆီသွားပြီး ကိုယ်တိုင်စူးစမ်းလေ့လာမယ်ဆိုရင် တစ်ခုခုမှားယွင်းသွားတာနဲ့ နတ်ဘုရားတောင် သူ့ကိုဆင်းကယ်နိုင်မှာ မဟုတ်ဘူး"

"ဒါဆိုရင် သူ့ရဲ့အခြေအနေက ရွှမ်ဂိုဏ်းရဲ့ ရုပ်သေးရုပ်တစ်ခုအပြင် မပိုတော့ဘူး"

ယူလျိုရှား ပြောလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူမ စဉ်းစားနေမိ၏။ ရှကျိုးယွီကို အန္တရာယ်များတဲ့ အခြေအနေကနေ ဘယ်လိုကူညီပေးရမလဲ သူမ တွေးတောနေခဲ့သည်။ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ချေတွေကို စဉ်းစားပေမယ့် အဆုံးမှာတော့ သူမ အခွင့်အရေး မရှာနိုင်ခဲ့ဘူး။ ဒီအခြေအနေက လုံးဝကို ကယ်တင်လို့မရနိုင်တော့တဲ့ အခြေအနေပဲ။ ရွှမ်ဂိုဏ်းဆိုတာ အလွန်ကြီးမားသော ဂိုဏ်းတစ်ခုဖြစ်သည်။ ယူအိမ်တော်အနေနဲ့ သေချာပေါက် ရွှမ်ဂိုဏ်းကို စိန်ခေါ်လို့မရဘူး။

"ဒါဆိုရင် ရှကျိုးယွီက အခု အန္တရာယ်ထဲမှာလို့ ဆိုလိုတာပဲမလား? ဒါဆိုရင် ဘာလုပ်ကြမလဲ?"

ယူလျိုရှား အဖြေမပေးခဲ့ဘူး။ ရှကျိုးယွီအနေနဲ့ နှင်းနဂါးတောင်ဆီ သွားတဲ့ကိစ္စကို သူမ လုံးဝမမြင်တွေ့ချင်ပေ။

ဒါပေမယ့် ဘယ်လိုပဲတွေးကြည့်ကြည့် ဒီအခြေအနေက အဖြစ်နိုင်ဆုံး အခြေအနေပဲ။

လွန်ခဲ့တဲ့လဝက်က တရှားတိုင်းပြည်အတွင်းမှာရှိသော ကျင့်ကြံသူအားလုံးနီးပါးကို နှင်းနဂါးတောင်ဆီ စေလွှတ်ထားခဲ့သည်။ ရေခဲပုစဉ်းကို ရှာဖွေဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်ခဲ့ပေမယ့် ထိုအရာက အပေါ်ယံအမိန့်တစ်ခုလို့ သူမထင်သည်။

တစ်ကယ့် ရည်ရွယ်ချက်က နှင်းနဂါးတောင်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လေ့လာနိုင်အောင်ပဲ။ ဒါမှ ရှကျိုးယွီရဲ့ နောက်ထပ်အစီအစဉ်တွေအတွက် ကြိုတင်တွက်ချက်လို့ရနိုင်မှာ။

"ကျွန်မတို့ ဘာလုပ်ကြမလဲ သခင်မ ကျွန်မတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ရှကျိုးယွီ ကျန်းနန်မြို့ကို သွားသည်ပဲဖြစ်စေ၊ နှင်းနဂါးတောင်ကို သွားသည်ပဲဖြစ်စေ၊ ကျွန်မတို့ လိုက်သွားလို့မရဘူးလေ"

“ဒါပေမယ့် နှင်းနဂါးတောင်ကိုသွားတာက”

ယူလျိုရှား အသက်တစ်ချက် ရှုသွင်းလိုက်သည်။ ထို့နောက်မှာမှ သူမက ဆက်ပြောလိုက်၏။

"ရှကျိုးယွီက ကျန်းနန်မြို့ကိုသွားတယ်ဆိုရင် ငါတို့အနေနဲ့ သူ့ကိုကာကွယ်ပေးလို့ ရနိုင်တယ်၊ ငါတို့ ကျန်းနန်မြို့ထိ လိုက်မသွားဘူးဆိုရင်တောင်မှ သူ့ကိုကာကွယ်ပေးမယ့်သူတွေ ရှိတယ်။ ဒါပေမယ့် နှင်းနဂါးတောင်ဆိုရင်တော့…”

“ဒါပေမယ့် ငါအခက်ခဲဆုံးအခြေအနေမှာ ရှကျိုးယွီက ငါ့ကိုကူညီပေးခဲ့တယ်။ ငါသေရမယ်ဆိုရင်တောင်မှ နှင်းနဂါးတောင်ကိုလိုက်သွားပြီး သူ့ကိုကာကွယ်ရမယ်"

ယူလျိုရှား သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

ရွှမ်းအာကတော့ ရှုပ်ထွေးနေဆဲပဲ။

"ဒါပေမယ့် ရှကျိုးယွီက ကယ်တင်ဖို့ ထိုက်တန်လို့လား ကျွန်မတို့နဲ့ သူနဲ့ကြားမှာ ဆက်ဆံရေးကြီးကြီးမားမားလည်း မရှိဘူးလေ။ တရှားတိုင်းပြည်ရဲ့ ရေကြီးမှုနဲ့ ပတ်သက်ပြီးလည်း ကျွန်မတို့ ကူညီပေးခဲ့ပြီပဲ"

"ရှကျိုးယွီသာ မရှိဘူးဆိုရင် ငါဒီနေ့ထိ အသက်ရှင်နေနိုင်မှာမဟုတ်ဘူး။ တရှားတိုင်းပြည်မှာ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုကို ရထားတယ်ဆိုပေမယ့် လက်တွေ့မှာ ငါ့ကိုကူညီပေးခဲ့တဲ့သူက ရှကျိုးယွီပဲ။ နင် အဲဒီအချက်ကို သေချာနားလည်ထားရမယ်!"

"သိုင်းလောကထဲကို ရောက်တဲ့အချိန်မှာ ကိုယ့်ရဲ့ကျေးဇူးရှင်ကို မမေ့စေနဲ့ ရှကျိုးယွီရဲ့ ကြီးမားတဲ့အထောက်အပံ့သာ မရှိဘူးဆိုရင် ငါ့ရဲ့ ဒီနေ့အခြေအနေကို ရောက်လာမှာမဟုတ်ဘူး နှင်းနဂါးတောင်ကိုသွားတဲ့ ခရီးစဉ်က အန္တရာယ်များနိုင်ပေမယ့် သေလောက်တဲ့ထိ အန္တရာယ်မများဘူးလို့ ငါယုံကြည်တယ်။ ရှကျိုးယွီက ဘယ်လိုပဲ ကျင့်ကြံဆင့်မရှိတဲ့လူလို့ ထင်ရပါစေ၊ လက်တွေ့မှာတော့ သူကအရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ၊ ပြဿနာအများကြီး ကြုံတွေ့ရမှာ မဟုတ်ပါဘူး၊ သူက အမြဲတမ်း အကြံအစည်များပြီး ကြိုတင်တွက်ချက်တတ်တယ်"

ယူလျိုရှားက ပြောနေရင်းနဲ့ ရှကျိုးယွီကို ချီးကျူးလိုက်သည်။

ရွှမ်းအာကတော့ တိတ်ဆိတ်သွားလေ၏။

အခန်းထဲကလေထုက ချက်ချင်းပဲ လေးလံလာခဲ့သည်။ အချိန်တော်တော်ကြာမှသာ ယူလျိုရှားပြောလိုက်သည်။

"ရွှမ်းအာ၊ ငါ ထိုက်အန်းမြို့တော်ကို ပြန်ရောက်လာပေမယ့် ရှကျိုးယွီဘက်က ဘာတာဝန်မှမပေးခဲ့တာ ဘာအကြောင်းရင်းကြောင့်လို့ထင်လဲ"

"ဘာကြောင့်လဲ"

ရွှမ်းအာ ရှုပ်ထွေးနေခဲ့သည်။

"ဘာလို့လဲဆိုရင် ရှကျိုးယွီက ငါ့ကိုမပတ်သက်စေချင်လို့ပဲ၊ သူက လူအများကြီးကို မပတ်သက်စေချင်တာ။ သူ့ကိုကြည့်လိုက်တာနဲ့ ဂုဏ်မောက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ မြင်နိုင်တယ်။ ဘယ်သူ့ဘယ်သူရဲ့ ရုပ်သေးရုပ်မှ အဖြစ်ခံမှာမဟုတ်ဘူး။ ကျန်းနန်မြို့မှာ တပ်သားသစ်ခေါ်ဆောင်နေတာကို ကြည့်ရင်ပဲဖြစ်စေ၊ မဟာတံတိုင်းတည်ဆောက်နေတဲ့ စီမံကိန်းကို ကြည့်ရင်ပဲဖြစ်စေ၊ သူ အစွမ်းကုန်ကြိုးစားနေတာကို မြင်နိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ခေါင်းထဲမှာလည်း အမြဲတမ်း တရှားတိုင်းပြည်အတွက် ကောင်းမွန်တဲ့အကြံဉာဏ်တွေကို စဉ်းစားနေခဲ့တာ။ ဒီတစ်ခေါက် နှင်းနဂါးတောင်ကနေ ရှကျိုးယွီ လုံခြုံစွာနဲ့ ပြန်လာနိုင်ပြီးတော့ တရှားတိုင်းပြည်ကို ပိုမြင့်မားအောင် ဆောင်ရွက်နိုင်မယ်လို့ ငါယုံကြည်တယ်"

ယူလျိုရှား နူးညံ့စွာပြောလိုက်သည်။ သူမက ရွှမ်းအာကို ရှင်းပြနေပေမယ့် ကိုယ့်ကိုယ်ကို ပြောနေဟန်ရှိသည်။

အချိန်ခဏကြာပြီးနောက်တွင် လင်အန်းစားသောက်ဆိုင်အတွင်းမှ လူနှစ်ယောက်ထွက်သွားခဲ့သည်။

ဒီလိုနဲ့ ယူလျိုရှားနဲ့ ရွှမ်းအာနှစ်ယောက်လုံး ထိုက်အန်းမြို့တော်မှ ထွက်သွားကြလေ၏။ ထိုက်အန်းမြို့တော်ကနေ နှင်းနဂါးတောင်ဆီ တိုက်ရိုက်ပဲ ဦးတည်လိုက်ကြသည်။ သူမတို့ လမ်းမှာ စကားအများကြီး မပြောခဲ့ကြဘူး။

…………

All Chapters